နန်းမြို့တော်၌ လေနီကြမ်းများ တိုက်ခတ်လာခြင်း
Vol. 4 Ch. 52
ညသည် အမှောင်ထုဖုံးလွှမ်းနေသည်။
နန်းမြို့တော်အတွင်း၌ ဒေါ်လေးချင်သည် သွေးသံရဲရဲ ဖြစ်နေခဲ့သည်။
သူမ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပျောက်ကွယ်မသွားသေးဘဲ အတွင်းမြို့တော်ဆီသို့ အရူးအမူးပြေးဝင်လာသည်။
နန်းတော်အတွင်းသို့ရောက်သောအခါ သူမ၏နောက်မှ လိုက်ပါလာသော သိုင်းဝိညာဉ်နှစ်ခုသည် ဆက်မလိုက်တော့ဘဲ ပုန်းအောင်းသွားလေသည်။
သို့သော် ဒေါ်လေးချင်၏ တုန်လှုပ်ခြောက်ခြားမှုများကတော့ မပျောက်ကွယ်သေးချေ။
သူမသည် မနားတမ်းပြေးနေပြီး ဧကရီ၏နန်းဆောင်ထဲသို့ အလောတကြီး ဝင်ရောက်သွားသည်။
"ဒေါ်လေးချင်၊ ဒေါ်လေး...ဘာ...ဘာဖြစ်လာတာလဲ"
သွေးသံရဲရဲဖြစ်နေသော ဒေါ်လေးချင်ကို မြင်လိုက်ရသည့်အခါ ကျင်းလီသည် ထိတ်လန့်သွားသည်။
အနီးအနား၌ ပူဇော်ရာယဇ်ပလ္လင် တည်ဆောက်နေမှုများကို ကြီးကြပ်နေသည့် ယွီဘုရင်နှင့် ပညာရှိအမတ်ကြီးကုန်းချီတို့သည်လည်း ဒေါ်လေးချင်၏ အခြေအနေဆိုးကို သတိပြုမိသဖြင့် အလျင်အမြန် ချဉ်းကပ်လာကြသည်။
ဒေါ်လေးချင်၏ ပြင်းထန်သော ဒဏ်ရာများကို မြင်လိုက်ရသည့်အခါ သူတို့နှစ်ဦးလုံး၏ မျက်လုံးများ၌ စိုးရိမ်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပေါ်ထွက်လာ၏။
မကြာသေးမီက သူတို့သည်ပူဇော်ရာယဇ်ပလ္လင်ကို တည်ဆောက်ခဲ့ကြရုံသာမက ဧကရီကျင်းလီကို နန်းမြို့တော်မှ တိတ်တဆိတ် ခိုးထုတ်နိုင်မည်လားဆိုသည်ကို တိတ်တဆိတ်စုံစမ်းရန် ဒေါ်လေးချင်နှင့် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။
ယခုညတွင် သူမသည် အခြေအနေကို လေ့လာရန် နန်းမြို့တော်ပြင်ပသို့ ခိုးထွက်ခဲ့ခြင်းပင်။
သို့သော် မမျှော်လင့်ဘဲ ဧကရာဇ်အဆင့်ရှိသော ဒေါ်လေးချင်သည် ပြင်းထန်သော ဒဏ်ရာများဖြင့် ပြန်လာခဲ့၏။
"အဟွတ်.. အဟွတ်..."
ဒေါ်လေးချင်သည် သွေးရည်များနှင့်အတူ ပျက်ဆီးနေသော အတွင်းအင်္ဂါ အစိတ်အပိုင်း အစအနများကိုပါ အန်ထုတ်လိုက်သည်။
ကျင်းလီမှာ ပြင်းထန်သောစိုးရိမ်ပူပန်မှုကြောင့် ကတုန်ကယင်ပင်ဖြစ်သွားသည်။
သူမက ဟွာရှင်းယူဆောင်လာသော ဒဏ်ရာကုသဆေးကို ဒေါ်လေးချင်အား အလျင်အမြန် တိုက်လိုက်၏။
ဆေးသောက်ပြီးနောက် ဒေါ်လေးချင်၏ အသားအရေသည် အနည်းငယ်ပြန်လည်ကောင်းမွန်လာသည်။
"ဒေါ်လေးချင်၊ သက်သာလာရဲ့လား"
"သက်သာလာပါပြီ၊ ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်"
ဒေါ်လေးရှင်သည် နံဘေးမှစိတ်ပူနေသောလူအုပ်ကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ဒီကနေ့ည မြို့ထဲကထွက်ဖို့ ကြိုးစားခဲ့တာ၊ ဧကရာဇ်အဆင့် သိုင်းဝိညာဉ်နှစ်ခု တိုက်ခိုက်တာကိူ ခံလိုက်ရတယ်"
"ဘာ၊ နှစ်ခုတောင်လား"
"နှစ်ခုတည်းဆိုရင် ကျွန်မကိုဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေ မရစေနိုင်ပါဘူး။ နောက်ထပ် ပုန်းအောင်းနေတဲ့ တခြားသူတွေလည်း ရှိပါသေးတယ်။ အရေးအကြီးဆုံးကတော့ သူတို့ဟာလူမဟုတ်ဘူး၊ နတ်ဆိုးတွေပဲ ၊ နန်းမြို့တော်အပြင်မှာ ဧရာမအစီအရင်ကြီး ချထားကြပါပြီ"
လူတိုင်း၏ မျက်နှာများသည် အကြီးအကျယ် ပြောင်းလဲသွားသည်။
ပညာရှိကြီး ကုန်းချီက အထူးတုန်လှုပ်သွားပြီး မယုံနိုင်သလို ရေရွတ်မိသည်။
"နတ်ဆိုးတွေလား ၊ပြီးတော့ အစီအရင်ကြီး တစ်ခုပါ ရှိနေတာ"
"အစီအရင်ရဲ့အပြင်မှာ သွေးနီရောင် ကောင်းကင်ကြီးနဲ့ အလံဖြူသုံးထောင်ကို တွေ့ခဲ့ရတယ်။ အဲဒါက ဝိညာဉ်ချုပ်နှောင် အစီအရင် ဖြစ်ဖို့များတယ်"
ဒေါ်လေးချင်း၏ စကားကိုကြားလိုက်ရလျှင် လူတိုင်း၏ဒူးများမှာ ပျော့ခွေသွားသည်ဟု ခံစားရသည်။
ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင်သည် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့၏။
လွန်ခဲ့သော နှစ်ငါးဆယ်က နတ်ဆိုးနယ်မြေနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တိုင်းပြည်ငယ်လေးတစ်နိုင်ငံကို နတ်ဆိုးများက ကျူးကျော်ခဲ့ပြီး ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင်ကို ချထားခဲ့သဖြင့် လူပေါင်းရာနှင့်ချီ၍ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသည်။
ထိုဖြစ်ရပ်ကြောင့် ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်မှ လူသားမျိုးနွယ်တိုင်းပြည်များအားလုံး ဒေါသထွက်ခဲ့ကြပြီး နတ်ဆိုးများကို တိုက်ခိုက်ရန် မဟာမိတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ရလဒ်အနေဖြင့် နှစ်ဖက်စလုံးသည် အကြီးအကျယ် ဆုံးရှုံးခဲ့ကြ၏။
ထိုပဋိပက္ခကြောင့်လည်း နန်းကန်နိုင်ငံ၏ ဧကရာဇ်အာဏာသည် တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။
ယခု ဒေါ်လေးချင်က နန်းမြို့တော်အပြင်ဘက်တွင် ဝိညာဉ်ချုပ်နှောင်ခြင်းအစီအရင်ကြီး ရှိနေသည်ဟု ပြောလာသောအခါ မည်သူက မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။
"သေချာရဲ့လား ၊ ချင်သခင်မ အမြင်မှားခဲ့တာမျိုုး ဖြစ်နေမလား"
ယွီဘုရင်က လေးလေးနက်နက် မေးလိုက်သည်။တခြားလူများလည်း ဒေါ်လေးချင်ကို စိုးရိမ်တကြီး ကြည့်နေကြ၏။
"ကျွန်မ အမြင်မမှားနိူင်ပါဘူး၊ ဒါက သေချာပေါက် ဝိညာဉ်ချုပ်နှောင်ခြင်းအစီအရင်ပဲ"
ထိုစကားကို ကြားသောအခါ ပညာရှိအမတ်ကြီးကုန်းချီသည် စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ချက်ချင်း ထရပ်လိုက်သည်။
"ဒါဆို ကျွန်တော်သိချင်တာက စစ်မာတျန်းက ဘာကိုလိုချင်နေတာလဲ၊သူတကယ်လိုချင်တာက ဘာများလဲ"
ကျင်းလီသည်လည်း ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသည်။
စစ်မာတျန်းသည် ထီးနန်းကို လိုချင်နေပြီး သူမနှင့် သူမကိုထောက်ခံသူများ၏ အသက်ကိုသာ ယူလိုသည်ဟု သူမတွေးထားခဲ့သည်။ ယခုမူ စစ်မာတျန်းသည် နန်းကန်တိုင်းပြည်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် အကြံအစည်ရှိပုံရ၏။
သို့သော် နတ်ဆိုးမျိုးနွယ်အများအပြားသာမက ဧကရာဇ်အဆင့်နတ်ဆိုးများပင် နန်းကန်တိုင်းပြည်ထဲသို့ မည်သို့ဝင်ရောက်လာနိုင်သနည်း။
လူသားမျိုးနွယ်တို့၏ခေါင်းဆောင် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းက ထိုအကြောင်းကို လုံးဝ မသိခဲ့ဘူးလား။
ကျင်းလီ အလွန်တုန်လှုပ်သွားသည်။အခြေအနေသည် သူမ တွေးထားခဲ့သည်ထက် အဆများစွာ ပို၍ ရှုပ်ထွေးနေပြီး ကြောက်စရာကောင်းလာ၏။
သို့သော် တည်ဆောက်မှု ပြီးခါနီးပြီဖြစ်သော ပူဇော်ပလ္လင်ကို ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများတွင် ပြင်းထန်သော ဆုံးဖြတ်ချက် ပေါ်လွင်နေသည်။
"ဒီအကြောင်းတွေကို နောက်မှာထားလိုက်ပါတော့၊ ကျွန်မတို့ အရင်ဆုံး ပူဇော်ရာယဇ်ပလ္လင်ကို အပြီးသတ်ရမယ်"
သူမ၏ အသံသည် ခိုင်မာပြီး မေးခွန်းထုတ်စရာမရှိချေ။
ယခင်က စိတ်ပျက်အားငယ်နေခဲ့သော ကုန်းချီလည်း ထရပ်လိုက်သည်။
"အမိန့်အတိုင်းပါ အရှင်မင်းမြတ်"
သို့သော် သူ၏ စိတ်ဓာတ်ကတော့ လုံးဝ ကျဆုံးသွားခဲ့ပြီဖြစ်သည်။
ကျင်းလီသည် သူမ၏အခန်းသို့ ပြန်ရောက်ပြီးနောက် အိပ်ခန်းထဲတွင် တစ်ယောက်တည်း ရပ်နေသည်။
ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ယံရှိ ရှေးဟောင်းစီးချောင်သစ်ပင်ကြီးကို ကြည့်နေမိရင်း သူမလက်ထဲမှ လင်လုံယွီရှီကျောက်စိမ်းပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
"ကျိယွမ်၊ နင်သာဆိုရင် ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်မလဲ"
..................
အမတ်ချုပ်ကြီး၏ အိမ်တော်၌...
စစ်မာတျန်းသည် ခေါင်းကို ငုံ့ထားပြီး အလွန်အမင်း တောင်းပန်နေပုံရသည်။
"အရှင်တို့ အဲဒီလူကိုမဖယ်ရှားပစ်ရင် သူက အစီအရင်အကြောင်းကို ဖော်ထုတ်ပြီး အရှင်တို့ရဲ့ ကြီးမားတဲ့အစီအစဉ်ကို ဖျက်ဆီးပစ်နိုင်ပါတယ်"
တိန့်ယန်အထွတ်အမြတ်ဂိုဏ်း၏ ပိန်သွယ်သောဧကရာဇ်က ပြုံးရုံသာပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုချေ။
နတ်ဆိုးဧကရာဇ်ကမူ အေးစက်နေသည်။
"အစီအရင်က ချထားပြီးသွားပြီပဲ၊ ဖော်ထုတ်ချင်ရင်လည်း ဖော်ထုတ်ပါစေ၊ မြို့တော်ထဲမှာ မငြိမ်မသက်ဖြစ်ရင် သွေးမဲ့ဧကရာဇ်တောင်ဝှေးကို သန့်စင်ရာမှာ ပိုတောင်အကျိုးရှိလိမ့်မယ်"
"ဒါပေမဲ့... ကိစ္စကပျံ့နှံ့သွားရင် မြို့တော်ထဲက စစ်သည်တွေကြားမှာ မငြိမ်မသက်ဖြစ်သွားနိုင်ပါတယ်"
စစ်မာတျန်းကတော့သည် စိုးရိမ်နေဆဲပင်။
"စစ်မာတျန်း၊ မင်းရဲ့စစ်သည်တွေကို မင်းမထိန်းချုပ်နိုင်ဘူးလား၊ဒီလောက်လေးမှ အသုံးမဝင်ရင် မင်းကိုငါတို့က ဘာလုပ်ရတော့မှာလဲ"
နတ်ဆိုးဧကရာဇ်၏ဒေါသသံကြောင့် စစ်မာတျန်း၏ နဖူး၌ ချွေးအေးများ စီးကျလာသည်။ထိုနှစ်ဦးစလုံးက ရက်စက်ကြမ်းတမ်းပြီးအကျိုးအကြောင်းမရှိပေ။သူတို့အတွက်အသုံးမဝင်တော့လျှင် ဖယ်ရှားပစ်ရန်ဝန်လေးနေမည်သူများ မဟုတ်ပါ။
"ကိစ္စက ပေါ်သွားရင်လည်း တပ်ကို ထိန်းချုပ်ဖို့ အကြောင်းပြချက်ရှာပြီး ဖျောင်းဖျလိုက်ပါ့မယ်"
နန်းမြို့တော်တစ်ခုလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် တပ်များကို ထိန်းချုပ်ရန်မှာ အရမ်းကြီးတော့ မခက်ခဲပါ။
"မနက်ဖြန် သန်းခေါင်ယံမှာ မင်းရဲ့ဘုရင်မက ကောင်းကင်ကို ပူဇော်ဖို့ ပလ္လင်ပေါ်ကို တက်မယ်လို့ ငါ ကြားရတယ်"
နတ်ဆိုးဧကရာဇ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ဟုတ်ပါတယ်"
"ကောင်းပြီ၊ ငါမှာလုပ်စရာ အခြားကိစ္စလည်း ဘာမှမရှိတော့ဘူးဆိုတော့ ကိုယ်တိုင်သွားကြည့်ရမယ်၊ ငါ့ရဲ့ အနာဂတ် အရက်ခွက်ဟာ လုံလောက်အောင် လှပရဲ့လားဆိုတာပေါ့"
နတ်ဆိုးဧကရာဇ်က သဘောကျစွာရယ်မောလိုက်သည်။
"စီစဉ်ပေးပါ့မယ် အရှင်"
စစ်မာတျန်းက ရိုသေစွာ ပြန်ဖြေလိုက်သည်။ မူလက သူကိုယ်တိုင်သွားရန်ပင် စိတ်ကူးမရှိခဲ့ပါ။ယခုတော့ နတ်ဆိုးဧကရာဇ်နှင့်တိန့်ယန်ဧကရာဇ်တို့ကပါက သွားလိုနေသဖြင့် သူသည် အရပ်ဘက်နှင့်စစ်ဘက်အရာရှိအားလုံးကိုပါ ခေါ်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီလေ"
နတ်ဆိုးဧကရာဇ်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံးများက လေးနက်ပြီးနားလည်ရခက်လှသည်။
အမှန်တွင် ပူဇော်ပွဲကို ကြည့်ရှုရန်သွားခြင်းသည် သူ၏ အနာဂတ်အရက်ခွက်ကို မြင်တွေ့ရုံသက်သက်မျှ မဟုတ်ချေ။
ထိုနေ့တွင် အရပ်ဘက်နှင့်စစ်ဘက်အရာရှိများအားလုံး စုဝေးရောက်ရှိနေသည့်အခါ သူသည် လူသတ်ပွဲတစ်ခုကို စီစဉ်ထားသည်။
သွေးထွက်သံယိုများ၊ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် လိုအင်ဆန္ဒတို့ဖြင့် သွေးမဲ့ဧကရာဇ်တောင်ဝှေးကို ပိုမို ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုများဖြင့် သန့်စင်မည်ဖြစ်သည်။
သို့သော် သူ၏အကြံအစည်များကို စစ်မာတျန်းအား အသိပေးရန် စိတ်ကူးမရှိပါ။
...................
ပူဇော်ရာယဇ်ပလ္လင်...
ပူဇော်ပလ္လင်သည် နှစ်ကျန်းကျော်ကျော် မြင့်ပြီး အပေါ်တွင် နန်းဆောင်တစ်ခုရှိသည်။ နန်းဆောင်၏ ထောင့်လေးထောင့်တွင် သားရဲရုပ်တုငယ်များဖြင့် အလှဆင်ထား၏။
ပလ္လင်တစ်ခုလုံးသည် ရှေးကျပြီး ရိုးရှင်းသည့်ပုံစံကို ဖော်ညွှန်းနေသည်။
အဝေးမှကြည့်လျှင် ကြီးမားသောပလ္လင်သည်လေးလံ၍ အထီးကျန်ဆန်နေသည်ဟု ထင်ရသည်။
စစ်မာတျန်းသည် သူ၏ထိုင်ခုံတွင် ထိုင်နေပြီး နတ်ဆိုးဧကရာဇ်သည်လည်း သူ့ဘေးတွင် ပေါ့ပေါ့ပါးပါး ထိုင်နေခဲ့၏။
စစ်မာယု၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ပိုမိုကြမ်းတမ်းသော ပုံစံပေါ်နေသည်။
အနီးအနားမှာတော့ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် အုပ်စုဖွဲ့ကာ အသံတိုးတိုးနှင့် စကားဆိုနေကြကုန်သည်။
အချို့သည် စစ်မာတင်းကို သံသယဖြင့် ကြည့်နေကြပြီး အချို့သည် မမြင်ဖူးသောနတ်ဆိုးဧကရာဇ်ကို စဉ်းစားဟန်ဖြင့် ကြည့်နေကြသည်။တိန့်ယန်ဂိုဏ်းမှဧကရာဇ်ကတော့ ဘာသိဘာသာနေတတ်သဖြင့် အာရုံစိုက်ခြင်းမခံရပေ။
အမှန်တွင် အစီအရင်အကြောင်းကို ဒေါ်လေးချင်က ဖြန့်ဝေခဲ့ပါသည်။ သို့သော် လူအများစုက ထိုသတင်းသည် ဧကရီကျင်းလီ၏ သွေးခွဲရန် ကြံစည်မှုဟုသာ ထင်ကြ၏။လုံးဝအလေးအနက်မထားခဲ့ကြ။
ထိုပြင့် ဧကရာဇ်အဆင့်စွမ်းအား မရှိသောကြောင့် သူတို့အားလုံးသည် ဝိညာဉ်ချုပ်နှောင်ခြင်းအစီအရင်ကို ထွင်းဖောက်မမြင်နိုင်ကြပါ။
"ဧကရီမင်းမြတ် ကြွချီလာပါပြီ"
အော်သံနှင့်အတူ ဧကရီကျင်းလီသည် လူတိုင်း၏ မျက်စိရှေ့၌ ပေါ်လာခဲ့သည်။
သူမသည် ရွှေရောင်လက်ရှည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံလက်များတွင် ရွှေရောင်ဖီးနစ်ငှက်များဖြင့် ပန်းထိုးထား၏။ သူမ၏ လည်ပင်းတွင် ရွှေပန်းများဖြင့် အလှဆင်ထားသော ပုလဲဖြူရောင် လည်ဆွဲရှိသည်။ ခါးတွင်ကျောက်စိမ်းတံဆိပ်ကို ချိတ်ဆွဲထားပြီး ခေါင်းတွင် ပုလဲဖီးနစ်သရဖူကို ဆောင်းထား၏။
သူမသည် ဘုရင်မတစ်ဦး၏ ကျက်သရေနှင့် ဂုဏ်သိက္ခာကို အပြည့်အဝ ပိုင်ဆိုင်ထားလေသည်။
စိတ်မကောင်းစရာမှာ ထုံးတမ်းစဥ်လာအမတ်ကြီးနှင့် အနည်းငယ်သောလူများမှလွဲ၍ သူမကို မည်သူမျှ ဂါရဝမပြုကြချေ။
ထိုအချိန်တွင် စစ်သည်များမှာလည်း နန်းမြို့တော်ထဲအထိ ဝင်ရောက်လာခဲ့ပြီး စစ်မာတျန်း၏ အဖွဲ့သည် ယခင်ကကဲ့သိူ့ ဟန်ဆောင်ထိန်းသိမ်းမနေတော့မှန်း သိသာလှသည်။
ထို့မြင်ကွင်းကြောင်း စစ်မာယု အလွန် ကျေနပ်နေသည်။ သူက စစ်မာတျန်းဘက်သို့ လှည့်ကာ "အဖေသာ ဒါကိုအရင်ကတည်းကလုပ်ခဲ့မယ်ဆိုရင် ကျွန်တော်က အခုဆို နန်းလျာဖြစ်နေပြီ" ဟု ကျယ်လောင်စွာ ပြောလိုက်သည်။
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများစွာသည် ဤသို့ကြားလိုက်ရသည့်အခါ ကျေနပ်သလိုပြုံးကြလေသည်။
ကျင်းလီသည် ၎င်းကိုကြားခဲ့သော်လည်း တိတ်ဆိတ်နေ၏။
"မင်္ဂလာအချိန်ကျရောက်ပါပြီ၊ ပူဇော်ပွဲကို စတင်ပါ"
ကုန်းချီသည် သူ၏ကျောကို မတ်မတ်ထားပြီး ကြေညာလိုက်သည်။
သူ၏အသံသည် လေးလံနေပြီး ဤပွဲသည် မင်းဆက်တစ်ခု၏နိဂုံးကို သက်သေခံမည့်အချိန်အခါတစ်ခု ဖြစ်တော့မည်ကို ဆိုလိုနေသကဲ့သို့ပင်ဖြစ်သည်။
------------