ယင်ယန်တားမြစ်နယ်မြေမှာ အချိန်အတော်ကြာနေပြီးနောက် စကားပြောဟန်ကပင် ထူးခြားလာသည်
Vol. 4 Ch. 60
လွန်ခဲ့သောနှစ်သုံးရာခန့်က ဗေဒင်ဆရာတစ်ဦးသည် နတ်ဆိုးသတ်ပွဲအတွက် အနာဂတ်အလားအလာကို အရိပ်အမြွတ်မျှမြင်တွေ့ရန် သူ၏သက်တမ်းကိုသုံး၍ တွတ်ချက်ခဲ့၏။
ရလဒ်က ဆယ်ယောက်သွားဆယ်ယောက်သေခြင်းပင်ဖြစ်၏။အသက်ရှင်ဖို့အခွင့်အရေးက လုံးဝမရှိပါ။
ယခုအချိန်မှာတော့ တန်ယန်သည်မည်သည့်အရာကို မြင်တွေ့ခဲ့သနည်း။
သူသည် နတ်ဘုရားတစ်ပါးထက်ပင် သာလွန်သော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာသည်ကို မြင်ခဲ့ရသည်။
ဤအခွင့်အရေးက ကောင်းကင်ဘုံ၏သနားညှာတာမှုမှလွဲ၍ ဘာများဖြစ်နိုင်ဦးမည်နည်း။
ကျန်သုံးဦးသည်လည်း တန်ယန်နည်းတူ တွေးမိနေသည်။
ဓာတ်ကြီးငါးပါးလုံးကို ပြည့်စုံစွာစုဆောင်းနိုင်ခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပါယ်ဖြစ်သည်ကို နားလည်ကြသည်။
အဝတ်အထည်ဌာနသခင်သည် နတ်ဘုရားများကိုပင် ကျော်လွန်ရန်အခွင့်အရေးများရှိနေသည်ဟု ဆိုလိုသည်မဟုတ်ပါလား။
ပြင်ပနတ်ဆိုးများကို ရင်ဆိုင်ယှဥ်ပြိုင်နိုင်သူကတော့ ပေါ်ထွက်လာခဲ့လေပြီ။
နတ်ဆိုးသတ်ပွဲသည် ဆယ်ယောက်သွား ဆယ်ယောက်သေခြင်းအဖြစ် ရှိနေဦးမည် မဟုတ်တော့ပဲ ဆယ်ယောက်သွား တစ်ယောက်အသက်ရှင်ခြင်း ဖြစ်သွားနိုင်သည်။
တန်ယန်သည် အေးစက်စက် လေသံဖြင့် "ဒီကိစ္စကို သခင်ယုနဲ့သခင်လုံပန်ထံ အစီရင်ခံရမယ်" ဟု ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူက ယနေ့တွေ့ရှိချက်များကို လေ့ကျင့်ရေးကွင်းအပြင်ဘက်သို့ ချက်ချင်း ပို့လွှတ်လိုက်သည်။
................
ဒြပ်စင်ငါးပါးတားမြစ်နယ်မြေတစ်နေရာမှ ချိုင့်ဝှမ်းတစ်ခုတွင် ခေါင်းတလား ဒါဇင်ပေါင်းများစွာသည် တိတ်ဆိတ်စွာ ရှိနေသည်။
ရုတ်တရက် အလယ်ရှိ ခေါင်းတလား၏ အဖုံးက ပွင့်လာ၏။
အမျိုးသား သို့မဟုတ် အမျိုးသမီးဟု မသတ်မှတ်နိုင်သော လှပသည့်ပုဂ္ဂိုလ်တစ်ဦး က အခေါင်းထဲမှထထိုင်လိုက်သည်။
အတောင်ပံများပါသော ဝတ်ရုံကိုဝတ်ဆင်ထားပြီး အလွန်ခန့်ညားသော ထိုပုဂ္ဂိုလ်သည် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေရှိ နတ်ဘုံအထွတ်အထိပ်အဆင့် နှစ်ဦးထဲမှတစ်ဦးဖြစ်သော ယု ဖြစ်သည်။
သူသည် အခြားခေါင်းတလားများကို ကြည့်လိုက်၏။သူ၏အမူအရာသည် ရှေးဟောင်း ရေတွင်းကဲ့သို့ တည်ငြိမ်နေသည်။
ခဏအကြာတွင် အခြားခေါင်းတလားများမှာလည်း တစ်ခုပြီးတစ်ခု ပွင့်လာကြသည်။
ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားတစ်ဦးက အခေါင်းထဲမှ မတ်တပ်ထရပ်ကာ မြေကြီးပေါ်သို့ တံတွေးထွေးလိုက်ပြီး အဆင်မပြေသောလေသံဖြင့် မေးလိုက်သည်။
"သခင်ယု၊ နောက်ဆုံးအကြိမ်က အစည်းအဝေးလုပ်တာ မပြီးသေးဘူးလား။ ဘာလို့ ပြန်ပြီးနှိုးရတာလဲ"
ငေးကြောင်ကြောင်ဖြစ်နေသော အဘိုးအိုတစ်ဦးကတော့ နဝေတိမ်တောင်အမူအယာဖြင့် ရေရွတ်၏။
"ဘယ်အချိန်ရှိပြီလဲ။ နတ်ဆိုးသတ်ပွဲအစည်းအဝေး ရောက်ပြီလား"
အခြားသူများကလည်း ယုကိုအံ့သြသော အမူအရာများဖြင့် ကြည့်ကြသည်။
နတ်ဆိုးသတ်ပွဲက နှစ်သုံးရာခန့်သာ ကျန်တော့သည်။သူတို့က အချိန်ပြည့်လေ့ကျင့်နေရန်လို၏။အရေးမကြီးသော ကိစ္စမရှိဘဲ မနိုးထချင်ပေ။
"ဟိုတလောကရောက်လာတဲ့ အဝတ်အထည်ဌာနသခင်ကို မင်းတို့မှတ်မိကြလား"
"သူက ဘာဖြစ်လို့လဲ"
စိတ်မရှည်တတ်ဟန်ရှိသည့် ထွားကျိုင်းသောအမျိုးသားက တိုတိုပြတ်ပြတ်မေးလိုက်သည်။
အခြားသူများကလည်း ယုကိုနားမလည်သလို ကြည့်ကြသည်။
ငါတို့ကိုနှိုးလိုက်တာက အဝတိအထည်ဌာနသခင်ကြောင့်လား။
ဘာလို့လဲ။
သူကတကယ်ပဲ ပြင်ပနတ်ဆိုးတွေရဲ့ သူလျှိုဖြစ်နေလို့လား။
"တန်ယန်က သတင်းပို့လိုက်တယ်။အဝတ်အထည်ဌာနသခင်က ရေဓာတ်စင်ရဲ့အမြင့်ဆုံးပါရမီရှင်ဖြစ်ပြီး သူ့ထက်တောင် ပိုပြီးခွန်အားကြီးတယ်တဲ့"
ယုကတည်ငြိမ်စွာ ဆိုလိုက်သည်။
"တန်ယန်ထက် ပိုခွန်အားကြီးတာလား။ဒါဆိုသူ့ပါရမီက တကယ်ကိုအမြင့်ဆုံးပေါ့။ အနှစ်တစ်ထောင်လောက်သာ အချိန်ပေးမယ်ဆိုရင် သူဟာကောင်းကင်ဘုံနတ်ဘုရားအသစ် ဖြစ်လာနိုင်တယ်။ တကယ့်ကို ဝမ်းနည်းစရာပဲ"
လူထွားကြီးက သက်ပြင်းချလိုက်သည်။
"ဘယ်လောက်ပိုပြီး ခွန်အားကြီးတာလဲ"
တစ်ယောက်က သိချင်စွာမေး၏။
ယူကတိုးညင်းစွာဖြင့် ဖြေပေးလိုက်သည်။
"အများကြီးတော့ မဟုတ်ဘူး။ ရေဓာတ်ဝိညာဥ်တစ်ကောင်ကနေ ရေဓာတ်စင်ချီတစ်မျှင်ကို နားလည်ရုံလောက်ပါပဲ "
သင်္ချိုင်းမြေတစ်ခုလုံးတိတ်ဆိတ်သွားသည်။
လုံးဝကို တိတ်ဆိတ်သွားသည်။
ဆယ်စက္ကန့်ခန့်ကြာသောအခါမှ ထွားကျိုင်းသောအမျိုးသား၏အိမ်မက်ထဲမှထယောင်သလိုအသံမျိုး ထွက်လာသည်။
"ဒါက တစ်လအတွင်းမှာ ရေဓာတ်စွမ်းအားကို ပြည့်စုံအောင် စုဆောင်းနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"
မည်သူမျှ ပြန်မဖြေကြပါ။
ဒါကနည်းနည်းများသွားပြီ မဟုတ်လား။
နည်းနည်းမဟုတ်ဘူး အများကြီးများသွားတာ။
ဘယ်သူက ရေဓာတ်စွမ်းအားကို တစ်လတည်းနဲ့ ပြည့်စုံအောင်စုဆောင်းနိုင်မှာလဲ။
နှစ်ပေါင်းထောင်ချီလုပ်နေတာတောင် မရနိုင်တဲ့ကိစ္စကြီးလေ။
"အရေးအကြီးဆုံးကတော့ သူ့ရဲ့ရေဓာတ်ပါရမီတစ်ခုတည်းက အမြင့်ဆုံး ဖြစ်နေတာတင်မကဘဲ ကျန်တဲ့ဓာတ်စင်လေးခုရဲ့ ပါရမီတွေကလည်း အတူတူပဲ"
ယု၏ အသံက တည်ငြိမ်နေသော်လည်း မည်သူမဆို သူ့အသံတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်ကို ခံစားနိုင်သည်။
"ဘာ"
"ဘာပြောတယ်...ငါးမျိုးလုံးမှာ အမြင့်ဆုံးပါရမီရှိနေတာလား"
"ဒါက လူမှဟုတ်သေးရဲ့လား"
"သေလိုက်ပါတော့..."
လက်ရှိလောက၏ အမြင့်ဆုံးသောခွန်အားရှင်များအားလုံး အလွန်တုန်လှုပ်သွားသည်။
သူတို့က အမြင့်ဆုံးသောကျင့်ကြံသူများ၏ ဟန်ပန်များကို မထိန်းသိမ်းထားနိုင်တော့လောက်အောင်ပင် ဖြစ်နိုင်၏ မဖြစ်နိုင်၏ကို ဝေဖန်လေကန်မှုများ ပြုလုပ်မိကြတော့သည်။
ယခုတင် တိတ်ဆိတ်နေခဲ့သော သင်္ချိုင်းနယ်မြေက လမ်းဘေးဈေးကဲ့သို့ ဆူညံသွား၏။
ခေါင်းတလားများထဲမှ လူတိုင်းသည် တုန်လှုပ်နေကြသည်။
သူတို့အားလုံးသည် နတ်ဘုံအဆင့်များဖြစ်သည်။ထို့ကြောင့် ဓာတ်ကြီးငါးပါးစွမ်းအားများအကုန်လုံးပြည့်စုံခြင်း၏ အဓိပ္ပာယ်ကို အခြားသူများထက်နားလည်၏။
ထိုအရာသည် မည်သို့သော အဓိပ္ပါယ်ရှိလေသနည်း။
အဝတ်အထည်ဌာနသခင်သည် အကန့်အသတ်များကို ဖောက်ထွက်ပြီး နတ်ဘုရားများထက် ဝေးကွာသောလမ်းကို လျှောက်နိုင်သည်ဟု ဆိုလိုသည်မဟုတ်ပါလား။
"ကံမကောင်းတာက နှစ်သုံးရာပဲ ကျန်တော့တယ်"
ရုတ်တရက် တစ်စုံတစ်ဦးက သက်ပြင်းချလိုက်သည်။
အခြားသောသူများကလည်း ခါးသီးသောခံစားချက်ကြောင့် ဝမ်းနည်းသွားကြသည်။
အဝတ်အထည်ဌာနသခင်တွင် နတ်ဘုရားများကို ကျော်လွန်နေသော ပါရမီရှိသည်။
သို့သော် သူသည် နတ်ဘုံအဆင့်သို့ မကြာသေးမီကမှ ရောက်ရှိခဲ့သူဖြစ်ပြီး နှစ်သုံးရာဆိုသော အချိန်က သူ၏ကျင့်ကြံမှုကို အကန့်အသတ်မဲ့အထိမြှင့်တင်ရန် မလောက်ငှနိုင်ပေ။
"အနည်းဆုံးတော့ နှစ်သုံးရာကျန်သေးတယ်လေ"
ယု၏ အသံက နူးညံ့သော်လည်း မယုံနိုင်လောက်အောင် ခိုင်မာနေသည်။
"အဝတ်အထည်ဌာနသခင်က ငါတို့ဘက်မှာရှိနေပြီဆိုတော့ အခြေအနေကို ဘယ်လို ဖောက်ထွက်မလဲဆိုတာ စဥ်းစားသင့်တယ်"
နတ်ဆိုးသတ်ပွဲသည် ဆယ်ယောက်သွား ဆယ်ယောက်သေခြင်းဖြစ်ရာ သူတို့သည် ဆယ်ယောက်သွား တစ်ယောက်ရှင်ခြင်းဖြစ်အောင် အရာအားလုံးကို အစွမ်းကုန်ပေးဆပ်ကာ လုပ်ကြမည်ဖြစ်သည်။
"ငါပြောချင်တာကတော့... နတ်ဘုရား ရောင်ပြန်ဟပ်ခြင်းပဲ"
ယုက ညင်သာစွာ ပြောလိုက်ရာ ထိုနေရာသည် အသက်ရှုသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်မှာ အပ်ကျသံကိုပင် ကြားနိုင်သည်။
"ငြင်းဆန်သူ ဘယ်သူမဆို သတ်ခံရမယ်"
ယု၏ အေးစက်သော အကြည့်က လူတိုင်းအပေါ်သို့ ကျရောက်သွားပြီး သူ၏လေသံသည် ပထမဆုံးအကြိမ်အဖြစ် မာန်ပါပြီး အာဏာဆန်လာသည်။
"ငါ့အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး"
"ငါရောပဲ"
"ဟားဟားဟား ဟား ၊ ပြင်ပနတ်ဆိုး သေချင်းဆိုးကို သတ်နိုင်သရွေ့ ဘာမဆို လုပ်မယ်"
နတ်ဘုံအဆင့်အားလုံးက ရယ်မောကြပြီး မည်သူမျှ ငြင်းဆန်ခြင်း ကန့်ကွက်ခြင်းမရှိပေ။
နတ်ဘုရား ရောင်ပြန်ဟပ်ခြင်းသည် နတ်ဘုံအဆင့်ကျင့်ကြံသူများသာ ကျွမ်းကျင်သော အထူးလျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်သည်။
သူတို့သည် သူတို့၏တစ်ဘဝစာအတွေ့အကြုံများအားလုံးအပါအဝင် သူတို့၏ နားလည်သဘောပေါက်မှုများအားလုံးကို အခြားတစ်ဦး၏ စိတ်ဝိညာဥ်ထဲသို့ နက်ရှိုင်းစွာ ထည့်သွင်းပေးရသောနည်းစနစ်ဖြစ်၏။
ထိုအရာက သူတို့အားလုံးသည် အဝတ်အထည်ဌာနသခင်အပေါ် အရာအားလုံးကို ပုံအောလိုက်ခြင်းဟုပင် ဆိုနိုင်သည်။
နတ်ဘုရား ရောင်ပြန်ဟပ်ခြင်းကို ပြုလုပ်ပြီးနောက်တွင် သူတို့သည် အားနည်းသွားပြီး ပြန်ကောင်းလာရန်အတွက် အနှစ်တစ်ရာခန့် အနည်းဆုံးလိုအပ်သည်။
ပုံမှန်ဆိုလျှင် နတ်ဘုံအဆင့်များသည် သူတို့၏ဘဝနောက်ဆုံးအဆုံးပိုင်းသို့ ရောက်ရှိနေမှသာလျှင် နတ်ဘုရားရောင်ပြန်ဟပ်ခြင်းကို အသုံးပြုလေ့ရှိသည်။
ယုသည် လူတိုင်းကိုကြည့်ပြီး ညင်သာစွာဖြင့် "အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် ထွားကျိုင်းသော အမျိုးသားက လွတ်နေသော ခေါင်းတလားတစ်လုံးကို သတိထားမိသွားသည်။
"သခင်လုံပန်က ဘယ်မှာလဲ။ ဘာလို့ သူ့ခေါင်းတလားထဲမှာ မရှိတာလဲ"
ယုသည် ယင်ယန်တားမြစ်နယ်မြေဆီသို့ အကြည့်တစ်ချက် ဝေ့လိုက်သည်။
"သူ ယင်ယန် တားမြစ်နယ်မြေကို သွားတယ်။ အဲ့ဒီကလူတွေက စကားပြောဖို့ လွယ်ကူတာ မဟုတ်ဘူး၊ သူက သူတို့ကို အဝတ်အထည်ဌာနသခင်အပေါ် နတ်ဘုရား ရောင်ပြန်ဟပ်ခြင်းကို လုပ်ပေးဖို့အတွက် ဆွဲဆောင်ရမယ်"
"ဟင်"
လူတိုင်း၏အသက်ရှုသံများပြင်းထန်လာကြသည်။
လုံပန်၊ အမြဲတမ်း နှုတ်ဆိတ်နေတတ်သော မုတ်ဆိတ်မွေးနှင့်အမျိုးသားသည် ယင်ယန် တားမြစ်နယ်မြေသို့ တကယ်ပင် သွားခဲ့သည်။
ထိုနေရာမှကျင့်ကြံသူများကို ဆွဲဆောင်ရန် မဟုတ်ပဲ သေချာပေါက် သူတို့ကို လက်နက်ချစေရန် တိုက်ခိုက်ဖို့သာ ဖြစ်သည်ဟု သူတိူ့အားလုံးအလိုလိုသိနေသည်။
လုံပန်နှင့်သခင်ယုနှစ်ဦးစလုံးသည် အဝတ်အထည်ဌာနသခင်ကို အမြန်ဆုံး သန်မာလာစေရန် ရှိသမျှအကုန်သုံးပြီး ကူညီပေးမည်ဟု စိတ်ပိုင်းဖြတ်ထားပုံရသည်။
ထိုအချိန်တွင် ဒြပ်စင်ငါးပါးတားမြစ်နယ်မြေရှိ ဟင်းလင်ပြင်က လှုပ်ရှားသွားသည်။
မုတ်ဆိတ်မွေးနှင့်တိတ်တိတ်နေတတ်သော လုံပန် ပြန်ရောက်လာခြင်းပင်။
သူ၏ဘယ်ဘက်လက်မှဝတ်ရုံစတွင် သွေးများ တစက်စက်စီးကျနေသည်။
လုံပန်က အားလုံးကိုတစ်ချက်ကြည့်ကာ ပြုံးပြလိုက်၏။
"ယင်ယန်တားမြစ်နယ်မြေကို ငါဆွဲဆောင်နိုင်ခဲ့တယ် "
အားလုံးကတော့ သွေးများစီးကျနေသောသူ၏လက်မောင်းကိုသာကြည့်နေပြီး စကားမဆိုကြချေ။
လုံပန်သည် ခွန်အားအလွန်ကြီးပြီး တစ်သက်လုံး မရှုံးဖူးပါ။ သူသည် သတို့သမီးမင်းသမီးနှင့်ပေါင်းစည်းထားသော ကောင်းကင်ဘုံနတ်ဘုရားကို ရှုံးနိမ့်ခဲ့သည်မှလွဲ၍ မည်သည့်အခါမှ မရှုံးနိမ့်ခဲ့ပေ။
ယခု သူဒဏ်ရာရခဲ့ခြင်းက ယင်ယန် တားမြစ်နယ်မြေမှကျင့်ကြံသူများနှင့် လုံပန်၏တိုက်ပွဲက မည်မျှ ပြင်းထန်ခဲ့သည်ကို ပြသနေသည်။
လုံပန်သည် ဒဏ်ရာရနေသော်လည်း တည်ငြိမ်စွာဖြင့် "သူတို့က ယင်ယန်တားမြစ်နယ်မြေမှာ အကြာကြီးနေခဲ့တာဆိုတော့ သူတို့ရဲ့ စကားပြောပုံတွေက ထူးခြားလာတယ်လေ။ တိုက်ခိုက်တာက ရှောင်လွှဲမရဘူး" ဟု ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့ကငါတို့ရဲ့ မဟာမိတ်တွေပဲ။ ငါလည်းအလွန်အကျွံ လုပ်လို့မရဘူး"
"သူတို့က တစ်ခုတော့တောင်းဆိုခဲ့ကြတယ်။အဝတ်အထည်ဌာနသခင်က ကျန်းဟွာကို အနိုင်ယူရမယ်၊ နိုင်ခဲ့ရင်တော့ နတ်ဘုရား ရောင်ပြန်ဟပ်ခြင်းကို လုပ်ပေးမယ်တဲ့"
ထိုသို့ပြောပြီးနောက် လုံပန်သည် သူ၏ ခေါင်းတလားဆီသို့ လျှောက်သွားပြီး လဲလျောင်းကာ အဖုံးကို လက်ဖြင့် အုပ်လိုက်သည်။
အခြားလူများကလည်း စကားထပ်မဆိုကြတော့ဘဲ သူတို့၏ခေါင်းတလားများထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
ထိုနေရာသည် ပြန်လည် တိတ်ဆိတ်သွားပြန်၏။
မလှမ်းမကမ်းတွင် အစိမ်းရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦးသည် လက်များကိုပိုက်လျှက် တိတ်ဆိတ်စွာ တုန်ရီနေခဲ့သည်။
ထိုအချိန်တွင် နူးညံ့သော မျက်နှာရှိသည့် ဘိုးဘေးရှုကျူ ပေါ်လာပြီး မိန်းကလေး၏ ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်သည်။
သူသည် မည်သည့်စကားမှမပြောဘဲ တိတ်ဆိတ်နေရင်းကပင် ကြင်နာစွာပွတ်ပေးနေသည်။
အစိမ်းရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးသည် အချိန်အတော်ကြာအောင် ငိုယိုပြီးနောက် မျက်လုံးနီရဲကာ ခေါင်းမော့ပြီး မေးလိုက်၏
"ဘိုးဘေးတို့က တကယ်ပဲ ဒီလိုလုပ်ရမှာလား"
ရှုကျူသည် ကြင်နာသောအမူအရာဖြင့် ဖြေသိမိ့ပေးသည်။
"ကလေး၊ ငါတို့က ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒီကမ္ဘာထဲမှာပဲ အခြားပုံစံနဲ့ ရှိနေဦးမှာပါ"
"ဘိုးဘေး"
အစိမ်းရောင် မိန်းကလေးက ရှုကျူကို ပွေ့ဖက်လိုက်ပြီး မျက်ရည်များ ထိန်းမရအောင် ကျဆင်းလာသည်။
....................
ကျိယွမ်သည် အဓိကနေရာမှထွက်ပေါ်လာသည်။
သူကအဝေးမှ လူလေးယောက်ကို ကြည့်ပြီး ပြုံးပြကာ နှုတ်ဆက်လိုက်၏။
"မင်းတို့က တကယ်ကို နားလည်တတ်သားပဲ"
တိုက်ပွဲဖြစ်နေချိန်တွင် သူသည်ထိုလေးယောက်ကို သတိထားမိခဲ့သော်လည်း ဂရုမစိုက်ခဲ့ပေ။
ယခု ဂိမ်းထဲမှထွက်ရန်ပြင်ဆင်နေစဥ် သူတို့အား နှုတ်ဆက်ရန်ဆုံးဖြတ်ကာ သူတို့အနီးသို့ထွက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုလေးဦးက ထွက်ပြေးနေသော ရေဓာတ်ဝိညာဥ်များကို ထောင်ချောက်ဆင် ကာ ဖမ်းထားသည်ကို သူတွေ့လိုက်ရသည်။
ပမာဏများများ မဟုတ်ဘဲ ဒါဇင်အနည်းငယ်သာဖြစ်သည်။
သို့သော် မည်သို့ဖြစ်သည်ကို သူမသိသော်လည်း ထိုရေဓာတ်စင်ဝိညာဥ်များသည် အနီရောင်ဝတ်စုံဝတ်ထားသောအမျိုးသားကို ဖဲ့ခြွေပစ်ရန် ဆန္ဒရှိသည့်အလား သွားများဖြင့် ကိုက်ချင်နေပုံရသည်။
"အဝတ်အထည်ဌာနသခင် ၊ နားလည်ပေးပါ"
ဤရေဓာတ်စင်များသည် အဓိကနယ်မြေမှ ထွက်ပြေးလာသောအချိန်တွင် သူတို့မှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အဝတ်အထည်ဌာနသခင်ကို အကျိုးပြုနိုင်ပြီး သူတိုးတက်ရန်အတွက် ကူညီပေးနိုင်ခြင်းက သူတို့အတွက် လုပ်ရကျိုးနပ်သည့် အရာတစ်ခု ဖြစ်သည်။
ကျိယွမ်သည် သူ၏ဓားကိုထုတ်ယူပြီး ရေဓာတ်စင်ဝိညာဥ်များစွာကို အလွယ်တကူ သတ်ပစ်လိုက်သည်။
ယနေ့တွင် ဓာတ်စင်ဝိညာဥ်များစွာကို သတ်ခဲ့သော်လည်း ဓာတ်ကြီးငါးပါးကို ပြည့်စုံအောင် လုပ်ဆောင်ရန်အတွက်မှာ အနည်းဆုံး လဝက်ခန့် လိုအပ်နေဦးမည်။
ထိုအရာကိုတွေးမိသောအခါ ကျိယွမ် တော်တော်လေး စိတ်မသက်မသာဖြစ်ရ၏။
တန်ယန်သည် ကျိယွမ်၏ မျက်နှာအမူအရာကို သတိပြုမိပြီး မေးလိုက်သည်။
"အဝတ်အထည်ဌာနသခင်၊ စိတ်ပူစရာတစ်ခုခုများ ရှိလား။ ငါတို့က အဝတ်အထည်ဌာနသခင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးချင်ပါတယ်"
သူတို့၏ မဟာမိတ်ကိုအင်အားတိုးတက်စေရန်ကူညီပေးခြင်းသည် ထန်ယန် အလုပ်ပေးချင်ဆုံးသော အရာဖြစ်သည်။ထိုသူအင်အားကြီးလေ သူတို့အတွက်မျှော်လင့်ချက် ရှိလေပင်။
"အင်း၊ နှေးလွန်းတယ်၊ ဓာတ်ကြီးငါးပါးပြည့်စုံအောင် လုပ်ဖို့အတွက် လဝက်လောက် သတ်ရမယ်၊ဒါက တကယ်ပဲ နှေးလွန်းတယ်"
ကျိယွမ်သည် စိတ်ရင်းမှန်ဖြင့် ထုတ်ပြောကာ သက်ပြင်းချလိုက်သည်။
ဒြပ်စင်ငါးပါးတားမြစ်နယ်မြေသည် ဂိမ်း၏ အခန်းတစ်ခန်းဖြစ်ပြီး ဓာတ်ကြီးငါးပါးလေ့ကျင့်ရေးကွင်းသည် အခန်းငယ်တစ်ခုဖြစ်ကာ အဓိကနေရာသည် အငယ်ဆုံးအခန်းလေးဖြစ်သည်။
ထိုသို့သော အငယ်ဆုံးဂိမ်းအခန်းလေးကို ရှင်းလင်းရန်အတွက် လဝက်ခန့် လိုအပ်နေ၏။
ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းမိသည်။
"ငါ့ပါရမီကအရမ်းအားနည်းလွန်းတယ်......"
ထန်ယန် "…"
ဆံထုံးနှင့်မိန်းကလေး "…"
လီချင်း "…"
အနီရောင်ဝတ်ထားသော အမျိုးသားက စိတ်ထဲမှပင် ကျိတ်ကာဆဲမိသွားသည်။
သူတော်တော်လေး စိတ်မချမ်းမသာဖြစ်မိ၏။
အဝတ်အထည်ဌာနသခင်၏ပါးစပ်က အလွန်စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းသည်ဟု သူခံစားရသည်။
ဓာတ်ကြီးငါးပါးကို ပြည့်စုံအောင် လုပ်ဖို့အတွက် လဝက်ခန့်လား။
ပြီးတော့ နှေးနေသေးတယ်လို့လည်း ခံစားနေရသည်တဲ့လား။
မတူညီသော ထိပ်တန်းပါရမီရှင်ငါးဦးဆိုလျှင်ပင်အနှစ်သုံးထောင်ကျော် အချိန်ယူရမည့် ကိစ္စဖြစ်သည်။
သူက လဝက်ခန့် အချိန်ယူရခြင်းကို ရမယ်ရှာကာ ညည်းပြနေ၏။
တမင်အဆဲတောင်းနေတာပဲ။
ထန်ယန်ကတော့ စိတ်ကိုအတည်ငြိမ်ဆုံးဖြစ်အောင်ထိန်းကာ အဆင်ပြေမည့်နည်းလမ်းကို အကြံပြုလိုက်သည်။
"အဝတ်အထည်ဌာနသခင် သတ်ဖို့အတွက် ဓာတ်စင်ဝိညာဥ်တွေကို ထောင်ချောက်ဆင် ဖမ်းဖို့ တခြားသူတွေကိုငါစုဆောင်းလိုက်ပါ့မယ်"
သူသည် နားလည်သဘောပေါက်ခြင်းအကြောင်းကိုပင် မပြောတော့ပဲ သတ်ဖြတ်ခြင်းအကြောင်းကိုသာ ပြောတော့သည်။
မည်သို့ဆိုစေ အဝတ်အထည်ဌာနသခင်သည် သဘောပေါက်ရန် သတ်ဖြတ်ခြင်းကို လုပ်ရန်သာလိုသည်။
"ကျေးဇူးတင်ပါတယ်"
ကျိယွမ်သည် သူ့ကိုယ်သူ တော်တော်လေးစမတ်ကျလာသည်ဟု တွေးပြီးဓာတ်ကြီးငါးပါးအနှစ်သာရသဲတချို့ကို ထုတ်ယူလိုက်သည်။
"ဒီအသေးအမွှားလေးတွေကို အဓိကနေရာမှက ကောက်ရလာတာ။ မင်းတို့အတွက် အသုံးဝင်လောက်တယ်။ ရော့၊ ယူလိုက်"
ကျိယွမ်သည် ဓာတ်ကြီးငါးပါးအနှစ်သာရသဲများကို သူ့အားရိုသေလေးစားဟန်ရှိနေသော လူငယ်လေးယောက်ဆီသို့ ပစ်ပေးလိုက်သည်။
သူကအရေးမပါသောအရာများလို လက်လွယ်စပယ်ပစ်ပေးလိုက်သော်လည်း တန်ယန်တို့လေးယောက်မှာ ထိတ်လန့်သွားကြလေသည်။
သူတို့က ရောင်စုံသဲများကို ကြည့်ကာ တပြိုင်တည်းလိုလို အော်မိလိုက်ကြ၏။
"ဒါ..ဒါက ဓာတ်ကြီးငါးပါးအနှစ်သာရသဲတွေလား"
---------