← Chapters

ရှန်မို ပြန်လာခြင်း

Vol. 5 Ch. 73

ရှန်မို ပြန်လာခြင်း

Vol. 5 Ch. 73

ချင်းရွှမ်ဂိုဏ်း။

ကျန်းဝေ့ဟူမှာ ပိုးမွှားများကြောင့် ပျက်စီးငကုန်သည့် သစ်သားအဆောက်အဦများအား ပြင်ဆင်ရန် အပြင်ဂိုဏ်းတပည့်များအား ညွှန်ကြားရင်း အလုပ်ရှုပ်နေသည်။

ထိုအဆောက်အဦများမှာ နှစ်ပေါင်း (၂၀၀) နီးပါး ရှိလေပြီ။

ကျန်းဝေ့ဟူမှ အဆောက်အဦပြင်ဆင်ခြင်းသာမက ထိုပိုးမွှားကောင်များပါ ဖမ်းရန် ပြင်ရသည်။

တပည့်များမှာ ထိုအကောင်များကို သစ်ဖြူသားဟု ခေါ်၏။

အနည်းငယ် ဆေးကြောသန့်စင်ပြီးသည်နှင့် အရသာမှုန့် ထည့်စရာမလိုဘဲ ဆီဖြင့် တန်းကြော်နိုင်လေသည်။

အသားမှာ ချို၍ နူးညံ့ကာ နို့အရသာကဲ့သို့လည်း စိမ့်သည်။ ပါးစပ်ထဲဝင်သွားသည်နှင့် ကျေနပ်စရာ အရသာမျိုး ခံစားရ၏။

အချို့တပည့်များမှာ ထိုအသားကို စားမည့်အစား အငတ်ခံလိုက်မည်၊ တောင်ပေါ်မှခုန်ချမည်ဟု ပြောကြသော်လည်း နောက်ဆုံး အရသာရှိမှန်းသိကာ နေ့တိုင်းပင် ရှာစားတတ်ကြသည်။

“ကောင်းလိုက်တာ။ အကြီးအကဲလီကို အကုန်ပို့ပေးလိုက်ဦး”

ကျန်းဝေ့ဟူ ကျေနပ်စွာ ပြော၏။

“ဟုတ်ကဲ့ပါ”

တပည့်များ ပြန်ရန်ပြင်နေလေပြီ။

ထိုစဉ် တစ်ဦးမှ ကောင်းကင်ကို လက်ညှိုးထိုးလျက်

“ဟိုမှာကြည့်ဦး။ ကောင်းကင်မှာ အရိပ်ကြီး”

“ပိုပိုပြီး ကြီးလာတယ်နော်။ အဆင့် (၄) သားကောင်ကြီး လာတိုက်ခိုက်တာလား”

“မြန်မြန် အကြီးအကဲတွေကို ပြောရမယ်။ မြန်မြန်လုပ်”

“နေဦး။ အဲ့လိုနဲ့ မတူဘူးနော်…သေချာကြည့်မှ ခေါင်းဆောင်ရဲ့ သိမ်းငှက်စိမ်းပဲ။ သူတို့ ပြန်လာကြပြီ”

တပည့်များ ပျော်ရွှင်ခုန်ပေါက်၍ အော်ဟစ်နေကြသည်။

“ပြိုင်ကွင်းမှာ နေရာရှင်းထား။ နေရာဖယ်ပေးကြဟေ့”

“မင်းတို့ ကူပေးလိုက်ဦး”

“ဟုတ်ကဲ့”

တပည့်များ အော်ဟစ်ရင်း လေ့ကျင့်ရေးကွင်းကြီးမှာ ရှင်းလင်းသွားပြီး သိမ်းငှက်စိမ်းလည်း ဖြည်းဖြည်းချင်း ဆင်းသက်လာလေ၏။

တောင်ပံခတ်သည့်အရှိန်ကြောင့် လေမှာ အရမ်းပြင်းထန်ပြီး တပည့်များမှာ မျက်လုံးပင်မဖွင့်နိုင်အောင် ဖြစ်နေကြသည်။

နောက်ဆုံး သိမ်းငှက်စိမ်းကြီး မြေပြင်ပေါ်ရောက်မှ အားလုံး တည်ငြိမ်သွားလေ၏။

ငှက်ကြီး၏ ကျောပေါ်တွင် မူယုံးယွဲ့တို့အားလုံး လိုက်ပါလာသည်။

ထို့နောက် တပည့်များ အားလုံးဆင်းပြီးသောအခါ ငှက်ကြီးလည်း ကောင်းကင်ယံသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

“ကြိုဆိုပါတယ် ခေါင်းဆောင်နဲ့ လက်ထောက်ခေါင်းဆောင်”

တပည့်များ ဦးညွှတ်၍ နှုတ်ဆက်ကြသည်။

ထိုစဉ် အလင်းတန်းအချို့လည်း လေ့ကျင့်ရေးကွင်းထဲ ကျရောက်လာ၏။

အတွင်းဂိုဏ်းအကြီးအကဲများပင်။

အားလုံးကို ဦးဆောင်လာသူမှာတော့ မူယုံးယွဲ့ကို ထောက််ခံသူ၊ အသက်ကြီးကြီး အမျိုးတစ်ဦးဖြစ်သည့် အကြီးအကဲလီ ဖြစ်၏။

“ခေါင်းဆောင် ဘယ်လိုဖြစ်သွားပြီလဲ။ ဒီတစ်ခါရော ကျွန်မတို့အဖွဲ့ ဒုတိယအကျော့ကို တက်နိုင်ရဲ့လား”

သူ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

အခြားအကြီးအကဲများလည်း မျှော်လင့်တကြီး ကြည့်နေ၏။

လျှိုယွမ်ဖုန်အား ထောက်ခံသူများပင် ဂိုဏ်း၏ဂုဏ်သိက္ခာကိုတော့ မြှင့်တင်ချင်ကြသည်ချည်းပင်။

ဂိုဏ်းတစ်ရာစုဝေးပွဲ၌ တပည့်များ အနိုင်ရခြင်းသည် အလွန် ဂုဏ်တက်စေပါသည်။

သို့သော် ချင်းရွှမ်ဂိုဏ်းမှာ ထိပ်တန်း (၅) ဂိုဏ်းမှ ထွက်၍ ဒုတိယအဆင့်သို့ ကျရောက်ပြီးတည်းက အခြေအနေမှာ ပိုပိုဆိုးလာသည်။

နှစ်ပေါင်းများစွာ ပထမအဆင့်ကိုပင် မကျော်နိုင်သည်က များ၏။

အကြီးအကဲလီ၏မေးခွန်းကြောင့် မူယုံးယွဲ့ ရှားရှားပါးပါး ကျေနပ်စွာ ပြုံးလိုက်သည်။

သူတင်မက ကျောက်ထင်တို့ တပည့်အုပ်စုလည်း ထူးဆန်းသောအမူအရာ ဖြစ်နေကြသည်။

ထိုအခါ အကြီးအကဲလီ အထင်လွဲသွားပြီး အမြန် နှစ်သိမ့်လေ၏။

“ရပါတယ်။ နိုင်တာရှုံးတာက ပုံမှန်ပဲကို။ ဒုတိယအကျော့ မတတ်ရသော်လည်း ဘာအရေးကြီးလို့လဲ”

“ဒီအတိုင်း ဂိုဏ်းတစ်ရာစုဝေးပွဲလေးပဲကို။ ဘာမှမဖြစ်ဘူး”

သူ နှစ်သိမ့်နေသော်လည်း မျက်နှာမှာ ဝမ်းနည်းနေ၏။

သူ ချစ်ရသော ချင်းရွှမ်ဂိုဏ်းမှာ အတော်လေး ပျက်စီးပြီးလေပြီ။

သူ့အမူအရာကြောင့် မူယုံးယွဲ့ မထိန်းနိုင်တော့ဘဲ ရယ်မော၍

“အကြီးအကဲလီ အထင်လွဲနေပြီ”

“ဒီတစ်ခါ ဒုတိယအကျော့တင်မကဘူး။ တတိယအကျော့အထိ တက်နိုင်သွားတာ”

အကြီးအကဲလီ မှင်တက်လျက်

“တကယ်ကြီးလား။ တတိယအကျော့ဆိုတာ နောက်ဆုံးအဆင့်ပေါ့။ အဲ့မှာ နောက်ဆုံးနေရာ ရရင်တောင် ဂိုဏ်းက ထိပ်တန်း (၂၅) ဂိုဏ်းထဲ ပါပြီ။ ဘယ်သူလဲ။ ရှန်မိုလား။ လျှိုယွန်းရွှမ်လား”

သူ အဖွဲ့ထဲမှ ထို (၂) ယောက်ကို လှမ်းကြည့်လိုက်သည်။

လျှိုယွန်းရွှမ် ခေါင်းငုံ့လျက် အကြည့်လွှဲထားလေသည်။

မူယုံးယွဲ့ ခေါင်းယမ်းပြကာ

“ရှန်မိုရော လျှိယွန်းရွှမ်ရော မဟုတ်ဘူး”

“ဘယ်လို”

သူ နားမလည်နိုင် ဖြစ်သွားသည်။

မူယုံးယွဲ့ ပြုံးကာ

“ရှန်မိုက ပထမနေရာ ရသွားတာ”

အကြီးအကဲလီ ကြောင်အမ်း၍ နှစ်သိမ့်ရန် ပြင်ပြီးမှ

“နေပါဦး။ ဘယ်လို”

“ဟုတ်တယ်။ ရှန်မိုက ပထမ”

သူ့အသံမှာ အင်အားနှင့် မာန်အပြည့်ပါ၏။

အကြီးအကဲများမှာတော့ ချက်ချင်း မယုံနိုင် ဖြစ်နေသည်။

တပည့်များလည်း မျက်လုံးပြူးနေ၏။

အကြီးအကဲလီ စိတ်လှုပ်ရှားစွာဖြင့်

“အသေးစိတ် ပြောပါဦး။ ဘာတွေ ဖြစ်ကုန်တာလဲ”

မူယုံးယွဲ့ ပိုတောက်ပစွာပြုံးလျက်

“ပထမအကျော့မှာ ရှန်မို ဦးဆောင်ပြီး နတ်ရေစင်ဂိုဏ်းကအဖွဲ့ကို အပြတ်ရှင်းလိုက်တယ်လေ။ ယင်ရွှယ်ကျဲ အပါအဝင် (၁၀) ယောက်စလုံးပဲ”

“ဒုတိယပွဲမှာက ရှန်မို မိုးကြိုးမီးတောက်ဂိုဏ်းရဲ့ ဝမ်ရန်ကျဲနဲ့ တွေ့တာ။ ပွဲတစ်ဝက်လောက်မှာ ဝမ်ရန်ကျဲ ဉာဏ်အလင်းရသွားပေမဲ့ ရှန်မို သူ့ကို ကွင်းအပြင်အထိရောက်အောင် တိုက်နိုင်ခဲ့တယ်”

“တတိယအကျော့လည်းကျရော ရှန်မို့ကို ပြိုင်ဘက်တွေ (၆) ယောက်လောက် ဝိုင်းထားတာတောင် အကုန်နိုင်ပြီး နောက်ဆုံး နတ်ဓားဂိုဏ်းက ကျောက်ချင်းကန်နဲ့ တစ်ယောက်ချင်းပွဲမှာလည်း နိုင်သွားတယ်။ အဲ့လိုနဲ့ ပထမရတာပဲ”

“အကြီးအကဲလီ နားလည်ပြီလား”

တပည့်များမှာ ထိုစကားကိုနားထောင်ရင်း ရှန်မိုအား လေးစားအားကျစွာ ငေးကြည့်နေမိကြသည်။

အကြီးအကဲလီမှာ မျက်ရည်များ ဝဲလျက်

“တော်လိုက်တာ တော်လိုက်တာ တော်လိုက်တာ”

ရှန်မိုအား မြေးအရင်းလေးသဖွယ်ကြည့်ကာ ကျေနပ်နေ၏။

“ရှန်မိုတင်မကဘူး။ တခြားတပည့်တွေလည်း ဒုတိယအကျော့မှာ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လေ။ နှစ် (၅၀) အတွင်းမှာ ချင်းရွှမ်ဂိုဏ်းအတွက် အကောင်းဆုံး အခြေအနေပဲ”

မူယုံးယွဲ့ အလွန်ဂုဏ်ယူနေမှန်း သိသာလှသည်။

“ကောင်းတယ် ကောင်းတယ်”

“အစ်ကိုရှန်က အံ့ဩစရာပဲ”

“ချင်းရွှမ်ဂိုဏ်း နာမည်ရပြီ”

တပည့်များ ချီးကျူးအော်ဟစ်နေကြသည်။

ပြိုင်ပွဲတွင် သူတို့ကိုယ်တိုင် ပထမရလာသည့်နှယ် ပျော်နေလေ၏။

ရှန်မိုလည်း သူတို့ကိုကြည့်ရင်း ပြုံးရွှင်နေမိသည်။

“ဒီနေ့ လေ့ကျင့်ရေးကွင်းမှာ ညစာစားပွဲလုပ်မှာမို့လို့ တပည့်တွေအားလုံး လာခဲ့ဖို့ ဖိတ်ပါတယ်”

မူယုံးယွဲ့မှ ပြော၏။

“နောက်ပြီး အပြင်ဂိုဏ်းတပည့်တိုင်း အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀) ခုစီနဲ့ အတွင်းဂိုဏ်းတပည့်တွေက (၅၀) စီ ရပါမယ်”

တပည့်များ ပို၍ ပျော်ရွှင်သွားသည်။

ရှန်မို့အောင်မြင်မှုသည် ဂိုဏ်းအတွက်လည်း အကျိုးရှိလှ၏။

ချင်းရွှမ်ဂိုဏ်း၏တပည့်အနေဖြင့် ဂုဏ်ယူစရာကောင်းလေသည်။

ထို့ကြောင့် ရှန်မို့ကိုလည်း ပို၍ လေးစားသဘောကျလာကြ၏။

သူ့ကြောင့်သာမဟုတ်လျှင် ထိုကဲ့သို့ လက်ဆောင်များ အခမဲ့ ထပ်ရမည်မဟုတ်ပါ။

မူယုံးယွဲ့မှာတော့ သူ့ကို အနာဂတ်ခေါင်းဆောင်အဖြစ် တွေးထားလေ၏။

“အကြီးအကဲတို့ ပင်မခန်းဆောင်ကို လာခဲ့ပါဦး။ အရေးတကြီးဆွေးနွေးစရာရှိလို့ပါ”

“ရှန်မိုက ညစာစားပွဲအတွက် စီစဉ်ပေးထားဦးနော်”

“ဟုတ်ကဲ့ပါ”

မူယုံးယွဲ့တစ်ယောက် ကျီရှီလုံကိစ္စကို တိုင်ပင်တော့မည်ဟု သိလိုက်၏။

ဤသည်မှာ ရွှမ်ကျန်းဒေသတစ်ခုလုံးနှင့် ချင်းရွှမ်ဂိုဏ်းတို့၏အနာဂတ်ကို အဆုံးအဖြတ် ပေးမည့်ကိစ္စဖြစ်၏။

All Chapters