အတိတ်ကဖြစ်ရပ်များ
Vol. 4 Ch. 50
"ဟင်"
ကျင်းလီ မှင်သက်သွား၏။
ကျိယွမ်ထံမှစာထပ်ရောက်လာသည်။
"ရိကွမ်းတားမြစ်နယ်မြေမှာ ငါ့လက်အောက်ခံတပ်ဖွဲ့တစ်ခုရှိတယ်၊ဒီတပ်ဖွဲ့က စစ်မာတျန်းကို အလွယ်တကူအနိုင်ယူနိုင်လောက်အောင် အင်အားကြီးတယ်၊သူတို့ကို နင့်ဆီကူညီဖို့ လွှတ်ပေးရမလား"
ကျိယွမ်သည် ကျင်းလီ၏အခြေအနေကို အမြဲတမ်းအလေးအနက်ထားသည်။သူမ၏အခြေအနေက ကြိုးတန်းပေါ်မှာရှိနေပြီး တဖက်သူကလှုပ်ယမ်းလိုက်သည်နှင့် အချိန်မရွေးပြုတ်ကျပျက်ဆီးသွားနိုင်သည်။
ထို့ကြောင့် ရိကွမ်းတားမြစ်နယ်မြေကိုသိမ်းပိုက်နိုင်ပြီးသည်နှင့် ကျင်းလီကိုအမြန်ဆုံးကူညီပေးရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု သူဆုံးဖြတ်လိုက်သည်။တစ်ရက်ကလေးနောက်ကျသွားလျှင်ပင် ပြန်ပြင်၍မရနိုင်သော နောင်တရစရာများ ဖြစ်သွားတတ်သည်မဟုတ်ပါလား။
"တကယ်လား.."
ကျင်းလီသည် အတိုင်းအဆမသိပျော်ရွှင်မှုများက်ို ရုတိတရက်ခံစားလိုက်ရသည်။သူမက ဝဲနေခဲ့သော မျက်ရည်စများကို ခပ်ကြမ်းကြမ်းသုတ်ကာ မယုံနိုင်သလို မေးမိသည်။
ကျိယွမ်သာ သူမ၏ဘေးတွင်ရှိနေလျှင် ယခုအချိန်တွင် သူမကဝမ်းသာလွန်း၍ မည်သို့သောလုပ်ရပ်မျိုးကို လုပ်မိမည်ကိုပင် မသိနိုင်ချေ။ကျိယွမ်အား တစ်ခုခုတော့ လုပ်မိမှာသေချာပါသည်။
သူမက အရာအားလုံးကိုစွန့်လွှတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း မထိုက်တန်သော အကျိုးမဲ့သေဆုံးခြင်းကို မည်သူက လိုချင်မည်နည်း။
"ခုတော့ ပျော်ပြီလား"
"နင်ဒီအခန်းကိုနိုင်အောင်လို့ ငါကဆော့ကူတာနော်"
ကျိယွမ်က သူသည် အလွန်ချမ်းသာသော ကစားသမားတစ်ဦးက ဂိမ်းအတွက် ငွေသိန်းပေါင်းများစွာ သုံးနေသကဲ့သို့ခံစားရသည်။ကျင်းလီသည် သာမန်ကစားသမားတစ်ဦးဖြစ်နေသည်။ချမ်းသာသောကစားသမားတစ်ဦးက ငွေမတတ်နိုင်သောသူတစ်ဦးကို ဒိုင်းမွန်းနှင့် စကင်းများလက်ဆောင်ပေးလိုက်ခြင်းမျိုး ဖြစ်နိုင်၏။
သို့သော်ကျိယွမ်က နှမြောခြင်းမရှိပါ။ကျင်းလီမှာ သူဖျားနာ၍အိပ်ယာမှ မထနိုင်ခဲ့ချိန်တွင် သူတွေ့ဆုံခွင့်ရခဲ့သော အလင်းရောင်လေးတစ်ခုဖြစ်၏ ။သူကမည်သို့ ကပ်တွက်နိုင်မည်နည်း။
ကျိယွမ်က ကိစ္စတစ်ခုကိုတွေးကာ ပြောလိုက်၏။
"ဒါပေမဲ့ သူတို့ကို ပို့ပေးဖို့ဆိုတာ အချိန်တော်တော် နှေးနိုင်တယ်၊ ပြီးတော့ ရောက်လာခဲ့ရင်တောင် သူတို့က မြို့ထဲကိုဝင်နိုင်ဖို့ အပြင်ကနေ အရင်တိုက်ခိုက်ရဦးမှာ။ အထဲမှာနင့်ကို ကာကွယ်ပေးမဲ့သူ မရှိရင် စစ်မာတျန်းက ကြောက်လန့်ပြီးကြံမိကြံရာတွေ ကြံလာနိုင်တယ်"
" ဒီလိုလုပ်... ပူဇော်ခြင်းယစ်ပလ္လင်တစ်ခု တည်ဆောက်ပြီး ထုံးတမ်းစဥ်လာအရပင့်ဖိတ်ခြင်းအခမ်းအနားတစ်ခုလိုက်လိုက်၊အဲဒါဆိုရင် ငါ့ရဲ့တပ်တွေချက်ချင်းရောက်လာလိမ့်မယ်၊ပလ္လင်ဆောက်ဖို့ကတော့ သုံးရက်လောက်ကြာမယ်"
ကျိယွမ်က ကျင်းလီကို တားမြစ်နယ်မြေမှ အစောင့်အရှောက်တပ်များကို ခေါ်ယူနည်းကိုဆက်ရှင်းပြရာ နာရီဝက်ခန့်ကြာသွားခဲ့သည်။
နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်နေသောဒဏ်ကိုမခံနိုင်တော့သဖြင့် နှုတ်ဆက်ပြီး စာပို့ခြင်းကိုရပ်နားလိုက်၏။
'သတို့သမီးလေး'ကတော့ အစမှအဆုံးထိ ကျိယွမ်ကို တိတ်ဆိတ်စွာဖက်ထားပြီး မလှုပ်မယှက် ရှိနေ၏၊ ကျိယွမ်သည် သူမ၏ အရာအားလုံးနှယ် ဖြစ်နေသည်။
...............
"တားမြစ်နယ်မြေက အစောင့်အရှောက်တွေကို ခေါ်မယ်"
ကျင်းလီ၏မျက်လုံးများက ပျော်ရွှင်မှုများနှင့်အတူ ဝင်းလက်နေ၏။ဘေးအန္တရာယ်မှ လွတ်မြောက်ရန်မျှော်လင့်ချက်ကြောင့် စိတ်သက်သာရာ ရခြင်းနှင့်အတူ ကျိယွမ်အား တွေ့ခွင့်ရဦးမည်ဟုသောအသိကြောင့်
သူမ အလွန်ပျော်ရွှင်နေသည်။
"တစ်ယောက်ယောက် လာခဲ့စမ်း၊ ဓလေ့ထုံးတမ်းအမတ်ကြီး ကုန်းချီကို ခေါ်လိုက်..."
ကျင်းလီက ခေတ္တစဥ်းစားပြီးနောက် ထပ်မံညွှန်ကြားလိုက်သည်။
"ယွီဘုရင်ကိုလည်း ခေါ်မယ်"
နာရီဝက်ခန့်အကြာတွင် ကုန်းချီနှင့် ယွီဘုရင်တို့သည် နန်းတော်ခန်းမထဲတွင် ရပ်နေကြ၏။
ဒေါ်လေးချင်နှင့်ဟွာရှင်းတို့လည်းရှိနေပြီး သူတို့အားလုံးက ဧကရီကျင်းလီကို နားမလည်နိုင်စွာ ကြည့်နေကြ၏။
ဤမျှညည့်နက်နေချိန်တွင် ဧကရီက သူတို့အား အဘယ့်ကြောင့်ဆင့်ခေါ်ခဲ့လေသနည်း။
""ကုန်းအမတ်ကြီး ၊ ကျွန်မ ပူဇော်ရာယဇ်ပလ္လင်တစ်ခု တည်ဆောက်ချင်ပါတယ်။ ဒါက ပုံစံကြမ်းပဲ။ ဘယ်နှစ်ရက်ကြာမလဲ"
ဧကရီကျင်းလီက ဟွာရှင်းထံသို့ ပုံစံကြမ်းတစ်ခုကို ပေးလိုက်ပြီး ဟွာရှင်းက ကုန်းချီထံ ပြန်ပေးလိုက်၏။
ထိုပုံစံကြမ်းကို ကျင်းလီကိုယ်တိုင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
ကုန်းချီသည် ပုံစံကြမ်းကိုယူကာ သေချာစွာ ကြည့်ရှုစစ်ဆေး၏။ ခဏအကြာတွင် သူ၏ မျက်လုံးများက ရှုပ်ထွေးမှုများ ပြည့်နှက်သွားပြီး လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး၊ ဒီယဇ်ပလ္လင်ကို လေးရက် ၊ ငါးရက်အတွင်း တည်ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ အရှင်မင်းမြတ်ကို မေးပါရစေ၊ ဒီယဇ်ပလ္လင် တည်ဆောက်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်ပါသလဲ"
ကုန်းချီသည် လုံးဝနားမလည်နိုင်ဖြစ်နေသောကြောင့် အရဲစွန့်ကာ မေးမိခြင်းဖြစ်သည်။ အနီးတွင် ရပ်နေသော ယွီဘုရင်သည်လည်း အနည်းငယ် ရှုပ်ထွေးနေ၏။
ယခုအချိန်၌ စစ်မာတျန်း၏ ပုန်ကန်မှုကြောင့် သူတို့သည်သူ့အား မည်သို့ တုန့်ပြန်ရန် တိုင်ပင်ခြင်း သို့မဟုတ် ကျင်းလီအတွက်ထွက်ပြေးရန်အစီအစဥ်ဆွဲခြင်းကို စဉ်းစားသင့်သည် မဟုတ်ပါလား။
အဘယ်ကြောင့် ယခု ပူဇော်ရာယဇ်ပလ္လင် တည်ဆောက်နေရသနည်းဟု စဥ်းစားမရနိုင်ဖြစ်နေကြသည်။
ကျင်းလီ၏ မျက်နှာက အေးစက်ပြီး ခက်ထန်သွား၏။
"လုပ်မှာကိုသာ လုပ်ပါ၊ ဘာလို့လဲဆိုတာ မမေးနဲ့"
"ဒီကိစ္စက..."
ကုန်းချီက စိုးရိမ်ပူပန်သောမျက်နှာဖြင့် တင်ပြလိုက်သည်။
"ကျွန်တောမျိုးက ဓလေ့ထုံးတမ်းအမတ်ကြီးဖြစ်ပေမဲ့ ဓလေ့ထုံးတမ်းဌာနကတော့... အဲ့ဒီသစ္စာဖောက် စစ်မာတျန်းရဲ့ ထိန်းချုပ်မှုအောက်မှာ အမှန်တကယ် ရှိနေပါတယ်။ ယဇ်ပလ္လင်တည်ဆောက်ဖို့အတွက် အရင်းအမြစ်တွေ စုစည်းဖို့ဆိုရင် သင့်တော်တဲ့ အကြောင်းပြချက်တစ်ခု လိုအပ်ပါတယ် အရှင်မင်းမြတ်"
ဒေါ်လေးချင်သည် ထိုစကားကြောင့် အနည်းငယ် မကျေနပ်ဖြစ်သွား၏။
"ဧကရီမင်းမြတ်ရဲ့ အမိန့်ချမှတ်ခြင်းက မလုံလောက်ဘူးလား"
ဧကရီက ဤအရာကို အဘယ့်ကြောင့်တည်ဆောက်ချင်သည်ကို သူမ နားမလည်သော်လည်း သူမက ဧကရီ၏ဆုံးဖြတ်ချက်များကို အမြဲတမ်းထောက်ခံ၏။
"အကြောင်းပြချက်က... ကောင်းကင်ဘုံနဲ့ ဘိုးဘေးတွေကို ပူဇော်ဖို့လို့ ပြောလိုက်ပါ။ အဲ့ဒီအကြောင်းပြချက်က လုံလောက်ရဲ့လား"
ကျင်းလီက စိတ်မသက်မသာခံစားရင်း ပြောလိုက်၏။
အမှန်တကယ်ပင် သူမသည် ဌာနကြီးခြောက်ခုကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။ သူမသည် အရုပ်ကလေးတစ်ခုအလား ဖြစ်နေပြီး သူမ၏အသက်ရှင်သန်မှုနှင့် သေဆုံးမှုသည် စစ်မာတျန်း၏ ဆုံးဖြတ်ချက်အတိုင်း ဖြစ်နေသည်ဟုခံစားရ၏။
"အရှင်မင်းမြတ်.. အဲ့ဒီလောက်နဲ့ မလုံလောက်မှာကို ကျွန်တော်မျိုးစိုးရွံ့မိပါတယ်"
ကုန်းချီသည် မြေပြင်ပေါ်တွင် ဒူးထောက်ချရင်း ရှက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာဖြင့်လျှောက်တင်လိုက်၏။
"ကျွန်တော်မျိုး အရှင်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို မတုန်ပြန်နိုင်ခဲ့ပါဘူး"
သူသည် နန်းကန်တိုင်းပြည်တွင် ကျော်ကြားသူဖြစ်သော်လည်း ဓလေ့ထုံးတမ်းဌာနကိုပင် မထိန်းချုပ်နိုင်ခဲ့ပေ။
ကုန်းချီ သူ၏ခေါင်းကို ပြန်မတ်လိုက်ပြီး ပို၍အရေးကြီးသောအကြောင်းအရာကို လျှောက်တင်ရန်ဆုံးဖြတ်လိုက်သည်။
"အရှင်မင်းမြတ်၊မရိုမသေလျှောက်တင်ရရင် အခုချိန်မှာ အရေးအကြီးဆုံးက နန်းမြို့တော်ကနေ ထွက်ခွာဖို့ပါပဲ။ ယဇ်ပလ္လင်တည်ဆောက်တာက အရေးမကြီးပါဘူး။ ကျေးဇူးပြုပြီး နန်းမြို့တော်ကနေ ထွက်ခွာဖို့ အစီအစဉ်ကို ဦးစားပေးဆွေးနွေးခွင့်ပြုပါ၊ အရှင်မင်းမြတ်က ယန်ပေဂိတ်စခန်းကိုရောက်အောင်သွားပြီး စစ်သူကြီးထျန်းချီကို သစ္စာဖောက်အပေါ် နှိမ်နှင်ဖို့အမိန့်ပေးပါ"
ကုန်းချီ၏အမြင်တွင် ယဇ်ပလ္လင်တည်ဆောက်ခြင်းက လုံးဝအကျိုးမရှိပါ။ ဦးစားပေးလုပ်ရမည့်ကိစ္စမှာ ဧကရီသည် မြို့တော်မှ ထွက်ခွာရန် ဖြစ်သည်။ စစ်သူကြီးထျန်းချီသည် နန်းကန်တိုင်းပြည်အပေါ်သစ္စာရှိနေသရွေ့ ဧကရီအတွက်မျှော်လင့်ချက်ရှိလေသည်။
ကျင်းလီသည် တိတ်ဆိတ်သွား၏။
ယဇ်ပလ္လင် တည်ဆောက်ခြင်းသည် သူမအတွက် အလွန်အရေးပါသောကိစ္စဖြစ်၏။ သို့သော်သူမအနေဖြင့် ယဇ်ပလ္လင်သည် တားမြစ်နယ်မြေမှ အစောင့်အရှောက်စစ်သည်များကို ခေါ်ယူနိုင်မည်ဟု ထုတ်ဖော်ပြော၍တော့ မရပေ။
နေရာတိုင်း၌ စစ်မာတျန်း၏နားများရှိ၏။စစ်မာတျန်းသာ ထိုသတင်းကို ကြားပါက ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်သည်။ ယဇ်ပလ္လင်ကိစ္စသည် နတ်သမီးပုံပြင်တစ်ခုနှယ် ထူးဆန်းနေသော်လည်း စစ်မာတျန်းလို သတိကြီးသူက ယခုလိုနောက်ဆုံးအချိန်မျိုးတွင် လုံးဝပေါ့ဆမည်မဟုတ်ပေ။
သူက သေချာပေါက် အသည်းအသန်ဖျက်ဆီးမှာ သေချာလေသည်။
အနီးတွင် ရပ်နေသော ယွီဘုရင်ကလည်း မနေနိုင်စွာဝင်ရောက်လျှောက်တင်၏။
"အရှင်မင်းမြတ်၊ အခုပဲ မြို့တော်ကနေ ထွက်ခွာတာ ပိုကောင်းပါတယ်။ မြို့တော်ကနေ ထွက်ခွာမှသာ အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်ပါတယ်"
ယခုနေရာ၌ရှိနေသူအားလုံးက ဧကရီသည် မြို့တော်မှ အောင်မြင်စွာ ထွက်ခွာရန် အခွင့်အရေး နည်းပါးသည်ကို သိကြသော်လည်း ထိုအရာကသာလျှင် အသက်ရှင်သန်ရေးအတွက် တစ်ခုတည်းသောအခွင့်အရေးဖြစ်သည်ကိုလည်း သိကြ၏။
ကျင်းလီက ပြတ်သားစွာပြောလိုက်သည်။
"ယဇ်ပလ္လင် ရအောင်တည်ဆောက်မယ်"
ယခုအခြေအနေမျိုးတွင် သူမသည် ခေါင်းမာပြီး ခိုင်မာနေရမည်။
အမတ်ကြီးကုန်းချီသည် ဧကရီကျင်းလီကို စိတ်ပျက်သွား၏။ ယခင်ဧကရာဇ်သည်ထိန်းချုပ်ခံခဲ့ရသော်လည်း အမြဲတမ်း လွတ်မြောက်ရန် ကြိုးစားခဲ့ပြီး ပညာရှိသော ဘုရင်တစ်ပါး၏ အပြုအမူကို ပြသခဲ့သည်။
သို့သော် ဧကရီကျင်းလီသည်......
ကုန်းချီ၏ နှလုံးသားသည် နာကျင်နေ၏။
တကယ်ပဲ နန်းကန်တိုင်းပြည်၏တော်ဝင်မင်းဆက်သည် ပျက်စီးတော့မည်လော။
စိတ်ထားနုညံ့၍ သစ္စာတရားကြီးမာသောကုန်းချီသည် ကျင်းလီ၏ ခေါင်းမာမှုကို မြင်သောအခါ ဝမ်းနည်းလွန်း၍ မျက်ရည်များ ကျလာ၏။
ဘာများတတ်နိုင်ဦးမည်နည်း။
"အရှင်မင်းမြတ်ရဲ့ စိုးရိမ်မှုတွေကို မဖြေဖျောက်ပေးနိူင်တဲ့အတွက် ကျွန်တော်မျိုးရဲ့ အသုံးမကျမှုကို ခွင့်လွှတ်ပါ၊ ပူဇော်ရာယဇ်ပလ္လင် တည်ဆောက်ဖ်ု့အတွက် ကူညီရန် ငွေပြား ၃၇၀ တေး ပေးဆောင်လိုပါတယ်"
ငွေပြာ ၃၇၀ တေးသည် သာမန်လူတစ်ဦးအတွက် များသော်လည်း ယဇ်ပလ္လင်တစ်ခုတည်ဆောက်ရန်အတွက် မလုံလောက်ပေ။
ယွီဘုရင်က သက်ပြင်းချလိုက်ပြီး "အရှင်မင်းမြတ်က နိုင်ငံတော်ရဲ့ ကံကြမ္မာကို ဝေမျှခံစားဖို့ ကြိုးစားနေတာပဲ! ကျွန်တော်မျိုးက ငွေပြား ၈၀၀၀၀ တေးနဲ့ လက်မှုပညာရှင် ၈၀၀ ကို ယဇ်ပလ္လင်တည်ဆောက်ရာမှာ ကူညီရန် ပေးဆောင်လိုပါတယ်။ ဒါက နန်းကန်တိုင်းပြည်အတွက် ကျွန်တော်မျိုးရဲ့ နောက်ဆုံး လုပ်ဆောင်ပေးခြင်းလည်း ဖြစ်ပါတယ်"
တစ်ချိန်က သူ၏ သမီးဖြစ်သူ ' ကိုယ်လုပ်တော်စီ' သည် ကိုယ်ဝန်ရှိနေပြီး ကျင်းလီ၏မိခင်ဧကရီသည်လည်း ကိုယ်ဝန်ရှိနေ၏။ နှစ်ဦးစလုံးကပျော်ရွှင်နေခဲ့စဉ်တွင် အစေခံမလေးတစ်ဦးက တန်ဖိုးကြီးဟင်းချိုတစ်ခွက်ကို ဧကရီအား ဆက်သခဲ့၏။
စီကိုယ်လုပ်တော်သည်လည်း ထိုဟင်းချိုကို နှစ်သက်သည်ကို သိထားသော ဧကရီက သူမကို ဖိတ်ခေါ်ခါ မျှဝေပေးခဲ့သည်။
ထိုအချိန်ကဟင်းချိုတွင် အဆိပ်ပါနေသည်ကို မည်သူမျှမသိခဲ့ချေ။ စီကိုယ်လုပ်တော်သည် အဆိပ်ကြောင့် ကိုယ်ဝန်ပျက်ကျပြီးနောက် ဝမ်းနည်းမှုဖြင့် သေဆုံးသွား၏။
သူမကသာ ဟင်းချိုကို ဦးစွာမသောက်ခဲ့ပါက ဧကရီသောက်ခဲ့မည်ဖြစ်ပြီး ကျင်းလီသည် မည်သည့်အခါမျှ မမွေးဖွားလာနိုင်ပေ။ စီကိုယ်လုပ်တော်နှင့် သူမ၏ ကိုယ်ဝန်ဆောင်ကလေးငယ်သည် ကျင်းလီ၏ အသက်ကို ကယ်တင်ခဲ့၏။
လူအများက စီကိုယ်လုပ်တော်သည် ဧကရီ၏ မနာလိုမှုကြောင့် အဆိပ်သင့်ခဲ့သည်ဟု ယုံကြည်ကြသော်လည်း ယွီဘုရင်သည် ၎င်းက စစ်မာတျန်း၏ လုပ်ရပ်ဖြစ်ကြောင်း သိခဲ့ရ၏။
ထို့ကြောင့် ကျင်းလီက သူ၏နေအိမ်မှ စာအုပ်များကို ငှားရမ်းသောအခါ သူသည်နန်းတော်၏ထုံးတမ်းစဉ်လာများကို ချိုးဖောက်ကာ သမီး၏ ဝိညာဉ်ရှေ့တွင် ကျင်းလီကို ဒူးထောက်စေခဲ့၏။
ထိုအရာက သူမအစား သေဆုံးပေးခဲ့ရသော သမီးဖြစ်သူနှင့်မြေးအတွက် ကျင်းလီပြန်လည်ပေးသင့်သော အရာတစ်ခုဟု သူယုံကြည်သည်။
တစ်ခါတစ်ရံ သူသည်ကျင်းလီကို သူ၏ မြေးမလေးအဖြစ်ပင် ထင်မြင်မိလေသည်။
အတိတ်မှအကြောင်းအရာများကို မသိသောကျင်းလီသည် ယွီဘုရင်၏ စကားများကြောင့် အလွန်ပျော်ရွှင်သွားရှာသည်။
"ဧကရီက ကျေးဇူးတင်ပါတယ်၊ ယွီဘုရင်"
ငွေပြားများက အရေးကြီးသော်လည်း လက်မှုပညာရှင်များက အရေးကြီးဆုံး ဖြစ်၏။ ယွီဘုရင်၏ လက်မှုပညာရှင် ၈၀၀ ကို ထောက်ပံ့ပေးခြင်းသည် ပြဿနာအားလုံးနီးပါးကို ဖြေရှင်းပေးနိုင်သည်မဟုတ်ပါလား။
အဘယ်ကြောင့် ကျင်းလီက မပျော်ရွှင်ဘဲနေနိုင်မည်နည်း။
ယွီဘုရင်သည် ဧကရီကျင်းလီကို ကြည့်ပြီး ခံစားချက်အပြည့်ဖြင့် တောင်းဆိုလိုက်၏။
"အရှင်မင်းမြတ် အရှင်မင်းရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်မျိုးမသိပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးအမြင်ကို ပြောရမယ်ဆိုရင် အရှင်မင်းမြတ်ရဲ့အသက်ကို များစွာသော စွန့်လွှတ်မှုတွေနဲ့ လဲလှယ်ခဲ့ရပါတယ်"
"အရှင်မင်းမြတ်ရဲ့ အသက်ရှင်သန်မှုနှင့်သေဆုံးမှုက နန်းကန်တိုင်းပြည်ရဲ့ ဘေးကင်းရေးနဲ့ လည်းသက်ဆိုင်နေပါတယ်။ ကျေးဇူးပြုပြီး တိုင်းပြည်ရဲ့အကျိုးကို ဦးစားပေးပါ။ ကျွန်တော်မျိုး နန်းတော်မှာနေပြီး ယဇ်ပလ္လင် တည်ဆောက်ပါ့မယ်"
သူသည် ဧကရီကျင်းလီကို သူမတိတ်တဆိတ် ထွက်ခွာနိုင်ရန်အတွက် ကြီးမားသော ပူဇော်ရာယဇ်ပလ္လင် ကိုတည်ဆောက်ပြခြင်းဖြင့် အာရုံလွဲစေမည်ဟု ဆိုလိုခဲ့ခြင်းဖြစ်၏။
ဧကရီကျင်းလီသည် အရမ်းထက်မြတ်သည့်ဧကရာဇ်တစ်ပါးမဟုတ်သော်လည်း ယွီဘုရင်၏ ရည်ရွယ်ချက်ကို မြင်နိုင်ပါသည်။
သူမက တိုးညင်းစွာ တုန့်ပြန်လိုက်၏။
"နားလည်ပါတယ်"
----------------