← Chapters

ပင်လယ်ပြင်မှ ပေါ်ထွက်လာသော အံ့ဩဖွယ်

Vol. 50 Ch. 739

ပင်လယ်ပြင်မှ ပေါ်ထွက်လာသော အံ့ဩဖွယ်

Vol. 50 Ch. 739

ရေပန်းစားမှုအမှတ် ၂၅ သန်း။

သားရဲရန်စွယ်ဆေး တင်ဖြန့်ချိပြီး တစ်ပတ်ရှိပြီ ဖြစ်သည်။ ၎င်းသည် ရဲ့လင်းချန်၏ ရေပန်းစားမှုအမှတ်တွင် သိသာထင်ရှားသော အပြောင်းအလဲများကိုလည်း ယူဆောင်လာခဲ့သည်။

၎င်းသည် ၁၀ သန်းနီးပါး တိုးလာခဲ့သည်။

သားရဲရန်စွယ်ဆေး ပထမဆုံး ထွက်လာပြီးနောက် သူ၏ ရေပန်းစားမှုသည် လှိုင်းလုံးတစ်ခုသဖွယ် မြင့်တက်လာခဲ့သည်။ ထို့နောက် ဈေးကွက်သို့ ရောက်ရှိလာပြီးနောက်မှာလည်း နောက်ထပ် ရေပန်းစားမှု လှိုင်းတစ်ခုနှင့်အတူ ဝင်ငွေအချို့လည်း ရရှိခဲ့သည်။ ၎င်းသည် နိုင်ငံတကာဈေးကွက်ကို ရောက်ရှိလာပါက နောက်ထပ် ရေပန်းစားမှုအမှတ် လှိုင်းတစ်ခုကို ယူဆောင်လာလိမ့်မည် ဖြစ်သည်။

ထိုသားရဲရန်စွယ်ဆေးသည် ဆန်းကြယ်ကျွန်းကို ခေတ်စားနေတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲစေခဲ့ပြီး ဝိုင်အလှကုန် အမှတ်တံဆိပ်ကိုလည်း ၎င်းနှင့်အတူ ကြော်ငြာခဲ့ပြီးနောက်တွင် ပိုမိုလူသိများလာခဲ့သည်။

သားရဲရန်စွယ်ဆေးကို ဖန်တီးနိုင်ခဲ့သည်ဆိုပါက သူတို့၏ အလှကုန်များကလည်း အဆိပ်အတောက်ကင်းပြီး အတော်အသင့် ဘေးကင်းလောက်သည်။ မိန်းကလေးများစွာသည် ထိုအချက်ကြောင့် စိတ်သက်သာရာရခဲ့ကြပြီး မကြာမီမှာပင် အံ့သြဖွယ်ရာ ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုအလှကုန်သည် အံ့သြဖွယ် ကောင်းလောက်အောင် အသုံးဝင်ပြီး အခြားသော ဇိမ်ခံအလှကုန်အမှတ်တံဆိပ်များကို အနီးစပ်ဆုံး ပြီးပြည့်စုံစွာ ချေမှုန်းနိုင်ခဲ့သည်။

ရုတ်တရက်ဆိုသလို မိန်းကလေးများစွာသည် ၎င်း၏ကောင်းမွန်မှုကြောင့် ထိတ်လန့်သွားခဲ့ကြပြီး သူတို့၏ စိတ်အားထက်သန်သော ဆွေးနွေးမှုများကို အင်တာနက်ပေါ်သို့ ယူဆောင်လာသည်။

ဝိုင်အလှကုန်သည် မိတ်ကပ်လိမ်းခြယ်မှု ကောင်းမွန်သည့်အပြင် အချိန် ကြာရှည်စွာ ခံသည့် အမှတ်တံဆိပ် တစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် သာမန်အလှကုန်များသည် ခြောက်နာရီသာ ခံနိုင်ရည်ရှိပြီး နေရောင်ခြည်နှင့် ထိတွေ့ခြင်းကဲ့သို့သော ပြင်ပပတ်ဝန်းကျင်၏ လွှမ်းမိုးမှုများကို ရှောင်ရှားရသည်။

ထို့အပြင် ထိုအလှကုန်များသည် သူတို့ရဲ့ အသားအရေကို လုံးဝဘေးဥပဒ် မပေးဟုလည်း ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဆရာဝန်ကြီး နတ်ဆေးဆရာဝိုင်၏ ထုတ်ကုန်တစ်ခုဖြစ်ပြီး သူတွင် ထိုကဲ့သို့ အံ့သြဖွယ်ကောင်းသော ဆေးပညာကျွမ်းကျင်မှု ရှိနေသောကြောင့် အန္တရာယ်ဖြစ်စေရန် မဖြစ်နိုင်ပေ။

တစ်ခုတည်းသော အားနည်းချက်မှာ ထိုအလှကုန်များ၏ အလွန်မြင့်မားသောစျေးနှုန်းသာ ဖြစ်သည်။ ၎င်းသည် သားရဲရန်စွယ်ဆေးနှင့် နှိုင်းယှဉ်ပါက များစွာ ဈေးနှုန်း ကွာခြားနေခဲ့သည်။

လူအများအပြားသည် သားရဲရန်စွယ်ဆေး၏စျေးနှုန်းက အလွန် စျေးကြီးလိမ့်မည်ဟု အစက ထင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သေရေး၊ ရှင်ရေးနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ၎င်းကို ယွမ် ၁၀,၀၀၀ ဖြင့် ရောင်းချလျှင်တောင်မှ ဘယ်သူမှ ကန့်ကွက်ကြမည်မဟုတ်ပါ။ သို့သော်လည်း ၎င်းကို ယွမ် ၅၀၀ ဖြင့်သာ ရောင်းချခဲ့သည်။ အလှကုန်ပစ္စည်းများက အလွန် ကွာခြားပေသည်။ နှုတ်ခမ်းနီတစ်ချောင်းကိုပင်လျှင် ယွမ် ၅၀၀ ဖြင့် ရောင်းချခဲ့ပြီး ဖောင်ဒေးရှင်း တစ်ဗူးကို ယွမ် ၆၀၀ ဖြင့် ရောင်းချခဲ့သည်။

ထိုစျေးနှုန်းသည် မိတ်ကပ်ပစ္စည်းများလောကတွင် ဇိမ်ခံပစ္စည်းများ၏စျေးနှုန်းကိုပင် ကျော်လွန်သွားခဲ့သည်။ Dior အမှတ်တံဆိပ် နှုတ်ခမ်းနီများသည် တစ်ချောင်းလျှင် ယွမ် ၃၀၀ ဖြင့်သာ ရောင်းချလေသည်။

သို့သော်လည်း အမျိုးသမီးများထံမှ ပိုက်ဆံရှာရန် အလွယ်ဆုံးဖြစ်ကြောင်း အတွေ့အကြုံများက သက်သေပြခဲ့ပြီး ဖြစ်သည်။ မြင့်မားသော ဈေးနှုန်းများသည် အမျိုးသမီးတစ်ဦးကိုပင်လျှင် မဝယ်နိုင်အောင် လုပ်နိုင်ခြင်း မရှိပါ။ အင်တာနက် အသုံးပြုသူများစွာသည် ဝိုင်အလှကုန်၏ ထွက်ရှိလာမည့် ထုတ်ကုန်အသစ်များကိုပင် စတင် မျှော်လင့်လာခဲ့ကြပြီး ၎င်းတို့ထဲမှ အမျှော်လင့်ဆုံးသော အရာများမှာ မျက်လုံးခရင်မ်နှင့် mask များ ဖြစ်သည်။

ဤအလှကုန်များ၏ အမှတ်တံဆိပ်သည်လည်း ရိုးရှင်းသည်။ ၎င်းသည် ဗူးပေါ်တွင် ကြီးမားသော ဝိုင်သင်္ကေတသာ ပါရှိသည်။

ဝိုင်အလှကုန်ကိုယ်တိုင်၏ နာမည်ကျော်ကြားမှုနှင့် နတ်ဆေးဆရာဝိုင်၏ ဂုဏ်သတင်းသည် ထိုအမှတ်တံဆိပ်ကို တရုတ်နိုင်ငံတွင် အကောင်းဆုံး ဇိမ်ခံပစ္စည်းများထဲသို့ ရောက်ရှိစေခဲ့သည်။ မကြာမီတွင် ၎င်းသည် နိုင်ငံခြားတွင်လည်း မိတ်ဆက်သွားမည် ဖြစ်သည်။

ရလဒ်အနေဖြင့် သူ ပိုက်ဆံရှာသည့်နှုန်းကလည်း လွန်စွာ တိုးလာခဲ့သည်။ မကြာမီတွင် ဝမ်ရုံ နည်းပညာ၏ ဉာဏ်ရည်မြင့် အိမ်အကူ စက်ရုပ်အသစ်ကို မိတ်ဆက်တော့မည် ဖြစ်ပြီး အနာဂတ်တွင် ဆေးဝါးအသစ်များလည်း ရှိလာဦးမည် ဖြစ်သည်။ ဤနည်းအားဖြင့် ဆန်းကြယ်ကျွန်း၏ ဆောက်လုပ်ရေး လုပ်ငန်းစဉ်ကို အလွယ်တူ အလျင်မီနိုင်စေပေမည်။

ရဲ့လင်းချန်ရဲ့ ပိုက်ဆံရှာရသည့် ရည်ရွယ်ချက်က ဆန်းကြယ်ကျွန်းကို တည်ဆောက်ရန် တစ်ခုတည်းအတွက် မဟုတ်ပါ။ ပိုက်ဆံသုံးရန် လိုအပ်သည့် အခြားနယ်ပယ်များစွာ ရှိနေသေးသည်။

ဟင်းလင်းပြင်နယ်မြေသာ ကမ္ဘာမြေကို ဆက်လက်ကျူးကျော်လာပါက စစ်ပွဲကို ရှောင်လွှဲ၍ မရတော့ပေ။ တိုက်ခိုက်ရေး စွမ်းရည်အပြင် ထိုစစ်ပွဲဟုခေါ်သောအရာသည် ငွေသားများစွာကိုလည်း ကုန်ဆုံးစေသည်။ ခဲယမ်း၊ လက်နက်များ၊ သိပ္ပံနှင့် နည်းပညာပစ္စည်းများနှင့် အခြားအရာများအတွက် ငွေများစွာ လိုအပ်ပြီး အလုပ်သမားများ၏ လုပ်အားခနှင့် အသက်စွန့်ခဲ့သူများအတွက် ပင်စင်များကိုဆိုလျှင် ပြောစရာပင် မလိုတော့ပါ။ ၎င်းသည် အလွန် ငွေကုန်ကြေးကျ များပေလိမ့်မည်။။

*သောက်ကျိုးနည်း*

သူ တကယ်ကို လူသားမျိုးနွယ်၏ အနာဂတ်အတွက် စိတ်ပူနေခဲ့မိသည်။

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ သူ ကယ်တင်ရှင်တစ်ယောက်၏ လမ်းကြောင်းပေါ်မှ ပိုပိုပြီး ဝေးသွားလေပြီလား။ မည်သို့ပင် ဆိုစေကာမူ ထိုသို့ပြလုပ်ခြင်းက သူ့အား ရေပန်းစားမှုများစွာ ရရှိရန် ကူညီနိုင်ပေလိမ့်မည်။

ထို့အပြင် ထပ်မံ၍ …

ရဲ့လင်းချန်၏ မျက်လုံးများ လင်းလက်လာပြီး နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်သည်။

သူ ရရှိခဲ့သည့် ဗဟုသုတတိုင်းဟာ ကမ္ဘာမြေပေါ်၌ လက်ရှိ တည်ရှိနေသည့် အရာများ ဖြစ်သည်။ သူသာ ဟင်းလင်းပြင်နယ်မြေသို့ သွားခဲ့ပါက ဗဟုသုတအသစ် သင်ယူနိုင်လေမလား။ ထိုသို့ဆိုလျှင် စနစ်က ၎င်းတို့ကို အဆင့်မြှင့်တင်ပြီးနောက် ထိုဗဟုသုတအသစ်တွေက ဘာတွေများ ဖြစ်လာလေမလဲ။

ကမ္ဘာမြေပေါ်က ဗဟုသုတများကို အဆင့်မြင့်အဆင့်သို့ အဆင့်မြှင့်တင်တာတောင်မှ အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။ ဟင်းလင်းပြင်နယ်မြေက ဗဟုသုတများက ကမ္ဘာမြေပေါ်မှ ရရှိနိုင်သော ဗဟုသုတများထက် ပိုနက်နဲမည်မှာ အသေအချာပင်။ အနည်းဆုံး သိုင်းပညာပိုင်းနှင့် ပတ်သက်လျှင် ထူးခြားသော စွမ်းရည်အချို့ ရှိနိုင်လောက်သည်။ သူသာ ထိုသို့ ဆက်၍ ဆင့်ကဲပြောင်းလဲနေပါက နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွား လေမလား။

ဝိုး။

ထိုအချိန်တွင် ငြိမ်သက်နေသော ပင်လယ်တွင် ကြီးမားသော လှိုင်းလုံးများ ရုတ်တရက် ပေါ်လာခဲ့သည်။ အဝေးက ရေများ တိုးတိုက်နေသည့်အသံ ထွက်ပေါ်လာပြီး ပင်လယ်လေက ရုတ်တရက် ပြင်းထန်လာသည်။

ရဲ့လင်းချန်၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သူ၏နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်လာသည်။ သူ မျက်လုံးများကို မှေးလိုက်ပြီး အဝေးသို့ စိုက်ကြည့်လိုက်သည်။

ပင်လယ်၏ အနက်ရှိုင်းဆုံးမှနေ၍ အလွန်ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်တစ်ခု ပေါ်လာသည်ကို သူ အံ့အားသင့်စွာ တွေ့လိုက်ရသည်။ ထိုစွမ်းအင်က ရုတ်တရက် ပေါ်လာပြီး ပိုပို၍ သိပ်သည်းလာပြီး ပင်လယ် ရေမျက်နှာပြင်ကပင် ပွက်ပွက်ဆူလာသည်အထိ ဖြစ်လာခဲ့သည်။

ပင်လယ်သတ္တဝါများသည်လည်း ရေအောက်တွင် ထိတ်လန့်နေကြသည်။ သူတို့သည် စိတ်ဝိညာဉ်စွမ်းအင်၏ ရင်းမြစ်သို့ တစ်ပြိုင်တည်း ပြေးသွားကြသည်။

“ဒါ... ဒါက...”

ရဲ့လင်းချန်၏ မျက်လုံးအိမ်များက အပ်တစ်စင်းသဖွယ် ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင် တိုးလာသည်ကို ခံစားလိုက်ရပြီး သူ့ရဲ့နှလုံးသားထဲတွင် အလွန်ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငရဲတံခါး အသစ်လား”

ရဲ့လင်းချန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ အတင်းအကျပ် တည်ငြိမ်အောင် လုပ်လိုက်သည်။ ငရဲတံခါးက သမုဒ္ဒရာထဲမှာ ပေါ်လာပြီး ၎င်းက ဆန်းကြယ်ကျွန်းနှင့်လည်း အလွန် နီးစပ်နေခဲ့သည်။

ထိုသို့သော စိတ်ဝိညာဉ်စွမ်းအင်မျိုးက ငရဲတံခါး ပွင့်လာသည့်အခါမှသာ ပေါ်လာနိုင်သည်။ သို့သော် ၎င်းက ယာယီ ပွင့်ခြင်းလား၊ ထာဝရ ပွင့်ခြင်းလား သူ မသိပါ။

“သခင်”

လိပ်အိုကြီးက အမြန် ရေကူးလာပြီး ပင်လယ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးသို့ ကြောက်ရွံ့စွာ လည်ပင်းဆန့် လိုက်သည်။ ထိုနေရာမှ အလွန် ကြောက်စရာကောင်းသော အရာတစ်ခုကို ၎င်း ခံစားမိနေလေသည်။

“လ၊ သွားကြည့်ရအောင်”

ရဲ့လင်းချန်က အသံတိုးတိုးနှင့် ပြောလိုက်ပြီး လိပ်အိုကြီးရဲ့ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ သူတို့ နှစ်ယောက်လုံး စိတ်ဝိညာဉ်စွမ်းအင်၏ ရင်းမြစ်ဘက်ကို ဦးတည်သွားကြလေသည်။

လိပ်အိုကြီးက ပင်လယ်ထဲတွင် အန္တရာယ် ဖြစ်လောက်သော အမြန်နှုန်းနှင့် ရေကူးနေသည်။ ရဲ့လင်းချန်မှာမူ သူ၏ ရေဝိညာဉ် ခန္ဓာကိုယ်ကြောင့် ဘာမှမထိခိုက်ဘဲ ရေထဲက ငါးတစ်ကောင်နှင့် တူနေလေသည်။

လမ်းတစ်လျှောက်တွင် ရေကူးနေသော ငါးများစွာအပြင် ပင်လယ်ကဏန်းများ၊ ကြီးမားသော ကျောက်ပုစွန်များ ကြီးမားသော ရေဘဝဲများနှင့် လိပ်အိုကြီးထက် ပို၍ ကြီးမားသည့် ဝေလငါးပြာများကိုပင် ရဲ့လင်းချန် တွေ့လိုက်ရသည်။

ပင်လယ်ကြမ်းပြင်က အပင်အမျိုးမျိုးသည် စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားမိပုံရပြီး သိသိသာသာ လှုပ်ရှားလာသည်။ လက်ရှိတွင် သမုဒ္ဒရာထဲ၌ သက်ဝင်လှုပ်ရှားမှုများစွာ ဖြစ်ပေါ်နေ၏။

နှစ်နာရီကြာပြီးနောက် ရဲ့လင်းချန်သည် ပင်လယ်ကြမ်းပြင်မှ အပေါ်သို့ မော့ကြည့်လိုက်မိပြီး ပင့်သက်ရှိုက် မိသွားသည်။

လက်ရှိတွင် ထိုနေရာသည် ပင်လယ်သတ္တဝါများစွာနှင့် ပြည့်နေခဲ့သည်။ သူ အပေါ်သို့ ကြည့်လိုက်သည့်အခါ ငါးအများအပြား၏ ဝမ်းဗိုက်ဖြူဖြူများကို မြင်လိုက်ရပြီး အလင်းရောင်ပင် တိုးမပေါက်ချေ။ သတ္တဝါများစွာက ဘုရားဖူးသွားသကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင်၏ ရင်းမြစ်သို့ မျက်နှာမူထားကြသည်။

ရဲ့လင်းချန်သာ ကောင်းကင်မှ ကြည့်မိပါက လက်ရှိတွင် ပင်လယ်၌ ပင်လယ်သတ္တဝါအမျိုးမျိုးနှင့် ပြည်နေသည်ကို တွေ့ရပေလိမ့်မည်။ သိပ်သည်းလွန်း၍ ပင်လယ်က ကုန်းမြေတစ်ခုနီးပါးကဲ့သို့ ဖြစ်နေလေသည်။

ပုံမှန်အားဖြင့် အချင်းချင်း ရန်မူ တိုက်ခိုက်ကြသော တိရစ္ဆာန်များက ယခု ထိုသို့ မလုပ်ကြချေ။ သူတို့သည် အံ့ဩစရာကောင်းလောက်အောင် အချင်းချင်း ငြိမ်းချမ်းရေး ရနေကြသည်။

၎င်းက အလွန် အံ့ဩစရာ ကောင်းလှပေသည်။

၎င်းအား သဘာဝ အံ့ဩဖွယ်ရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

“အပေါ်တက်ပြီး ကြည့်ကြည့်ရအောင်”

ရဲ့လင်းချန်က လိပ်အိုကြီး၏ ကျောကို ပုတ်လိုက်သည်။ လိပ်အိုကြီးက ရဲ့လင်းချန်၏ စကားကို ချက်ချင်း နားလည်ပြီး အပေါ်သို့ ဖြည်းဖြည်းချင်း ရေကူးသွားလေသည်။

ရဲ့လင်းချန်က ပင်လယ်သတ္တဝါများစွာ ဝန်းရံထားသည့် အလယ်ဗဟိုကို တဖြည်းဖြည်း မြင်လာရသည်။ ၎င်းက ဝဲကတော့ တစ်ခုနှင့်တူပြီး တစ်ဝက်က ပင်လယ်ရေမျက်နှာပြင် အထက်တွင် ရှိနေကာ ကျန်တစ်ဝက်က ပင်လယ် ရေမျက်နှာပြင် အောက်၌ ရှိနေသည်။ ၎င်းသည် မြို့တော် ဒေသသစ်တွင် တွေ့ခဲ့ရသည့် ဝဲကတော့ တစ်ခုနှင့် တူညီသော်လည်း ပို၍ သေးငယ်လေသည်။

All Chapters