နတ်ဘုရားပလ္လင်၊ အဝတ်အထည်ဌာန၏ နတ်ဘုရားစစ်သည်တော်များ ပေါ်ထွက်လာခြင်း
Vol. 4 Ch. 53
ကုန်းချီက ရွတ်ဆိုနေစဉ် ကျင်းလီသည် ယဇ်ပူဇော်ရာပလ္လင်ပေါ်သို့ ဖြည်းညင်းစွာ တက်သွား၏။
ယခုကျင်းပနေသောအခမ်းအနားသည် တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော ယဇ်ပူဇော်ပွဲတစ်ခုဖြစ်သည်၊ သို့သော် ဓလေ့ထုံးတမ်းအမတ်ကြီးတစ်ပါးတည်းသာလျှင် ပွဲကိုကျင်းပပေးနေရပြီး အခြားမည်သည့် အရာရှိများကမှ အခမ်းအနားကိုကူညီဆောင်ရွက်ပေးခြင်းမရှိခဲ့ပါ။
မည်မျှ စိတ်မကောင်းစရာ ဖြစ်လေသနည်း။
ဒေါ်လေးချင်နှင့်ယွီဘုရင်တို့သည် ပလ္လင်အောက်၌ ရပ်နေကြပြီး စင်ပေါ်ရှိ ကျင်းလီကို စိတ်ပျက်အားငယ်စွာဖြင့် ကြည့်နေကြ၏။
ကျင်းလီသည် နတ်ဘုရားရုံးတော်၏ စစ်သည်တော်များဆင်းသက်လာရန် ဆုတောင်းနေသော်လည်း၊ ၎င်းသည် ရေပေါ်မှာပေါ်လာသော ရေခိုးရေငွေ့မျှသာ ဖြစ်သည်ဟု သူတို့သိနေ၏။
သို့သော်လည်း သူတို့သည် အခြေအနေကို ပြောင်းလဲနိုင်စွမ်း လုံးဝမရှိကြပေ။
စစ်မာတျန်း၏နောက်လိုက်များဖြစ်သော အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအများစုသည် ကျင်းလီကို ပျော်ရွှင်စွာ ကြည့်နေသည်။
အထူးသဖြင့် ပူဇော်ရာယဇ်ပလ္လင်အကြောင်းကို သိသူများသည်သူမကိုပေါ်ပေါ်ထင်ထင် လှောင်ပြောင်နေကြသည်။
အနည်းငယ်သောအရာရှိများကသာဝမ်းနည်းမှု ခံစားနေကြရ၏။တိုင်းပြည်၏ဘုရင်မသည် ထောင့်ကျဥ်းထဲသို့ ရောက်နေပြီး ထွက်ပေါက်လုံးဝမရှိတော့ပေ။
လှပသော်လည်း ကံကြမ္မာဆိုးသူ ဘုရင်မ ကျင်းလီသည် နန်းကန်တိုင်းပြည်နှင့်အတူ ပျက်စီးဆုံးရှုံးရန်သာ ရှိနေတော့သည်ဟု ယူဆကာ ဝမ်းနည်းပူဆွေးသောအကြည့်များဖြင့် ကြည့်နေ၏။
ပရိတ်သတ်များ၏အကြည့်အမျိုးမျိုးအောက်မှာပင် ဧကရီကျင်းလီသည် ပူဇော်ရာယဇ်ပလ္လင်ပေါ်သို့ ဖြည်းညင်းစွာတက်ရောက်သွားသည်။
သူမ၏ ခြေလှမ်းများက တည်ငြိမ်နေခဲ့သော်လည်း သူမ၏စိတ်ထဲတွင်တော့ ခံစားချက်များ ပြင်းထန်စွာလှုပ်ရှားနေ၏။
သူမ၏စိတ်ထဲတွင်စိုးရိမ်ပူပန်မှုများရောထွေးနေခဲ့သည်။သူမနှင့်သူမ၏နောက်လိုက်များအတွက်စိုးရိမ်ပူပန်နေရသလို ကျိယွမ်အတွက်လည်း စိတ်ပူနေမိသည်။ကျိယွမ်စာမပို့နိုင်ခဲ့သည်မှာ လေးရက်ခန့်ရှိလေပြီ။
သို့သော် ယခုလက်ရှိဆိုးရွားသော အခြေအနေမျိုး၌ စိုးရိမ်ပူပန်နေခြင်းသည် အသုံးမဝင်ပေ။ သူမသည် အခြားခံစားချက်များကို ဘေးဖယ်ထားကာ ကျိယွမ်ညွှန်ကြားထားသည့်အတိုင်းအခမ်းအနားကို လုပ်ဆောင်ခဲ့၏။
အနည်းငယ်ရှည်လျားသော ကျောက်စိမ်းပြားကို ကိုင်ထားပြီးသူမသည်အလွန်ရိုသေလေးစားသောအမူအရာရှိနေသည်။
သူမ လှေကား၏သုံးပုံနှစ်ပုံခန့် ထိ လှမ်းတက်သွားပုံကိုကြည့်ကာ အမတ်ကြီးကုန်းချီ၏အိုမင်းသောမျက်နှာပေါ်တွင် မျက်ရည်များစတင်စီးဆင်းလာခဲ့သည်။
ယခုအခမ်းအနားသည် သူသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ဖူးသောအခမ်းအနားများအနက် အရှက်ရဆုံးနှင့်ကြေကွဲဖွယ်အကောင်းဆုံးအခမ်းအနား ဖြစ်၏။
ဘုရင်မ၏နန်းတက်ပွဲထက်ပင်ပို၍ဆိုးရွား၏။
ယခုအချိန်သည် သူ၏ နောက်ဆုံးအခမ်းအနား ဖြစ်လာနိုင်ပြီး၊ နန်းကန်တိုင်းပြည်၏ အဆုံးသတ်ကိုဖော်ပြနေသောအခမ်းအနားတစ်ခုဟုလည်း သူယူဆမိသည်
။
သူနှင့်ဘုရင်မသည် သမိုင်းတွင် ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားမည့် အမှတ်အသားလေးများသာ ဖြစ်နေတော့မည်။
စစ်မာယုသည် အရာရှိများကြားတွင် ခြေထောက်ကို ကားယားဖြန့်၍ အေးအေးဆေးဆေးထိုင်နေ၏။ သူက ယဇ်ပူဇော်ရာပလ္လင်ကို လက်ညှိုးထိုးကာ “ဘုရင်မသာ ပလ္လင်အပေါ်ကနေ ခုန်ချလိုက်ရင် ဒဏ္ဍာရီတပုဒ်လိုဖြစ်သွားမယ်လို့ မင်းတို့ထင်လား” ဟု မေးလိုက်၏။
နန်းကန်တိုင်းပြည်၏ နောက်ဆုံးဘုရင်မသည် ယဇ်ပူဇော်ရာပလ္လင်ပေါ်ကနေ ခုန်ချလိုက်သည်ဆိုလျှင် တကယ်ကိုပင် ဒဏ္ဍာရီ ဖြစ်သွားလိမ့်မည် ဖြစ်၏။
သူမ၏အခြေအနေသည် မျှော်လင့်ချက်လုံးဝကင်းမဲ့နေပြီး မိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းမျိုးကလည်း ဖြစ်သွားနိုင်၏။
အရာရှိများသည် တိတ်ဆိတ်နေပြီး မည်သူမျှ သူ့ကို ပြန်မဖြေကြပေ။
သူ၏ဘေးတွင်ရှိသော နတ်ဆိုးဧကရာဇ်က ချွန်ထက်ကာဖြူဖွေးနေသောသွားများကို ဖော်ပြကာ ပြုံးလိုက်၏။
“သူမရဲ့ခေါင်းနဲ့ အရင်မကျဖို့တော့ မျှော်လင့်တယ်၊ ဒါမှငါ့ရဲ့ အဖိုးတန်အရက်ခွက် မကွဲမှာ”
နတ်ဆိုးက စကားပြောပြီးနောက် ထူးခြားသော နည်းလမ်းဖြင့် အရက်တစ်ခွက်ကို သောက်နေသည်။သူက အရက်ခွက်ကိုပါ ကိုက်ပြီးမြိုချနေခြင်းဖြစ်၏။
သူ၏မနှစ်မြို့စရာထူးခြားသောအပြုအမူသည် လူအများ၏အာရုံကို ဆွဲဆောင်လိုက်သည်။
နတ်ဆိုးဧကရာဇ်က ခွက်ကိုပါမြိုချသည်ကို ကြည့်ပြီးနောက် စစ်မာယုသည် ဘုရင်မကျင်းလီ၏ ခမ်းနားစွာဆင်ယင်ထားသောဦးခေါင်းကို တဖန်ပြန်ကြည့်လိုက်ပြီး ကြောက်ရွံ့မှုတစ်ချို့ ဝင်လာ၏။
သို့သော် သူ၏နံဘေးမှလူသည် သာမန်လူမဟုတ်ဘဲ တန့်ယန်အထွတ်အမြတ်ဂိုဏ်းမှ ဖြစ်နိုင်သည်ဟု သူသိသောကြောင့် လေးစားစွာတုန့်ပြန်လိုက်သည်။
“ခင်ဗျားက တကယ်ကိုထူးခြားတဲ့သူတစ်ယောက်ပါပဲ"
နတ်ဆိုးဧကရာဇ်သည် စစ်မာယုကို အရက်တစ်ခွက် ငှဲ့ပေးလိုက်ရာ သူတို့နှစ်ဦးအတူတူ သောက်ကြ၏။
အရာရိများကလည်း ပုံမှန်ပြန်ဖြစ်သွားကာမိမိတို့စကားဝိုင်းကို ပြန်လည်စတင်လိုက်ကြသည်။
ဧကရီကျင်းလီနှင့်ယဇ်ပူဇော်အခမ်းအနားကိုတော့ မည်သူကမျှ အရေးတယူမရှိခဲ့ပါ။
ထိုအခိုက် ဧကရီကျင်းလီသည် ပလ္လင်၏အပေါ်ဆုံးသို့ ရောက်ရှိနေလေပြီ။
အမြင့်ပေနှစ်ကျန်းကျော်မြင့်သော ပလ္လင်ပေါ်တွင်ရပ်နေရင်း သူမ၏ဘယ်လက်ဖြင့် ကျောက်စိမ်းပြားကို မြှောက်လိုက်ပြီး ညာလက်ထဲမှ ကျောက်စိမ်းလက်စွပ်တစ်ခုကို မီးဖိုထဲသို့ ပစ်ချလိုက်ရာ လက်စွပ်သည် အပိုင်းအစများအဖြစ် ကြေမွသွားပြီး မီးတောက်များ တောက်ပလာသည်။
သူမက တောင်ကျစမ်းရေကဲ့သို့ကြည်လင်ပြီး အာဏာရှိသောအသံမျိုးဖြင့် “အို-နတ်ဘုရားတို့၊ ကျွန်ုပ်၏စိတ်အကြံကို သနားပြီး ကျွန်ုပ်၏ကျောက်စိမ်းပြားကို လက်ခံပေးတော်မူပါ” ဟု ကောင်းကင်သို့မော့ကြည့်ကာဟစ်ကြွေးလိုက်၏။
သူမ၏အသံထွက်ပေါ်လာသည်နှင့် မီးလျှံများ ပို၍တောက်ပလာပြီး ယိမ်းထိုးနေကြသည်။
“ကျွန်ုပ်၏ စိတ်နှလုံးသည် မငြိမ်မသက်ဖြစ်နေပြီး ကောင်းကင်ဘုံထံမှနှစ်သိမ့်မှုကို ရှာဖွေနေပါသည်။"
“အို-အနန္တစွမ်းအားရှင် ကောင်းကင်ဘုံ၊ ကျွန်ုပ်ကို ကြည့်ရှုတော်မူပါ”
........
ဆုတောင်းပဌနာသည် တိုတောင်း၏။ဓလေ့ထုံးတမ်းအမတ်ကြီးကုန်းချီပြင်ဆင်ပေးထားသော စာသားများဖြစ်သည်။
သို့သော် ယဇ်ပူဇော်ပွဲ၏အရေးအကြီးဆုံးအပိုင်းကိုတော့ ချီယွမ်မှပေးခဲ့ခြင်းဖြစ်၏။
ထိုအရာသည်လည်း အလွန်တိုတောင်းပြီး စာကြောင်းနှစ်ကြောင်းသာ ပါဝင်သည်။
ကျင်းလီသည် ပထမစာကြောင်းကို စိတ်အားထက်သန်စွာရွတ်ဆိုရမည်ဖြစ်ပြီး။
နောက်ဆုံးစာကြောင်းကို ရွတ်ဆိုရန်မလိုဘဲ စိတ်ထဲမှ တွေးတောရုံသာ လိုအပ်သည်။
ကျင်းလီက ပထမစာကြောင်းကို ယုံကြည်စွာ ရွတ်ဖတ်လိုက်သည်။
“အဝတ်အထည်ဌာန၏သခင်ဖြစ်သော ကျိယွမ်၏အမိန့်အရ အဝတ်အထည်ဌာန၏ တပ်နန်းစစ်သည်တော်တို့၊ ခေါ်သံကို နားထောင်ကြလော့”
ထိုစကားသံများ ထွက်ပေါ်လာသော်လည်း နေမင်းသည် မပြောင်းလဲပဲ ရှိနေခဲ့၏။အခြားသော သဘာဝတရားများသည်လည်း မူလအတိုင်းသား ရှိနေကြပြီး ထူးခြားဆန်းကြယ်သော အဖြစ်အပျက်များ ထွက်ပေါ်မလာခဲ့ပါ။
အောက်ဘက်ရှိ အရပ်ဘက်နှင့်စစ်ဘက်ဆိုင်ရာ အရာရှိများသည်လည်း စကားပြောမပျက်ရှိနေခဲ့ကြပြီး မည်သူမျှ ထိုအခမ်းအနားကို အလေးအနက်ထားခြင်း မရှိကြပေ။
ယွီဘုရင်သည် ယခုအခြေအနေကို ကြိုတင်မှန်းဆထားပြီးဖြစ်သော်လည်း လက်တွေ့ကြုံလိုက်ရသောအခါ သူ၏နောက်ဆုံးမျှော်လင့်ချက်အလင်းရောင်သည် ပျောက်ကွယ်သွားပြီဟု ခံစားလိုက်ရသည်။
ဒေါ်လေးချင်ကတော့ ရွှမ်းဟွမ်တားမြစ်နယ်မြေမှ ထူးခြားသောအတွေ့အကြုံများကို ပြန်လည်အမှတ်ရပြီး မှေးမှိန်သောမျှော်လင့်ချက်တစ်ခုဖြင့် ယဇ်ပလ္လင်ပေါ်မှ ဧကရီကို ငေးကြည့်နေရှာသည်။
ပူဇော်ရာယဇ်ပလ္လင်သည် ဒဏ္ဍာရီလာနတ်ဘုရားစစ်သည်တော်များကို ခေါ်ဆောင်နိုင်ခြင်းမရှိသော်လည်း လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်အစွမ်းထက်သော ကျိယွမ်ဆိုသည့် ပုဂ္ဂိုလ်ကြီး ပေါ်လာပါကမည်သို့ဖြစ်သွားနိုင်သနည်း။
ပုဂ္ဂိုလ်ကြီးသည် နတ်ဆိုးဧကရာဇ်များ၏ စုပေါင်းအင်အားနှင့် မြို့ပြင်မှအစီအရင် ချိုးဖျက်နိုင်ခြင်း မရှိခဲ့လျှင်တောင် အနည်းဆုံးတော့ သူသည်ဧကရီကျင်းလီကို ခေါ်ဆောင်သွားနိုင်၏။
ထိုအရာပင်လျှင် ယဇ်ပူဇော်ပွဲမှ ရနိုင်သောအကောင်းဆုံးသောရလဒ် ဖြစ်လိမ့်မည်ဟု ဒေါ်လေးချင် မျှော်လင့်နေမိသည်။
ကျင်းလီသည် ဘုရင်မဖြစ်ရန်ရည်ရွယ်ထားသူမဟုတ်ဘဲ ထိုအခန်းကဏ္ဍတွင် အတင်းအကျပ် တွန်းပို့ခြင်းခံခဲ့ရသူသာ ဖြစ်၏။
နန်းကန်တိုင်းပြည် ကျရှုံးသွားခဲ့လျှင်တောင်သနားစဖွယ်ကျင်းလီကိုတော့ အသက်ရှင်ကျန်နေခဲ့စေချင်သည်ကတော့ သူမ၏ကြီးမားသော မေတ္တာသာဖြစ်ပါသည်။
ဒူးထောက်နေသော ကုန်းချီသည်သူ၏ မျက်လုံးများ ပူလောင်နေသည်ဟု ခံစားရပြီး သူ့မျက်နှာသည် အမူအရာကင်းမဲ့နေခဲ့၏။
ထိုအချိန်တွင် ကျင်းလီသည် နုညံ့သိမ်မွေ့သောအာရုံတစ်ခုနှင့် ချိတ်ဆက်မိသည်ဟု ခံစားမိလိုက်သည်။
သူမ စိတ်ကူးလိုက်ရုံမျှဖြင့် အဝတ်အထည်ဌာန၏ စစ်သည်တော်များသည် ကျိယွမ်ပြောသကဲ့သို့ ချက်ချင်းပေါ်လာမည်ဟု သူမအလိုလိုသိနေသလိုပင်။
သူမသည် ကျိယွမ်ကို အကြွင်းမဲ့ယုံကြည်နေမိ၍များလား။
သူမက နောက်ဆုံးစာကြောင်းကို ချက်ချင်းမရွတ်ဆိုဘဲ ပလ္လင်အောက်မှ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအရာရှိများကို ငုံ့ကြည့်လိုက်သည်။
အေးစက်ပြီး ဒေါသထွက်နေသောဧကရီကျင်းလီ၏အသံက ပလ္လင်ထက်မှပေါ်ထွက်လာသည်။
“စစ်မာတျန်း၊နင့်ကို ငါမေးမယ်၊ နန်းမြို့တော်အပြင်မှာ ဝိညာဥ်ချုပ်နှောင်ခြင်းအစီအရင်ရှိလား"
"နင်ကနတ်ဆိုးတွေးနဲ့ပေါင်းပြီး နန်းကန်ပြည်သားအားလုံးကို ထာဝရငရဲခန်းထဲမှာ ပိတ်လှောင်ထားဖို့ ကြံစည်နေတာလား"
သူမ၏ကျင့်ကြံမှူကအဆင့်နိမ့်သော်လည်း ဒေါသသံသည် နွေဦးအခါထွက်ပေါ်လာသော မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
အရာရှိအချို့က အနည်းငယ်တုန်လှုပ်သွားကြသော်လည်း၊ အများစုကမူ သူမ၏ နောက်ဆုံးအကြိမ် ရုန်းကန်မှုဟုသာ ထင်မြင်ကာ အရေးတယူမလုပ်ကြပေ။
အချို့ကတော့ သည် စစ်မာတျန်း၏ တုံ့ပြန်မှုကို တိတ်တဆိတ် ကြည့်နေကြ၏။
သူတို့ကြည့်နေစဥ်မှာပင် စစ်မာတျန်းသည် ထိုင်နေရာမှ ထရပ်လိုက်သည်။သူ၏ ရှည်လျားသော အရပ်ကြောင့်လူများအလယ်တွင် ထင်ရှားစွာပေါ်လွင်နေသည်။
သူကတည်ငြိမ်စွာတုန့်ပြန်သည်။
“အရှင်မင်းကြီး ၊ဘာကြောင့် စိတ်ဝမ်းကွဲအောင် လုပ်နေရတာလဲ။”
“ဒီလို အသေးအမွှားလှည့်ကွက်တွေက အဖြစ်အပျက်တွေရဲ့လမ်းကြောင်းကို ပြောင်းလဲနိုင်မယ်လို့ ထင်လို့လား"
“ဧကရာဇ်တစ်ပါးအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဖြောင့်မတ်စွာပြုမူပြီး သမာဓိနဲ့ အနိုင်ယူရမယ်။”
“လှည့်ဖြားမှုတွေနဲ့ လှည့်ကွက်တွေဟာ ဧကရာဇ်တစ်ပါးရဲ့ လမ်းစဉ်မဟုတ်ဘူး။”
“ အရှင်မင်းကြီးလိုမပြတ်မသားနဲ့ ဉာဏ်ပညာမရှိတဲ့အမျိုးသမီးတစ်ဦးဟာ တိုင်းပြည်အုပ်ချုပ်ဖို့အတွက် မသင့်တော်ဘူးလို့ထင်ပါတယ်”
စစ်မာတျန်းက လူပုံအလယ်၌ပင် ရိုသေလေးစားမှုကင်းမဲ့စွာတုန့်ပြန်လိုက်၏။
သို့သော်ကျင်းလီကတော့ ထိုစကားများကို
အရေးမထားပါ။
“ငါ ထပ်မေးမယ်၊ မြို့ပြင်မှာ အစီအရင်ကြီးတစ်ခုရှိလား”
ကျင်းလီသည် ထိုမေးခွန်းကိုသာ ထပ်မေး၏။
စစ်မာတျန်း၏ တုံ့ပြန်မှုကိုမြင်သောအခါ အရာရှိအများစုသည် စိတ်သက်သာရာရသလို ခံစားရသည်။
နန်းကန်တိုင်းပြည်သည် အမတ်ချုပ်ကြီး၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီးသားဖြစ်သောကြောင့် စစ်မာတျန်းသည် သူ၏ပိုင်ဆိုင်မှုများကို နတ်ဆိုးများထံတွင် အဘယ့်ကြောင့် မြှုပ်နှံမည်နည်းတွေးမိကြ၏။
စစ်မာယုကတော့ ထိုင်မနေနိုင်တော့ပဲ မတ်တပ်ထရပ်ကာ လှောင်ပြောင်လိုက်သည်။
“ဧကရီကျင်းလီ၊ ဒါက အရမ်းပျင်းစရာ မကောင်းဘူးလား။ နတ်ဘုရားစစ်သည်တွေကို ယဇ်ပလ္လင်နဲ့ ခေါ်ပြီး ငါတို့ကိုအားလုံးကို သုတ်သင်တာကို ငါ မျှော်လင့်ခဲ့တာ၊ခုတော့ ပြပွဲတစ်ခုသပ်သပ်ပဲ ”
သူ၏စကားကြောင့် အရာရှိများဆီမှလှောင်ရယ်သံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။
ဧကရီကို မည်သူကမှ ရိုသေလေးစားမှု မရှိတော့ပါ။
နန်းကန်တိုင်းပြည်န၏ ရာဇပလ္လင်သည် စစ်မာမိသားစုပိုင်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီမဟုတ်ပါလား။ ဧကရီကျင်းလီမှာ စစ်မာတျန်း၏ ရုပ်သေးတစ်ခုသာဖြစ်သည်။ မည်သူက ဂရုစိုက်နေမည်နည်း။
ကျင်းလီသည် စစ်မာယု၏လှောင်ပြောင်သောစကားကို အရေးမထားသလို အရာရှိများ၏ ရယ်သံများကိူလည်းလလျစ်လျူရှုထားသည်။
သူမကတည်ငြိမ်သောအသံဖြင့် မေးလိုက်သည်။
"စစ်မာတျန်း ၊မြို့အပြင်မှာ အစီအရင်တစ်ခု ရှိနေလား"
သူမကအဓိပ္ပါယ်မရှိသော မေးခွန်းကို သုံးကြိမ်တိတိထပ်မေးနေသည်မှာ ရူးများသွားပြီလားဟု အရာရှိများကတွေးမိကြသည်။
အချို့က ပြောင်တင်းစွာလှောင်ရယ်နေကြပြီး အနည်းစုကတော့ဘုရင်မ၏ဝမ်းနည်းဖွယ်ကံကြမ္မာအတွက် သနားစိတ်ဝင်မိကြလေ၏။
ထိုအချိန်တွင် တစ်ချိန်လုံး အရက်သောက်နေသော နတ်ဆိုးဧကရာဇ်က “အလှလေးကျင်းလီ ၊ နင်ပြောတာ မှန်တယ်၊ မြို့ပြင်မှာ
ဝိညာဥ်ချုပ်နှောင်ခြင်းအစီအရင်တစ်ခု တကယ်ရှိတယ်" ဟုထပြောလိုက်ရာ အားလုံးထိတ်လန့်သွားကြကုန်သည်။
"အမတ်ချုပ်ကြီး"
"ဒီလူက ဘယ်သူလဲ၊ဝိညာဥ်ချုပ်နှောင်ခြင်းအစီအရင်က တကယ်လား"
ဧကရီကျင်းလီ အကြိမ်ကြိမ်မေးခဲ့စဥ်က လှောင်ပြောင်ခဲ့သော အရာရှိများအားလုံး စိတ်အားငယ်ကာ အနည်းငယ်ကြောက်ရွံ့လာသည်။
နတ်ဆိုးဧကရာဇ်၏မျက်နှာက ရက်စက်ကြမ်းကြုတ်သော အပြုံးနှင့်အတူ မဲ့လိုက်၏။
သူကစစ်မာတျန်းဘက်သို့ လှည့်ကာမေးပြလိုက်သည်။
"စစ်မာတျန်း ငါပြောတာမှန်ရဲ့လား"
စစ်မာတျန်းက မထူးဆန်းသလိုဖြေ၏။
"မှန်ပါတယ်"
ယခုအခါမှာတော့ အရာရှိများအားလုံး အမှန်တကယ်ကြောက်လန့်သွားကြပြီး ပြေးမိပြေးရာထပြေးသူများကြောင့် အခမ်းအနားကွင်းပြင်တွင် ပရမ်းပတာများရှုပ်ထွေးသွားတော့သည်။
"အသုံးမကျတဲ့ အမှိုက်တွေ"
နတ်ဆိုးဧကရာဇ်က ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါ ဧကရာဇ်အဆင့်ရှိသော စွမ်းအားသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး အရာရှိပေါင်းများစွာကို သတ်ဖြတ်ပစ်လိုက်၏။
သူ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ပို၍ပြင်းထန်လာပြီး နောက်တစ်ကြိမ် ထပ်မံရိုက်နှတ်လိုက်ရာ စစ်မာတျန်း ဘက်တော်သားရာပေါင်းများစွာ သေဆုံးကုန်ပြန်သည်။
ယခုတွင် အရာရှိအများစုသည် သွေးအိုင်ထဲတွင် လဲကျနေပြီး သေလုမျောပါးကျန်နေခဲ့သူများက ဆိုးရွားသောဒဏ်ရာများကိုခံစားနေရ၏။
အခမ်းအနာကွင်းပြင်တစ်ခုလုံး လူသေအလောင်းများ ၊နာကျင်စွာ အော်ဟစ်ညည်းညူသံများ ၊ဆောက်တည်ရာမရ ပြေးလွှာနေသူများဖြင့် ပရမ်းပတာဖြစ်နေသည်ကိုကြည့်ပြီး နတ်ဆိုးဧကရာဇ်က ကျေနပ်နေသည်။
နန်းမြို့တော်က ပို၍ပရမ်းပတာဖြစ်ပြီး သွေးထွက်သံယိုဖြစ်လေလေ၊ သွေးမဲ့ဧကရာဇ်လက်နက်သည် ပိုမိုအားကောင်းလာလေလေ ဖြစ်၏။
အရာရှိများကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် သူကပူဇော်ရာယဇ်ပလ္လင်ကို စောင့်ရှောက်နေသော ဒေါ်လေးချင်ကို ကြည့်လိုက်သည်။
သူမ အထွတ်အထိပ်ရောက်နေစဉ်ကပင် သူ့အတွက် ပြိုင်ဘက်မဟုတ်ခဲ့ပါ ယခုလိုဒဏ်ရာရနေသောအခါ ပို၍ပင်မယှဉ်နိုင်တော့ပေ။
“ငါ့ရဲ့ အရက်ခွက်လေး၊ ငါ လာပြီ”
နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်သည် ရုတ်တရတ်ကြီးမားလာပြီး ပေသုံးဆယ်အထိမြင့်မားလာကာ ပလ္လင်ပေါ်တွင် ရပ်နေသောကျင်းလီဆီသို့ ဦးတည်၏။
ဒေါ် လေးချင်က လေထဲသို့ခုန်တက်လိုက်ပြီး သူမ၏သွယ်လျသောကိုယ်ခန္ဓာဖြင့် ပလ္လင်ကိုပိတ်ဆို့ကာ နောက်ဆုံးအချိန်ထိ ကာကွယ်ရန်ကြိုးစားခဲ့သည်။
ထိုအခိုက် ဒေါ်လေးချင်သည် ဧကရီကျင်းလီ၏ ခမ်းနားထည်ဝါသော ပဌနာဆုတောင်းသံကို ကြားလိုက်ရ၏။
“စစ်သည်တော်တို့၊ ခေါ်သံကို နားထောင်ကြ၊ ရန်သူသုတ်သင်”
ဆုတောင်းသံအဆုံး၌ အဖြစ်အပျက်တစ်ခု ထွက်ပေါ်လာ၏။
ပလ္လင်အထက် ကောင်းကင်ယံသည် ရုတ်တရက် အမှောင်တိမ်တိုက်များဖြင့် ပြည့်နှက်သွားလေသည်။
ထူထဲသော တိမ်တိုက်ကြီးများ စုဝေးလာပြီး နန်းမြို့တော်ကို အမှောင်ဖုံးလွှမ်းသွားတော့သည်။
အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲသော အရှိန်အဝါတစ်ခုကရင်ပြင်တစ်ခုလုံးပျံ့နှံ့သွား၏။
လူတိုင်းသည် ထောင်နှင့်ချီသော မြင်းများ၏အသံနှင့် နတ်ဘုရားများ နိုးထလာသည့် အသံကို ကြားရပြီး ပို၍ ကြောက်လန့်တကြားဖြစ်ကုန်သည်။
“ဘာဖြစ်နေတာလဲ”
နတ်ဆိုးဧကရာဇ်ပင်ထိတ်လန့်သွားပြီး ဖြစ်ပေါ်လာသော အခြေအနေများကို အကဲခတ်လိုက်သည်။
မြို့ပြင်ရှိ အခြားနတ်ဆိုးဧကရာဇ်များလည်း တုန်လှုပ်သွားခဲ့ကြ၏။
ထိုစဥ်ကောင်းကင်ယံမှ အေးစက်သောအသံတစ်ခု ပဲ့တင်ထပ်လာခဲ့၏။
“အဝတ်အထည်ဌာန၏သခင်ဖြစ်သောကျိယွမ်၏ အမိန့်အရ။”
“နန်းကန်တိုင်းပြည်ဘုရင်မကျင်းလီ၏ ခေါ်ဆောင်ခြင်းခံရသဖြင့်”
“နတ်ဘုရားရွှေနန်းတော်၏ ဌာနကြီးလေးခု၊ အဝတ်အထည်ဌာန၏ တပ်နန်းစစ်သည်တော်တို့၊ သစ္စာဖောက်များကို သုတ်သင်ကြ”
ထူထပ်သော တိမ်တိုက်ကြီးများကြားမှ တောက်ပသောနေရောင်ခြည်တန်းတစ်ခု ထိုးဖောက်ဝင်ရောက်လာပြီး ကောင်းကင်သည် ပြန်လည်လင်းလာခဲ့၏။
ပူဇော်ရာယဇ်ပလ္လင်အနီးတွင် ထောင်နှင့်ချီသော စစ်သည်တော်များ ပေါ်လာသည်ကို အားလုံးမြင်လိုက်ရသည်။
အနက်ရောင်သံချပ်ကာများဝတ်ဆင်ထားပြီး ရွှေလက်နက်များကို ကိုင်ဆောင်ထားသော နတ်ဘုရားစစ်သည်များက လေထဲတွင် ရပ်နေသည်။
ကြောက်မက်ဖွယ်အရှိန်အဝါများထုတ်လွှတ်နေသော အနက်ရောင်သံချပ်ကာစစ်သည်ဆယ်ယောက်က ဧကရီကျင်းလီကို ဝန်းရံထားပြီး သူတို့ကခေါင်းဆောင်များဖြစ်ပုံရသည်။
စစ်သည်တော်များစွာသည် တိတ်ဆိတ်နေသော်လည်း ကြီးမားသောဖိအားကို ထုတ်လွှတ်နေကြ၏။
သူတို့သည် ငရဲဘုံမှ နတ်ဆိုးများသဖွယ်ပင်။
စစ်သည်တော်များက အောက်ဘက်ရှိ လူများကို လှည့်ကြည့်ခြင်းမရှိဘဲ မထီမဲ့မြင်ပြုသည့်ဟန် ဖြစ်သော်လည်း လူတိုင်းသည် မခံမရပ်နိုင်သော ဖိအားကို ခံစားနေကြရ၏။
ထိုမြင်ကွင်းကို မြင်သောအခါ ယွီဘုရင်၏မျက်လုံးများ မယုံနိုင်လောက်အောင်သည် ပြူးကျယ်သွားသည်။
“ကောင်းကင်ဘုံရုံးတော်ရဲ့ ဌာနကြီးလေးခု… အဝတ်အထည်ဌာနရဲ့ စစ်သည်တော်တွေ တကယ်ရောက်လာတာလား"
မြေပြင်ပေါ်တွင် ဝပ်တွားနေသော ပညာရှိကြီးကုန်းချီသည်လည်း လုံးဝတုန်လှုပ်သွားပြီး “နတ်ဘုရားအရှင်တို့ နန်းကန်တိုင်းပြည်ကို ကယ်တင်တော်မူပါ၊ ကျွန်ုပ်၏ ဘုရင်မကို ကယ်တင်ပေးတော်မူပါ” ဟုပျော်ရွှင်စွာ ငိုကြွေးလိုက်၏။
ဒေါ်လေးချင်ပင်လျှင် မယုံနိုင်စွာ တုန်လှုပ်နေ၏။
"အားလုံးက မှန်နေတာပဲ၊အဝတ်အထည်ဌာနရဲ့သခင် ၊ကျိယွမ် တဲ့လား"
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်၊ လောကတွင် ကောင်းကင်ဘုံရုံးတော် ရှိနေသေးပြီး အဝတ်အထည်ဌာနလည်း ရှိနေသေးကြောင်းကို ယခုမှ သူတို့သိလိုက်ရသည်။
အေးစက်ပြီး တိတ်ဆိတ်နေသော အဝတ်အထည်ဌာန၏ စစ်သည်တော်များသည် နောက်ဆုံးတွင် လှုပ်ရှားလာ၏။
အနီရောင် သံချပ်ကာဝတ်ဆင်ထားသော တစစ်သည်တော်တစ်ဦးသည် ဧကရီကျင်းလီရှေ့သို့ တိတ်ဆိတ်စွာပျံသန်းလာပြီး ရုပ်သေးဆန်သောအသံမျိုးဖြင့် ကျယ်လောင်စွာကြေညာလိုက်၏။
“ကျွန်ုပ်သခင်က စကားနှစ်ခွန်းမိန့်မှာလိုက်သည်"
"သခင်ပြောချင်သော စကားနှစ်ခွန်းကတော့...."
“သခင်က သူဟာရိုးရှင်းတဲ့အချစ်စကားတစ်ခွန်း ပြောချင်တယ်လို့ မှာလိုက်တယ်"
"သူရှိနေသမျှ ကမ္ဘာပေါ်မှာ ဘယ်သူမှသင့်ကို ထိခိုက်နာကျင်အောင် လုပ်ခွင့်မပြုဘူးလို့ မှာလိုက်တယ် ”
ကျိယွမ်၏အမှာစကားနှစ်ခွန်းကို ကြားလိုက်သောအခါ ကျင်းလီ၏ မျက်လုံးများသည် ကြည်နူးမှုကြောင့် ဝဲလာသောမျက်ရည်စများဖြင့် စိုစွတ်လာခဲ့သည်။
သူမက ဝမ်ယုကုန်းမြေတိုက်ကြီး၏ ဗဟိုတွင်ရှိနေသော ရှေးဟောင်းစီးချောင်သစ်ပင်ကြီးဆီသို့ လှမ်းကာမော့ကြည့်လိုက်ပြီး သူမ၏မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေတော့သည်။
-----------