သားရဲရန်စွယ်ဆေး ဈေးကွက်ထဲသို့ ဝင်ရောက်ခြင်း
Vol. 50 Ch. 738
တစ်ချိန်တည်းမှာပင် အခြားဆေးရုံအများအပြားမှာလည်း အလားတူ အဖြစ်အပျက်များ ဖြစ်ပွားနေခဲ့သည်။
ခွေး၊ ကြောင်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားသူများသည် မတော်တဆ ကုတ်ခြစ်ခံရပြီးနောက် စိုးရိမ် ပူပန်နေကြသည်။ သူတို့သည်လည်း ခွေးရူးပြန်ရောဂါကို ကုသနိုင်သည့်ဆေး ထွက်ပေါ်လာရန် စောင့်ဆိုင်းနေ ကြလေသည်။
ဤသည်မှာ ခွေးရူးပြန်ရောဂါ၏ ဖြစ်ပွားချိန်က အလွန် ရှည်လျားပြီး ကူးစက်ခံရသည်နှင့် သေဆုံးမှုက သေချာနေ၍ ဖြစ်သည်။ ရလဒ်အနေနှင့် မည်သူကမှ သူတို့၏ အသက်များကို အလောင်းအစား မလုပ်ရဲကြချေ။
ထိုကာလအတွင်း လူအများအပြားသည် နတ်ဆေးဆရာဝိုင်၏ ဆေးက ဘယ်တော့ ထွက်လာမလဲဟု တွေးနေခဲ့ကြသည်။
နတ်ဆေးဆရာဝိုင်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများနှင့် ထင်မြင်ချက်များက အဓိက ဖိုရမ်အမျိုးမျိုးတွင် နေ့တိုင်း ပေါ်လာနေသည်။
ဆေးရုံတွင် ကောင်လေး၏ ကိုယ်ခန္ဓာက ပို၍ ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့အသံ ပျောက်ဆုံးသွားသည်အထိ ငိုပြီး အသံအက်အက်နှင့် ပြောလေသည်။
“ရှောင်ရှင်း၊ အဖေ တကယ်တောင်းပန်ပါတယ်ကွာ”
“ဟာ”
ထိုအချိန်တွင် သူ့အနောက်မှ ဆွေမျိုးတစ်ယောက်က အလန့်တကြား ထအော်လေသည်။ သူမက သူမ၏ ပါးစပ်ကို လက်နှင့်အုပ်ကာ စိတ်လှုပ်ရှားမှုကြောင့် စကားမပြောနိုင်လောက်အောင် ဖြစ်နေခဲ့သည်။
ထိုအခါ လူတိုင်းက သူမကို ကြည့်လာကြသည်။
“ဒီမှာ ရောက်လာပြီ၊ နတ်ဆေးဆရာဝိုင်ရဲ့ အံ့ဖွယ်ဆေး ထွက်လာပြီ”
ထိုအမျိုးသမီးက တုန်ယင်လုနီးပါး အသံနှင့် ပြောလာသည်။
“ဘာ”
“တကယ်လား”
“ကျိန်ပြောရဲတယ်၊ ဒါ တကယ် ထွက်လာပြီ၊ ရှောင်ရှင်း အသက်ရှင်ပြီ၊ သူ အသက်ရှင်ပြီ”
လူလတ်ပိုင်းအရွယ် အမျိုးသားက သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်သွားပြီး နီရဲနေသော မျက်လုံးနှင့် လူတိုင်းကို ကြည့်နေသည်။ မေ့လဲလုနီးပါးဖြစ်နေသည့် အမျိုးသမီးကလည်း တုန်ယင်နေပြီး မျှော်လင့်ချက်ကြီးစွာနှင့် လူအုပ်ကို ကြည့်လာသည်။
ထိုသတင်းကို ပထမဆုံး သိလိုက်ရသည့် အမျိုးသမီးက သူမ၏ဖုန်းကို ကိုင်ထားပြီး ဖြည်းဖြည်းချင်း ရှင်းပြသည်။
“ခွေးရူးပြန်ရောဂါအတွက် ကုသဆေးကို သားရဲရန်စွယ်ဆေးလို့ ခေါ်တယ်။ တစ်နာရီအတွင်း ဒါကို ရတော့မယ်၊ ပြီးတော့ အဲ့ဆေးကို ယွမ်ငါးရာနဲ့ ရောင်းမယ်၊ ထုတ်လုပ်မှုနှုန်း ကန့်သတ်ချက်တွေကြောင့် ဒီဆေးကို တစ်ရက်ကို တစ်ထောင်ပဲ ထောက်ပံ့နိုင်လိမ့်မယ်၊ ဒီကန့်သတ်ထားတဲ့ အရေအတွက်ကို အကောင်းဆုံး အသုံးချရမယ်၊ ဆေးရုံက ထုတ်ပေးထားတဲ့ ခွေးရူးပြန်ရောဂါ ရောဂါရှာဖွေတွေ့ရှိမှုနဲ့ ကုသမှုမှတ်တမ်း အထောက်အထားပြမှပဲ ဝယ်ယူခွင့် ပြုလိမ့်မယ်၊ လူနာတစ်ယောက်က တစ်ကြိမ်ပဲ ဝယ်ယူနိုင်တယ်၊ ဝယ်ချင်ရင် ဆန်းကြယ်ကျွန်း အက်ပလီ ကေးရှင်းကို ဒေါင်းလုဒ်ဆွဲပြီး ဆေးဝါး အမျိုးအစားအောက်မှာ ဝယ်ယူနိုင်ဖို့ စောင့်ရမယ်”
“ဆန်းကြယ်ကျွန်းတဲ့၊ အမြန်လေး ဆန်းကြယ်ကျွန်း အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်လှုပ်ရှားမှုနှင့် လွှမ်းခြုံနေသည်။ သူ၏လက်များက တုန်ယင်နေပြီး ဖုန်းကို ထုတ်ကာ အက်ပလီကေးရှင်းကို ရှာဖွေပြီး ဒေါင်းလုဒ်လုပ်ရန် စတင်လိုက်သည်။
“ငါ့သား အသက်ရှင်ပြီ၊ ငါ့သား အသက်ရှင်ပြီ”
သူ့ပတ်ဝန်းကျင်က ဆွေမျိုးတွေအားလုံးကလည်း အက်ပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်ဖို့ ရှာဖွေခဲ့ကြတယ်။
ထိုသတင်း ထွက်လာပြီး တစ်မိနစ်မပြည့်ခင်မှာပင် ရေပန်းစားနေသော ရှာဖွေမှုများစာရင်းသို့ တက်သွားပြီး သတင်းများ အဆက်မပြတ် တက်လာလေသည်။
[သောက်ကျိုးနည်း၊ သောက်ကျိုးနည်း၊ သောက်ကျိုးနည်း၊]
[အဲ့ဒါ ရောက်လာပြီ! ဟူး... နောက်ဆုံးတော့ ရောက်လာခဲ့ပြီ၊ ငါ့အဖေ အသက်ရှင်ပြီ]
[အကြာကြီး စောင့်နေခဲ့ရပြီးတဲ့ နောက်ဆုံးတော့ ဒီနေ့ ရောက်လာပြီ၊ နတ်ဆေးဆရာဝိုင် အသက်ရှည်ပါစေ]
[ဒီသတင်းကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ငါ တကယ်ငိုခဲ့ရတယ်]
[တစ်ရက်ကို တစ်ထောင်ပဲဆိုတာ အရမ်းနည်းတယ်၊ ထုတ်လုပ်မှုက အမြန်ဆုံး တိုးလာဖို့ မျှော်လင့်ပါတယ်]
[ဆန်းကြယ်ကျွန်းတဲ့လား၊ ဘာလို့ ဒီအက်ပလီကေးရှင်းပဲ ဖြစ်ရတာလဲ၊ အရေးမကြီးပါဘူး၊ ငါ အခုပဲ ဒေါင်းလုဒ် လုပ်မယ်]
[ဒါက အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ ငါ မခံနိုင်ဘူး၊ ငါ ဒီနေ့ကို ခေတ်တိုင်းကို ကျော်လွန်တဲ့နေ့အဖြစ် မှတ်တမ်းတင် ရမယ်။ ငါ အသက်ရှင်ပြီး ဒီလိုနေ့ကို မြင်နိုင်ခဲ့တာ ကံကောင်းလိုက်တာ]
[တစ်ထောင်ပဲလား၊ ချက်ချင်း ဒေါင်းလုဒ်လုပ်ပြီး အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်၊ တစ်ခုကို ၅၀၀ က တကယ်ကို အလကားပဲတင်းပဲ၊ ငါ ပိုများတဲ့စျေးနဲ့တောင် ဝယ်ဖို့ ဆန္ဒရှိတယ်]
[လွန်ခဲ့တဲ့ နှစ်လက ခွေးတစ်ကောင် ငါ့ကို ကုတ်ခြစ်ခဲ့လို့ သွေးထွက်ခဲ့တယ်၊ ငါ အခုတောင် တကယ် ကြောက်နေတုန်းပဲ၊ ငါ တစ်ခုလောက် ဝယ်ရမလား]
[အပေါ်ပို့စ်ကလူ၊ မင်း တကယ် ရဲရင့်တာပဲ]
...
ခွေးရူးပြန်ရောဂါက တကယ်ကို အလွန် ရှားပါးသည့် ရောဂါ တစ်ခု ဖြစ်သော်လည်း တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာအရ ကြည့်ပါက ဤရောဂါကြောင့် လူတစ်ထောင်ကျော် သေဆုံးနေရသည်။ ခွေးများကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရပြီး ခွေးရူးပြန်ရောဂါနှင့် ဆေးရုံတင်ခဲ့ရသူများအပြင် အဓိက ဆေးရုံအများစု၌ ထိုရောဂါနှင့် လူများစွာ ရှိနေခဲ့သည်။
ဝမ်ရုံနည်းပညာ၏ စွမ်းဆောင်နိုင်မှုက ဆန်းကြယ်ကျွန်း အက်ပလီကေးရှင်းကို ဖန်တီးရန် အလွန် လွယ်ကူ နေခဲ့သည်။ သို့သော် ဒီအက်ပလီကေးရှင်းကို ပေါ့ပေါ့တန်တန် တီထွင်ထားခြင်း မဟုတ်ပါ။ ၎င်းကို ကျွန်းနှင့် ချည်နှောင်ထားမှာ ဖြစ်ပြီး အနာဂတ်တွင် ကျွန်း၏ နောက်ဆုံးပေါ်သတင်းများကို အက်ပလီကေးရှင်းကနေ ကြေညာမှာ ဖြစ်သည်။ ဆေးဝါးများ၊ နည်းပညာ ထုတ်ကုန်များ၊ ရုပ်ရှင်များ၊ တိုက်ရိုက် ထုတ်လွှင့်မှုများနှင့် သီချင်းများကို အက်ပလီကေးရှင်းမှ ရောင်းချမည် ဖြစ်သည်။
အများပြည်သူ မြင်ကွင်းထဲသို့ ထွက်ပေါ်လာသည့် ဆန်းကြယ်ကျွန်း အက်ပလီကေးရှင်းသည် ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ဒေါင်းလုဒ်ပေါင်း တစ်သန်းကျော် သွားခဲ့သည်။ ဒေါင်းလုဒ်ဆွဲသူ အရေအတွက်က နှေးကွေးသွားမည့် လက္ခဏာ မပြဘဲ ဆက်လက် မြန်ဆန်စွာ တိုးတက်နေခဲ့သည်။
ဆေးဝါးများ ရောင်းချခြင်းအပြင် ရဲ့လင်းချန်သည် စစ်သည်တော်ဌာနကိုလည်း ချဉ်းကပ်ခဲ့ပြီး ပို့ဆောင်ရေး ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သူတို့၏ အပြည့်အဝ ပံ့ပိုးမှုကို ရရှိခဲ့သည်။ သားရဲရန်စွယ်ဆေးကို ဝယ်ယူသူများသည် နောက်အကျဆုံး နောက်တစ်နေ့တွင် ရရှိကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူ့အသက်က ချိန်ခွင်ညှာပေါ်တွင် ရှိနေသည့်အတွက်ကြောင့် စစ်သည်တော်ဌာနက ဤသို့သော ကိစ္စများကို သေချာပေါက် ပေါ့ပေါ့ဆဆ လုပ်မည်မဟုတ်ပါ။
လက်ရှိတွင် လူထောင်ပေါင်းများစွာက သူတို့၏ဖုန်းများကို တင်းတင်းကျပ်ကျပ် ကိုင်ထားပြီး ဖုန်းဖန်သားပြင်ကို စိုက်ကြည့်နေခဲ့ကြသည်။ သူတို့အားလုံးက လူနာများ၏ မိသားစုဝင်များ ဖြစ်ကြလေသည်။ သူတို့နှင့်အတူ သူတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများကလည်း ဆေးကို ရရှိနိုင်ရန် အွန်လိုင်းပေါ်၌ ရှိနေခဲ့ကြသည်။
ဆန်းကြယ်ကျွန်း အက်ပလီကေးရှင်းကို ဝင်လိုက်ပြီးနောက် သူတို့သည် ဆန်းကြယ်ကျွန်း၏ ပုံစံကို ရွေးဆွဲပြသထား သည့် ပင်မစာမျက်နှာသို့ ရောက်ရှိသွားသည်။ ဗိသုကာဒီဇိုင်းအရ ၎င်းအား ဝမ်ရုံ နည်းပညာ၊ ပန်ဒါ ထုတ်လွှင့်ရေး၊ ဆေးစံအိမ်၊ ဝိုင်အလှကုန် စသည်ဖြင့် ခွဲခြားထားသည်။ သူတို့ ဆေးစံအိမ်ကို နှိပ်လိုက်သည့်အခါတွင် ဆေးတစ်မျိုးတည်းသာ စာရင်းရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သားရဲရန်စွယ်ဆေးပင်။
အချိန် ကုန်လွန်သွားပြီးနောက် သားရဲရန်စွယ်ဆေး ပွင့်သွားသည့်အခါ လူတိုင်းက နှိပ်ပြီး အတူတူ ဝယ်ယူကြသည်။
အချို့က ပျော်ရွှင်ခဲ့ရပြီး တစ်ချို့က ဝမ်းနည်းခဲ့ရသည်။
နောက်တစ်နေ့၌ ဆေးရုံတစ်ခုအတွင်းမှ ဆေးရုံကုသဆောင်တစ်ခုတွင်။
လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဟာ အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့ပြီး တစ်ကိုယ်လုံးက ဘောလုံးသဖွယ် ကွေးကောက်နေ၏။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်စွာ တုန်ယင်နေလေသည်။ သူမ နေရောင်ကို ကြည့်ရန် ကြောက်ရွံ့နေခဲ့ပြီး သူမဆီမှ ရုန်းကန်နေသော အသံများကို ကြားနေရသည်။
“အီးဟီးဟီး … မေမေ နောက်တစ်ရက်လောက်ပဲ တောင့်ထားပေးလို့ ရမလား။ သမီး သားရဲရန်စွယ်ဆေးကို သေချာပေါက် ဝယ်နိုင်မှာပါ၊ ကျေးဇူးပြုပြီး တောင့်ထားပေးပါနော်”
မိန်းကလေးတစ်ယောက်က ခုတင်ရှေ့၌ ဒူးထောက်၍ ငိုယိုနေသည်။
ဆရာဝန်များက ဆေးရုံကုတင်ကို မတတ်သာစွာ ဝန်းရံထားပြီး ဘယ်သူမှ မချဉ်းကပ်ဝံ့ကြချေ။ လက်ရှိတွင် လူနာသည် ရောဂါကြောင့် သေဆုံးချိန်ကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
သူတို့သည် အမျိုးသမီးနား မကပ်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် လူနာထံမှ ခြစ်မိခြင်း သို့မဟုတ် အကိုက်ခံရသည်နှင့် ရောဂါပိုးက သူတို့ထံ ကူးစက်နိုင်၍ ဖြစ်သည်။ ထိုအမျိုးသမီး၏ အခြေအနေက ခွေးရူးပြန်ရောဂါ၏ နောက်ဆုံးအဆင့်သို့ ရောက်နေတာကြောင်း သိသာလှသည်။
“သမီးလေး၊ ဒီဆေးကို မင်းရဲ့ အမေကို ကျွေးလိုက်ပါ”
အခြား ကုသဆောင်မှ အဘိုးအိုတစ်ယောက်က ရုတ်တရက် ထပြောလာပြီး ဆေးလုံးတစ်လုံးပါသော ဘူးလေးတစ်ဘူးကို ကမ်းပေးလာသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
အဘိုးနှင့်အတူ ရှိနေသော လူလတ်ပိုင်းအရွယ် အမျိုးသားက ထိတ်လန့်သွားပြီး ချက်ချင်း ပြောလိုက်သည်။
“အဖေ၊ ကျွန်တော်က ဒီသားရဲရန်စွယ်ဆေးကို အဖေ့ကို ပေးတာလေ …”
အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်း၍ ပြုံးလိုက်သည်။
“ငါ့ရဲ့ရောဂါက အစပိုင်းပဲ ရှိသေးတယ်၊ တစ်ရက် နှစ်ရက်လောက် ကုသမှု နောက်ကျရင်တောင် ငါ မသေဘူး၊ သားရဲ ရန်စွယ်ဆေးက အလုပ်မလုပ်တော့မှာလဲ မဟုတ်ဘူး၊ ဒီရောဂါအတွက် ကုသမှုရှိနေပြီဆိုတော့ မင်း ဘာကို ကြောက်နေတာလဲ၊ ဒီဆေးကို ငါ့ထက် သူ့အမေက ပိုလိုအပ်နေတယ်”
လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ပါးစပ်ကို ပိတ်လိုက်ပြီး ဘာမှမပြောတော့ပေ။
မိန်းကလေးသည် နောက်ဆုံး၌ သတိပြန်ဝင်လာပြီး စကားတောင် မပြောနိုင်တော့လောက်အောင် အော်ငိုခဲ့သည်။ သူမက အဆက်မပြတ် အရိုအသေပေးပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
...
ဆန်းကြယ်ကျွန်း၌။
ရဲ့လင်းချန်က ကမ်းခြေတွင် ရပ်နေပြီး ပင်လယ်လေက သူ၏ အဝတ်အစားများကို ပွတ်တိုက်သွားသည်။ ပင်လယ်၏ လှိုင်းလုံးများနှင့် လှိုင်းကြက်ခွပ်များက အဆုံးမသတ် ဖြစ်ပေါ်နေကာ အဝေးမှ ကောင်းကင်နှင့် ချိတ်စပ်နေသည်ဟု ထင်မှတ်ရသည်။
သားရဲရန်စွယ်ဆေး ဈေးကွက်ထဲသို့ ဝင်ရောက်ကတည်းက သူ၏ ရေပန်းစားမှုအမှတ်က မှန်မှန် တိုးလာပြီး အလွန် လျင်မြန်သော တိုးတက်နှုန်းကို ထိန်းထားလေသည်။ တစ်ချိန်တည်းမှာပင် ဤဆေးက လူတစ်ချို့ကို ကယ်တင်ခဲ့ပြီး မိသားစုများစွာကို ဆင်းရဲဒုက္ခပင်လယ်ကနေ ဆွဲထုတ်နိုင်ခဲ့သည်ဟူသော သတင်းဆောင်းပါးများ ထွက်ပေါ် လာသည်။
လူ့အသက်တစ်ချောင်းကို ကယ်တင်တာက မြင့်မားသော အဆောက်အဦးတွေကို တည်ဆောက်ခြင်းထက် ပိုကောင်းသည်ဟူသော ဆိုရိုစကားအတိုင်းပင်။ သူ ကယ်တင်နိုင်ခဲ့သည့် လူအရေအတွက်က အလွန် များပြားနေ လောက်လေပြီ။
သားရဲရန်စွယ်ဆေးက တရုတ်နိုင်ငံအပြင် တခြားနိုင်ငံများ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ရဲ့လင်းချန်က သူတို့အတွက် ရောင်းချမှုလမ်းကြောင်း အမြန်ဆံး ဖွင့်ပေးနိုင်ရန် မျှော်လင့်နေကြသည်။
ရဲ့လင်းချန် စနစ်ထဲသို့ တစ်ချက် ခိုးကြည့်လိုက်သည်။ လူတွေကို ကူညီပေးခြင်းမှ ရရှိလာသော ရေပန်းစားမှု အမှတ်သည် ဖျော်ဖြေရေးသက်သက်မှ ရရှိသော ရေပန်းစားမှုအမှတ်များထက် ပို၍ မြန်မြန်ဆန်ဆန် ရရှိသည်ကို တွေ့လိုက်ရသည်။