စုန်းချောင်ဖုန် အပြစ်ဝန်ခံခြင်း
Vol. 5 Ch. 74
ချင်းရွှမ်ဂိုဏ်း၊ ဓားချိုင့်ဝှမ်း။
အကြီးအကဲချုပ်ဟောင်း စုန်းချောင်ဖုန်မှာ အပြစ်များ သုံးသပ်သည့်အမည်ခံဖြင့် ဓားချိုင့်ဝှမ်းတွင် ရှိနေဆဲ ဖြစ်သည်။
သူ့သား စုန်းကျန့်ကျဲမှာတော့ တစ်ခါတစ်ရံ အစားအစာများယူကာ ရောက်လာတတ်သည်။
ယခုလည်း သားအဖနှစ်ယောက် အတူရှိနေကြသည်။
စုန်းကျန့်ကျဲမှ အစားအစာများ ပြင်ဆင်ပေးနေစဉ် စုန်းချောင်ဖုန်က
“သိမ်းငှက်စိမ်းကြီး ပြန်ရောက်လာပြီနော်”
စုန်းကျန့်ကျဲ လန့်သွားပြီး
“အဖေ အာရုံရတာလား”
စုန်းချောင်ဖုန် ကျေနပ်စွာပြုံးလျက်
“သိမ်းငှက်စိမ်းက အဆင့် (၄) သားကောင်လေ။ အဲ့တော့ သာမာန်လူသားကျင့်ကြံသူတွေထက် စိတ်ဝိညာဉ်စွမ်းအင် ပိုသုံးရတယ်။ ဒီလောက်လေး အာရုံခံမိတာ မဆန်းပါဘူး”
“အဖေ သူတို့ အရင်တစ်ခါလိုပဲ အကြီးအကျယ် ရှုံးလာမှာပဲနော်။ ဒုတိယအကျော့အထိတောင် ရောက်မှာမဟုတ်ဘူး”
စုန်းကျန့်ကျဲ နှာခေါင်းရှုံ့ကာ ပြော၏။
စုန်းချောင်ဖုန် ဂရုမစိုက်ဟန်ဖြင့်
“ပုံမှန်တော့ ချင်းရွှမ်ဂိုဏ်းက ဒုတိယအဆင့်ဂိုဏ်းဆိုတော့ ပထမအဆင့်ဂိုဏ်းတွေဆီကနေ စောစော တိုက်ခိုက်ခံရပြီး ထွက်ရမှာပဲ”
ထိုအချိန်တွင် မူယုံးယွဲ့၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အသံကို ကြားလိုက်သည်။
“ရှန်မိုက ပထမနေရာ ရသွားပါတယ်”
သားအဖနှစ်ဦးလုံး လန့်သွား၏။
“အဖေ ကျွန်တော် နားကြားလွဲတာလား”
စုန်းချောင်ဖုန်လည်း မျက်မှောင်ကြုတ်၍
“မဖြစ်နိုင်တာ။ ရှန်မိုက ကျောက်ချင်းကန်နဲ့ အားလုံးကို နိုင်သွားတယ်လား။ အခု လေ့ကျင့်ရေးကွင်းကိုသွားပြီး အခြေအနေ သွားစုံစမ်း”
“ဟုတ်ကဲ့ပါ အဖေ”
စုန်းကျန်းကျဲ အမြန် ပြေးထွက်သွားပြီးနောက် မကြာမီ ပြန်ရောက်လာ၏။
“အဖေ… မူယုံးယွဲ့ပြောတာ အမှန်ပဲ။ ရှန်မိုက တကယ် ပထမရလာတာ”
စုန်းကျန့်ကျဲ ဒူးထောက်ကာ မယုံနိုင်စွာဖြင့် မနာလိုလျက် ပြောသည်။
ဂိုဏ်းတစ်ရာစုဝေးပွဲတွင် ရွှမ်ကျန်းဒေသ၏ ထိပ်တန်း (၅) ဂိုဏ်းကို ကျော်လွန်၍ ပထမရရန်မှာ သူ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
သို့သော် အပြင်ဂိုဏ်းမှ ရုတ်တရက် တက်လာသည့် ရှန်မိုက ရသွား၏။
စုန်းချောင်ဖုန်လည်း နေမထိထိုင်မသာဖြင့် ပါးစပ်ပျက်ကာ ဆက်မစားတော့ပေ။
“ငါ… ငါ အခုချက်ချင်း အဆိပ်နွယ်ဂိုဏ်းနဲ့ ဆက်သွယ်မှဖြစ်မယ်”
စုန်းချောင်ဖုန် ဆက်သွယ်ရေးကျောက်ပြားကို ထုတ်လိုက်၏။
ထို့နောက် စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းစေကာ ဂိုဏ်းတစ်ရာစုဝေးပွဲ၏ အခြေအနေကို အသေးစိတ် လှမ်းမေးသည်။
မကြာမီ အရင်ထက်ပို၍ အေးစက်စက်နိုင်သော အသံတစ်ခု ပြန်ရောက်လာသည်။
“ရှန်မို ပထမရသွားတယ်။ မူယုံးယွဲ့က လိမ်စရာအကြောင်းမှ မရှိတာ”
သားအဖ (၂) ဦး လန့်ဖျပ်နေစဉ် အသံမှာ ဆက်ထွက်လာ၏။
“နောက်ပြီးတော့ ခေါင်းဆောင်က သေချာပြောထားတယ်။ ချင်းရွှမ်ဂိုဏ်းနဲ့ ထပ်ပြီး မဆက်သွယ်ပါနဲ့တဲ့။ အခုကစပြီး ငါတို့ ဘာမှ မဆိုင်တော့ဘူး”
သားအဖ (၂) ဦး မှင်တက်သွားကြသည်။
“ဘယ်လို အဖေ ကျွန်တော်တို့ နားကြားလွဲတာလား”
စုန်းကျန့်ကျဲ မျက်လုံးပြူးကာ ဆို၏။
စုန်းချောင်ဖုန် စာပြန်ပို့ရန် ပြင်လိုက်စဉ် ဆက်သွယ်ရေးကျောက်ပြားမှ အက်ကွဲသံ ကြားလိုက်ရသည်။
ဂျွတ်!
ကျောက်ပြား ပျက်စီးသွားလေပြီ။
ကျောက်ပြားနှင့်အတူ သူ့အိပ်မက်များလည်း ပျက်စီးသွား၏။
စုန်းချောင်ဖုန် မြေပြင်ပေါ် ဒူးခွေကျလျက် မျက်လုံးထဲ ဗလာဖြစ်နေသည်။
“အဖေ အဖေ”
“ကျန့်ကျဲ ငါ…ငါ မဖြစ်တော့ဘူး။ ခေါင်းဆောင်ကို အခုသွားတွေ့ပြီး တောင်းပန်ရမယ်။ အနည်းဆုံး အသက်ရှင်ခွင့်လောက်တော့ ရမှာပါ”
စုန်းချောင်ဖုန် မျှော်လင့်ချက်ကြီးစွာဖြင့် ပြေးထွက်သွားသည်။
မူယုံးယွဲ့မှာတော့ အကြီးအကဲများနှင့်အတူ ကျီရှီလုံသတင်းကို ဝေမျှနေသည်။
အကြီးအကဲများမှာ အလွန်မျက်နှာပျက်၍ ရှိ၏။
ရှန်မိုပြောသကဲ့သို့ပင် သူ့အစီအစဉ်မှာ မာယာများသည်။
ကိုယ့်ဂိုဏ်းကို ကာကွယ်၍ တိုက်ခိုက်ခံမည်လား။ ကိုယ်တိုင် တိုက်ပွဲထဲ ဝင်မည်လား။ မည်သို့ပင်ဖြစ်စေ စစ်ပွဲထဲ ဝင်ရလိမ့်မည်။
နှစ် (၅၀) ကျော် ငြိမ်းချမ်းလာပြီးနောက် ရွှမ်ကျန်းဒေသ၌ ကပ်ဘေးဆိုက်လေပြီ။
အကြီးအကဲလီမှ
“ခေါင်းဆောင် ကျွန်မတို့ရဲ့ ပထမဦးစားပေးက မိုးကြိုးကျောက်နယ်မြေကို ရဖို့ပဲနော်”
“ကျွန်မတို့ ဒီနယ်မြေကိုရရင် လက်နက်လုပ်ဖို့ရော၊ တပည့်တွေရဲ့ ကျင့်ကြံမှုရော အဆင်ပြေပြီ”
မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၏။
“ဒါပေမဲ့ မိုးကြိုးမီးတောက်ဂိုဏ်းက လွယ်လွယ်ပေးရင်တောင် တခြားမှာ ပြဿနာ ရှိနိုင်တယ်”
အခြားအကြီးအကဲတစ်ဦးမှ ထပ်ပြောသည်။
မူယုံးယွဲ့ လျှိုယွမ်ဖုန်အားကြည့်ကာ
“လက်ထောက်ခေါင်းဆောင်လျှိုက အကြီးအကဲတွေ အားလုံးထဲမှာ ကျင့်ကြံမှုအမြင့်ဆုံးနဲ့ အင်အားအကြီးဆုံးဆိုတော့ ဒီတာဝန် ယူပေးနိုင်မလား”
အစည်းအဝေးတစ်လျှောက်လုံး အပြင်လူကဲ့သို့ တိတ်ဆိတ်နေခဲ့ပါသည်။
“ခေါင်းဆောင် ကျွန်တော့်ကို နယ်မြေကိစ္စအတွက် ခိုင်းတာလား။ ထောင်ချောက်ထဲ တွန်းပို့နေတာလား”
ရတနာနယ်မြေတွင် မည်သည့်အရာများ စောင့်နေမည်ဟု မသိနိုင်ပေ။
“ကျွန်တော် သွားမယ်”
ဝင်ပေါက်နားမှ အသံတစ်ခု ထွက်လာ၏။
အားလုံး လှည့်ကြည့်လိုက်သောအခါ စုန်းချောင်ဖုန်ကို တွေ့ရသည်။
သူ မူယုံးယွဲ့ရှေ့သို့သွား၍ ဒူးထောက်ကာ
“ခေါင်းဆောင်နဲ့ ခေါင်းဆောင်ရဲ့ သီးသန့်တပည့်ကို ကျွန်တော် တောင်းပန်ပါတယ်။ အဲ့အတွက် မိုးကြိုးကျောက်နယ်မြေကို ကျွန်တော်သွားပြီး အပြစ်တွေ ဆေးကြောရင်း သစ္စာရှိမှုကို ပြပါ့မယ်”
စုန်းကျန့်ကျဲလည်း အနောက်မှ ထနှုတ်ဆက်၏။
“အပြစ်သားစုန်းကျန့်ကျဲ ခေါင်းဆောင်နဲ့ အကြီးအကဲတို့ကို နှုတ်ခွန်းဆက်ပါတယ်”
လျှိုယွမ်ဖုန်မှာတော့ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။
မူယုံးယွဲ့ တည်ငြိမ်စွာဖြင့်
“အကြီးအကဲစုန်းရဲ့စိတ်ကို အသိအမှတ်ပြုပါတယ်။ တစ်ယောက်တည်း သွားမှာလား။ ဒါမှမဟုတ် လူခေါ်သွားချင်သေးလား”
စုန်းချောင်ဖုန် ခိုင်မာစွာဖြင့်
“တစ်ယောက်တည်း သွားပါ့မယ်။ ကျွန်တော် တစ်ခုခုဖြစ်ခဲ့ရင်လည်း သားဖြစ်သူ စုန်းကျန့်ကျဲကို အပ်ပါတယ်”
အားလုံး လန့်သွား၏။
သူ့သားကို ဓားစာခံအဖြစ် ထားမှာလား။
မူယုံးယွဲ့ ပြုံးလျက်
“ကောင်းပါပြီ။ နှုတ်ဆက်ပါတယ် အကြီးအကဲစုန်း”
အကြီးအကဲများမှလည်း နှုတ်ဆက်ကြ၏။
စုန်းကျန့်ကျဲမှာတော့ ဒူးထောက်လျက် တရှုံ့ရှုံ့ ငိုနေတော့သည်။