မြှားတို့သည် မိုးခြိမ်းသံကဲ့သို့၊ လှံတို့သည်လည်း နဂါးကဲ့သို့
Vol. 4 Ch. 54
ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုဖြင့် ကျင်းလီသည် စစ်သည်တော်အား မေးလိုက်မိသည်။
"သူ အဆင်ပြေရဲ့လား"
အနီရောင်ချပ်ဝတ်တန်ဆာဝတ်သူက ထိုမေးခွန်းကို ကြိုတင်သိထားသကဲ့သို့ "သခင်က ကောင်းကောင်းမွန်မွန်ရှိပါသည်" ဟု ပြန်ဖြေခဲ့သည် ။
ဤသို့ပြောပြီးနောက် အနီရောင်ချပ်ဝတ်တန်ဆာဝတ်သူသည် ၎င်း၏ ဝိညာဉ်စွမ်းအားများကို ဆုံးရှုံးသွားကာ စကားမပြောနိုင်တော့ပေ။
ကျင်းလီသည် စိတ်သက်သာရာရသွားခဲ့သည် ။သူမမြင်နေရသော နတ်ဘုရားစစ်သည်များသည် အဝတ်အထည်ဌာန၏ လက်ရွေးစင်စစ်သည်များဖြစ်ပြီး သေခြင်းမှ ရှင်ပြန်ထမြောက်လာခဲ့ခြင်းဖြစ်သည်။
သူမက နတ်ဆိုးဧကရာဇ်ကို စူးရှစွာ ကြည့်လိုက်စဥ်မှာပင်။
"မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး"
"ကောင်းကင်ဘုံတရားရုံးရဲ့ ဌာနကြီးလေးခုဟာ သမိုင်းထဲကမြူခိုးတွေထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပျက်စီးခဲ့တာပဲ"
"ဒီလောကကြီးမှာ အဝတ်အထည်ဌာနရဲ့ လက်ရွေးစင်စစ်သည်တော်တွေက ဘယ်လိုလုပ်ရှိနိုင်မှာလဲ"
"မင်းတို့က ပုံရိပ်ယောင်တွေပဲ၊ အားလုံးက အတွင်းနတ်ဆိုးတွေ"
"ငါ့ရဲ့ တာအိုနှလုံးသားကို နှောင့်ယှက်နေတာ၊ မင်းတို့အားလုံးသေရမယ်"
နတ်ဆိုးဧကရာဇ်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး အဝတ်အထည်ဌာန၏ လက်ရွေးစင်စစ်သည်တော်များဆီသို့ ဦးတည်ကာ ပုံရိပ်ယောင်များကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်၏။
သူသည် ဒေါသကြီးစွာဖြင့်ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ထို့နောက် ချက်ချင်းပင် နောက်ပြန်ဆုတ်ကာ မြို့ပြင်သို့ အမြန်ဆုံးပျံထွက်သွားခဲ့သည် ။
စစ်မာတျန်းသည် ထိုဖြစ်ရပ်အားကြည့်ကာ ပို၍ ထိန်လန့်စိတ်အားငယ်သွားသည်။
နတိဆိုးဧကဇ်ထွက်ပြေးသွားသည်ကို မြင်သောအခါ နတ်ဘုရားစစ်သည်တော်ခေါင်းဆောင်များထဲမှ တစ်ဦးက ကြီးမားသောလေးတစ်လက်ကို ကိုင်ဆောင်ကာ တစ်ဝက်ဆွဲပြီး မြှားတစ်စင်းကို လွှတ်လိုက်သည် ။
"ဝှီး....."
မြှားတံမှအသံထွက်လာပြီး ပျံသန်းရာကောင်းကင်ယံတစ်လျှောက် လမ်းကြောင်းရှည်တစ်ခုကို ထားခဲ့သည် ။
လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော ထိုမြှားက နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတော့သည်။
နတ်ဆိုးဧကရာဇ်သည် မယုံကြည်နိုင်သောမျက်လုံးများဖြင့် နောက်သို့လှည့်ကြည့်ပြီး "အထွတ်အထိပ်... ဧကရာဇ်" ဟူသောအော်သံအဆုံးတွင် မြှားတံသည် ဗုန်းခနဲပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွား၏။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဧကရာဇ် ဟူသောသတ္တဝါကြီးသည် မြှားတစ်စင်းတည်းဖြင့် အလွယ်တကူ အပစ်ခံရပြီးနောက် ပေါက်ကွဲသွားခဲ့ခြင်းပင် ။
၎င်းသည် ဘူပေါင်းတစ်လုံးကို မြှားတစ်စင်းဖြင့် ဖောက်လိုက်သကဲ့သို့ လွယ်ကူလွန်းလှ၏။
ထိုမြင်ကွင်းက အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဆောက်တည်ရာမရအောင်တုန်လှုပ်စေခဲ့သည် ။
စစ်မာတျန်းကတော့ ဟန်မဆောင်နိူင်တော့အောင် လုံးဝတုန်လှုပ်နေပြီး တချိန်လုံးတိတ်ဆိတ်နေခဲ့သော တိန့်ယန်အထွတ်အမြတ်ဂိုဏ်းမှ ပိန်သွယ်သော ဧကရာဇ်သည်လည်း မယုံနိုင်သောအကြည့်များဖြင့် တဆတ်ဆတ်တုန်နေလေပြီ။
အထွတ်အထိပ်ဧကရာဇ်နီးပါး အစွမ်းထက်သော နတ်ဆိုးမျိုးနွယ်၏ ထိပ်ဆုံးဆယ်ဦးအဆင့်တွင် ပါဝင်သူတစ်ဦးသည် မြှားတစ်စင်းတည်းဖြင့် အသတ်ခံလိုက်ရသည်တဲ့လား။
တိန့်ယန်ဂိုဏ်းမှ ဧကရာဇ်သည် ကောင်းကင်ယံမှ အဝတ်အထည်ဌာန၏ လက်ရွေးစင်စစ်တပ်ကြီးကို ကြည့်လိုက်ပြီး သူ၏နှလုံးသားတွင် ခုခံလိုစိတ်များပင် မရှိတော့ပေ ။
စစ်သည်ခေါင်းဆောင်တိုင်းတွင် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသော ခွန်အားများရှိသည် ။
သေချာပေါက် အထွတ်အထိပ်ဧကရာဇ်များဖြစ်ကြသည် ။ထို့အပြင် သာမန်အထွတ်အထိပ်ဧကရာဇ်များလည်းမဟုတ်ပေ ။
အထွတ်အထိပ်ဧကရာဇ်ဆယ်ဦးနှင့် ဧကရာဇ်တစ်ရာနီးပါးတို့က ဦးဆောင်ထားသော စစ်သားတစ်သောင်းခန့်ရှိသည့် လက်ရွေးစင်တပ်တစ်ခုသည် မည်မျှအထိ အင်အားကြီးမားသည်ကို စဉ်းစားကြည့်နိုင်၏။
စစ်သားများထဲတွင်လည်း တစ်ဦးတစ်ယောက်မျှ အဆင့်နိမ့်မပါပေ။ဘုရင်အဆင့်စစ်သည်များကိုပင် တွေ့ရသည်။
ဤသို့သော လက်ရွေးစင်စစ်တပ်တစ်ခုကို ဝမ်ယုကုန်းမြေတိုက်ကြီးထဲမှမည်သူက ခုခံနိုင်မည်နည်း ။
သူသည် ပုန်းခိုရန်တွင်းတစ်တွင်းရှာပြီး ဂိုဏ်းသို့ တိတ်တဆိတ် ထွက်ပြေးချင်စိတ်သာ ပေါက်နေတော့သည်။
ထိုအချိန်တွင် စစ်မာတျန်းသည် ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်။
"ဘာကြောင့်လဲ ၊ အသုံးမကျတဲ့ ကောင်းကင်ဘုံကြီး၊ ဘာကြောင့်များ ငါ့ကိုကစားနေရတာလဲ"
သူသည် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းမှ ပိန်သွယ်သော ဧကရာဇ်ကို လက်ညှိုးထိုးပြီး ဝန်ခံလိုက်သည်။
"သူက တိန့်ယန်အထွတ်အမြတ်ဂိုဏ်းကပဲ၊ ဒါတွေအားလုံးက သူတို့ရဲ့အကြံအစည်တွေပါ"
စစ်မာတျန်းသည် သူ၏ကံကြမ္မာကို လက်ခံသွားဟန်ရှိသည် ။
ပူဇော်ရာယဇ်ပလ္လင်ပေါ်မှ ကျင်းလီသည် တိန့်ယန့်အထွတ်အမြတ်ဂိုဏ်းအပေါ်သံသယများရှိခဲ့သော်လည်း ဤသို့ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားသလို စိတ်လည်းစိတ်လည်းပျက်သွားရသည် ။
လူသားတို့၏ မြင့်မြတ်သောနယ်မြေဖြစ်သည့် တိန့်ယန်အထွတ်အမြတ်ဂိုဏ်းသည် နောက်ဆုံးတွင် ကျဆုံးသွားခဲ့လေပြီ။
သူမသည် အဝတ်အထည်ဌာန၏ လက်ရွေးစင်စစ်တပ်ကို ကြည့်လိုက်ပြီး ကျိယွမ်ကို သတိရမိ၏။
သူမ၏နှလုံးသားတွင် ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည် ။
ဤအရှုပ်အထွေးများကို ရှင်းလင်းပြီးလျှင် ကျိယွမ်နှင့်တွေ့ဆုံရန် ရှေးဟောင်းစီးချောင်သစ်ပင်ဆီသို့ အမြန်ဆုံးသွားမည်။
ရှေးဟောင်းစီးချောင်သစ်ပင်သည် ဝမ်ယုကုန်းမြေတိုက်ကြီး၏ နတ်ဘုရားသစ်ပင်ဖြစ်သည် ။ချစ်သူစုံတွဲများ ရှေးဟောင်းစီးချောင်သစ်ပင်အောက်တွင် တွေ့ဆုံပါက နတ်ဘုရားသစ်ပင်၏ ကောင်းချီးများကို ရရှိလိမ့်မည်ဟု ဆိုကြသည် ။
"သတ်ကြ"
ကျင်းလီ၏မျက်နှာသည် အေးစက်သွားသည် ။
သူမသည် ရုပ်သေးဧကရီတစ်ပါးဖြစ်ခဲ့သော်လည်း တိုင်းသူပြည်သားများ၏ ရိုသေကိုးကွယ်မှုဖြင့် ကြီးပြင်းလာခဲ့ရသောကြောင့် ပြည်သူတို့အတွက် တစ်စုံတစ်ရာကို လုပ်ဆောင်ပေးသင့်သည် ။
ကျင်းလီ၏အမိန့်သံအဆုံးတွင် စစ်သည်များထဲမှခေါင်းဆောင်တစ်ယောက်က သူ၏လှံရှည်ကြီးအား တိန့်ယန်အထွတ်အမြတ်ဂိုဏ်းမှ ဧကရာဇ်ဆီသို့ ထိုးသွင်းလိုက်သည်။
ပိန်သွယ်သောဧကရာဇ်မှာ ရှောင်တိမ်းရန်ပင် မဖြစ်နိုင်ခဲ့ပါ။
လှံတံကိုပြန်ရုပ်လိုက်သည်နှင့် တစ်စစီပေါက်ကွဲသွား၏။
တပြိုင်တည်းမှာပင် အခြားခေါင်းဆောင်တစ်ဦး၏လှံရှည်ကလည်း စစ်မာတျန်း၏ ခန္ဓာကိုယ်အား ပေါက်ကွဲသွားစေခဲ့သည်။
အကြံအစည်ကြီးမားခဲ့သော အမတ်ချုပ်ကြီးစစ်မာတျန်း၏ဘဝက ဇာတ်သိမ်းမလှခဲ့ပါ။
ခေါင်းဆောင်များအသတ်ခံရသည်ကို မြင်တွေ့ရသော အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် တုန်ယင်စွာရပ်နေပြီး ထွက်ပြေးရန်ပင် စိတ်မကူးရဲတော့ချေ။
အားလုံးက မြေပြင်တွင် တညီတည်းဒူးထောက်ကာ ဧကရီကျင်းလီ၏ ခွင့်လွှတ်မှုကို တောင်းခံနေကြသည် ။
ကျင်းလီသည် ထိတ်လန့်နေသော အရာရှိများနှင့် သွေးအိုင်ထဲတွင်လဲလျောင်းနေသူများကို ကြည့်လိုက်သည်၊
သူမ၏ မျက်လုံးများတွင် သနားညှာတာမှုမရှိပေ ။
မြို့ပြင်တွင်ခင်းကျင်းထားသော ဝိညာဉ်ချုပ်နှောင်ခြင်းအစီအရင်နှင့် ကျန်ရှိနေသေးသော နတ်ဆိုးဧကရာဇ်များသည် သူမ၏ အဓိကစိုးရိမ်စရာများဖြစ်သည် ။
"လူကြီးမင်းတို့၊ ရန်သူကို သတ်ကြ"
ကျင်းလီ၏မျက်နှာသည် ပြင်းထန်နေသည် ။
ဆယ့်ခုနစ်နှစ်ကြာ ဖိနှိပ်ခံထားရသည့် မကျေနပ်ချက်များက မီးတောင်တစ်ခုလို ပေါက်ကွဲလာသည် ။ယနေ့မှစ၍ သူမ၏ဂုဏ်သိက္ခာညှိုးငယ်စွာ နှင့်စိုးရိမ်ကြီးစွာဖြတ်သန်းခဲ့ရသော နေ့ရက်များက ကုန်ဆုံးခဲ့လေပြီ။
ဝမ်းနည်းစရာကောင်းသည်မှာ သူမ၏ဘဝပြည့်စုံရန်အတွက် အလိုအပ်ဆုံးလူတစ်ဦးတည်းကတော့ အနားမှာမရှိနေခဲ့ခြင်းပင်။
..............
ကျိယွမ်သည်ကွင်းပြင်တစ်ခုတွင် ရပ်နေခဲ့ပြီး သတို့သမီးလေးကို ညင်သာစွာ ပွတ်သပ်ပေးနေသည် ။
သတို့သမီးလေးကလည်းရေဘဝဲကဲ့သို့ ကျိယွမ်၏ခန္ဓာကိုယ်ကို တွယ်ကပ်နေ၏ ။
အမှန်မှာသတို့သမီးလေးက အိပ်ငိုက်နေခြင်းပင်ဖြစ်သည် ။
ကျိယွမ်သည် သတို့သမီးလေးကို ကြည့်နေရင်း အတွေးထဲတွင် နစ်မြုပ်နေခဲ့သည် ။
"နင့်မှာ မျက်နှာမရှိတာတော်တော်ဆိုးတာပဲ"
ကျိယွမ်သည် သတို့သမီးလေးကို အနှောင့်အယှက်မပေးခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် သတို့သမီးလေးသည်လည်း သူ့ကဲ့သို့ပင် အလွန်ပင်ပန်းနေပြီး ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးကြောင်းကို သူတွေ့ရှိခဲ့သောကြောင့်ဖြစ်သည် ။
ယခုကဲ့သို့သော ပုံစံမျိုးဖြင့် သတို့သမီးလေးကို သူမြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်လေ၏ ။
အနာဂတ်တွင်သူသည် အပြင်းအထန် တိုက်ခိုက်ခြင်းမျိုးကို မပြုသင့်ကြောင်း တွေးမိသွားပြီး ပိုမိုသတိထားရမည်ဟု ဆုံးဖြတ်လိုက်သည် ။
ထိုအချိန်တွင် အိပ်ပျော်နေခဲ့သော သတို့သမီးလေးသည် ရုတ်တရက် လှုပ်ရှားလာခဲ့သည် ။
သူမတွင် မျက်လုံးများရှိခဲ့ပါက ကျိယွမ်သည် သူမ၏မျက်တောင်ရှည်များကမျက်လုံးမဖွင့်မီတွင် တဖျတ်ဖျတ်ခတ်နေသည်ကို သတိပြုမိပေလိမ့်မည် ။
သတို့သမီးလေး နိုးလာသည်ကို မြင်သောအခါ ချီယွမ်က ညင်သာစွာ ပြုံးပြလိုက်၏။
"နင်တော့ အခက်တွေ့ပြီ။ ရိကွမ်းတားမြစ်နယ်မြေကနေ ထွက်သွားပြီးရင် နင့်ရဲ့ဆွေမျိုးသားချင်းတွေကို ခဏလောက် တွေ့ရတော့မှာမဟုတ်ဘူး"
ရိကွမ်းတားမြစ်နယ်မြေတွင် အခြားသောသတို့သမီးဝတ်စုံများစွာရှိနေပြီး သတို့သမီးလေးနှင့်ဆွေမျိုးတော်စပ်သူများပါဝင်နေမည်ဟု ကျိယွမ်ထင်မိသည်။
သတို့သမီးလေးကတော့ ခွေးပေါက်လေးတစ်ကောင်လို့ ခွေးပေါက်လေးတစ်ကောင်လို ကျိယွမ်ကိုဆက်လက်တွယ်ကပ်နေခဲ့သည်။
"ငါတို့နောက်ထပ်သွားမယ့်နေရာကို ဒြပ်စင်ငါးပါးတားမြစ်နယ်မြေလို့ခေါ်တယ်။အဲဒီမှာ မကောင်းဆိုးရွားတွေအများကြီး ရှိမလားမသိဘူး"
အကယ်၍ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် မကောင်းဆိုးရွားများစွာရှိခဲ့လျှင်ပင် ကျိယွမ်သည် သတို့သမီးလေးအပေါ်အားကိုးခြင်းကိုလျော့ချကာ သူကိုယ်တိုင်အစွမ်းကုန်ကြိုးစားတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည် ။
သူမသည် မူလကပင်အဆင်မပြေသော၊ လမ်းလျှောက်သည့်အခါတိုင်း အရာဝတ္ထုများကို ဝင်တိုက်တတ်သော၊ ထို့အပြင် ဘာမှမရှိသောနေရာမှာပင် ချော်လဲနေတတ်သည့် သတ္တဝါလေးဖြစ်သည် ။
သူမ၏ခန္ဓာကိုယ်သည်လည်း နုနယ်ပြီးအကြမ်းမခံနိုင်သဖြင့် ခဏခဏပေါင်းစည်းခြင်း၏ရိုက်ခတ်မှုဒဏ်ကို မခံနိုင်မည်ကို ကျိယွမ် စိုးရိမ်သည် ။
ယခင်ဘဝတွင်ကြည့်ဖူးသော တီဗွီရှိုးတစ်ခုမှ မောင်နှမနှစ်ယောက်ဇာတ်လမ်းကို သူပြန်သတိရမိသည်၊ ထိုဇာတ်လမ်းတွင် အစ်ကိုဖြစ်သူကဓားသမားတစ်ဦးဖြစ်ပြီး သူ၏ညီမလေးက အစွမ်းထက်သောဓားတစ်ချောင်းအသွင်ပြောင်းနိုင်သော ဓားဝိညာဥ်ပိုင်ရှင်ဖြစ်သည် ၊သို့သော်ထိုသို့ပြောင်းလဲရန် သူမ၏ဘဝကို စတေးရန်လို၏။ထို့ကြောင့် အစ်ကိုဖြစ်သူက ညီမလေး၏ အကူအညီမပါဘဲ ရန်သူကို အနိုင်ယူနိုင်သည်ဟု ပြောခဲ့သော်လည်း ညီမဖြစ်သူက အစ်ကိုအတွက် သူမကိုသူမ ဓားအသွင်သို့ စတေးခဲ့၏။အစ်ကိုဖြစ်သူမှာလည်း သူ့ကြောင့်ညီမဖြစ်သူသေဆုံးခဲ့ရလေခြင်းဟု ပူဆွေးစိတ်ကြောင့် တိုက်ပွဲတွင် သေဆုံးခဲ့သည် ။
ကျိယွမ်သည် ထိုသို့သော အဆုံးသတ်မျိုးကိုလုံးဝမနှစ်သက်ပါ။
"ဒြပ်စင်ငါးပါးတားမြစ်နယ်မြေ... ငါလာပြီ"
နောက်ဆုံးတွင် ကျိယွမ်သည်သတို့သမီးလေး၏ အေးစက်နေသောလက်မောင်းစတစ်ဖက်ကို ကိုင်ထားပြီး ဒြပ်စင်ငါးပါးတားမြစ်နယ်မြေထဲသို့ ခြေချလိုက်သည် ။
ရွှမ်းဟွမ်တားမြစ်နယ်မြေ ၊ရိကွမ်းတားမြစ်နယ်မြေတို့နှင့်မတူဘဲအလွန်ကွာခြားသည်ကို တွေ့ရသည်။
ကျိယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် ပန်းများ၊ သစ်ပင်များ သို့မဟုတ် အခြားမကောင်းဆိုးရွားများကို လုံးဝ မတွေ့ရပေ ။
ဒြပ်စင်ငါးပါးတားမြစ်နယ်မြေ၏ပတ်ဝန်းကျင်သည် အလွန်ထူးခြားလှ၏။
တားမြစ်နယ်မြေ၏တစ်ဖက်ခြမ်းတွင် ချော်ရည်များကိုပြင်းထန်စွာတောက်လောင်နေသော မီးတောက်များဖြင့်လောင်ကျွမ်းနေပြီး၊ အခြားတစ်ဖက်ခြမ်းမှာတော့ ရေခဲများဖြင့်ပြည့်နှက်နေသည်။
နောက်တစ်ဖက်ကိုလေ့လာသောအခါ ရွှေတွင်းများက ရွှေမှုန်များဖြင့် တောက်ပနေပြီး အချို့မှာ ရွှေအရည်ပုံစံဖြင့် တသွင်သွင်စီးဆင်းနေသည် ။
"ဒြပ်စင်ငါးပါးတားမြစ်နယ်မြေဆိုတာက ဓာတ်ကြီးငါးပါးနဲ့ဖွဲ့စည်းထားတဲ့ နေရာပဲ"
ကျိယွမ်သည် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေထဲသို့ လမ်းလျှောက်ဝင်လာစဉ်ကတည်းက သတို့သမီးလေး၏လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည် ။
သတို့သမီးဝတ်စုံလေးသည် သွားလေရာတွင် အရာရာနှင့်အကြောင်းကြောင်းဖြစ်နေတတ်ပြီး နုံအလွန်းသဖြင့် ချော်ရည်မီးတောက်များဆီ မမြင်မစမ်းဖြင့် ရမ်းသွားမိလျှင် မီးထဲသို့ကျကာ အဝတ်အစားများ လောင်ကျွမ်းသွားနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် ကျိယွမ်ကသူမအားလုံးဝစိတ်မချနိုင်ပါ။
ကျိယွမ်နှင့်သတို့သမီးလေးတို့ သတိကြီးစွာရှေ့ဆက်လာစဥ်မှာပင် အဘိုးအိုတစ်ဦး၏အသံသည် ကျိယွမ်၏နားထဲသို့ ဝင်ရောက်လာ၏။
"အဝတ်အထည်ဌာနရဲ့ သခင်၊ မင်းကို ငါစောင့်နေတာကြာပြီ"
--------------------