ဂိုဏ်းတစ်ရာစုဝေးပွဲ၏ နောက်ဆုံးတိုက်ပွဲ
Vol. 5 Ch. 70
ခဏတာ ငြိမ်သက်သွားပြီးနောက် ပွဲကြည့်စင်ဘက်မှ ဆူညံသော လက်ခုပ်သံများ ပေါ်ထွက်လာ၏။
“တကယ်ပါပဲ။ ဒါ ဘာသိုင်းကွက်လဲ။ အရမ်း အင်အားကြီးတာပဲ”
“အမေရေ မိုက်လွန်းလို့ ဒူးထောက်ပြီး ကြည့်သင့်တာမျိုးလား”
“နေဦး ဒါ ဇာမဏီပန်းချီကား နားလည်သွားတဲ့ သိုင်းကွက်မျိုးမလား”
အေးစက်စက်အမူအရာရှိနေခဲ့သော ကျန်းမိုမှာ တဖြည်းဖြည်း မျက်နှာပိုပျက်လာသည်။
သူ ယခုတော့ နားလည်သွားလေပြီ။
ရှန်မိုကို လူအများအပြား ဝိုင်းနေစဉ်က မူယုံးယွဲ့ တည်ငြိမ်နေရသည့် အကြောင်းအရင်းမှာ ဝှက်ဖဲ တကယ်ရှိနေခြင်းပင်။
မူယုံးယွဲ့ အားလုံးကို ကြိုသိထား၏။
ရှန်မိုမှာ အင်အားကြီးကျင့်စဉ်ကို နားလည်ထားပြီး အနည်းဆုံး မြေအဆင့် ရှိသည်။
ကျန်းမို အံကြိတ်လျက် မကျေမနပ် ဖြစ်နေမိသည်။
ထိုလူအားလုံးမှာ နတ်ရေစင်ဂိုဏ်းမှ ခက်ခက်ခဲခဲ စည်းရုံးထားရသူများ ဖြစ်၏။
ယခု သူတို့အားလုံး ရှုံးသွားသောကြောင့် ရှန်မို့ဘေးတွင် မည်သူမျှ မရှိတော့ချေ။
သူ့အစီအစဉ် ကျရှုံးသွားလေပြီ။
ကျောက်ချင်းကန်တို့လည်း ထိုအခြေအနေကို တွေ့လိုက်၏။
ဟုန်ချီလုံ မျက်လုံးပြူးကာ အံ့ဩလျက်
“တွေ့လား။ အဲ့သိုင်းကွက်က အရမ်း အင်အားကြီးတယ်လို့ ပြောသားပဲ”
ကျောက်ချင်းကန်မှ
“ဒီမီးတောက်ပြာက အနန္တမီးတောက်ဆိုတာ ထင်တယ်”
ဟုန်ချီလုံ ရင်တုန်သွားပြီး
“အနန္တမီးတောက်လား။ သေချာလား”
ကျောက်ချင်းကန် ခေါင်းယမ်းပြ၍
“ငါလည်း တစ်ခါမှတော့ မတွေ့ဖူးဘူး။ စာအုပ်ထဲ ဖတ်ဖူးရုံပဲ”
ဟုန်ချီလုံမှ
“ရှန်မို့ကို ကျွန်တော် တကယ်မနိုင်လောက်ဘူး ထင်တယ်။ အစ်ကိုကျောက်ကိုပဲ အပ်ပါတယ်”
“ငါ့ကို ဘာလို့ ဖယ်ထားတာလဲ။ ရှန်မို့ကို မနိုင်နိုင်ဘူး ထင်လို့လား”
မိုယုဟုန် ရယ်မော၍ ဝင်ပြော၏။
ဟုန်ချီလုံ မျက်စောင်းထိုးကာ
“မင်းက ငါနဲ့ သိပ်မကွာပါဘူးကွာ။ မင်းအင်အားဆိုတာ မင်းမွေးထားတဲ့ အကောင်တွေဆီက ရတာပဲကို”
မိုယုဟုန် ရယ်မောလျက် ဘာမှပြန်မပြောပေ။
သူပြောတာလည်း မှန်နေ၏။
သူ့တွင် သားကောင်ဆက်သွယ်နိုင်သော မှော်ခန္ဓာကိုယ်ရှိပြီး အင်အားများသည် ထိုသားကောင်များအပေါ် မူတည်သည်။
ထို့အပြင် သူ့သားကောင်များမှာ ပြိုင်ပွဲတွင် ဝင်ခွင့်မရနိုင်အောင် အင်အားကြီးလွန်း၏။ မဟုတ်လျှင်တော့ သူသာ သေချာပေါက် ပထမနေရာ ရလိမ့်မည်။
တစ်ဖက်မှကြည့်လျှင် သူ့မူလခန္ဓာကိုယ်မှာ တိုက်ခိုက်စွမ်းရည် မပြင်းထန်ပေ။
အခြားဂိုဏ်းအဖွဲ့များ အံ့ဩထိတ်လန့်စွာ ငေးမောနေကြသည်။
ရွှမ်ကျန်းဒေသအရပ်ရပ်မှ လာကြည့်ကြသော ပရိသတ်များမှာတော့ အလွန်ပျော်ရွှင်နေ၏။
ရှန်မိုမှ ပြိုင်ဘက် (၆) ဦးကို တစ်ပြိုင်တည်း ရှင်းလိုက်ပုံအားကြည့်ရသည်မှာ တန်လွန်းသည်။
“ဟူး…”
ရှန်မို သက်ပြင်းချမိ၏။
နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်သည် ကောင်းကင်အဆင့် သိုင်းစဉ်ဖြစ်ပြီး မပြီးဆုံးသေးလျှင်ပင် စိတ်ဝိညာဉ်စွမ်းအင် အလွန်သုံးရ၏။
ကြာနီမီးတောက်မှာလည်း စွမ်းအင်အရမ်းကုန်၍ အတော် အားနည်းသွားသည်။
ရှန်မိုသာ အခြားကောင်းကင်အဆင့် ကျင့်စဉ်များ တွဲသုံးလျှင် အတော်ကြာကြာတည်းက လဲကျနေလောက်ပြီ။
“ဘယ်သူ လာဦးမလဲ။ တစ်ခါတည်း အတူလာလိုက်”
ရှန်မို ပတ်ဝန်းကျင်ကို ဝေ့ကြည့်၍ ပြောလိုက်သည်။
သူ့ထံသို့ အကြည့်တချို့ ကျရောက်နေသည်ဟု ခံစားရသော်လည်း ပြိုင်ဘက် (၆) ဦးကို တစ်ပြိုင်တည်း ရှင်းခဲ့သည့် မြင်ကွင်းကြောင့် အနားကပ်ရန် တွန့်ဆုတ်နေကြသည်။
“ဒါဆိုလည်း မင်းတို့နဲ့ ဆက်မဆော့တော့ဘူးနော်”
ရှန်မို တည်ငြိမ်စွာဖြင့် တိုကင်များ ဆက်ယူနေ၏။
အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးလာပြီး ရှန်မိုဘေးတွင် တိုကင် (၃၅) ခုအထိ ရှိလာသည်။
ထိုအရေအတွက်ဖြင့်ဆိုလျှင် ပထမနေရာရရန် အသေအချာပင်။
ထိုအချိန်တွင် ကျောက်ချင်းကန်တို့၌ရှိသော ဓာတ်လုံးများနှင့် အလွန်ကွာခြားနေ၏။
ရှန်မို ပထမရတော့မည်ဟု ထင်ထားကြသည်။
သို့သော် ပြိုင်ကွင်းထဲမှ နတ်ဓားဂိုဏ်းတပည့်များသည် ကျောက်ချင်းကန်အနား ရောက်လာကာ သူတို့လက်ထဲမှ ဓာတ်လုံးများကို ပေးလိုက်ကြသည်။
ကျောက်ချင်းကန် မျက်မှောင်ကြုတ်ကာ
“ဒါက ဘာလဲ”
တပည့်များ ခပ်တိုးတိုးဖြင့်
“စီနီယာပဲ ပထမ ဖြစ်သင့်တာပါ”
ကျောက်ချင်းကန် နတ်ဓားဂိုဏ်းခေါင်းဆောင် လောင်ချောင်ထျန်းအား လှမ်းကြည့်မိပြီး အကြည့်ချင်း ဆုံသွား၏။
လောင်ချောင်ထျန်း အကြည့်မှာလည်း သဘောတူသည့်ပုံပင်။
ကျောက်ချင်းကန် အံကြိတ်ထားမိ၏။
ထိုထူးဆန်းသောမြင်ကွင်းကို ပရိသတ်များ သတိမထားမိဘဲ မနေပေ။
“ဘာတွေ ဖြစ်နေတာလဲ။ ဒါ အကျင့်ယုတ်တာပဲ”
“ရှူး နတ်ဓားဂိုဏ်းဆိုတာ အင်အားအကြီးဆုံးဂိုဏ်းလေ။ သူတို့မှာ လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတယ်။ မင်းက ဘာတတ်နိုင်မှာလဲ”
“သူတို့ ပွဲအလယ်လောက်မှာ လုပ်ရင်တောင် ရှန်မို့မှာ ဓာတ်လုံးတွေထပ်လုဖို့ အချိန်ရသေးတယ်။ အခုက အချိန်ကုန်ခါနီးမှ…”
ရှန်မိုလည်း ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားမိ၏။
နောက်ဆုံးအချိန်မှ ထိုသို့ပြုလုပ်ခြင်းသည် စိတ်ရှုပ်စရာ ကောင်းလှသည်။
ကျောက်ချင်းကန် သက်ပြင်းချ၍ ရှန်မိုအား လှမ်းကြည့်ကာ
“ရှန် မင်းမှာ ဓာတ်လုံး ဘယ်နှစ်ခု ရှိလဲ”
“(၃၅) ခုပါ”
“ခေါင်းဆောင်ခိုင်းတာကို ဆန့်ကျင်လို့ မရပေမဲ့ ငါ့စည်းမျဉ်းကိုလည်း မဖောက်ချင်ဘူး။ အခု ငါ့မှာ (၃၀) ရှိတယ်။ နောက်ထပ် (၅) ခု ထပ်ရပြီးရင် ငါတို့ တိုက်ခိုက်ကြမယ်”
ဤသို့ဖြင့် နှစ်ဦးလုံး တိုကင် (၃၅) ခုဖြင့် သရေကျလေသည်။
ထို့ကြောင့် စည်းမျဉ်းအရ ထိပ်တိုက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပထမနှင့် ဒုတိယကို အဆုံးအဖြတ် ပေးလိမ့်မည်။
ရှန်မို ကျောက်ချင်းကန်အား စိုက်ကြည့်နေမိသည်။
ဓားစွမ်းရည်ပညာရှင်မှာ သူတွေးထားသည်ထက် ပိုကျွမ်းကျင်နိုင်သည်။
“အချိန်ပြည့်သွားပါပြီ”
အကြီးအကဲမှ လှမ်းအော်သည်။
“တိုကင်တွေ ရေမယ်”
မကြာမီ အဆင့် (၃) မှ (၁၀) အထိ နေရာများမှာ ရုပ်လုံးပေါ်လာ၏။
အဆင့် (၃) မိုယုဟုန်၊ အဆင့် (၄) ဟုန်ချီလုံနှင့် အခြားသူများမှာ တိုကင် (၃) ခုမှ (၅) ခုဝန်းကျင်ဖြင့် အဆင့်များ တန်းစီရလေသည်။
ဓာတ်လုံးအများစုမှာတော့ ရှန်မိုနှင့် ကျောက်ချင်းကန်ထံ ရောက်နေ၏။
“မပါဝင်တော့မယ့်တပည့်တွေ အပြင်ထွက်ပေးကြပါ။ နတ်ဓားဂိုဏ်းမှ ကျောက်ချင်းကန်နဲ့ ချင်းရွှမ်ဂိုဏ်းမှ ရှန်မိုတို့ကို ပထမနဲ့ ဒုတိယနေရာ ဆုံးဖြတ်ပါမယ်”
အကြီးအကဲမှ ပြောလိုက်သည်။
တပည့်များ ထွက်သွားသောအခါ ကွင်းထဲတွင် ရှန်မိုတို့ (၂) ယောက်သာ ကျန်ခဲ့သည်။
“ဒီတိုက်ပွဲက တစ်ယောက်ယောက် အရှုံးမပေးမချင်း အချိန်အကန့်အသတ် မရှိပါဘူး”
ရှန်မိုနှင့် ကျောက်ချင်းကန်တို့ အချင်းချင်း ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
“စမယ်”
အကြီးအကဲ အချက်ပြလိုက်သည်နှင့် တောင်ပေါ်မှ ဆင်းလာသောကျားနှင့် ရေထဲမှ တက်လာသည့် နဂါးကဲ့သို့ ရုတ်တရက် ပြင်းထန်စွာ တိုက်ခိုက်ကြ၏။
လက်သီးနှင့် လက်ဝါးချင်း အဆက်မပြတ် ထိခိုက်နေလေသည်။
“ကျောက်ချင်းကန် ခင်ဗျားက ဓားသိုင်းကျွမ်းတာ မဟုတ်ဘူးလား။ ဘာလို့ မသုံးတာလဲ”
ရှန်မိုမှ လှမ်းမေးသည်။
ကျောက်ချင်းကန် အားရပါးရ ရယ်မောလျက်
“ဟုတ်ပြီလေ။ ဒါဆိုလည်း သုံးရတာပေါ့”
နှစ်ယောက်သား ဓားအသီးသီး ထုတ်လိုက်ကြ၏။
ချွင် ချွမ်!
လျှပ်စီး၊ ဓားအရိပ်နှင့် ဆီးနှင်းပွင့်များ လေထဲ ပျံ့ကျဲနေသည်။
နှစ်ယောက်သား အတော်ကြာအောင် တိုက်ခိုက်ရင်း တစ်ယောက်နှင့်တစ်ယောက် အင်အားကြီးကြောင်း ပိုခံစားမိလာ၏။
သူတို့စွမ်းရည်မှာ လိုက်ဖက်လွန်းလှသည်။
ကြည့်ရှုသူများလည်း စိတ်လှုပ်ရှားလွန်း၍ သွေးပွက်ပွက်ဆူလာသကဲ့သို့ ခံစားရသည်။
ဒါမှ တကယ့် တိုက်ပွဲဘုရင်တွေပဲ။
“ကျွန်တော်ကတော့ အချိန်ဖြုန်းရတာ မကြိုက်ဘူး။ အင်အားကလည်း ညီနေကြတာဆိုတော့ ကိုယ့်ရဲ့ အင်အားအကြီးဆုံး ကျင့်စဉ်ကိုပဲ တန်းပြီး ထုတ်သုံးကြတာပေါ့”
ရှန်မိုမှ အကြံပေးသည်။
“ကောင်းသားပဲ။ ငါလည်း အဲ့လို တွေးနေတာ”
ကျောက်ချင်းကန် ခေါင်းငြိမ့်ပြ၍
“ဒါပေမဲ့ မင်းမှာ အသက်ကယ်ဖို့ ရတနာရှိရဲ့လား။ ငါ့အင်အားကို အာမ,မခံနိုင်ဘူးနော်”
ရှန်မို ပြုံးလျက်
“မစိုးရိမ်ပါနဲ့။ ကျွန်တော့်မှာ ရှိပြီးသားပါ”
“ကောင်းပါပြီ”
သူရဲကောင်းများမှာ အချင်းချင်း လေးစားကြသည်။
ရှန်မိုကဲ့သို့ ပြိုင်ဘက်မျိုးမှာ အလွန်ရှားပါးလွန်း၏။
နှစ်ယောက်ကြားတွင် နာကျည်းမုန်းတီးမှု အာဃာတများ မရှိသောကြောင့် ရှန်မို့ကို အလွန်အမင်း ထိခိုက်ခြင်း သို့ သေဆုံးခြင်း မဖြစ်စေလိုပါ။
ရှန်မိုလည်း ထိုသို့ပင်။
“ဆီးနှင်းဝိညာဉ်ဓား”
ကျောက်ချင်းကန် အော်လိုက်ပြီးနောက် သူ့ဓားရှည်မှာ နှင်းခဲများ ဖုံးသွား၏။
အအေးဓာတ်မှာ ပတ်ဝန်းကျင်အထိ ကူးစက်သွားစေသည်။
“နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ် ဒုတိယပုံစံ”
ရှန်မိုမှာ သူ့ဓားကိုသိမ်း၍ လက်ဝါးဓား၌ မီးတောက်ပြာများ ပေါ်လာ၏။
သူသုံးရသော စိတ်ဝိညာဉ်စွမ်းအင် ပိုများသည့်အလျောက် မီးတောက်မှာလည်း ပိုကြီးလေသည်။
ပရိသတ်များ လန့်ဖျပ်၍ ကြည့်နေ၏။
“ကျောက်ချင်းကန်စွမ်းအင်က (၁၀) ပေအထိပဲ သက်ရောက်ပေမဲ့ ရှန်မိုက (၁၅) ပေတောင် ရောက်တာပဲ”
“ကောင်းကင်အဆင့်ခန္ဓာကိုယ်ပဲ လုပ်နိုင်တာလို့တော့ ကြားဖူးတယ်”
“ကျောက်ချင်းကန်ကတော့ ရှိမှန်း သိသားပဲ။ အခုက ရှန်မိုပါ ကောင်းကင်အဆင့် ခန္ဓာကိုယ် ရှိနေတာလား”
“ဒါပေါ့။ မဟုတ်ရင် အရှေ့ပွဲတွေမှာရော ဘယ်နိုင်ပါ့မလဲ”
“ဘုရားသခင်။ ချင်းရွှမ်လို ဒုတိယအဆင့်ဂိုဏ်းက ကောင်းကင်အဆင့်ခန္ဓာကိုယ်ရှိတဲ့ တပည့်မျိုး မွေးထုတ်နိုင်ခဲ့တာပဲ”