တတိယအကျော့စည်းမျဉ်း ပြောင်းလဲခြင်း
Vol. 5 Ch. 68
ထိုညမှာ အလွန်အေးချမ်းနေခဲ့၏။
ဇာမဏီစားသောက်ဆိုင်၌ ဇာမဏီပန်းချီကားကို နားလည်သူ ထွက်ပေါ်လာပြီဟူသော သတင်းမှာတော့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မူယုံးယွဲ့နှင့် မိုဟန်ရှန်တို့၏ အရှိန်အဝါများဖြင့် ဖုံးကွယ်ထားရန် ကြိုးစားခဲ့သော်လည်း မတတ်နိုင်ပေ။
သို့သော် မည်သူမှန်းတော့ မသိကြသေး။
ကျောက်ချင်းကန်၊ ဟုန်ချီလုံ၊ မိုယုဟုန်နှင့် ရှန်မိုတို့ အားလုံးမှာ ထိုဇာမဏီစားသောက်ဆိုင်ထဲ အတူ ရှိနေခဲ့ကြ၏။
မည်သူမဆို ဖြစ်နိုင်ပါသည်။
သတင်းပျံ့သွားပြီးနောက် တစ်မြို့လုံး ဆူညံပွက်လောရိုက်သွားလေသည်။
အတော်များများ ထိုကိစ္စကိုသာ စိတ်ဝင်တစား ပြောဆိုကြ၏။
ဤသို့ဖြင့် မကြာမီ နေထွက်လာကာ နေ့သစ်သို့ ရောကိသွားတော့သည်။
သိုင်းပြိုင်ကွင်းကြီးလည်း ပြန်၍ အသက်ဝင်လာ၏။
လွန်ခဲ့သော (၂) ရက်နှင့်ယှဉ်လျှင် ပရိသတ်မှာ ပို၍ပင် တိုးလာသေးသည်။
ယနေ့သည် ဂိုဏ်းတစ်ရာစုဝေးပွဲ၏ နောက်ဆုံးပြိုင်ပွဲနေ့ ဖြစ်သောကြောင့် ရွှမ်ကျန်းဒေသ အရပ်ရပ်မှ လူအများ လာရောက်ကြည့်ရှုကြ၏။
ယနေ့တွင် ထိပ်ဆုံး (၁၀) ဦးကို အဆုံးအဖြတ် ပေးတော့မည်။
ထိပ်တန်း (၁၀) ဦး၏ ဆုလာဘ်များကို တွေးကြည့်လျှင် ပြိုင်ပွဲတွင်မပါသူများပင် ရင်ခုန် စိတ်လှုပ်ရှားမိကြသည်။
အချို့တပည့်များကို ဖယ်ထုတ်၍ ကိုယ်တိုင်ပင် တိုက်ခိုက်ချင်စိတ်များ ဖြစ်နေ၏။
ထို့အပြင် ယခုနှစ်ပြိုင်ပွဲမှာ ပုံမှန်အစီအစဉ်ထက် စောပြီး ထူးခြားလေသည်။
ပထမအဆင့်၌ပင် ယင်ရွှယ်ကျဲ ရှုံးနိမ့်ကာ ဒုတိယအကျော့တွင် ဝမ်ရန်ကျဲလည်း ထွက်လိုက်ရသည်။
သူတို့ကို အောင်နိုင်သူမှာ လူတစ်ဦးတည်းဖြစ်ပြီး ထိုသတင်းများပျံ့၍ လူစိတ်ဝင်စားမှု ပိုလာ၏။
အချို့ ကြည့်ရန် မတွေးထားသူများလည်း ထိုသတင်းကိုကြားကာ အပြေး ရောက်လာကြသည်။
မည်သူက ထိုပန်းချီကားကို နားလည်သွားသနည်း။
ပြိုင်ပွဲတတိယအကျော့တွင် သိုင်းကွက်အသစ်ကို သိရမည်လား။
တွေးကြည့်ရုံဖြင့် စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
ထိုအခြေအနေကြားတွင် ဒုတိယအကျော့ကို အောင်နိုင်ခဲ့သည့် တပည့် (၂၅) ယောက်တို့ သိုင်းပြိုင်ကွင်းထဲ ဝင်လာကြ၏။
အားလုံးမှာ အခက်အခဲများကို အောင်မြင်၍ ထူးချွန်သူများဖြစ်သည်။
ပို၍ပြောရလျှင် ထို (၂၅) ယောက်သည် ရွှမ်ကျန်းဒေသ၏ အနာဂတ် ရွှေအချက်အချာအတင့် ထိပ်ဆုံးများပင်။
သူတို့ နှာတစ်ချက်ချေလျှင်ပင် ရွှမ်ကျန်းဒေသကြီး (၃) ကြိမ် တုန်ခါလိမ့်မည်။
နတ်ဓားဂိုဏ်းခေါင်းဆောင် လောင်ချောင်ထျန်းမှ
“ကျွန်တော် ပုံမှန်တော့ စကားတွေ အပိုမပြောချင်ပေမဲ့ အခုတော့ ပြောရမယ့်ကိစ္စရှိနေပါတယ်”
“ပြိုင်ပွဲကို အရှိန်မြှင့်ပြီး မတရားတဲ့ကိစ္စတွေကို ဖယ်ဖို့ နောက်ထပ် ထိပ်တန်းဂိုဏ်းကြီး (၄) ခုက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး တတိယအကျော့ရဲ့ စည်းမျဉ်းတချို့ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်”
သူ့စကားဆုံးသည်နှင့် အခြား အကြီးအကဲများ၊ တပည့်များနှင့် ပရိသတ်များအားလုံး မှင်တက်သွားကြသည်။
ဂိုဏ်းတစ်ရာစုဝေးပွဲတွင် စည်းမျဉ်းများ ပြောင်းလေ့ ရှိတတ်သော်လည်း ပွဲမစမီ ကြေညာပြီး မဟုတ်ပါလား။
ဘာလို့ ရုတ်တရက် ထပ်ပြောင်းတာလဲ။
သို့သော် လောင်ချောင်ထျန်းနှင့် အခြားဂိုဏ်းကြီး (၄) ခု၏ ခေါင်းဆောင်များအားလုံး သဘောတူကြသည်ဖြစ်ရာ မည်သူမျှ ထပ်မပြောရဲတော့ပေ။
လောင်ချောင်ထျန်း လက်ဝှေ့ယမ်းလိုက်သောအခါ ဂေါ်လီလုံး (၁၀၀) ဝဲပျံ၍ လာ၏။
အချို့မှာ ငြိမ်နေပြီး အချို့မှာ အသက်ရှင်နေသကဲ့သို့ လှုပ်ရှားနေကြသည်။
အချို့မှာ တောင်ပံရှိနေသကဲ့သို့ အလွန်လျင်မြန်သည်။
လောင်ချောင်ထျန်း ပြုံး၍
“ဒီမှာ ဂေါ်လီတိုကင် (၁၀၀) ရှိနေပါတယ်။ အချိန် နာရီဝက်ရမှာဖြစ်ပြီးတော့ အများဆုံးဖမ်းနိုင်တဲ့သူက အနိုင်ပါ”
“ဒီလိုနည်းနဲ့ အဆင့် (၁) ကနေ (၁၀) ကို အစဉ်လိုက် သတ်မှတ်ပါမယ်”
“ရထားတဲ့ အရေအတွက် တူနေတာရှိခဲ့ရင် တိုက်ခိုက်ရမှာဖြစ်ပြီး နိုင်တဲ့သူက အဆင့်ပိုမြင့်ပါမယ်”
“မှတ်ထားရမှာက တိုကင်တွေကို သိုလှောင်လက်စွပ်ထဲ သိမ်းခွင့်မရှိပါဘူး။ ဘေးမှာပဲ ဝဲနေမှာပါ”
ပရိသတ်များ စည်းမျဉ်းအသစ်ကို ကြားပြီးနောက် အချင်းချင်း ဆွေးနွေးရေရွတ်ကြလေ၏။
ရှန်မိုလည်း မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
ယခုစည်းမျဉ်းမှာ ပုံမှန်တစ်ယောက်ချင်း ယှဉ်ပြိုင်ခြင်းထက် ပိုရှင်းလင်းပြီး တိုက်ရိုက်ကျ၏။
အချိန်လည်း အကုန်သက်သာပါသည်။
သို့သော် အားနည်းချက်လည်း ရှိ၏။
တစ်ဦးတစ်ယောက်တည်းကို ပစ်မှတ်ထား၍ ဝိုင်းတိုက်ခိုက်လျှင်ရော။
ပါဝင်သော (၂၅) ယောက်လုံးမှာ အလွန်ထူးချွန်ကြပြီး တစ်ယောက်တည်းနှင့် အများကို ခုခံရန် မဖြစ်နိုင်ပါ။
အလွန်ဆုံး (၃) ယောက်မှ (၅) ယောက်အထိသာ ကိုင်တွယ်နိုင်ပါသည်။
ရှန်မိုကိုယ်တိုင်လည်း (၅) ယောက်ဆက်တိုက် ခုခံနိုင်သော်လည်း ကျောက်ချင်းကန်၊ မိုယုဟုန်နှင့် ဟုန်ချီလုံတို့တော့ ထည့်မတွက်နိုင်ပေ။
သူ တွေးနေရင်း နတ်ရေစင်ဂိုဏ်းဘက် လှမ်းကြည့်လိုက်၏။
ကျန်းမိုမှာ ပုံမှန်အတိုင်း တည်ငြိမ်သောအမူအရာဖြင့် ထိုင်ကာ အေးစက်စက်ပုံစံ ရှိသည်။
ထိုအချိန်တွင် အေးစက်သော လက်လှလှလေးတစ်စုံမှ သူ့ကို လှမ်းဆွဲလိုက်လေသည်။
ရှန်မို လှည့်ကြည့်လိုက်သောအခါ မူယုံးယွဲ့ ဖြစ်၏။
မူယုံးယွဲ့ လှပစွာ ပြုံးလျက်
“ဘာမှစိတ်မပူနဲ့။ ရဲရဲသာ သွား။ ငါ အနောက်ကနေ ပံ့ပိုးပေးမယ်နော်”
ရှန်မို ရင်ထဲ နွေးထွေးသွား၏။
“ဟုတ်ကဲ့ပါ”
“တပည့်များအားလုံး ကွင်းထဲ ဝင်လာကြပါ”
လောင်ချောင်ထျန်းမှ အချက်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ရှန်မိုနှင့် တပည့်များအားလုံး ဝင်လာကြ၏။
တပည့် (၂၅) ဦးမှာ တစ်ယောက်နှင့်တစ်ယောက် (၁၀) ပေခန့်ခွါ၍ ရပ်နေကြပြီး အမူအရာမှာ မှင်သေ၍ စိတ်ထဲ၌တော့ လေးလံနေကြသည်။
ပါဝင်သူအားလုံးမှာ လွယ်လွယ် လက်လျှော့မည့်သူများ မဟုတ်ပေ။
မည်သူ့ကိုမှ အထင်သေး၍မရ။
ရှန်မို့နေရာမှာ ကောင်းသည်လည်းမဟုတ်၊ ဆိုးသည်လည်း မဟုတ်လှ။
သူ့ပတ်လည်တွင် နတ်ဓားဂိုဏ်း၊ မိုးကြိုးမီးတောက်ဂိုဏ်းနှင့် လင်းရှီဂိုဏ်းတို့မှ တပည့် (၃) ဦး ရှိနေသည်။ သူ့ကို ပစ်မှတ်ထားမည်မှာ မိုးကြိုးမီးတောက်ဂိုဏ်းနှင့် လင်းရှီဂိုဏ်းတို့ ဖြစ်နိုင်၏။
အဘယ်ကြောင့်ဆိုသော် အရှေ့ပွဲစဉ်များတွင် ထိုဂိုဏ်းများမှ တပည့်များကို အနိုင်ယူဖူးသောကြောင့်ပင်။
လင်းရှီဂိုဏ်းသည် နတ်ရေစင်ဂိုဏ်း၏ လက်အောက်ခံလည်း ဖြစ်၏။
ထို့ကြောင့် ပေါ်တင်ဖွင့်မပြောသော်လည်း အလွန် ရင်းနှီးနေကြောင်း သိသာပါသည်။
လင်းရှီဂိုဏ်း၏ အတော်ဆုံးတပည့်များကို နတ်ရေစင်ဂိုဏ်းထံပို့သည့်ကိစ္စများပင် ရှိ၏။
ပိုင်ကျီယွဲ့သည်လည်း အစက လင်းရှီဂိုဏ်းမှဖြစ်ပြီး ခြေတည်အဆင့် တက်ပြီးနောက် နတ်ရေစင်ဂိုဏ်းထဲ ရောက်သွားခြင်းပင်။
“စမယ်”
နတ်ဓားဂိုဏ်းမှ အကြီးအကဲ စအချက်ပြလိုက်ပြီး တပည့်များအားလုံး မိုးပေါ်သို့ ပျံတက်ကာ လှုပ်ရှားကြတော့သည်။
ဂေါ်လီလုံးများမှာ အမျိုးအစား (၃) မျိုးရှိပြီး ငြိမ်သက်ခြင်း၊ ပုံမှန်အတိုင်း ရွေ့လျားခြင်းနှင့် လျင်မြန်စွာ ရွေ့လျားခြင်းတို့ ဖြစ်၏။
ထို့ကြောင့် ပုံမှန်အားဖြင့် ငြိမ်နေသော ဓာတ်လုံးများကို အရင်ယူရန် ကြိုးစားကြသည်။
ထို့နောက် ယုန်ငယ်မျှမြန်သော ဓာတ်လုံးကို ကိုယ်တိုင် ကြိုးစားသည်ဖြစ်စေ၊ အခြားသူထံမှလု၍ ဖြစ်စေ ရနိုက်သည်။
နောက်ဆုံးတော့ တိုက်ခိုက်ခြင်းဆီ ရောက်လာစမြဲပင်။
ပြိုင်ဘက်ကို အနိုင်ရလျှင် ထိုဓာတ်လုံးမှာ ကိုယ့်အပိုင် ဖြစ်လာလိမ့်မည်။
ပွဲစသည်နှင့် ရှန်မိုမှာ အရပ် (၈) မျက်နှာ မိုးကြိုးသိုင်းကို သုံး၍ မိုးကြိုးအရိပ်ကဲ့သို့ ရွေ့လျားကာ တစ်ချက်လျှင် ဓာတ်လုံး (၂) ခု ရယူလေ၏။
ထို့နောက် ဖြတ်သွားရင်း အခြားတပည့်ထံမှ ဓာတ်လုံး (၂) ခု လုလိုက်သည်။
လင်းရှီဂိုဏ်းတပည့်မှာ ရှန်မို့ကို ဖျတ်ခနဲ လှမ်းကြည့်၏။
ရှန်မို ကြိုပြင်ထားသကဲ့သို့ သူ့ကို အနောက်မှ ကန်လိုက်သည်။
သို့သော် လင်းရှီဂိုဏ်းတပည့်မှာ အံကြိတ်၍ ပြန်လှည့်လာသည်။
ဝှစ် ဝှစ် ဝှစ်!
ရှန်မိုမှာတော့ တိုကင်စုခြင်းကိုသာ အာရုံစိုက်ရင်း မကြာမီ သူ့အနီးပတ်လည်တွင် (၂၀) ဝန်းကျင် ရှိလာ၏။
တစ်ဖက်တွင် လှုပ်ရှားမှုမကျွမ်းကျင်သော ဟုန်ချီလုံမှာ (၅) ခုသာ ရသေးပြီး ကျောက်ချင်းကန်နှင့် မိုယုဟုန်တို့မှာတော့ (၁၀) ခု၊ (၁၁) ခုနှင့် ပိုသာ၏။
ရှန်မိုကတော့ အများဆုံး ဖြစ်သည်။
ချက်ချင်းပင် တပည့်အများစု သူ့ကို ပစ်မှတ်ထားလာသည်။
“သူ့ဆီကယူကြ”
ထို့နောက် တပည့်များ သူ့ထံပြေးလာကြလေ၏။