အဂ္ဂိရက်ဆရာကြီး၏ လိုဏ်ဂူ
Vol. 5 Ch. 75
ချင်းရွှမ်ဂိုဏ်း။ တောင်ဘေးရှိ ဝါးရိပ်များဖြင့်ခြံမှာ ရှန်မို့နေရာအသစ် ဖြစ်လာသည်။
သီးသန့်တပည့်ဖြစ်သည့်အပြင် ချင်းရွှမ်ဂိုဏ်း၏ ဂုဏ်ကိုလည်းဆောင်နိုင်ခဲ့သောကြောင့် သာမာန် အတွင်းဂိုဏ်းတပည့်အဆောင်တွင် နေရန်မလိုတော့ပေ။ ထိုခြံများမှာ အရင်က အကြီးအကဲများ နေထိုင်၏။
ရှန်မို ပစ္စည်းများ စီစဉ်နေစဉ်ပင် လောင်ရှန်နန်နှင့် တပည့်အုပ်စုတို့ ရောက်လာကာ ပြောင်းရွှေ့ရန် ကူညီပေးလေသည်။
“နေရာလေးက ကောင်းလိုက်တာ။ ကျောက်ဥယျာဉ်ရယ်၊ ရေကန်လေးရယ်၊ ဝါးပင် (၂) ပင်ရယ်နဲ့”
“အင်း အဲ့တာကြောင့် ဝါးရိပ်ခြံလို့ ခေါ်တာ နေမှာပေါ့”
ရှန်မို ပြုံး၍ မှတ်ချက်ပေး၏။
အခန်းမှာ အားလုံး သန့်ရှင်းထားပြီး ဖြစ်ပါသည်။
သီးသန့်တပည့်၊ ဂိုဏ်းတစ်ရာစုဝေးပွဲ၏ အောင်နိုင်သူ တစ်ဦးအနေဖြင့် လက်ညှိုးတစ်ချောင်းပင် လှုပ်ရှားစရာ မလိုပါ။ ကူညီပေးချင်သူများ အသင့်ရှိနေ၏။
ရှန်မို အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်း (၂) ခု ထုတ်လိုက်သည်။ တစ်ခုမှာ သွေးလည်ပတ်မှုကောင်း၍ အနာကျက်မြန်စေသည့် နွယ်စိမ်းပုလဲ ဤရတနာကို ဘဝတစ်သက်တာတွင် တစ်ကြိမ်သာ သုံးနိုင်၏။
နောက်တစ်ခုသည် နေမီးတောက်ခန္ဓာကိုယ်ကို အင်အားတိုးစေမည့် ထိုက်ရိ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်။
ရှန်မို နွယ်စိမ်းပုလဲအား ချက်ချင်း သောက်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ သွေးကြောများမှာ စွမ်းအင်ကို အပြည့်အဝ စုပ်ယူသွားသည်။
ထို့နောက် ဓားအသေးဖြင့် လက်ညှိုးထိပ်အား ခြစ်လိုက်သည်။
(၃) စက္ကန့်အတွင်း ဒဏ်ရာကျက်သွားလေ၏။
ရှန်မို အလွန်ကျေနပ်သွားသည်။
နောက်ပိုင်း သွေးထွက်လွန်၍ သေရမည့်ကိစ္စမျိုးကို စိုးရိမ်စရာ မလိုတော့ချေ။
ထို့နောက် ထိုက်ရိဆေးကိုလည်း သောက်ချလိုက်၏။
ထိုဆေးမှာလည်း အစွမ်းထက်လှသည်။
နေမီးတောက်ခန္ဓာကိုယ်ကို အမြင့်ဆုံးအထိရောက်အောင် တွန်းပို့မည် ဖြစ်၏။
ရေခဲကျောက်ကိုတော့ ရွှေအမြုတေ မွမ်းမံရာတွင်သုံးရန် သိမ်းထားလိုက်သည်။
ထိုအချိန်တွင် ချင်းရွှမ်ဂိုဏ်း တိမ်မြူခိုးတောင်ထိပ်။
ထိုနေရာမှာ လျှိုယွမ်ဖုန်တို့သားအဖ နေထိုင်ရာဖြစ်ပြီး သူ့တပည့်အချို့လည်း ရှိနေသည်။
အစည်းအဝေးခန်းမှ ပြန်လာပြီးနောက် သူ့မျက်မှောင်များ ပိုကြုတ်နေလေ၏။
စုန်းချောင်ဖုန် ရုတ်တရက် ထိုသို့ပြုမူသည်ကို နားမလည်နိုင် ဖြစ်နေသည်။
“ဒီကိစ္စ အသေးစိတ်သိရမှ ဖြစ်မယ်”
လျှိုယွမ်ဖုန် ရေရွတ်ရင်း ခေါင်းယမ်းမိသည်။ စုန်းချောင်ဖုန်တစ်ယောက် မူယုံးယွဲ့ဘက် ပြောင်းသွားခြင်းသည် သူ့ကိုလည်း သက်ရောက်နေ၏။ မသိချင်ယောင် မဆောင်နိုင်ချေ။
“အဖေ သတင်းကောင်း သတင်းကောင်း”
လျှိုယွန်းရွှမ် ရုတ်တရက် ထပြောသည်။
“တိတ်တိတ်နေစမ်း။ တည်တည်ငြိမ်ငြိမ် ပြုမူဖို့ ငါ မသင်ထားဘူးလား”
သူ ဟောက်လိုက်၏
လျှိုယွန်းရွှမ် စပ်ဖြဲဖြဲဖြင့်
“ဟုတ်ကဲ့ အဖေ…မှားသွားပါတယ်”
“ကဲ ပြော ဘာကိစ္စလဲ”
လျှိုယွန်းရွှမ်မှ
“အဂ္ဂိရက်ဆရာကြီးရဲ့ လိုဏ်ဂူလေ။ ကျွန်တော့်လူတွေ နေရာအတိအကျ သိရပြီတဲ့။ ချင်ရှန်မြို့ ရေအေးချောင်းနားမှာ”
“ဘာ”
လျှိုယွမ်ဖုန် မျက်လုံးပြူးကာ သူ့စကားသူ မယုံနိုင် ဖြစ်နေသည်။
“ကဲ မြန်မြန်သွား…အခုချက်ချင်း စထွက်မှ ဖြစ်မယ်”
တည်ငြိမ်ရန် ဆုံးမထားသော သူကိုယ်တိုင်ပင် စိတ်လှုပ်ရှားကာ အော်လိုက်မိသည်။
အဂ္ဂိရက်ဆရာကြီး၏ လိုဏ်ဂူမှာ ထိုကဲ့သို့ ခံစားချက်မျိုး ပေးပါသည်။
လျှိုယွမ်ဖုန် သူ့သားကိုဆွဲ၍ ချက်ချင်း နေရာမှ ပျောက်ကွယ်သွား၏။
ဘေးမှ အကြီးအကဲများနှင့် တပည့်များမှာတော့ မည်မျှအရေးကြီး၍ ဤသို့သွားသည်ကို နားမလည်နိုင်ဘဲ ကျန်ခဲ့သည်။
လျှိုသားအဖမှာ မကြာမီ ချင်ရှန်မြို့မှ ရေအေးချောင်းနား ရောက်သွား၏။
သူတို့ကို တွေ့သောအခါ ကြိုတင်စုံစမ်းရန် ရောက်နေသော ကျင့်ကြံသူများသည် ဒူးတစ်ဖက်ထောက်လျက် နှုတ်ဆက်ကြသည်။
“မင်္ဂလာပါ ခေါင်းဆောင်”
လျှိုယွမ်ဖုန် စိတ်မရှည်စွာဖြင့်
“ဒီနားလား”
အဖွဲ့ခေါင်းဆောင်မှ
“ဟုတ်ပါတယ် ဆရာ။ ဒီချောင်းက မီတာ (၁၀၀) နက်ပါတယ်။ အောက်ဆုံးမှာ ကျောက်နံရံရှိပြီး အဲ့ထဲမှာ အဂ္ဂိရက်ဆရာကြီးရဲ့ဆေး ရှိမှာပါ”
“ကျွန်တော်တို့ အများကြီး လေ့လာစုံစမ်းထားသလောက်တော့ ဒီနေရာ သေချာပါတယ်”
“တော်တယ်”
လျှိုယွမ်ဖုန် အားရပါးရ ရယ်မော၍ ချီရွေ့လျားခြင်းဆေးကို သောက်ကာ ရေထဲဝင်သွားတော့သည်။
လျှိုယွန်းရွှမ်မှ
“အဖေ ကျွန်တော်လည်း လာပြီ”
သားအဖ (၂) ဦး အေးစက်သော ရေထဲသို့ တစ်ဟုန်ထိုး ဆင်းသွားပြီး မကြာမီ လေ့လာရှာဖွေသူများ ပြောသောနေရာကို တွေ့သွား၏။
လျှိုယွမ်ဖုန် သိုလှောင်လက်စွပ်ထဲမှ ဆေးတစ်လုံး ထုတ်လိုက်၏။ လင်းရွှမ်၏အဖေ လင်းကျိုးထင် ရထားသော ဆေးမျိုးနှင့်တူပါသည်။
ထိုဆေးလုံးကို ကျောက်တံခါးအပေါက်ထဲ ထည့်လိုက်သောအခါ ကျောက်တံခါးမှ အသံအချို့ထွက်လာပြီး ချက်ချင်း ပြင်းထန်သော ဆွဲအားဖြင့် စုပ်ယူသွားသည်။
နှစ်ယောက်စလုံး အထဲသို့ ဆွဲငင်ခံရပြီးနောက် ပတ်ဝန်းကျင်အသစ်သို့ ရောက်ကာ အဝတ်အစားနှင့် ခန္ဓာကိုယ်များ ခြောက်သွေ့နေသည်ကို တွေ့ရသည်။
သို့သော် အခန်းထဲ၌ ကျောက်စားပွဲ၊ ကျောက်ထိုင်ခုံ၊ ကျောက်ကုတင်တို့မှလွဲ၍ ရှင်းလင်းနေ၏။
“ဒီမှာ ဘာမှမရှိဘူးပဲ”
လျှိုယွန်းရွှမ် နားမလည်နိုင်စွာ ပြောသည်။
လျှိုယွမ်ဖုန်မှ ဘေးရှိကျောက်တံခါးကြီးကို လက်ညှိုးထိုးလျက်
“ဒါလေးတောင် မသိဘူးလား။ ဆရာကြီးက ဟိုဘက်အခန်းထဲမှာ အခန်းပိတ် ကျင့်ကြံခဲ့တာလေ။ ရတနာတွေက အဲ့ဘက်မှာ ရှိမှာပေါ့”
လျှိုယွန်းရွှမ်လည်း ပြန်၍ စိတ်လှုပ်ရှားတက်ကြွသွား၏။
ထို့နောက် နှစ်ယောက်အားဖြင့် တွန်းလိုက်ပြီး တံခါးကြီး ပွင့်သွားသည်။
သို့သော် ထိုအခန်းထဲတွင်လည်း ရှင်းလင်းနေ၏။
လျှိုသားအဖ အလွန်ထိတ်လန့်သွားကြသည်။
“ရတနာတွေရော”
“ထိုက်ရိ အားဖြည့်ဆေးရော”
“လိုဏ်ဂူမှားရင်တောင် အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ လက်နက်တွေ ရှိရမယ်မလား”
“အဖေ ဘာတွေဖြစ်ကုန်တာလဲ”
လျှိုယွမ်ဖုန်လည်း ဆယ်စုနှစ်တစ်ခုစာခန့် အိုစာသွားသလိုပင်။
“စကားမများနဲ့စမ်း”
“အဖေ ဘာလို့…”
လျှိုယွန်းရွှမ် သူ့လက်ကိုလှမ်းဆွဲကာ ပြော၏။
“တိတ်တိတ်နေလို့ ပြောနေတယ်လေ”
လျှိုယွမ်ဖုန် စိတ်မထိန်းနိုင်ဘဲ လက်ကိုခါချလိုက်ရာ အရှိန်ပြင်း၍ လျှိုယွန်းရွှမ် လွင့်ထွက်သွား၏။
ထိုအခါမှ သတိပြန်ဝင်ကာ အမြန်ပြေးထူလေသည်။
“အဖေ…အဖေ စိတ်လွတ်သွားတယ်ကွယ်”
လျှိုယွန်းရွှမ်မှ သွေးများအန်ရင်း
“အဖေ ဒီမှာ ဘာလို့ ဘာမှရှိမနေတာလဲ”
လျှိုယွမ်ဖုန် နာကျင်စွာဖြင့်
“သား အခုထိ နားမလည်သေးဘူးလား။ ငါတို့ထက် အရင်ရောက်လာတဲ့သူ ရှိလို့ပေါ့”
“အဟွတ်”
လျှိုယွန်းရွှမ် သွေးအန်၍ သတိလစ်သွားတော့၏။
“ယွန်းရွှမ် ယွန်းရွှမ်”
…
ချင်းရွှမ်ဂိုဏ်း၊ ညဉ့်သန်းခေါင်ချိန်။
သွေးအလိမ်းလိမ်းပေကျံ၍ အဝတ်အစားများ စုတ်ပြတ်ကာ ဒဏ်ရာဗရပွဖြင့် လူတစ်ဦး လေ့ကျင့်ရေးကွင်းထဲ ရောက်လာသည်။
ပုံစံမှာ သူဖုန်းစားသာသာ ဖြစ်၏။
တပည့်များ ပြေးကြည့်ကြရင်း မျက်နှာကို မှတ်မိသောအခါ လန့်ဖျပ်၍ အော်မိသည်။
“အကြီးအကဲ စုန်းချောင်ဖုန်ပဲ။ ဒဏ်ရာပြင်းတယ်။ မြန်မြန် ခေါင်းဆောင်နဲ့ အကြီးအကဲတွေ သွားခေါ်”
တပည့်ထိန်းကျန်းဝေ့ဟူမှ အလောတကြီး ပြောလိုက်လေ၏။