← Chapters

မီးတောက်သခင် ရှန်မို

Vol. 5 Ch. 71

မီးတောက်သခင် ရှန်မို

Vol. 5 Ch. 71

ပရိသတ်အားလုံး မှင်တက်နေကြသည်။

ပထမနှင့် ဒုတိယအဆင့်ဂိုဏ်းများ၏ တုံ့ပြန်မှုမှာလည်း ပို၍ ပြင်းထန်လာသည်။

သူတို့အတွက် ကောင်းကင်အဆင့်တပည့်မျိုး ရရှိရန်မှာ နှစ်ပေါင်း ဆယ်စုနှစ်၊ ရာစုနှစ်နှင့်ချီလျှင်ပင် ရှားပါးလွန်း၏။

မြေအဆင့်ခန္ဓာကိုယ်ရှိသော တပည့်မျိုးဖြစ်လျှင် ရတနာကဲ့သို့ သဘောထားနိုင်သည်။

ချင်းရွှမ်ဂိုဏ်းကိုလည်း ထို့အတူပင်တွေး၍ ကောင်းကင်အဆင့်ခန္ဓာကိုယ်နှင့် တပည့်မျိုးရှိနေမည်ဟု မထင်ခဲ့ချေ။

ထို့နောက် ဂိုဏ်းများအားလုံး အစီအစဉ်များ စဆွဲကြတော့၏။ အထူးသဖြင့် ချင်းရွှမ်ဂိုဏ်းနှင့် ရန်ညှိုးရှိကြသူများ ဖြစ်သည်။

လူအသစ် လျှို့ဝှက်ခန့်၍ ရှင်းပစ်ရမည်လား။

ထိုဂိုဏ်းများနှင့်ယှဉ်လျှင် ရွှမ်ကျန်းဒေသ၏ ထိပ်တန်း (၅) ဂိုဏ်းမှ ရာထူးကြီးများသည် တုံ့ပြန်မှု မရှိကြ။

သူတို့အနေဖြင့် ချင်းရွှမ်ဂိုဏ်းတွင် ကောင်းကင်အဆင့်ခန္ဓာကိုယ် တပည့်ရှိမှန်း သိပြီးဖြစ်ပါသည်။ မည်သူမှန်းသာ စုံစမ်းနေဆဲ ဖြစ်၏။

ယခုအခါ ချင်းရွှမ်ဂိုဏ်းအတွင်း ပြောင်းလဲမှုများကြောင့် တိုက်ရိုက် အတည်မပြုရသေးလျှင်ပင် ထိုတပည့်မှာ ရှန်မိုမှန်း ရိပ်မိကြလေသည်။

စင်မြင့်ပေါ်၌ မီးတောက်နီများမှာ ရေခဲအချွန်ကို ရစ်ပတ်လျက်ရှိ၏။

အချင်းချင်း ထိခိုက်ရစ်နွယ်၍ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

အလင်းရောင်များမှာ စူးရှလွန်းသောကြောင့် ကျင့်ကြံမှုနိမ့်သူများမှာ မျက်လုံးမှိတ်ထားရသည်။

မကြာမီ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်လာ၏။

ဘုံး!

နှစ်ယောက်စလုံးလည်း လွင့်သွားသည်။

ရှန်မိုမှာ လက်ဝါးဖြင့် မြေပြင်ကိုထောက်ကာ အရှိန်ထိန်းလိုက်၏။

ရင်ဘက်မှ သံချပ်ကာသည်လည်း အရှိန်ပြင်းပြင်းကို ကာကွယ်လေသည်။

ထိုအချိန်တွင် ကျောက်ချင်းကန်မှာ သူ့ဓားကို မြေပြင်တွင် စိုက်၍ စင်အောက်အထိ လွင့်မသွားစေရန် ထိန်း၏။

နှစ်ဦးစလုံး အဝတ်များ စုတ်ပြဲကာ သွေးများ အန်လာသည်။

သို့သော် ရှန်မိုမှာ တည်ကြည်စွာ ရပ်နေဆဲဖြစ်၏။

ကျောက်ချင်းကန်မှာတော့ အသက်ကို မနည်းဝအောင် ရှူရင်း လဲကျသွားကာ

“မင်း… နိုင်ပါပြီ”

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

ထို့နောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော လက်ခုပ်သံများ ပေါ်ထွက်လာသည်။

နတ်ဓားဂိုဏ်းမှ အစီအစဉ်တာဝန်ယူထားသူ အကြီးအကဲသည် ရလဒ်ကို ချက်ချင်း မကြေညာရဲဘဲ ခေါင်းဆောင် လောင်ချောင်ထျန်းအား လှမ်းကြည့်၏။

လောင်ချောင်ထျန်း တည်ငြိမ်စွာဖြင့်

“ဘာလို့ ငါ့ကို ကြည့်နေတာလဲ။ မြင်တဲ့အတိုင်း ကြေညာလေ။ မဟုတ်ရင် နတ်ဓားဂိုဏ်းက ရလဒ်လိမ်ပါတယ်ဆိုပြီး တစ်လောကလုံး ဝိုင်းလှောင်တာခံမလို့လား”

“ဟုတ် ဟုတ်ကဲ့ ကျွန်တော် မှားသွားပါတယ်”

အကြီးအကဲမှ ခေါင်းငြိမ့်ပြ၍ ချက်ချင်း ကြေညာလေ၏။

“ရှန်မိုနဲ့ ကျောက်ချင်းကန်တို့ ပြိုင်ပွဲမှာ ရှန်မို အနိုင်ရသွားပါပြီ”

“အခုဆိုရင် ဂိုဏ်းတစ်ရာစုဝေးပွဲက ထိပ်တန်း (၁၀) ယောက်ကို ကြေညာပေးပါ့မယ်”

“ပထမနေရာ ချင်းရွှမ်ဂိုဏ်းမှ ရှန်မို”

“ဒုတိယနေရာ နတ်ဓားဂိုဏ်းမှ ကျောက်ချင်းကန်”

“တတိယနေရာ အဆိပ်နွယ်ဂိုဏ်းမှ မိုယုဟုန်”

“စတုတ္ထနေရာ တက်နေဝန်းဂိုဏ်းမှ ဟုန်ချီလုံ”

“ပဉ္စမနေရာ…”

ထိပ်ဆုံး (၁၀) ယောက်ကို ကြေညာပြီးနောက် ပရိသတ်များ အံ့ဩစွာ ရေရွတ်မိကြလေသည်။

“ရွှမ်ကျန်းဒေသရဲ့ သခင်လေး (၅) ယောက်ကနေ အခုဆို (၆) ယောက်လို့ ခေါ်ရတော့မှာပဲ”

“ရှန်မို့ဘွဲ့နာမည်က ဘယ်လိုဖြစ်မလဲ။ ချင်းသခင်လေးလား။ ရွှမ်သခင်လေးလား”

“မကောင်းပါဘူး။ ရှန်မိုက မီးတောက်နဲ့ ပတ်သက်ရင် အတော်ဆုံးမလား။ မီးတောက်သခင်လေးဆိုရင်ရော”

“ဟုတ်တယ်။ မီးတောက်သခင်လေးက ကောင်းတယ်”

“အခုကစပြီး မီးတောက်သခင်လေး ရှန်မိုလို့ပဲ ခေါ်တော့မယ်”

အားလုံး တက်ကြွစွာ ပြောဆိုနေကြသည်။

လောကတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးမှာ အားနည်း၍ နာမည်မရှိသူတစ်ဦးမှ အင်အားကြီးများကို ရုတ်တရက် အနိုင်ရခြင်း ဖြစ်လေ၏။

ပရိသတ်များအမြင်တွင် ရှန်မိုမှာ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး ဖြစ်၏။

ထိုစဉ် ချင်းရွှမ်ဂိုဏ်းမှ တပည့်များ စင်ပေါ် ပြေးတက်သွားကြပြီး ရှန်မိုအား ချီမြှောက်ကာ အောင်ပွဲခံကြလေသည်။

ရှန်မို့အောင်မြင်မှုသည် ချင်းရွှမ်ဂိုဏ်း၏ သိက္ခာအဖြစ် အားလုံးဂုဏ်ယူရ၏။

မူယုံးယွဲ့မှာ ထိုအနီးတွင် ငြိမ်သက်စွာရပ်ကြည့်ရင်း ကျေကျေနပ်နပ်ကြီး ပြုံးမိသည်။

“ရှန်မို ဘယ်လိုခံစားရလဲ။ ဒဏ်ရာတွေ ကုပေးရဦးမလား”

သူ လှမ်းမေး၏။

ရှန်မို ခေါင်းယမ်းပြကာ

“အဆင်ပြေပါတယ် ခေါင်းဆောင်။ ဂရုစိုက်ပေးတာ ကျေးဇူးပါ”

“ကောင်းပါပြီ။ ဒါဆိုလည်း ခဏနေလိုက်ဦး။ ညကျရင် ညစာစားပွဲ လုပ်ကြမယ်နော်။ မနက်ဖြန်မှ ဂိုဏ်းကို ပြန်မယ်”

ထိုအချိန်တွင် လျှိုယွမ်ဖုန်၊ လျှိုယွန်းရွှမ်နှင့် ရှောင်ဖန်တို့မှာ နေရာမှမရွေ့ဘဲ ငြိမ်နေ၏။

ထိုအခြေအနေကိုတွေ့သော ပရိသတ်များမှာတော့ ဟိုဟိုဒီဒီ တွေးမိကြ၏။

ဆုပေးပွဲလည်း အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

ထိပ်ဆုံး (၁၀) ဦးစလုံး ရေခဲကျောက် ရရှိကြပြီး ပိုမြင့်သည့် (၅) ယောက်မှာ မီးတောက်နက်ကျောက် ရရှိကြသည်။

ပထမ၊ ဒုတိယ၊ တတိယတို့မှာ နွယ်စိမ်းပုလဲပါ ထပ်ရပြီး ပထမမှာတော့ ထိုက်ရိ စိတ်ဝိညာဉ် အားဖြည့်ဆေးလည်း ရလိုက်သည်။

ရှန်မို ရတနာများအားလုံးကို သိုလှောင်လက်စွပ်ထဲသိမ်း၍ အလွန်ပျော်ရွှင်နေ၏။

ထိုကျောက်မျက်များဖြင့် အင်အားပိုတိုးလာတော့ပေမည်။

“အားလုံးပဲ ခဏလေးပါ။ ကျွန်တော် မိတ်ဆက်ပေးချင်တဲ့သူ ရှိပါတယ်”

လောင်ချောင်ထျန်းမှ ရုတ်တရက် ပြော၏။

အားလုံး မျက်မှောင်ကြုတ်ကာ သူ့ကို အာရုံစိုက်လိုက်ကြသည်။

နတ်ဓားဂိုဏ်းခေါင်းဆောင်က ဘာပြောမှာမို့လို့ စကားခံနေတာလဲ။

မူယုံးယွဲ့ မိုဟန်ရှန်ကို လှမ်းကြည့်လိုက်သောအခါ ခေါင်းငုံ့နေသည်ကိုတွေ့၍ အခြေအနေကို ကြိုသိထားပုံ ရသည်။

မိုဟန်ရှန်တင်မက အခြားဂိုဏ်းကြီးများလည်း ကြိုသိနေပုံပင်။

မူယုံးယွဲ့ ရုတ်တရက် စိတ်ထဲလေးသွား၏။

ရှန်မိုလည်း တစ်ခုခု မှားနေသည်ဟု ခံစားမိပါသည်။

“သခင်ကျီ အားလုံး စောင့်နေကြပါတယ်”

လောင်ချောင်ထျန်းမှ လှမ်းခေါ်လိုက်၏။

ထိုအချိန်တွင် ရွှေရောင်အလင်းတစ်ခု ကျရောက်လာပြီး အလွန်ဆွဲဆောင်မှု ရှိနေသည်။

ဘုံး!

ရွှေရောင်အလင်းမှာ ရုတ်တရက် လောင်ချောင်ထျန်းဘေးသို့ ရောက်လာ၏။

ထို့နောက် အလင်းရောင် ကွယ်ပျောက်ကာ အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်လူကို တွေ့ရသည်။

သံချပ်ကာအနက်ကိုဝတ်ဆင်၍ ခါးတွင် ဓားတစ်လက် ထိုးထားပြီး ဦးထုပ်အောက်ရှိမျက်နှာသည် တည်ကြည်လှ၏။

ပုံစံမှာခြုံကြည့်လိုက်လျှင် စစ်သူကြီးတစ်ဦးကဲ့သို့ အရှိန်အဝါ ဖြစ်လေသည်။

လောင်ချောင်ထျန်း ပြုံး၍

“ဒါက ရွှမ်ကျန်းဒေသရဲ့ အုပ်ချုပ်သူအသစ် ကျီရှီလုံပါ”

မူယုံးယွဲ့ မှင်တက်နေ၏။

အခြားဂိုဏ်းခေါင်းဆောင်များလည်း မျက်လုံးပြူးနေကြသည်။

ရှန်မိုမှ

“ဆရာမ သူ့ကို သိလား”

မူယုံးယွဲ့ ခေါင်းငြိမ့်လျက်

“သိတယ်။ ငါတင်မကဘူး။ ရွှေအချက်အချာအဆင့် တော်တော်များများ သိကြတယ်”

“ရှန်မို မကြာသေးခင်က လင်ယွန်းဒေသမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို မှတ်မိတယ်ဟုတ်”

“အစိုးရက စစ်သည်တွေလွှတ်ပြီး လင်ယွန်းဒေသက ဂိုဏ်းတွေကို ရှင်းခိုင်းတာ”

“အဲ့စစ်တပ်ကို ဦးဆောင်တာ ကျီရှီလုံပဲ”

ရှန်မို မျက်နှာပျက်သွားသည်။

“ဒီလိုအချိန်မှာ ကျီရှီလုံကို တာဝန်ရှိသူအနေနဲ့ အသစ်လွှတ်လိုက်တယ်ဆိုတာ အဖြေက ရှင်းနေတာပဲ”

မူယုံးယွဲ့ သက်ပြင်းချမိ၏။

ရှန်မို ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သောအခါ အခြားဂိုဏ်းခေါင်းဆောင်များလည်း တီးတိုးပြောဆို တိုင်ပင်နေကြသည်ကို တွေ့ရ၏။

လောင်ချောင်ထျန်းဘေးမှ စစ်သံချပ်ကာဖြင့်လူမှာတော့ ပြုံးလျက်

“အားလုံးပဲ ကျီရှီလုံကို ကြားဖူးကြမှာပါ။ ငါ့အကြောင်း အများကြီး မပြောတော့ဘူး။ ဪ ငါက အခု အုပ်ချုပ်သူ ဖြစ်သွားပြီနော်”

“ဒီတစ်ခါတော့ လင်ယွန်းမှာတုန်းကလို ရှင်းလင်းရေးအတွက် တာဝန်ပေးခံရတာမျိုး မဟုတ်ဘဲ လက်ဆောင်တွေ ယူလာဖို့ ပြောတယ်”

သူ့စကားလုံးကို မယုံနိုင်ကြပေ။

တကယ်လား။ လိမ်နေတာလား။

ကျီရှီလုံပြုံးလျက်

“ရွှမ်ကျန်းဒေသက အများကြီး တိုးတက်နေတာပဲ။ ဂိုဏ်းတွေကလည်း အင်အားကောင်းတယ်။ ဒါပေမဲ့ တိကျတဲ့ ဆက်ခံသူရယ်လို့ မရှိတာတော့ မကောင်းဘူး။ စည်းကမ်းမရှိပုံ ပေါ်တယ်”

“ငါ့အကြံပေးတွေကနေ ဆက်ခံသူစနစ်အကြောင်း အကြံပေးလိုက်တာရှိတယ်။ အခု ရှင်းပြပေးမယ်နော်”

“ရွှမ်ကျန်းရဲ့ ထိပ်တန်း (၅) ဂိုဏ်းမှာ အနည်းဆုံး ရွှေအချက်အချာအဆင့် ကျင့်ကြံသူ (၃၀)၊ ခြေတည်အဆင့် (၅၀၀)နဲ့ တပည့်စုစုပေါင်းက (၃၀၀၀) ရှိရမယ်။ ဒီလို စံချိန်စံနှုန်းမမှီရင် ပယ်ဖျက်ခံရမယ်”

“ပြီးရင် ပထမအဆင့်ဂိုဏ်းတွေအနေနဲ့က ရွှေအချက်အချာအဆင့် (၂၃) ယောက်၊ ခြေတည်အဆင့် (၁၀၀)၊ စုစုပေါင်းက (၁၀၀၀) ရှိရမယ်”

“ဒုတိယအဆင့်ဂိုဏ်းတွေမှာ အနည်းဆုံး ရွှေအချက်အချာအဆင့် (၁၅) ယောက်၊ ခြေတည်အဆင့် (၅၀)၊ စုစုပေါင်း တပည့် (၅၀၀) ရှိရမယ်”

ကျီရှီလုံမှ ဆက်၍

“(၆) လတစ်ခါ ဂိုဏ်းတွေကို စစ်ဆေးပြီး ဆုချီးမြှင့်ပေးမယ်”

“ဒုတိယအဆင့်ဂိုဏ်းတွေက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းနဲ့ အဝါအဆင့် ဆေး (၁၀၀၀) ရမယ်”

“ပထမအဆင့်ဂိုဏ်းဆိုရင် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းနဲ့ အဝါအဆင့် ဆေး (၁၀၀၀)၊ သိမ်မွေ့နက်နဲခြင်းအဆင့် ဆေး (၅၀၀)၊ မြေအဆင့် ဆေး (၅) လုံးရမယ်”

“ထိပ်တန်း (၅) ဂိုဏ်းကတော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်း၊ သိမ်မွေ့နက်နဲခြင်းအဆင့် ဆေး (၁) ထောင်၊ မြေအဆင့်ဆေး (၃၀)”

ကျီရှီလုံ ပြောပြီးနောက် အားလုံးကို ဝေ့ကြည့်၍ ပြုံးကာ

“ငါက လက်ဆောင်တွေ လာပေးတာလေ။ လက်ခုပ်မတီးကြဘူးလား”

All Chapters