← Chapters

နေမင်း (၉) သွယ် နတ်ဇာမဏီ ကျင့်စဉ်

Vol. 5 Ch. 67

နေမင်း (၉) သွယ် နတ်ဇာမဏီ ကျင့်စဉ်

Vol. 5 Ch. 67

ဘုံး!

မီးတောက်နီများ ရုတ်တရက် တောက်လာပြီး ရှန်မို့ဝတ်ရုံကို လောင်ကျွမ်းသွား၍ ကျန်းမာကြံ့ခိုင်သော ကြွက်သားများ ပေါ်လာ၏။

ထိုမြင်ကွင်းကြောင့် ကျောက်ရူကဲ့သို့ တပည့်မလေးများ လန့်ဖျပ်ကုန်သည်။

မူယုံးယွဲ့လည်း ထိတ်လန့်၍ ပြေးကူညီပေးရန် ပြင်ပြီးမှ သဘောပေါက်သွား၏။

ထိုမီးတောက်များမှာ ရှန်မို မွမ်းမံခဲ့ဖူးသည့် ကြာနီမီးတောက် ဖြစ်လေသည်။

ယခု သူ့သခင်ကို ကာကွယ်ရန် ထွက်လာခြင်း ဖြစ်၏။

မိုဟန်ရှန်မှာ ထိုမီးတောက်များကိုကြည့်ရင်း မူယုံးယွဲ့အား မျက်ခုံးပင့်ကာ လှမ်းမေးသည်။

ကြာနီမီးတောက်မှန်း သူလည်း ရိပ်မိပါသည်။

မူယုံးယွဲ့ ခေါင်းငြိမ့်ပြလိုက်သောအခါ မိုဟန်ရှန်တစ်ယောက် ပိုအံ့ဩ၍ ရှန်မိုအား ပိုစိတ်ဝင်စားလာမိ၏။

ဘုံး ဘုံး ဘုံး!

မီးတောက်များမှာ ပို၍ပြင်းထန်စွာ လောင်ကျွမ်းလာသည်။

ထို့နောက် တဖြည်းဖြည်း ဇာမဏီငှက်အသွင် ဖြစ်လာ၏။

ထိုစဉ် ရှန်မိုလည်း မျက်လုံးပွင့်လာလေသည်။

ပတ်ဝန်းကျင်တစ်ဝိုက်တွင် အပူရှိန်များ ပိုမြင့်တက်လာ၏။

ထိုအခါ မူယုံးယွဲ့နှင့် မိုဟန်ရှန်တို့ အရှိန်အဝါကိုသုံး၍ အပူလှိုင်းကို လျှော့ချရလေသည်။

ဘေးမှ တပည့်များကို မထိခိုက်စေရန် ဖြစ်၏။

ရှန်မို တဖြည်းဖြည်း သတိပြန်ဝင်လာကာ အလွန် ပျော်ရွှင်နေသည်။

“ခေါင်းဆောင်”

မူယုံးယွဲ့ မျက်နှာလေးရဲလျက်

“မင်း ဝတ်ရုံ အရင်ဝတ်ရမယ်။ မြန်မြန် ပြင်လိုက်ဦး”

ကျောက်ရူတို့လို တပည့်မများမှာ မျက်လုံးများ မှိတ်လျက် ရှိ၏။

မိုယုဟုန်သာ ပြုံးစိစိနှင့် စိုက်ကြည့်နေသည်။

ရှန်မို သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သောအခါ အဝတ်မရှိတော့သည်ကို တွေ့ရလေသည်။

အဓိကနေရာကို ကြာနီမီးတောက်မှ ကွယ်ပေးထားသော်လည်း အပြည့်အဝ မလုံခြုံပေ။

သိုလှောင်လက်စွပ်ထဲမှ ဝတ်ရုံအပိုကို ချက်ချင်းထုတ်၍ ဝတ်လိုက်သည်။ နောက်ဆို မီးမလောင်နိုင်သော ဝတ်ရုံရှာရန်လည်း တွေးမိ၏။

“မင်း ဘာတွေ နားလည်ခဲ့လဲ”

မူယုံးယွဲ့မှ စမေးလိုက်သည်။

“နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်။ ပထမနဲ့ ဒုတိယပုံစံပါ”

သူ့စကားကြောင့် ဟုန်ချီလုံမှ အရင်ဆုံး တုံ့ပြန်မိလေသည်။

“ဘာပြောတယ်။ ငါတောင် ပထမပုံစံပဲ နားလည်တာကို။ ဘယ်လိုလုပ်ပြီးတော့လဲ။ မင်းခန္ဓာကိုယ်က…”

သူ့စကားမဆုံးသော်လည်း အားလုံး သဘောပေါက်လိုက်ကြသည်။

ရှန်မိုလည်း သူ့ကိုယ်သူ နားလည်သွား၏။

ရှောင်ဖန့်ကံကြမ္မာမှာ ပထမပုံစံသာ နားလည်မည် ဖြစ်သော်လည်း သူသည် ကောင်းကင်အဆင့် နေမီးတောက် ခန္ဓာကိုယ် ဖြစ်နေ၍ ပိုမြန်မြန် နားလည်နိုင်ပါသည်။

ထိုကျင့်စဉ်တွင် ပုံစံ (၂) ခုသာ ပါဝင်၏။

“မြို့ပြင်က ကွင်းတစ်ခုခုသွားပြီး အင်အား စစ်ဆေးကြည့်ကြတာပေါ့”

မူယုံးယွဲ့ စိတ်လှုပ်ရှားစွာ ပြောသည်။

“ဟုတ်ကဲ့ပါ”

“ကျွန်တော်လည်း လိုက်မယ်”

ဟုန်ချီလုံမှ ဝင်ပြော၏။

“ကဲ သွားတာပေါ့။ အစ်ကိုကျောက်လည်း လိုက်ကြည့်လေ”

ကျောက်ချင်းကန် ခေါင်းငြိမ့်ပြ၍

“ငါလည်း အဲ့လိုပဲ တွေးနေတာပါ”

ထို့နောက် အားလုံး ဇာမဏီစားသောက်ဆိုင်မှ ထွက်၍ မြို့ပြင်သို့ သွားကြလေသည်။

လာရောက်ကြည့်ရှုသူများမှာ အခြေအနေကို သေချာ နားမလည်ကြပေ။

ထွက်သွားသည့်အုပ်စုနောက်သို့ ဆက်လိုက်သွားချင်သော်လည်း မူယုံးယွဲ့နှင့် မိုဟန်ရှန်တို့ အရှိန်အဝါများကြောင့် ကြောက်ရွံ့ကာ မလိုက်ရဲကြတော့ပေ။

မြို့ပြင်၌။

ရှန်မိုတို့အုပ်စု လူသူရှင်းသော တောင်ကြားတစ်ခုကို တွေ့သွားသည်။

ဟုန်ချီလုံမှ ရယ်မောလျက်

“ငါ အရင်စလိုက်မယ်။ နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်ရဲ့ ပထမပုံစံက လက်သီးသိုင်းပဲ”

သူ အသက်ကို ဝအောင်ရှူကာ ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်း၍ သူ့အရှေ့မှ ကျောက်တုံးကို ထိုးချလိုက်၏။

ဘုံး ဘုံး ဘုံး!

မီးတောက်များ ပြင်းထန်စွာ လောင်၍ အင်အားကြီးတစ်ခု ပေါ်ထွက်လာသည်။

ချက်ချင်းပင် ကျောက်တုံးအမာကြီးမှာ အပိုင်းပိုင်း အစစ ကြေမွသွားတော့၏။

ချင်းရွှမ်ဂိုဏ်းမှ တပည့်များနှင့် အဆိပ်နွယ်ဂိုဏ်း တပည့်များအားလုံး ထိတ်လန့်ကုန်သည်။

အင်အားကြီးလိုက်တာ။

ထိုအရာမှာ သိမ်မွေ့နက်နဲခြင်းအဆင့် သိုင်းကွက် မဟုတ်တော့ချေ။ အနည်းဆုံး မြေအဆင့်ခန့် ရှိ၏။

မူယုံးယွဲ့နှင့် မိုဟန်ရှန်တို့မှာ အတွေ့အကြုံနှင့် ဗဟုသုတများ ရှိထား၍ အချင်းချင်းကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီအင်အားက အနည်းဆုံး မြေအဆင့်မြင့်လောက် ရှိတာပဲ”

“ဒါပေမဲ့ ခန့်မှန်းရုံပဲ ရတယ်”

ဟုန်ချီလုံ ရယ်မောကာ

“ဘာပဲဖြစ်ဖြစ် ဒီလောက်ဆိုရင် ကျွန်တော်တို့ တက်နေဝန်းဂိုဏ်းရဲ့ သိုင်းကွက်ထက်တော့ မြင့်တာပဲ”

“ရှန်မို မင်းလည်း စမ်းကြည့်လေ”

မူယုံးယွဲ့မှ ဆို၏။

ရှန်မို ခေါင်းငြိမ့်ပြကာ

“ကျွန်တော်က ဒုတိယပုံစံ လက်ဝါးဓားသိုင်းကို စမ်းပါ့မယ်”

ထို့နောက် လက်ဝါးတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်း၍ ချက်ချင်းပင် မီးများတောက်လာသည်။

တကယ့် လက်ဝါးဓားနှင့် တူလာပြီး (၃) ပေခန့် ရှည်၏။

ဓားမှာ အလွန်ချွန်မြပြီး ပူကျွတ်နေသည်။

သူ ရုတ်တရက် အရှေ့မှ ကျောက်တုံးအား ခုတ်ပိုင်းလိုက်သည်။

ဂျွတ်!

ကျောက်တုံးတွင် အက်ကွဲကြောင်းများစွာ ထင်၍ အပိုင်းပိုင်း အစစ ဖြစ်သွားတော့သည်။

ဟုန်ချီလုံ၏ အင်အားနှင့်ယှဉ်လျှင် သေချာပေါက် ပိုသာမှန်း သိသာလေသည်။

ဟုန်ချီလုံကိုယ်တိုင်လည်း သူ့ပေါင်သူ အားရပါးရ ရိုက်၍

“လေးစားစရာပဲကွာ။ ဒီသိုင်းကွက်က ငါ့ထက်တောင် အားကြီးနေသေးတယ်”

မူယုံးယွဲ့နှင့် မိုဟန်ရှန်တို့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကြည့်နေကြသည်။

မူယုံးယွဲ့မှ

“ဒီသိုင်းကွက်ကတော့ အနည်းဆုံး မြေအဆင့်ထိပ်တန်းလောက် ရှိနိုင်တယ်”

မိုဟန်ရှန် သက်ပြင်းချကာ

“ဒါက အပိုင်းလေးတစ်ခုပဲ ရှိသေးတာ နှမျောစရာပဲ။ ကျင့်စဉ်ကို အပြည့်အဝ ပြီးမြောက်ရင် ကောင်းကင်အဆင့် သိုင်းကွက်ဖြစ်မှာ”

ကောင်းကင်အဆင့်။

ထိုစကားလုံးမှာ အားလုံးရင်ထဲကို တူကြီးဖြင့် ထုချလိုက်သလို ဆို့နစ်သွားစေသည်။

ရင်ထဲလေးလံ၍ မွန်းကြပ်သွားကြ၏။

မူယုံးယွဲ့နှင့် မိုဟန်ရှန်တို့လို ရွှေအချက်အချာအဆင့်များပင် လိုချင်ကြပါသည်။

ထိုကဲ့သို့သိုင်းကွက်မှာ ရွှမိကျန်းဒေသ၌လည်း အလွန်ရှားပါးပြီး ယုကျောက်အထိ သွားရှာကြရ၏။

သို့သော် ထိုကျင့်စဉ်သိုင်းကွက်များ ရနိုင်သည့် ကံကြမ္မာလည်း လိုအပ်သေးသည်။

ဟုန်ချီလုံ ရှန်မို့ကို တလေးတစားကြည့်၍

“ရှန်မို မင်းက တကယ် ပြိုင်ဘက်ကောင်းပဲ။ မနက်ဖြန် ငါတို့ ပွဲကောင်းကြုံရမယ်လို့ မျှော်လင့်ပါတယ်”

ရှန်မိုပြုံး၍

“ကျွန်တော့်ကိုတော့ နိုင်မှာမဟုတ်ပါဘူးဗျာ”

ဟုန်ချီလုံ အားရပါးရ ရယ်မောကာ

“ငါက ယင်ရွှယ်ကျဲတို့ ဝမ်ရန်ကျဲတို့လိုတော့ မဟုတ်ဘူးနော်။ နိုင်နိုင်ရှုံးရှုံး မျှတတယ်။ အေးဆေး လက်ခံပေးမှာပါ”

ကျောက်ချင်းကန်လည်း ရှန်မို့ကို ကြည့်၍

“မနက်ဖြန် နောက်ဆုံးတိုက်ပွဲမှာ မင်းကို စောင့်နေပါ့မယ်”

သူ့စကားသံကို ရင်ထဲစွဲသွားကြပြီး လန့်ကုန်၏။

ကျောက်ချင်းကန် ရည်ရွယ်ချက်မှာ အလွန်ရှင်းသည်။

ရှန်မိုသာ သူ့ကို နောက်ဆုံးတိုက်ပွဲ၌ တွေ့မည်သူဟု ဆိုလိုလိုက်ခြင်းပင်။

ဟုန်ချီလုံရော၊ မိုယုဟုန်ရော သူ့ပြိုင်ဘက်ဟု ထည့်မတွေးထားချေ။

“ဟုတ်ကဲ့ပါဗျာ”

ရှန်မို ပြုံး၍ ပြန်ဖြေလိုက်၏။

ကျောက်ချင်းကန် ခေါင်းငြိမ့်ပြ၍

“ခေါင်းဆောင် ကျွန်တော် ကျင့်ကြံဖို့ ပြန်လိုက်ပါဦးမယ်”

သူ နှုတ်ဆက်၍ နတ်ဓားမြို့ထဲသို့ တစ်ယောက်တည်း ပြန်သွားလေသည်။

“ရှန်မိုနဲ့ ကျောက်ချင်းကန်သာ ငါ့သားတွေဖြစ်ရင်…”

မိုဟန်ရှန် သူတို့ကိုကြည့်ရင်း သက်ပြင်းချမိ၏။

မိုယုဟုန်မှ

“အဖေကလည်း ဘာတွေပြောနေတာလဲ”

မိုဟန်ရှန် သူ့ကိုပြန်လှည့်ကြည့်၍

“ဘာမှမဟုတ်ပါဘူးကွာ။ ဆွဲမဆိတ်နဲ့လေ”

“ပြန်ရအောင်”

မူယုံးယွဲ့မှ ပြောလိုက်သည်။

“ခေါင်းဆောင် မူယုံးယွဲ့ ကျွန်တော် ဆွေးနွေးစရာလေး ရှိလို့ပါ”

မိုဟန်ရှန်မှ ရုတ်တရက်ထပြောသည်။

“ပြောပါ ခေါင်းဆောင်မို”

မိုဟန်ရှန် ပြုံးကာ

“ချင်းရွှမ်ဂိုဏ်းရော အဆိပ်နွယ်ဂိုဏ်းရောက အေးဆေးနေကြတာပါ။ ကျွန်တော်တို့ ဂိုဏ်းထဲက တချို့ပတ်သက်မှုတွေကြောင့် ဂိုဏ်းအချင်းချင်း ဆက်ဆံရေး မထိခိုက်ရင် ကောင်းမယ်”

“ရှင်က ဒီလိုပြောလာတော့လည်း စောင့်ကြည့်ရမှာပေါ့”

ရှန်မို ထိုစကားကို လိုက်တွေးမိ၏။

မိုဟန်ရှန် ဆိုလိုသည်မှာ စုန်းချောင်ဖုန်နှင့် သူ့ဂိုဏ်းမှအချို့ ပတ်သက်ခြင်းကို ဖြစ်နိုင်သည်။

ထိုပတ်သက်မှုမှာ သူနှင့် မသက်ဆိုင်ကြောင်း ပြောနေခြင်းပင်။

All Chapters