← Chapters

ဆင့်ကဲဖြစ်ပေါ်မှုအစီအစဥ်

Vol. 12 Ch. 170

ဆင့်ကဲဖြစ်ပေါ်မှုအစီအစဥ်

Vol. 12 Ch. 170

စိတ်ထဲတွင် ရှင်းလင်းသောအစီစဥ်တစ်ခုနှင့် လင်းရှန်သည် တတိယတွဲသို့ ရောက်ရှိလာပြီး တင်းကျန်းရီ၏ နေရာထိုင်ခင်းကို စီစဉ်ပေးရန် ရည်ရွယ်ခဲ့သည်၊၊ သို့သော် သူမသည် ဖုတ်ကောင်ကျီးများမှ ယူထားသော အနက်ရောင်ပိုးကောင်များကို စိတ်အားထက်သန်စွာ လေ့လာနေဆဲဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။

“အလုပ်လုပ်နေတဲ့အချိန်မှာ အနှောင့်အယှက်ခံရတာ မကြိုက်ဘူး’’

တင်းကျန်းရီက အလုပ်ရပ်လိုက်ပြီး လင်းရှန်ကို လှည့်ကြည့်ကာ ပြောသည်။

“ဒါပေမယ့် ရှင်ကတော့ ခြွင်းချက်ပေါ့’’

လင်းရှန်သည် အနည်းငယ် အံ့အားသင့်သွားသည်။

“ငါ မမျှော်လင့်ထားတဲ့ စကားပဲ”

“ရှင်က ကျွန်မရဲ့ အလုပ်ရှင်လည်းဖြစ်တယ်၊ အတူလက်တွဲဖို့ ကျွန်မရွေးချယ်ထားတဲ့သူလည်းဖြစ်တယ်၊၊ ဒါကြောင့် ရှင့်ကို လေးစားပြီး ဂရုစိုက်ရမှာပေါ့’’

လင်းရှန်သည် ပြုံးလျက် သူမထံသို့ လျှောက်သွားသည်။

“ငါက မင်းရဲ့အလုပ်ရှင်မဟုတ်ဘူး၊၊ ဘာလို့ဆို မင်းကို လစာမပေးဘူး။ ပြီးတော့ ငါနဲ့အတူ ရှင်သန်လာတဲ့သူတွေကို လုပ်ဖော်ကိုင်ဖက်လို့ မမြင်ဘူး...’’

“ဒီလောကကြီးက အန္တရာယ်နဲ့ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပြီ။ မင်းက ငါ့ရထားပေါ်မှာ ပါဝင်ဖို့ သဘောတူထားပြီးသားဆိုတော့ ငါတို့ရဲ့ဆက်သွယ်မှုကို လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ ရှုထောင့်ကနေ အကဲဖြတ်စရာမလိုဘူး။ အေးဆေးလုပ်ပါ…မင်းရဲ့ သုတေသနရလဒ်တွေကို ဖိအားမပေးပါဘူး၊၊ တကယ်လို့ မင်းက တစ်တပ်တစ်အား လုပ်ချင်တယ်ဆိုရင်တော့ ငါ့အတွက် အဲ့ဒီအစေ့တွေကို စိုက်ပျိုးပေးပါ’’

လင်းရှန်၏ အတွေးအမြင်သည် အချိန်ကြာလာသည်နှင့်အမျှ အမှန်တကယ် ပြောင်းလဲလာခဲ့သည်။ အနန္တရထားစီမံကိန်းကို စတင်ရေးဆွဲစဉ်က သူသည် လူတိုင်းကို ရထား၏ရည်မှန်းချက်အတွက် တတ်နိုင်သမျှ ပံ့ပိုးပေးစေလိုခဲ့သည်။ ထိုအချိန်က သူသည် စိုးရိမ်ကာ သတိထားလှုပ်ရှားခဲ့သည်။ သို့သော် ယခုအခါ လူများကို ၎င်းတို့၏ ပံ့ပိုးမှုအပေါ်သာ အကဲဖြတ်လိုခြင်း မရှိတော့ပေ။ ရှင်သန်ရေးအတွက် လူတိုင်းသည် ၎င်းတို့၏ စွမ်းရည်အလျောက် ၎င်းတို့၏နည်းလမ်းဖြင့် တောက်ပလျက်ရှိသည်။ ဤလူများနှင့် အတူရှိနေခြင်းက သူ့အား အဖွဲ့လိုက်ပံ့ပိုးမှု၏ ခံစားချက်ကို ပေးစွမ်းသည်။ ဤစည်းလုံးညီညွတ်မှုသည် အဆုံးမရှိသော ညအခါတွင် ၎င်းတို့အားလုံး၏ ယုံကြည်ချက်များကို ဆုပ်ကိုင်ထားနိုင်စေသည့် ခွန်အား၏ ရင်းမြစ်ဖြစ်သည်။

တင်းကျန်းရီက သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ကျေးဇူးပါ။ ရှင့်ရဲ့သဘောထားက ကျွန်မကို အများကြီး ပိုအဆင်ပြေစေတယ်’’

“ဒါပေမယ့် ကျွန်မက သိပ္ပံပညာရှင်ပါ၊၊ ဥယျာဉ်မှူးမဟုတ်ဘူး။ ရှင်လိုချင်တဲ့ စိုက်ပျိုးရထားခန်းတွေကို ရှိရင်တောင် ကျွန်မရဲ့ အမှောင်သတ္တဝါတွေကို သုတေသနလုပ်တာက မရပ်ဘူး။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင်တန်ဖိုးကို သိရှိပြသတဲ့ နည်းလမ်းဖြစ်ပြီး ကျွန်မ... လုပ်ချင်တဲ့အရာပဲ"

“ကောင်းပြီလေ”

လင်းရှန်က နားလည်ကာ သူမရပ်တည်ချက်ကို အပြည့်အဝ ထောက်ခံသည်။

သူသည် မကြာသေးမီက တင်းကျန်းရီ အတွက် ကမ္ဘာပျက်ကပ်ရေဒီယိုကို နားထောင်နိုင်ရန် ရေဒီယိုတစ်လုံး တပ်ဆင်ပေးခဲ့သည်၊၊ ၎င်းသည် အဖွဲ့အတွက် အသုံးဝင်သော သိပ္ပံဆိုင်ရာ သတင်းအချက်အလက်များ ပေးစွမ်းနိုင်သည်။ သူမရဲ့ သုတေသနသည် ၎င်းတို့အတွက် တန်ဖိုးရှိသော ခွဲခြမ်းစိတ်ဖြာမှုများကို ပေးစွမ်းနိုင်မည်မှာ သေချာသည်။

“ဒါနဲ့…’’

လင်းရှန်က ရုတ်တရက် အရေးကြီးသော အရာတစ်ခုကို သတိရလိုက်သည်။

“ငါ ရထားခန်းတွေကို ပြန်စီစဉ်နေတာ၊ ဒါပေမယ့် မင်းနေဖို့ ဘယ်မှာ စီစဉ်ရမလဲဆိုတာ မတွေးမိသေးဘူး’’

“ဘာမှ စီစဉ်စရာမလိုဘူး’’

တင်းကျန်းရီက အနီးရှိ ခန်းဆီးတစ်ခုကို ညွှန်ပြလိုက်သည်။

“ပိုးသတ်ခန်းမှာ နေရာလွတ်အများကြီးရှိတယ်။ ကျွန်မ သန့်ရှင်းပြီးသားပဲ။ အနားယူတဲ့အချိန်မှာ အိပ်ရာပေါ်မှာ အနားယူနိုင်တယ်၊၊ အဲဒါက ကျွန်မရဲ့ တစ်ကိုယ်ရေအနားယူတဲ့နေရာအဖြစ် အဆင်ပြေပါတယ်’’

လင်းရှန်သည် ခန်းဆီးနောက်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ယောက်အိပ်ရာအတွက် နေရာရှိသော်လည်း အနည်းငယ် ကျဉ်းမြောင်းသည်။

တင်းကျန်းရီက သူ၏မျက်နှာအမူအရာကို မြင်ပြီး ချက်ချင်း ပြောလိုက်သည်။

“အိပ်ဖို့နေရာတစ်ခုပါပဲ။ ကျွန်မအလုပ်လုပ်တဲ့နေရာအတွက် ရထားတစ်ခုလုံးမှာ အကြီးဆုံးနေရာနှစ်ခုရထားပြီးပြီ၊၊ ဒါကြောင့် ကျွန်မအတွက် မကျဉ်းဘူး။ သြော်…ဒါပေမယ့်…ရှင်က ကျွန်မနဲ့ အိပ်ရာတစ်ခုတည်းသုံးမယ်ဆိုရင်တော့ ကျဉ်းလိမ့်မယ်၊၊ ပြီးတော့ အသံလုံအောင်လည်း မလုပ်ထားဘူး’’

အဟွတ်ဟွတ်….

လင်းရှန်သည် လည်ချောင်းရှင်းလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ “အမြင့်ပိုင်းလမ်းကြောင်းကို ဖြတ်ပြီးသွားပြီ၊၊ အခု ပြုပြင်ထိန်းသိမ်းဖို့ အချိန်ရှိတယ်။ ရထားကို အဆင့်မြှင့်ဖို့ လိုအပ်တာရှိရင် ပြောလိုက်ပါ’’

“တကယ်တော့ တစ်ခုရှိတယ်’’

တင်းကျန်းရီက ကွန်ပျူတာတစ်လုံးဆီသို့ လျှောက်သွားပြီး အကန့်တစ်ခုကို ဖွင့်လိုက်သည်။

“အဖွဲ့ဝင်တွေ ပိုများလာတော့ လေ့လာဖို့ နမူနာတွေလည်း ပိုများလာတယ်။ အမှောင်စွမ်းအားတွေကို သုတေသနလုပ်ဖို့ အားလုံးအတွက် စွမ်းရည်ဆင့်ကဲဖြစ်ပေါ်မှု ဒေတာစမ်းသပ်မှုတစ်ခု လုပ်ချင်တယ်’’

“စမ်းသပ်မှုဆိုတာ ဘယ်လိုစမ်းသပ်မှုမျိုးကို ပြောတာလဲ’’ လင်းရှန်က မေးသည်။

“ခန္ဓာကိုယ်စမ်းသပ်မှု’’

သူမက ဖြေသည်။

“ရှုချင်းနဲ့ ချန်ဆီရွှမ်လို စွမ်းအားမရှိတဲ့သူတွေက ဆင့်ကဲဖြစ်ပေါ်မှုရဲ့ လက္ခဏာတွေကို ပြသပြီးပြီ။ သူတို့ဟာ တိုးတက်မှုတွေ ရရှိထားပေမယ့် ခန္ဓာကိုယ်ယန္တရားတွေ မတူဘူး။ တခြားသူတွေလည်း ကွဲပြားတဲ့ ရှုထောင့်တွေမှာ ပြောင်းလဲမှုတွေ တွေ့ကြုံနေရတယ်။ ဖီးနစ်ကလည်း ဒီပုံစံကို စောင့်ကြည့်နေတယ်လို့ ကျွန်မယုံတယ်။ ဒီလမ်းကြောင်းက ပိုပြီး ရှင်းလင်းလာရင် စွမ်းအားမရှိတဲ့ သာမန်လူတွေဟာလည်း သူတို့ရဲ့ ရှင်သန်နိုင်စွမ်းကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ ရှာတွေ့နိုင်တယ်’’

“လူတိုင်း ဆင့်ကဲဖြစ်ပေါ်လာမယ်လို့ မင်းထင်လား’’ လင်းရှန်က မေးသည်။

“ဟုတ်တယ်၊ လူတစ်ဦးချင်းစီမှာ ဖြစ်စဉ်က ကွဲပြားတယ်။ ဒါကြောင့် ဆင့်ကဲဖြစ်ပေါ်မှုအမျိုးအစား၊ တိုးတက်မှုနှုန်း၊ ဆင့်ကဲဖြစ်ပေါ်မှုကို လှုံ့ဆော်တဲ့အချက်တွေ ပြီးတော့ တစ်ဦးချင်းကွဲပြားမှုတွေအပါအဝင် ကျယ်ပြန့်တဲ့ ဒေတာနမူနာတွေ လိုအပ်တယ်။ ရထားပေါ်က လူတိုင်းကို ပုံမှန်စစ်တမ်းကောက်ယူနိုင်ရင် ဖီးနစ်က ထုတ်ပြန်တဲ့ ဒေတာနဲ့ ပေါင်းစပ်ပြီး အဖွဲ့တစ်ခုလုံးကို ဆင့်ကဲဖြစ်ပေါ်မှုအစီအစဉ်တစ်ခု ပေးနိုင်လိမ့်မယ်’’

ဆင့်ကဲဖြစ်ပေါ်မှုအစီအစဉ်…

တင်းကျန်းရီက ထိုစကားလုံးများကို ပြောလိုက်သောအခါ လင်းရှန်၏ နှလုံးသားထဲတွင် တုန်လှုပ်သွားသည်။ သူက ချက်ချင်း မေးလိုက်သည်။

“စွမ်းအားရှင်တွေရဲ့ ဆင့်ကဲဖြစ်ပေါ်မှုကရော…။ ဖီးနစ်မှာလည်း ရှင်းလင်းတဲ့ အစီအစဉ်မရှိပုံပဲ။ အရင်က ငါတို့တွေ့ခဲ့တဲ့ အနက်ရောင်ကျီးအုပ်တွေက တခြားစွမ်းအားရှင်တွေကို အမဲလိုက်နေခဲ့တယ်၊၊ ပြီးတော့ ငါ သန္ဓေပြောင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ သူက ထူးဆန်းတဲ့သတ္တဝါတွေနဲ့ စွမ်းအားရှင်တွေကို သတ်ရင် ဆင့်ကဲဖြစ်ပေါ်နိုင်တယ်လို့ ပြောခဲ့တယ်၊၊ ဒါပေမယ့် ပြဿနာက...’’

“အဲဒါက မသေချာပါဘူး”

တင်းကျန်းရီက မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောသည်။

“အိန်ဂျယ်စီမံကိန်းရဲ့ အစောပိုင်းကာလရဲ့ စမ်းသပ်မှုတစ်ခုမှာ ထူးဆန်းတဲ့သတ္တဝါတွေနဲ့ စွမ်းအားရှင်တွေကို သတ်တဲ့အခါ စွမ်းအားလွှမ်းမိုးမှုတစ်ခု ဖြစ်ပေါ်တယ်ဆိုတာ ဖော်ပြခဲ့တယ်။ ဒီစွမ်းအားက ဝိညာဉ်လှိုင်းတန်ဖိုးတွေနဲ့ ဆင်တူပြီး စမ်းသပ်ခံသူတွေက စုပ်ယူနိုင်တယ်၊၊ ဒါက တချို့သော မြှင့်တင်မှုတွေကို ဖြစ်ပေါ်စေတယ်။ ဒါပေမယ့် ထူးဆန်းတဲ့သွေးအဆီနှစ် (အနီရောင်ပဲစေ့) တွေကို လေ့လာပြီးတဲ့ အချိန်မှာ သတ်ဖြတ်မှုကနေ ထုတ်လွှတ်တဲ့ စွမ်းအားဟာ ထူးဆန်းတဲ့သွေးအဆီအနှစ်တွေထဲမှာ ပါဝင်တဲ့ စွမ်းအားသိပ်သည်းဆထက် ပိုနည်းပါးတယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့် တစ်ယောက်ယောက်က သူတို့ရဲ့စွမ်းရည်တွေကို ဆင့်ကဲဖြစ်ပေါ်စေချင်ရင် သာမန်လူတွေပဲဖြစ်ဖြစ်၊ စွမ်းအားရှင်တွေပဲဖြစ်ဖြစ်၊ အားလမ်းကောင်းဆုံးနည်းလမ်းက ထူးဆန်းတဲ့သွေးအဆီအနှစ်တွေကို စားသုံးဖို့ပဲ’’

လင်းရှန်သည် မျက်ခုံးတွန့်လျက် မေးသည်။ “ဒီလောက်ရိုးရှင်းလား’’

“သီအိုရီအရကတော့ ဟုတ်တယ်။ ဒါပေမယ့် ထူးဆန်းတဲ့သွေးအဆီနှစ်တွေကို စားသုံးတာက အလွန်အန္တရာယ်များတယ်။ အိန်ဂျယ်စီမံကိန်းရဲ့ ဓာတ်ခွဲခန်းထဲက ပထမဆုံး ထိတ်လန့်ဖွယ်လူသားတစ်ကောင်က…. ထူးဆန်းတဲ့သွေးပုံဆောင်ခဲကို စမ်းသပ်ခံတစ်ယောက်က စားသုံးလိုက်လို့ ဆင့်ကဲဖြစ်ပေါ်မှု ပြောင်းလဲသွားတာပဲ’’

“ယိုယွင်းခြင်းလား”

“ဟုတ်တယ်’’

တင်းကျန်းရီက အတည်ပြုသည်။

“အမှောင်ဒီရေတွေကို ဒိုင်နမေးရှင်းမြင့်တဲ့ကမ္ဘာကနေ စွမ်းအားထိုးဖောက်ဝင်ရောက်မှုလို့ ယူဆနိုင်တယ်၊၊ ပြီးတော့ ထူးဆန်းတဲ့သတ္တဝါတွေက ဒီကမ္ဘာရဲ့ မူလသတ္တဝါတွေပဲ။ လူသားအများစုက ဒီလို စွမ်းအားထိုးဖောက်ဝင်ရောက်မှုကို မခံနိုင်ဘူး၊၊ ဒါက သူတို့ကို ဖုတ်ကောင်တွေအဖြစ် ယိုယွင်းသွားစေတယ်။ ကျန်တဲ့ ကျွန်မတို့လို ရှင်သန်သူတွေကတော့ ဒီထိုးဖောက်ဝင်ရောက်တဲ့ စွမ်းအားနဲ့ တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်လာသူတွေပဲ။ ဒါပေမယ့် ဒီအမှောင်စွမ်းအားနဲ့ ပတ်သက်ပြီး မသိရသေးတဲ့အရာတွေ အများကြီးရှိသေးတယ်။ ဘာလို့ တချို့လူတွေမှာ စွမ်းရည်တွေ ဖြစ်ပေါ်လာတာလဲ။ ဘာလို့ တချို့က တခြားသူတွေထက် ပိုမြန်ပြီး ဆင့်ကဲဖြစ်ပေါ်တာလဲ။ ဒါတွေကို တိကျတဲ့အဖြေမရှိသေးဘူး။ ဒါကြောင့် မူလသဘောတရားတွေကို နားမလည်သေးတဲ့အချိန်မှာ သွေးအဆီနှစ်တွေကို အတင်းအကျပ်စားပြီး ဆင့်ကဲဖြစ်ပေါ်အောင် ကြိုးစားတာဟာ မဆင်မခြင်လုပ်ရပ်ပဲ’’

လင်းရှန်သည် ခဏတိတ်ဆိတ်သွားသည်။ ကီကီ ယိုယွင်းခြင်းကို ဖြတ်သန်းခဲ့ရသည့်အချိန်ကို သူ သတိရလိုက်သည်။ သူသည် ကီကီကို ထူးဆန်းတဲ့သွေးအဆီနှစ်များကို ကျွေးခဲ့သည်၊၊ ၎င်းသည် မဆင်မခြင်လုပ်ရပ်ပင်ဖြစ်သော်လည်း ထိုအချိန်က သူတို့တွင် အခြားရွေးချယ်စရာမရှိခဲ့ပေ။

“ဒါဆို ဆင့်ကဲဖြစ်ပေါ်မှုဆိုတာ ဒီအမှောင်ထိုးဖောက်ဝင်ရောက်မှုရဲ့ စွမ်းအားကို ရယူတာတင်မဟုတ်ဘူး။ အချို့သောအခြေအနေတွေ၊ ဒါမှမဟုတ်... လှုံ့ဆော်မှုတွေပေါ်မှာလည်း မူတည်တယ်ပေါ့’’

တင်းကျန်းရီက ခေါင်းညိတ်သည်။

“ဟုတ်တယ်၊၊ ဒါပေမယ့် တစ်ခုတည်းသော အများသိထားတဲ့အချက်ကတော့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားပဲ၊၊ ဒါကြောင့် စွမ်းအားရှင်တချို့ဟာ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ ဆင့်ကဲဖြစ်ပေါ်ဖို့ အခွင့်အလမ်းပိုများတယ်လို့ ခံစားရတယ်။ လူတွေဟာ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ ထူးကဲတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ထုတ်လွှတ်လေ့ရှိတယ်၊၊ အဲဒါကို ကျွန်မတို့က ရှင်သန်လိုစိတ်လို့ ခေါ်တယ်။ ဥပမာ လို့ဟွာရဲ့ ဆင့်ကဲဖြစ်ပေါ်မှုက အလွန်အန္တရာယ်များခဲ့တယ်၊၊ ဒါပေမယ့် ချန်ဆီရွှမ်ရဲ့ ဆင့်ကဲဖြစ်ပေါ်မှုကတော့ သာမန်လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုရဲ့ ပုံမှန်လမ်းကြောင်းကို လိုက်နာတာပဲ။ ဒါက အရေးပါတဲ့အချက်တစ်ခုပဲ’’

လင်းရှန်သည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်သည်။

“ဒါဆို ဒီအခြေနေမှာ စိတ်စွမ်းအားပြိုလဲသွားရင် ဒါမှမဟုတ် တစ်ယောက်ယောက်က သွေးအဆီနှစ်ကို စားပြီး ခန္ဓာကိုယ်ရဲ့ အမှောင်စွမ်းအားကို ခံနိုင်ရည်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားရင် သူတို့ဟာ မတိကျတဲ့ ဆင့်ကဲဖြစ်ပေါ်မှုကို ဖြတ်သန်းပြီး ဖုတ်ကောင်တွေ ဒါမှမဟုတ် ထိတ်လန့်ဖွယ်လူသားသတ္တဝါတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်ပေါ့’’

“ဒါက အတည်ပြုပြီးသား’’

တင်းကျန်းရီက ဖြေသည်။

“ဒါကြောင့် အဖွဲ့ဝင်အားလုံးကို ပုံမှန်စမ်းသပ်မှုလုပ်ဖို့ လိုအပ်တယ်လို့ ကျွန်မထင်တယ်။ ဒါက သုတေသနအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး ရထားပေါ်က လူတွေရဲ့ အခြေအနေကို စောင့်ကြည့်နိုင်မယ်။ ဒီလိုဆိုရင် ဘယ်သူမှ ယိုယွင်းခြင်းကို မခံစားရစေဖို့ တားဆီးနိုင်မယ်၊ ပြီးတော့ အမှောင်ညကူးစက်မှုကိုလည်း ကာကွယ်နိုင်မယ်’’

“ကောင်းပြီ”

လင်းရှန်က ခေါင်းညိတ်သည်။ ထို့နောက် သူသည် သွေးကပ်ဘေးပန်းကို ကြည့်လိုက်သည်၊ အနီရောင်အလင်းသည် တောက်ပလျက်ရှိသည်။ “ဒါကရော..’’

တင်းကျန်းရီက သူမနောက်ရှိ စိုက်ပျိုးဖန်အိမ်ထဲမှ အနက်ရောင်ပန်းကို လှည့်ကြည့်လိုက်သည်။ “အနီရောင်အလင်းရဲ့ တုံ့ပြန်မှုကို ဆက်စောင့်ကြည့်နေတုံးပဲ။ ရှင်းလင်းတဲ့ ပုံစံမရှိသေးဘူး။ အရင်က ကျွန်မပြောခဲ့တာတွေက ကိုယ်ပိုင်ခန့်မှန်းချက်တွေပဲ’’

“ဒီပန်းကို ထုတ်ပြီး သုတေသနလုပ်လို့ရလား’’ လင်းရှန်က မေးသည်။

“ဒီအပင်က ကျွန်မတို့ကမ္ဘာရဲ့ မူလအပင်မဟုတ်ဘူး။ အရင်က ကျွန်မတို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ ဒီအပင်မှာ ထူးဆန်းတဲ့သွေးအဆီနှစ်တွေထက် အများကြီးသာလွန်တဲ့ စွမ်းအားသိပ်သည်းဆ ပါဝင်တယ်။ ဒါပေမယ့် အခုချိန်မှာ ကျွန်မတို့ ဓာတ်ခွဲခန်းမှာ ဒါက တစ်ခုတည်းသော နမူနာဖြစ်တဲ့အတွက် တိကျတဲ့စမ်းသပ်မှုတွေ မလုပ်နိုင်သေးဘူး။ အထက်က အမိန့်ပေးထားတာက ဒါကို ရုပ်ပိုင်းဆိုင်ရာ မပျက်စီးစေဖို့လိုတယ်၊၊ ဒါကြောင့် စမ်းသပ်မှုအတွက် နမူနာတွေ မထုတ်ယူရသေးဘူး’’

“နားလည်ပြီ’’

လင်းရှန်က ပြုံးလျက် ပန်းကို ညွှန်ပြသည်။

“လူတွေကို စမ်းသပ်မှုတွေ မလုပ်တာကလွဲရင် မင်းလိုချင်သလောက် စမ်းသပ်လို့ရတယ်’’

ရတနာတစ်ခုရှိပြီး မလေ့လာရင် အလဟဿဖြစ်သွားပေလိမ့်မည်။ လင်းရှန်သည် ၎င်းသည် တစ်ခုတည်းသော နမူနာဖြစ်သည်ကို ဂရုမစိုက်ပေ၊၊၊ ၎င်းသည် တန်ဖိုးမရှိလျှင် အသုံးမဝင်သော အပင်သာဖြစ်သည်။

တင်းကျန်းရီက မျက်ခုံးပင့်လျက် သူ့ကို သဘောကျသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကျွန်မလည်း အဲဒီလိုပဲ တွေးနေတာ။ ခွင့်ပြုချက်ပေးတဲ့အတွက် ကျေးဇူးပါ’’

All Chapters