အပိုင်း ၂၅၁
Vol. 17 Ch. 251
ထိုအချိန် နျဉ်ယွိယွင်ရဲ့ရုံးခန်းထဲတွင်တော့ ရွှင်မြူးမှုဖြင့် ပြည့်နေသည်။
"အရမ်းကောင်းတယ်!" ဆယ်ရက်ကျော် သုတေသန လုပ်ပြီးသွားပြီးနောက် ကျုံးဝမ်နဲ့တခြားသူတွေဟာ အပြီးသတ်နိုင်ခဲ့သည်။ “အခု ကျွန်တော်တို့ ဆေးခန်းမှာ သုံးရက်စမ်းသပ်ဖို့ပဲ လိုတော့တယ်။ ဆေးဝါးက ဘေးကင်းပြီး ထိရောက်မှုရှိတယ်ဆိုတာ အာမခံပြီးရင်၊ ကျွန်တော်တို့တွေ ဒီဆေးကို ခပ်များများထုတ်ပြီး ဒီရောဂါကို ဖြေရှင်းနိုင်မယ်"
ဒါတွေအားလုံးဟာ မော့ချူးပေးခဲ့တဲ့ အကြံကောင်းတွေရဲ့ ကျေးဇူးပင်။ မှော်သားရဲတွေကို ထိန်းချုပ်ဖို့ မှော်အပင်တွေကို အသုံးပြုသည်အား သူတို့တွေးကြည့်မိတဲ့အခါ အာဟာရဖျက်ပိုးတွေ အစာချေဖျက်ရာမှာ အထူးပြုတဲ့ မှော်အပင်တစ်မျိုးကို တွေ့ရှိခဲ့ကြသည်။ ဒီတော့မှ သူတို့ရဲ့သုတေသန တိုးတက်မှုဟာ ရှေ့ကိုကြီးကြီးမားမား လှမ်းလိုက်နိုင်သည်။
"ကောင်းလိုက်တာ!" အဲ့ဒီသတင်းကို ကြားလိုက်ရတဲ့အခါ နျဉ်ယွိယွင်မျက်နှာပေါ်တွင် မနေနိုင်ဘဲ ဝမ်းသာပျော်ရွှင်မှုတွေ ပေါ်လာခဲ့သည်။ ဆေးဝါးထိရောက်မှုရှိသရွေ့ ဒီကပ်ရောဂါကိုဖြေရှင်းဖို့ ခြေလှမ်းကြီးတစ်လှမ်းကို သူတို့ လှမ်းနိုင်တော့မည်ဖြစ်သည်။
လေထုဟာ အစကပျော်ရွှင်နေပေမယ့် လက်ထောက်ခရိုင်မှူးက ဝမ်းနည်းတဲ့မျက်နှာနဲ့ လျှောက်ဝင်လာသည်။ သူ ပါးစပ်ဟကာ ပြောလိုက်သည်။ "မာရှယ်နျဥ်၊ တစ်ခုခု မကောင်းတာတော့ဖြစ်နေပြီ!"
"ဘာဖြစ်လို့လဲ?" ကျောလင် မေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ အရန်စပါးပြောင်းနှံတွေ ကုန်လုနီးပါးဖြစ်နေပြီ။ အများဆုံး နောက်နေ့အထိပဲ ထိန်းထားနိုင်တော့မယ်” တစ်ချိန်တည်းမှာဘဲ လက်ထောက်ခရိုင်မှူးမှာ တုန်လှုပ်ခြောက်ခြားနေသည်။ "ကျွန်တော်တို့ ဘာလုပ်သင့်လဲ?"
ဒါကိုကြားတော့ ကျောလင် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ "ငါတို့ ထောက်ပံ့ရေး တစ်သုတ် ရခဲ့တယ်မဟုတ်လား? ဘာလို့ အရန်စပါးပြောင်းနှံတွေ မရှိတော့တာလဲ?"
ဒီမေးခွန်းထွက်လာတာနဲ့ လက်ထောက်ခရိုင်မှူးရဲ့ မျက်နှာတွင် ဒေါသတွေဖြင့် ပြည့်နှက်သွားသည်။ “ ထောက်ပံ့ရေးပစ္စည်းတွေကို စစ်ဆေးဖို့ ကျွန်တော်သွားကြည့်တော့ ပေးလာတဲ့ အစားအသောက်တွေအားလုံး သက်တမ်းကုန်နေပြီဆိုတာ တွေ့လိုက်ရတယ်။ စားလို့ မရတော့ဘူး!"
အဖွဲ့ချုပ်ရှိအစားအစာအများစုဟာ ၁၀ နှစ်မှ နှစ် ၂၀ အထိ သက်တမ်းရှိသည်။ အစားအသောက် သက်တမ်းကုန်သည့် ပြဿနာရှိလာလိမ့်မည်ဟု လူတိုင်းမမျှော်လင့်ထားမိတာကြောင့် အခုချိန်မှသာ ရှာဖွေတွေ့ခဲ့ကြသည်။ ဒီလို အတုတွေဖြစ်ကာ ညံ့လှတဲ့ပစ္စည်းတွေကို သူတို့ဘယ်ကနေ ရလာမှန်းမသိပါချေ။ ရက်စွဲများ အားလုံးဟာမှန်ကန်သော်လည်း ဖွင့်ကြည့်လိုက်တဲ့အခါ အထဲရှိပစ္စည်းအားလုံးဟာ ကွဲနေသည်ကိုလည်း တွေ့ခဲ့ရသည်။
ယခင်က လက်ထောက်ခရိုင်မှူးဟာ ရိက္ခာမရှိတော့ခြင်းနှင့်ပတ်သက်၍သာ တင်ပြလာခဲ့သော်လည်း ယခုတော့ သူတို့ဟာဘာမှမပေးချင်ကြောင်း သူသိလိုက်သည်! သူတို့အား ထောင်ဖမ်းရန်ပြင်ဆင်ထားကြသည်ပင်!
အဲ့ဒီအချိန်မှာ နျဉ်ယွိယွင်ရဲ့ ခလုတ်ခုံကနေ ရုတ်တရက် အသံမည်လာသည်။ သူကြည့်လိုက်တော့၊ စုန့်ထျန်းချန်ရဲ့ ဗီဒီယိုမက်ဆေ့ချ်တစ်ခုဖြစ်နေသည်။
"အစောပိုင်း စကားပြောခဲ့တုန်းက ငါတို့တွေ ဆိုးဆိုးရွားရွားစကားလုံးတွေနဲ့ လမ်းခွဲခဲ့ကြတယ်" စုန့်ထျန်းချန်သည် နျဉ်ယွိယွင် သတင်းရပြီးလောက်ပြီဟု ယူဆကာ ယုံကြည်မှုအပြည့်နဲ့ ပြောလာသည်။ “အခုတော့၊ ငါတို့ စကားကောင်းကောင်းပြောသင့်ပြီထင်တယ်"
"ဘာအကြောင်းပြောချင်တာလဲ?" နျဉ်ယွိယွင်ရဲ့ အမူအရာမှာ မပြောင်းလဲသလို သူ့မျက်လုံးတွေထဲ အလင်းရောင်ခပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်။
"မင်းတို့ရဲ့ဆေးသုတေသနက တိုးတက်မှုရှိလာတယ်ဆိုတာ ငါသိတယ်" စုန့်ထျန်းချန်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလာသည်။ း"ဒါပေမယ့် အချိန်တော်တော်ကြာလိမ့်မယ်။ လက်တွေ့သုတေသနလုပ်တာနဲ့ ကုသမှုလုပ်ငန်းစဉ်က အနည်းဆုံး တစ်လခွဲလောက်တော့ကြာမှာဘဲ။ ရောဂါပျောက်သွားရင်တောင် လူတွေ ငတ်သေကြမှာပဲ။ ဒါက ရယ်စရာမကောင်းဘူးလား?"
"ဆိုတော့?" နျဉ်ယွိယွင် ခေါင်းအသာနှိမ့်လိုက်သည်။
"မင်း ခရိုင် ၁၂ ကို တာဝန်ယူထားတာ ကြာပြီမဟုတ်လား?" စုန့်ထျန်းချန် ဒီတစ်ခွန်းလေးဘဲ ပြောလိုက်ပေမယ့် ဉာဏ်ကောင်းတဲ့သူတွေကတော့ သူဘာပြောချင်လဲဆိုတာ သိသည်။
"ကျွန်တော်သဘောတူလိမ့်မယ်လို့ ဘာက ခင်ဗျားကိုထင်သွားစေတာလဲ?" နျဉ်ယွိယွင်ရဲ့ မျက်လုံးတွေထဲတွင် အပြုံးခပ်ပါးပါးဖြင့် သူခေါင်းမော့လိုက်သည်။
"မင်းဘယ်လိုထင်လဲ?" စုန့်ထျန်းချန်က မသိချင်ယောင်ဆောင်ကာ ပြန်ပြောလိုက်သည်။ ဒါကို သူပြောရဲနေကတည်းက သူ့တွင် သဘာဝအလျောက်လုပ်ပိုင်ခွင့်ရှိနေမှာပင်။ အခုတော့ ခရိုင် ၁၂ ဟာ သူ့လူတွေဆီကနေ ချိတ်ပိတ်ထားခံရပြီး အရင်းအမြစ်အများအပြားပို့ဖို့ကိုတောင် မေ့ထားကာ သံပုရွက်ဆိတ်မှော်သားရဲလေးတစ်ကောင်တောင် မဝင်ပါချေ!
နျဉ်ယွိယွင်မှာ သူနဲ့ အပေးအယူလုပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပေ။
"အဲ့ဒီလိုလား?" စုန့်ထျန်းချန်ရဲ့ မျက်နှာပေါ်က ထိန်းမရသိမ်းမရ စိတ်ကြီးဝင်မှုတွေကို မြင်လိုက်ရတော့ နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းတွေ ရုတ်တရက် တွန့်ကွေးကောက်သွားပေမယ့် သူ့မျက်လုံးတွေထဲတွင်တော့ အေးစက်မှူတွေဖြင့် ပြည့်နှက်နေသည်။ "သေခြင်းရှင်ခြင်းတွေကို ဂရုမစိုက်တတ်တဲ့ ခင်ဗျားလိုလူတွေနဲ့ မပူးပေါင်းရဲပါဘူး!"
"အိုး ဟုတ်သားဘဲ၊ ပြောဖို့မေ့နေတာ။ အရင်တစ်ခေါက် ကျွန်တော်ခေါ်လာတဲ့ ဆေးအဖွဲ့ထဲမှာ အစားအသောက် ကျွမ်းကျင်သူတွေ အများအပြားပါတယ်လေ။ ဒီကာလပြီးရင်တော့ အစားအသောက်တွေကို တီထွင်ထုတ်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်။ ဒါကို ခင်ဗျား စိတ်ပူပေးဖို့ မလိုပါဘူး!"
ဒီစကားကိုကြားတဲ့အခါ စုန့်ထျန်းချန်ရဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။ သူ မျက်မှောင်ကြုတ်ကာ အနည်းငယ်အံကြိတ်လိုက်ပြီး ပြောလိုက်သည်။ "မာရှယ်နျဉ်က ဒီလောက်ထိ ကောင်းကောင်းပြင်ဆင်ထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက အစားအသောက် ကျွမ်းကျင်သူတွေကိုတောင် ခေါ်သွားတာပဲ!”
“အင်း၊ ဟုတ်တယ်။ ခင်ဗျားတို့နဲ့ ရင်ဆိုင်ရရင် ပိုသတိထားရမယ်လေ!" နျဉ်ယွိယွင်က သူတို့ကို ခပ်ပါးပါးလေး ပုတ်ထုတ်လိုက်သည်။ “ကျွန်တော် အလုပ်များနေသေးလို့ ခင်ဗျားနဲ့ စကားမပြောတော့ဘူးနော်။ နောက်တစ်ကြိမ် အခွင့်အရေးရရင် ထပ်ပြောကြတာပေါ့။ ခင်ဗျားနဲ့တွေ့ရဖို့ စောင့်နေမယ်!"
“ကောင်းပြီ!” စုန့်ထျန်းချန်မှာ သူ့မျက်နှာပေါ်က တည်ငြိမ်နေမှုကို မထိန်းချုပ်နိုင်တော့ဘဲ ခလုတ်ခုံကိုချလိုက်သည်။ ဒေါသတွေက သူ့ခေါင်းထဲ တိုးဝင်လာသည်။ သူဒီလောက်ကြာအောင် ကြံစည်ထားတဲ့အရာတွေက အဆုံးမှာ ဘာမှမဖြစ်လာဘူးဆိုတာကို မမျှော်လင့်ထားဘူး!
နျဉ်ယွိယွင်က တကယ့်ကို ရက်စက်တဲ့လူပဲ!
စုန့်ထျန်းချန်ရဲ့ ခါးသီးနေတဲ့ ခံစားချက်နဲ့ ဆန့်ကျင်ကာ နျဉ်ယွိယွင်တို့ဘက်မှာတော့ ပျော်ရွှင်မှုအပြည့်နဲ့ပင်။
"ကောင်းတယ် ဘော့စ်!" ကျောလင် သူ့ကို လက်မထောင်ပြလိုက်သည်။
"တကယ်ဘဲလား? ကျွန်တော်တို့မှာ မကြာခင် စားစရာတွေရှိလာမှာလား?" လက်ထောက်ခရိုင်မှူးမှာ မယုံကြည်နိုင်သေးပေ။ နျဉ်ယွိယွင်ဟာ အစကတည်းက အမှားအယွင်းမရှိ ကြိုတင်ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်ခဲ့သည်။
“အင်း" နျဉ်ယွိယွင်အသာ ခေါင်းညိတ်ပြလိုက်သည်။ “ခဏနေ အစားအသောက် လာယူဖို့ တစ်ယောက်ယောက်ကို ပို့လိုက်"
"ဟင်း!" ဒါကိုကြားတော့ လက်ထောက်ခရိုင်မှူးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ခရိုင် ၁၂ တစ်ဝိုက်တွင် မြူမှုန်များ ပြန့်ကျဲလာကာ နေရောင်က တဖြည်းဖြည်း တောက်ပလာပြီး မျှော်လင့်ချက်နဲ့ နွေးထွေးမှုတို့ သယ်ဆောင်လာတာကို သူမြင်နေရသလိုပင်။