ကြောက်စရာထောင်ချောက်
Vol. 5 Ch. 72
အားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
ဂိုဏ်းခေါင်းဆောင်များမှာ အစစအရာရာ တွေးတောရင်း တပည့်များမှာလည်း စကားသံပင် မထွက်ရဲကြ။
လောင်ချောင်ထျန်းမှ
“သခင်ကျီက မေးနေရင် ပြန်ဖြေမှပေါ့”
ရုတ်တရက် ဂိုဏ်းခေါင်းဆောင်တစ်ဦးမှ ထအော်လေသည်။
“ကျေးဇူးကြီးမားလှပါတယ် သခင်ကျီ။ ကျွန်တော်တို့ ဂိုဏ်းတွေကို စံနှုန်းမီအောင် ကြိုးစားပါ့မယ်”
သူ စပြောလိုက်သည်နှင့် အနောက်မှ အသံများ ဆက်၍ ထွက်လာကြ၏။
“ဟုတ်တယ် ဟုတ်တယ်။ ဒီလိုဆုလာဘ်တွေအတွက် ကြိုးစားရမယ်”
“ကျေးဇူးတင်ပါတယ် သခင်ကျီ”
ဂိုဏ်းခေါင်းဆောင်များ တစ်ဦးပြီးတစ်ဦး ပြောနေကြသည်။
ချင်းရွှမ်ဂိုဏ်းတွင်။
ရှောင်ဖန် အံ့အားသင့်လျက်
“အစိုးရက အဲ့လောက်တောင် သဘောကောင်းတာလား။ ဒီလို လက်ဆောင်တွေ အများကြီး ပေးတယ်လား”
“ကြားရတာတော့ ကောင်းသလိုလိုပဲပေါ့”
လောင်ရှန်နန်မှ ခေါင်းငြိမ့်ထောက်ခံမိလေသည်။
ရှန်မိုမှာတော့ ကြက်သီးများထလျက် နေရခက်နေ၏။
လက်ဆောင်။ ဆုလာဘ်။
မဟုတ်သေးဘူး။ ဒါ ကြောက်စရာကောင်းတဲ့ ထောင်ချောက်ပဲ။
ထိပ်တန်း (၅) ဂိုဏ်းကလွဲပြီး ပထမအဆင့်နဲ့ ဒုတိယအဆင့်ဂိုဏ်းတွေက လက်ရှိအခြေအနေနဲ့ အရမ်းကွာနေတယ်။
သူ့သတ်မှတ်ချက်အရ အများကြီး ထပ်လိုဦးမှာ။
တပည့်တွေထပ်ခေါ်တာကတော့ လွယ်ပါတယ်။ ခြေတည်အဆင့် ကျင့်ကြံသူအရေအတွက်ကလည်း အတင်းတွန်းပြီး ကြိုးစားရင် ဖြစ်နိုင်သေးတယ်။ ရွှေအချက်အချာအဆင့် တပည့်တွေရဖို့ဆိုတာတော့ တော်တော်ခက်လွန်းတယ်။
တစ်ခုတည်းသော နည်းလမ်းမှာအခြားနေရာမှ ရွှေအချက်အချာအဆင့်များ သွားခေါ်ရန်သာ ရှိတော့သည်။
သို့သော် ရွှေအချက်အချာအဆင့်များမှာ ထိုကဲ့သို့ ခေါ်ရန်မလွယ်။
အပြင်မှကျင့်ကြံသူများ ဂိုဏ်းထဲ ရောက်လာခဲ့လျှင် အားနည်းသော ပြည်သူများအတွက် ပို၍ ပစ်မှတ်ဖြစ်လာနိုင်သည်။
ထို့ကြောင့် ဂိုဏ်းအတွင်းတပည့်များဖြင့်သာ အရေအတွက်တိုးအောင် ကြိုးစားရလိမ့်မည်။
ပထမအဆင့်ဂိုဏ်းများမှာ ဒုတိယအဆင့်ဂိုဏ်းနှင့် အားနည်းသော ပထမအဆင့်ဂိုဏ်းများကို တိုက်ခိုက်၍ အနိုင်ယူလိမ့်မည်။
ထိုအခြေအနေ စတင်မိသည်နှင့် အဆုံးမသတ်နိုင်တော့ချေ။
အချို့ဂိုဏ်းများမှာ သာမာန်အတိုင်းနေ၍ အစိုးရဆုလာဘ်များ မယူလျှင်ပင် အခြားဂိုဏ်းများမှ လာရောက်လုယက်ပေမည်။
ထို့ကြောင့် ရှန်မို့အနေဖြင့် ထောင်ချောက်ဖြစ်ကြောင်း သိလိုက်ခြင်းဖြစ်၏။
ထိုကျီရှီလုံမှာ စစ်ရေးကျွမ်းကျင်ရုံသာမက လူ့သဘာဝနှင့် အားနည်းချက်ကို မည်သို့ အသုံးချရမည်ကိုပါ ကောင်းကောင်းသိလေသည်။
“မင်းတို့မယုံနိုင်ဘူးဆိုတာ သိပါတယ်။ ငါက ဆုတွေ တကယ်မပေးပါဘူးလို့ တွေးနေမှာပေါ့”
“အဲ့တာကြောင့် မင်းတို့လိုချင်တာအားလုံး ပေးရအောင် ဂိုဏ်းတစ်ရာစုဝေးပွဲကို လာခဲ့တာ”
“ဒီတစ်ခါတော့ ဆုလာဘ်တွေကို ဂိုဏ်းတွေရဲ့ လက်ရှိအဆင့်အတိုင်း ပေးမယ်”
ကျီရှီလုံ ရယ်မောလျက်
“ပထမဆုံးအနေနဲ့ ဒုတိယအဆင့်ဂိုဏ်းတွေ”
သူ လက်ယမ်းလိုက်သောအခါ သိုလှောင်လက်စွပ် (၃၀) ကျော် လေထဲဝဲလာသည်။
“ဒီထဲမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းနဲ့ အဝါအဆင့် ဆေး (၁) ထောင်ပါတယ်”
“ယူလိုက်ကြပါ။ မင်းတို့အတွက်ပဲ”
ဂိုဏ်းခေါင်းဆောင်များအချင်းချင်း လှမ်းကြည့်၍ ဘာလုပ်ရမည်မသိ ဖြစ်နေသည်။
လင်းရှီဂိုဏ်းခေါင်းဆောင်မှ ရုတ်တရက် ထအော်လေ၏။
“ကျေးဇူးတင်ပါတယ် သခင်ကျီ”
သူ သိုလှောင်လက်စွပ် (၁) ခု လှမ်းယူလိုက်သည်။
ထိုအခါ အခြားခေါင်းဆောင်များလည်း အမြန်လိုက်ယူကြ၏။
မျက်စိတစ်မှိတ်အတွင်း လေထဲတွင် ဘာမှမရှိတော့ပေ။
မူယုံးယွဲ့လည်း (၁) ခု ယူထားခဲ့သည်။
လက်ရှိတွင် အန္တရာယ်တစ်စုံတစ်ရာ မတွေ့ရသေးချေ။
ကျီရှီလုံ အားရပါးရ ရယ်မောကာ နောက်ထပ် သိုလှောင်လက်စွပ် (၁၂) ခုကို ပေးလိုက်ပြန်သည်။
“ဒါကတော့ ပထမအဆင့်တွေအတွက် ဆုလာဘ်ပါ”
ထို့နောက် လှပသော သိုလှောင်လက်စွပ် (၅) ခုကို ထပ်ထုတ်၍
“ဒါက ထိပ်တန်း (၅) ဂိုဏ်းအတွက်”
မကြာမီ ဂိုဏ်းခေါင်းဆောင်များအားလုံး ယူပြီးသွားကြ၏။
ဖွင့်ကြည့်လိုက်သောအခါတွင်လည်း ဆုလာဘ်များ အမှန်တကယ် ရှိနေသည်။
အများစုမှာ အလွန်ပျော်ရွှင်နေကြတော့သည်။
တကယ်လား။
လိမ်နေတာ မဟုတ်ဘူးပေါ့။
ကျီရှီလုံပြုံးလျက်
“နောက်ထပ်စစ်ဆေးမှုက (၆) လအကြာမှာ လုပ်ပါမယ်။ ဂိုဏ်းခေါင်းဆောင်တွေ အချိန် မှတ်ထားကြပါ”
“ငါ သွားစရာရှိသေးလို့ ကဲ အားလုံးကို နှုတ်ဆက်ပါတယ်”
ထို့နောက် ရွှေရောင်အလင်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
“ဂိုဏ်းတစ်ရာစုဝေးပွဲ တရားဝင် ပြီးမြောက်သွားပါပြီ။ အားလုံး ပြန်လို့ရပါပြီ”
လောင်ချောင်ထျန်းမှ ကြေညာသည်။
သူ့အမူအရာမှာတော့ အသက်မဲ့လှ၏။
…
ချင်းရွှမ်ဂိုဏ်းအဖွဲ့တည်းခိုရာ နဂါးအဆောင်။
“ခေါင်းဆောင် ဒါ တကယ့်သတင်းကောင်းပဲ။ ကျွန်တော်တို့ ဒီအခွင့်အရေးကို လွတ်သွားလို့ မဖြစ်ဘူး”
ရှောင်ဖန်မှ ပြုံးရွှင်၍ ပြောသည်။
ရှန်မို ခေါင်းယမ်းကာ
“မင်း အခုထိ နားမလည်သေးဘူးလား”
ရှောင်ဖန် အံ့ဩ၍
“ဘာကို နားလည်ရမှာလဲ”
ရှန်မို သက်ပြင်းချလျက်
“ဒါ ကျီရှီလုံရဲ့ ထောင်ချောက်ပဲ။ ဉာဏ်မကောင်းတဲ့သူတွေတော့ အလွယ်တကူ ထောင်ချောက်မိတော့မယ်”
ထို့နောက် သူ့သုံးသပ်ချက်အား ရှင်းပြလိုက်သည်။
သူ့စကားဆုံးသောအခါ အားလုံး အလွန် လန့်ဖျပ်သွားလေ၏။
ကျောက်ထင်တို့မှာ တစ်ခုခု မှားနေမှန်းသိသော်လည်း အတိအကျ နားမလည်ခဲ့ပေ။
ယခု ရှန်မိုရှင်းပြမှ သဘောပေါက်သွားတော့၏။
လောင်ရှန်နန် ခေါင်းကုတ်ကာ
“အဲ့တာဆို… ဘေးကင်းကင်းနဲ့ ကြိုးစားပြီး တခြားဂိုဏ်းတွေကိုလည်း မတိုက်ခိုက်ဘဲ အကြံပေးရမှာပေါ့နော်”
ကျောက်ထင် ခေါင်းယမ်းလျက်
“သူတို့ရှေ့မှာ ဒီလိုအကျိုးအမြတ်ကြီးကို တွေ့ဖူးထားတော့ ဂိုဏ်းတချို့က လောဘကြီးမှာပဲ”
ရှန်မို ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
သူက ဆက်၍
“နောက်ပြီး ကျီရှီလုံ ဆွဲဆောင်ထားပြီးသား ဂိုဏ်းတွေက အရင်စလှုပ်ရှားလောက်တယ်”
“အစိုးရရဲ့ နောက်လိုက်ခွေးဖြစ်ချင်တဲ့သူတွေက အမြဲ ရှိချင်တတ်ကြတာပဲလေ”
မူယုံးယွဲ့ သူ့ကို ကျေနပ်စွာ ကြည့်မိ၏။
ရှန်မို ဉာဏ်ရည်မှာ သူတွေးထားသည်ထက် သာလွန်နေသေးသည်။
“အခုတော့ အရမ်းမတွေးပါနဲ့ဦး။ ဂိုဏ်းပြန်ရောက်မှ အသေးစိတ်ဆွေးနွေး စီစဉ်ကြတာပေါ့”
“ဒီနေ့က အောင်ပွဲခံရမယ့်နေ့လေ။ ရှန်မို့အတွက် ဇာမဏီစားသောက်ဆိုင်မှာ ညစာစားပွဲလုပ်ဖို့ ပြင်ဆင်ပြီးပြီ”
လောင်ရှန်နန်တို့ ပျော်ရွှင်စွာ အော်ဟစ်လိုက်မိ၏။
လျှိုယွန်းရွှမ်မှာ ဒုတိယအကျော့၌ အားကြီးသော ပြိုင်ဘက်နှင့်တွေ့ကာ တတိယအဆင့် မတက်နိုင်လိုက်ပေ။
ရှောင်ဖန်မှာ ပထမအဆင့်ပင် မအောင်လိုက်။
ထို့ကြောင့် ရှန်မို့အောင်ပွဲကိုသာ ကြည့်ရတော့မည်။
“စီနီယာ ကျွန်တော်တို့ရော ညစာစားပွဲ သွားမှာလား”
ရှောင်ဖန် သက်ပြင်းချကာ မေးလိုက်သည်။
“ဒါပေါ့။ ငါတို့လည်း ကိုယ့်ဟာကိုယ် သွားပျော်ရမယ်။ သူများကြောင့် ဝေဖန်မခံရစေနဲ့”
လျှိုယွန်းရွှမ် ပြုံး၍ ပြန်ဖြေ၏။
“နားလည်ပါပြီ”
ထိုညက ချင်းရွှမ်ဂိုဏ်းအဖွဲ့တို့ ဇာမဏီစားသောက်ဆိုင်တွင် ပွဲကြီး ကျင်းပလေသည်။
ရှန်မို ပထမရသွားသည့်သတင်းလည်း အလွန်ပျံ့နှံ့၍ အားလုံး ထိုအကြောင်းသာ ပြောနေကြ၏။
မီးတောက်သခင်လေးဟူသော အမည်ပါ ပျံ့နေခြင်းဖြစ်သည်။
ထို့နောက် အဖွဲ့လိုက် ချင်းရွှမ်ဂိုဏ်းသို့ ပြန်လာခဲ့ကြလေသည်။
“ချင်းရွှမ်ဂိုဏ်းရေ ငါတို့ပြန်လာပြီ”
ရှန်မို တောင်ဘက်သို့ ငေးကြည့်ရင်း ရေရွတ်မိလိုက်သည်။