← Chapters

မှားပြီးခေါက်မိသည်

Vol. 4 Ch. 55

မှားပြီးခေါက်မိသည်

Vol. 4 Ch. 55

ချီယွမ်သည် အသံလာရာဘက်သို့ ကြည့်လိုက်ရာ ပြင်းထန်သော ခံစားမှုတစ်ရပ်ကို ခံစားလိုက်ရသည်။

သူသေသေချာချာ ကြည့်လိုက်သောအခါ ကြင်နာပုံရသည့်အဘိုးအိုတစ်ဦးကို တွေ့ရ၏။

သို့သော် အဘိုးအိုထံမှထူးဆန်းသော ခံစားချက်တစ်မျိုးကို ကျိယွမ်ရနေသည်။

အဘိုးအိုသည် အသက်ရှိသောသူတစ်ယောက် မဟုတ်သကဲ့သို့ ဖြစ်နေ၏။

ရုတ်တရက် သူ၏မျက်လုံးထဲတွင် သတိတရားတစ်ချက်လင်းလက်သွားသည်။

သူက လျှင်မြန်စွဖြင့် သတို့သမီးလေးကို သူ့နောက်တွင် ကာကွယ်ထားလိုက်ပြီး ဓားရှည်ဖြင့် အဘိုးအိုဘက်သို့ ချိန်ရွယ်လိုက်၏။

"ခင်ဗျားက နတ်ဆိုးတစ်ကောင်ပဲ"

အဘိုးအို၏ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဗလာဖြစ်နေပြီး တစ်ကိုယ်လုံးမှာ လူ့အရေခွံသက်သက်ဖြစ်နေသည်ကို သူတွေ့လိုက်သည်မဟုတ်ပါလား။

အဘိုးအိုကတော့ ကြင်နာစွာပြုံးနေဆဲပင်ရှိ၏။

“ငါ့ကို နတ်ဆိုးတစ်ကောင်လို့လည်း ပြောနိုင်သလို၊ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်”

ထူးဆန်းသောစကားကြောင့် ကျိယွမ်သည် အဘိုးအိုကို သေချာစူးစမ်းလိုက်မိပြန်သည်။

အဘိုးအိုထံမှ ပြင်းထန်သောသတ္တုဓာတ်ရနံ့ကို သူရလိုက်သည်။

"ငါ့ရဲနာမည်အရင်းကိုတော့ ငါကိုယ်​တိုင်တောင်မေ့နေပြီ၊ပြင်ပနတ်ဆိုးတွေရဲ့ ဝါးမျိုတာခံလိုက်ရလို့ ငါကသေဆုံးသွားပြီးနောက် အရည်ခွံတစ်ခုပဲကျန်ခဲ့တယ်၊ဒါပေမဲ့ ကံကောင်းစွာနဲ့ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကိုရောက်ရှိလာခဲ့ပြီး ဘဝအသစ်ကိုရရှိခဲ့တယ်"

"အခုလက်ရှိဘဝမှာတော့ ငါ့ကို ကျင်းကျူလို့ခေါ်ကြတာပဲ၊ငါက လူသားလည်းမဟုတ်သလို လူသားမဟုတ်တဲ့သတ္တဝါလည်းမဟုတ်ဘူး၊ပြီးတော့ ငါကအသက်ရှင်နေတာလည်းမဟုတ်သလို သေနေတာလည်းမဟုတ်ဘူး"

ကျိယွမ်သည် ကျင်းကျူကို ကြည့်ပြီး နားလည်သွားခဲ့သည်။

ကျင်းကျူသည် ယခုအခါ၌ သတ္တုစွမ်းအင်၏ အိုးအိမ်တစ်ခုမျှသာ ဖြစ်သည်။

သူ၌ စိတ်ဝိညာဉ်ပင်မရှိဘဲ အလွန်ဇွဲကောင်းသော စိတ်ဆန္ဒလေးတစ်ခုသာ ကြွင်းကျန်နေသော အရာတစ်ခုသာဖြစ်သည်။

ထို့ကြောင့် သူသည် သေပြီးသား အခြေအနေနှင့် အတူတူပင်ဖြစ်၏။

“ခင်ဗျား ကျွန်တော့်ဆီက ဘာလိုချင်တာလဲ

ကျိယွမ်က ယခင်အတိုင်းသတိကြီးစွာ ထားလျှက်ကပင် မေးလိုက်သည်။

“ယင်ယန်တားမြစ်နယ်မြေရဲ့ သခင်ကြီးတုန်က အဝတ်အထည်ဌာနရဲ့သခင်ကို နှစ်ပေါင်း သုံးရာအကြာမှာ ကျင်းပမယ့် နတ်ဆိုးသတ်ပွဲအတွက် စည်းဝေးပွဲကို ဖိတ်ခေါ်ထားမှာပါ။

ငါတို့အားလုံးဟာ ဝမ်ယုကုန်းမြေကြီးက ဖြစ်ကြတာမို့ ပြင်ပနတ်ဆိုးတွေကို ပူးပေါင်းတိုက်ခိုက်သင့်တယ်မဟုတ်လား။ မဟုတ်ရင် ငါ့ရဲ့အရင်ဘဝကလို သေဆုံးပြီး လူ့အရေခွံပဲ ကျန်ခဲ့လိမ့်မယ်”

ကျင်းကျူက သက်ပြင်းချပြီး ရှည်လျားစွာရှင်းပြလေသည်။

ကျိယွမ်သည် ကျင်းကျူကို ကြည့်ကာ အနည်းငယ်ပြေလျော့သွားသည်။

ထိုအရာသည် လူ့အရေခွံတစ်ခုသာ ဖြစ်သော်လည်း မဟူရာတောင်တန်းဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များထက် ပို၍ သဘောကျစရာကောင်းသည်ဟု ခံစားရသည်။

“ကျွန်တော် ပြင်ပနတ်ဆိုးတွေကို သုတ်သင်မှာပါ”

ကျိယွမ်၏ လေသံက လုံးဝကိုခိုင်မာနေ၏။

သူသည် ပြင်ပနတ်ဆိုးဟုခေါ်ကြသော ဂိမ်း၏နောက်ဆုံးရန်သူကြီးကို သေချာပေါက်ရင်ဆိုင်ရလိမ့်မည်။

သူ၏ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကလည်း ထိုနောက်ဆုံးရန်သူနှင့် ​ပတ်သတ်နေသည်မဟုတ်ပါလား ။

မည်သူကမျှမဖိတ်ခေါ်လျှင်ပင် သူကသေချာပေါက်သတ်မည်ဖြစ်သည်။

သူ၏ခိုင်မာသောဆုံးဖြတ်ချက်ကိုကြားသောအခါ ကျင်းကျူ၏အမူအယာသည် ပိုမိုလေးနက်လာ၏။

"အခု အဝတ်အထည်ဌာနသခင်က ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကိုရောက်လာပြီဆိုတော့ ငါတို့က ဓာတ်ကြီးငါးပါးလေ့ကျင့်မြေကို ဖွင့်ပေးဖို့​ဆန္ဒရှိပါတယ်"

ကျင်းကျူက ဆက်၍ရှင်းပြသည်။

"ဓာတ်ကြီးငါးပါးလေ့ကျင့်မြေမှာ လူတစ်ယောက်ကိုသန်မာစေပြီးစွမ်းအားတွေကို တိုးမြှင့်ပေးနိင်တဲ့ ဒြပ်စင်စွမ်းအင်တွေရှိပါတယ်၊

ဒါကြောင့် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေမှာ လာရောက်လေ့ကျင့်ခဲ့တဲ့ လူငယ်တွေထောင်နဲ့ချီရှိတယ်၊အချို့ဆိုရင် နတ်ဘုရားအဆင့်ထိတောင် ရောက်သွားကြတယ်၊နတ်ဆိုးသတ်ပွဲက နှစ်သုံးရာလောက်လိုသေးတော့ အဝတ်အထည်ဌာနသခင်သာ လေ့ကျင့်နယ်မြေမှာ နှစ်တစ်ရာလောက်လေ့ကျင့်မယ်ဆိုရင် သိသိသာသာတိုးတက်လာနိုင်တယ်"

ကျိယွမ်စိတ်ဝင်စားသွား၏ ။

"အထဲမှာ မကောင်းဆိုးရွားတွေရှိလား"

ကျင်းကျူကမျော်လင့်မထားသောမေးခွန်းကြောင့် ခေတ္တကြောင်သွား၏။ပြီမှ "ရှိပါတယ်"ဟုပြန်ဖြေသည်။

"ပြဿနာမရှိဘူး မကောင်းဆိုးရွားတွေရှိရင် အဆင့်မြှင့်လို့ရတယ်"

"အဲဒါဆိုရင် နောက်ကလိုက်ခဲ့ပါ"

ကျင်းကျူက နေရာမှထွက်ခွာရန်ပြင်လိုက်သော်လည်း ကျိယွမ်ကရွေ့လျားခြင်းမရှိသေးပါ။

"ကျွန်တော့်မှာ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကိုလာရတဲ့ နောက်ထပ်ရည်ရည်ချက်တစ်ခုရှိသေးတယ်"

ဒြပ်စင်ငါးပါးတားမြစ်နယ်မြေသည် ရွှမ်းဟွမ်တားမြစ်နယ်မြေ၊ရိကွမ်းတားမြစ်နယ်မြေများနှင့်မတူပါ။ ယခင်တားမြစ်နယ်မြေများတွင် မကောင်းဆိုးရွားများကို အနိုင်ယူခြင်းဖြင့် နယ်မြေကိုထိန်းချုပ်နိုင်၏။

ရိကွမ်းတားမြစ်နယ်မြေကတော့ သတို့သမီးလေးကိုပါလက်ထပ်ရန်လိုအပ်သဖြင့် ချွင်းချက်တစ်ခုဖြစ်သည်။

ယခုဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် အဝတ်အစားမကောင်းဆိုးရွားများနှင့်မတူဘဲ ပုန်း​ကွယ်နေသောသို့မဟုတ်အိပ်စက်နေသော အင်အားကြီးသတ္တဝါများစွာ ရှိနေပုံရသည်။

သူသည် ထိုသတ္တဝါများကို သတ်၍မရသလို၊ ၎င်းတို့ကိုသတ်ခြင်းက အတွေ့အကြုံရမှတ်များ ရရှိမည့်ပုံလည်းမရှိပေ။

ထို့ကြောင့် ယခုတားမြစ်နယ်မြေကို မည်သို့ထိန်းချုပ်ရမည်ကို သူမသိပါ။

“အဝတ်အစားဌာနသခင်၊ ပြောပါ”

ကျင်းကျူကသူ၏ သဘာဝအတိုင်း ကြင်နာသောလေသံဖြင့် မေးသည်။

“ကျွန်တော် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ချင်တယ်။ နည်းလမ်းရှိလား”

ကျင်းကျူ အလွန်အံ့သြသွားကာ ကျိယွမ်ကို ​ထူးဆန်းသလို ကြည့်မိသည်။ဤအကြောင်းအရာမျိုးကို ကြားရမည်ဟု သူမျှော်လင့်ထားခဲ့ပုံ မရချေ။

ကျင်းကျူ ဘာမှ​မတုန့်ပြန်နိုင်သေးခင်မှာပင် မကျေနပ်သော အသံတစ်ခုက သူတို့နောက်မှ ပေါ်ထွက်လာ၏။

အသံပိုင်ရှင်မှာ အစိမ်းရောင်ဝတ်ထားသော မိန်းကလေးတစ်ဦးဖြစ်သည်။အရပ်ပုပုဖြင့် ချစ်စရာကောင်းသော်လည်း မျက်နှာထားက ပြင်းထန်နေသည်။

သူမက အလွန်ဒေါသထွက်နေပုံရ​၏။

“အဝတ်အထည်သခင်၊ ရှင်က ကျွန်မတို့ရဲ့ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ထိန်းချုပ်ချင်တယ်ပေါ့ ဘယ်လောက်တောင်ရဲတင်းလိုက်သလဲ"

"ဒါကဘာကိုဆိုလိုသလဲဆိုတာကိုရော ရှင်သိရဲ့လား၊ရှင်က ပြင်ပနတ်ဆိုးတွေစေလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်လို့ ကျွန်မသံသယရှိတယ်၊ မဟုတ်ရင် ဘာလို့ အချိန်ခဏလေးအတွင်းမှာ ရုတ်တရက်ကြီး ဒီအထိရောက်လာနိုင်မလဲ၊သေချာပေါက် နတ်ဆိုးတွေက ကူညီခဲ့တာပဲ"

ကျင်းကျူသာထိုနေရာတွင် မရှိခဲ့လျှင် အစိမ်းရောင်ဝတ်မိန်းကလေးသည် ကျိယွမ်၏ ခေါင်းဆီခုန်တက်ပြီး ရိုက်နှက်ခဲ့ဖွယ်ပင် ရှိသည်။

ကျင်းကျူက မိန်းကလေးကိုကြည့်ကာ ထုံးစံအတိုင်းကြင်နာစွာပြုံး၍ စကားဆိုလိုက်သည်။

"ရှောင်လူ ၊ငါတို့ရဲ့ ဧည့်သည်ကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံရဘူးလေ"

ထို့နောက် သူသည်ကျိယွမ်ဘက်သို့ လှည့်ကာ အဖြေပေးသည်။

“အဝတ်အထည်ဌာနသခင်၊ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ထိန်းချုပ်ဖို့ က တကယ်ပဲ ခက်ခဲပါတယ်​။ အဲဒါက မင်းရဲ့ အရည်အချင်းပေါ်မှာ မူတည်နေပြီး မင်းကသာ ဓာတ်ကြီးငါးပါးလေ့ကျင့်မြေမှာ ပြိုင်ဘက်ကင်းတဲ့အရည်အချင်းကို ပြသနိုင်မယ်ဆိုရင်တော့ ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ထိန်းချုပ်ဖို့က ဖြစ်လာနိုင်ပါတယ်"

ထိုစကားကြောင့် ကျိယွမ်သည် ကျင်းကျူကို ကျော်၍ ပတ်ဝန်းကျင်အနှံ့အာရုံခံကြည့်လိုက်ရာ ငြိမ်သက်နေသော ခေါင်းတလားများစွာကိုမြင်ပြီး အိပ်စက်နေသော စွမ်းအင်များစွာကို ခံစားမိသည်။

ထိုစွမ်းအင်တစ်ခုချင်းစီသည် အဆင့်ကိုးဆယ်အထက်တွင် ရှိသည်။

၎င်းတို့အနက် အချို့မှာ အကျည်းတန်ဝတ်စုံဘုရင်ကိုပင် ကျော်လွန်နေပြီး အဆင့်ကိုးဆယ့်ငါးထက် ပိုများဖွယ်ရှိသည်။မည်မျှပိုများသည်ကိုတော့ သူမသိပါ။

“ဒြပ်စင်ငါးပါးတားမြစ်နယ်မြေမှာ ခင်ဗျားက အသန်မာဆုံးဟုတ်ပုံမရဘူး။ ကျွန်တော့်ကို ထိန်းချုပ်ခွင့်ပေးဖို့ ခင်ဗျားက ဆုံးဖြတ်ပေးနိုင်ပါ့မလား”

“ဘာလို့မရမှာလဲ ၊ငါဆုံးဖြတ်နိုင်တာပေါ့"

ကျင်းကျူက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“ကောင်းပြီလေ ၊ ကျွန်တော် သဘောတူတယ်"

ကျိယွမ်က ပြန်ဖြေလိုက်ရင်းတားမြစ်နယ်မြေကို တစ်ချက်အကဲခတ်ကာ ထင်မြင်ချက်ပေးလိုက်သည်။

“ဒြပ်စင်ငါးပါးတားမြစ်နယ်မြေကို ရှင်းလင်းဖို့က အချိန်သိပ်ကြာမှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်”

အစိမ်းရောင်ဝတ်မိန်းကလေးသည် ကျိယွမ်ကို မကျေမနပ်ကြည့်ကာ ကျင်းကျူးဘက်သို့လှည့်ပြီး စိတ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။

“ဘိုးဘိုးကျင်းကျူ၊ ဘာလို့ သူ့ကိုဒီလိုကတိမျိုး ပေးလိုက်ရတာလဲ”

ကျင်းကျူကတော့ မည်သည့်စကားမှ မပြောဘဲ သူ၏ပုံစံအတိုင်း ကြင်နာစွာ ပြုံးနေလိုက်သည်။

ထို့နောက် ကျင်းကျူ၏ ဦးဆောင်မှုဖြင့် သူတို့သည် တားမြစ်နယ်မြေ၏ ပိုမိုနက်ရှိုင်းသောနေရာသို့ ဝင်ခဲ့၏။

လမ်းတစ်လျှောက်တွင် ကျိယွမ်သည်ပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းနေသည်။

ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတွင် အခြားမကောင်းဆိုးရွားများ မရှိသော်လည်း သဘာဝဘေးအန္တရာယ်နှင့် ပထဝီဝင်ဆိုင်ရာ ဘေးအန္တရာယ်များစွာရှိပြီး အလွန်အန္တရာယ်များသည်။

အဆင့်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ဝန်းကျင်များသာ မဆင်မခြင်ဝင်ရောက်လာပါက မုချသေဆုံးဖွယ်ရှိသည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် သူတို့သည် တိတ်ဆိတ်ငြိမ်သက်နေသော ချိုင့်ဝှမ်းတစ်ခုသိူ့ ရောက်လာ၏။

ထိုချိုင့်ဝှမ်းတွင် ခေါင်းတလား ခုနစ်ဆယ်ကျော် ရှိနေသည်ကို ကျိယွမ်တွေ့လိုက်ရသည်။ထိုခေါင်းတလားများအတွင်း၌ အင်အားကြီးသတ္တဝါများ အိပ်စက်နေသည်ကိုလည်း ကျိယွမ်သဘောပေါက်သည်။

ကျိယွမ်က ခေါင်းတလားများကို သတိအပြည့်ဖြင့် ကြည့်နေသည်ကိုမြင်သောအခါ ကျင်းကျူကရှင်းပြလေသည်။

"ဝမ်ယုတိုက်ကြီးရဲ့ အင်အားကြီးသူအများစုက ဒြပ်စင်ငါးပါးတားမြစ်နယ်မြေနဲ့ ယင်ယန်တားမြစ်နယ်မြေမှာ စု​စည်းနေကြတယ်၊ခေါင်းတလားတွေထဲမှာ နေကြတာက အနားယူဖို့လည်းဖြစ်သလို လေ့ကျင့်ဖို့လည်းဖြစ်တယ်၊နတ်ဆိုးသတ်ပွဲအစည်းအဝေးစတင်တဲ့အခါ သူတို့အားလုံးက ခေါင်းတလားတွေထဲကနေထွက်လာပါလိမ့်မယ်၊

အဲဒီအချိန်မှာ အဝတ်အထည်ဌာနသခင်လည်း သူတို့နဲ့အတူ ပူးပေါင်းပြီး ပြင်ပနတ်ဆိုးတွေကို သုတ်သင်ပါ"

ကျိယွမ်၏ မျက်ခုံးများက ကျုံ့သွားလေသည်။သူက အလိုမကျသလိုဖြင့် ခေါင်းတလားများအား ကြည့်လိုက်၏။

နှစ်သုံးရာကြီးလား။

ငါကဒီလောက်အကြာကြီး ဘယ်လိုလုပ်စောင့်နိုင်မှာလဲ၊အခုတောင် အသက်ကမငယ်တော့ဘူးကို၊နှစ်သုံးရာဆိုတာ မင်းဆက်တစ်ခုတောင် ပျက်သုဥ်းသွားအောင် ကြာတဲ့ကာလကြီးလေ။

ကျင်းကျူကတော့ ကျိယွမ်ဘာတွေးနေသလဲ မသိပါ။ သူက ခေါင်းတလားတစ်ခုအနီးသို့လျှောက်သွားကာ ညင်သာစွာခေါက်လိုက်သည်။

တစ်ခုခုကို အချက်ပေးသည့်သဘောရလေ၏။

သို့သော် ခေါင်းတလားမှ တုံ့ပြန်မှုမရှိပေ။

ကျင်းကျူက မလုံလောက်သေးသောကြောင့်ဖြစ်မည်ဟု တွေးကာ ပိုမိုပြင်းထန်စွာ အကြိမ်အနည်းငယ် ထပ်ခေါက်လိုက်သည်။

သို့သော် တုံ့ပြန်မှု မရှိသေးပေ။

ကျင်းကျူ နားမလည်နိုင်ဖြစ်သွား၏။

ခေါင်းတလားကအဘယ့်ကြောင့် မတုန့်ပြန်လေသနည်း။

“ဟင်”

ထိုအချိန်တွင် ကပ်လျက်ရှိသော ခေါင်းတလား၏ အဖုံးကရုတ်တရက်ပွင့်လာပြီး ကြမ်းတမ်းသည့်ပုံစံရှိသော အမျိုးသားတစ်ဦး ထထိုင်သည်။

“ကျင်းကျူ၊ မင်းရဲ့ အရင်ဘဝကလိုပဲ မင်းရဲ့ မှတ်ဉာဏ်တွေပါ ပျောက်ဆုံးသွားပြီလား။ မင်းက ခေါင်းတလားတောင် မှားခေါက်နေပြီ”

ကျင်းကျူက ရှက်ရှက်နှင့်ဖြေလိုက်၏။

“အဟမ်း....မတော်တဆမှားခေါက်မိတာပါ”

သို့သော် ကြမ်းတမ်းပုံရသောအမျိုးသားက ကျင်းကျူကိုအာရုံမရှိတော့ပါ။သူသည် ကျိယွမ်ကို ကြည့်လိုက်ပြီး သူ့၏စူးရှိသောမျက်လုံးများက စူးစမ်းနေပုံရသည်။

“မဆိုးပါဘူး၊၊ သတို့သမီးမင်းသမီးရဲ့ အကူအညီလည်းပါတယ်ဆိုတော့ မင်းကမျိုးစေ့ကောင်းပဲ ၊မင်းအတွက် ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးမြေကို ဖွင့်ပေးဖို့ ငါ့ရဲ့ အဆီအနှစ်ကို သုံးရကျိုးနပ်တယ်"

ထိုသူက ​မျှော်လင့်ချက်ကြီးစွာ ဆက်ပြော၏။

"နှစ်သုံးရာအတွင်း မင်းက ငါတို့ရဲ့အဓိက အင်အားတစ်ခု ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်”

-----------------

All Chapters