← Chapters

အပိုင်း ၂၅၆

Vol. 18 Ch. 256

အပိုင်း ၂၅၆

Vol. 18 Ch. 256

"စိတ်မပူပါနဲ့၊ အဖိုး သူနဲ့ အချိန်တစ်ခုလောက်ကုန်ဆုံးကြည့်ပြီးသွားရင် သူ့ကို သဘောကျသွားမှာ သေချာပါတယ်" နျဉ်ယွိယွင်မှာ မော့ချူးရဲ့ ကိုယ်ရည်ကိုယ်သွေးကို သတိရမိသွားသည်။ သူမဟာ တကယ်ကိုဘဲ သက်ကြီးပိုင်း၊ သက်လတ်ပိုင်းနဲ့ လူငယ်မျိုးဆက်တွေအားလုံးဆီကနေ သဘောကျခံရတတ်သည့် ပုံစံဖြစ်သည်။ သူမကို လူတွေသဘောကျလာအောင် လုပ်ရာတွင် တကယ် တော်သည်!

"ဒီတော့ မင်းက လက်မလျော့ချင်သေးဘူးပေါ့?" အကြီးအကဲနျဉ်ရဲ့ အကြည့်တွေထဲ ဒေါသအရိပ်အယောင်တွေ ပေါ်လာသည်။ "အဲ့ဒီကလေးမလေးနဲ့ ကျမ်းကျိန်ပြီး သူ့စောင့်ရှောက်သူဖြစ်လာဖို့ မင်းတကယ်လုပ်မှာလား?"

"အင်း" နျဉ်ယွိယွင်က မထူးခြားနားသလို ပြန်ဖြေလာပေမယ့် သူ့အကြည့်တွေထဲက ဆုံးဖြတ်ချက်ကိုတော့ လျှော့တွက်လို့မရပါချေ။

"အဲ့ဒါကိုထားလိုက်အုံး" သူတို့နှစ်ယောက် စကားများရန်ဖြစ်တော့မှာကို မြင်လိုက်ရတဲ့အတွက် နျဉ်ကျန်းဟိုင် အမြန်ထရပ်ကာ နျဉ်ယွိယွင်ကို ကြည့်လိုက်သည်။ "မင်းအခုမှပြန်လာတာ။ သွားနားလိုက်တာ ပိုကောင်းမယ်"

“ကောင်းပါပြီ” နျဉ်ယွိယွင် အကြီးအကဲနျဉ်ရဲ့ ဒေါသကြောင့် နီရဲနေတဲ့ မျက်လုံးတွေကို ကြည့်ကာ ခဏလောက်စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ အပေါ်ထပ်ကို တက်လိုက်သည်။

အလျင်မလိုပါချေ။ သူ နောက်ထပ်လှုပ်ရှားမယ့်ဟာတွေကို ဖြည်းဖြည်းချင်း ပုံဖော်လို့ရသည်။ ကျမ်းကျိန်မယ့်ကိစ္စနဲ့ပတ်သက်ပြီး သူအရင်ပြင်ဆင်ထားရမည်။

တစ်ဖက်တွင်

မော့ချူးတို့ ခရိုင် ၃ ကို ပြန်ရောက်နေပြီဖြစ်သည်။

မှော်အပင်ဖြစ်တဲ့ 'ပန်းပင်' ကို ပြန်ယူလာတာမှလွဲ၍ သူမရဲ့ခလုတ်ခုံထဲတွင် ခရိုင် ၁၂ မှလူတွေပေးခဲ့တဲ့လက်ဆောင်တွေအားလုံးနှင့် ပြည့်နေသည်။ သူမရဲ့ သဘောထားဟာ အရမ်းနွေးထွေးသည်။

သို့ပေမယ့် အပျော်ဆုံးမှာ ဝိုင်းဝိုင်းဖြစ်သည်။ သူ့မှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျလုမတတ်ပင်။

"အူဝူးးး-" အရမ်းကောင်းတယ်! နောက်ဆုံးတော့ ပြန်‌ရောက်လာပြီ!

အရသာရှိတဲ့ အစားအစာတွေကို နောက်ဆုံးအကြိမ် စားခဲ့ရပြီးကတည်းက တစ်လလုံးမစားခဲ့ရပေ! သူက မြေခွေးပျံလေးကိုတောင် ဖော်ရွေနေသေးသည်!

တစ်ယောက်နဲ့ တစ်ယောက် ချစ်ချင်ခင်ခင်ပွေ့ဖက်ထားကြတဲ့ အသေးလေးနှစ်ယောက်ကို ကြည့်ကာ မော့ချူးနဲ့ မော့ယန်တို့မှာ မတတ်နိုင်ဘဲ တစ်ယောက်ကို တစ်ယောက်ကြည့်မိကြတော့သည်။ သူတို့တွေ သိနေတဲ့အပြုံးကို ထုတ်ပြလာကြသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခရိုင် ၁၂ တွင် သူတို့တွေ အရမ်းအလုပ်များခဲ့ကြသည်။ သူတို့ ပါးစပ်ထဲ အစားအသောက်တွေ သိပ်ထည့်ကာ ဘာကိုမှအရသာမခံနိုင်ခဲ့ရပေ။ သူတို့ ဗိုက်ပြည့်ဖို့သာ အရေးကြီးသည်။

အခုတော့ သူတို့မှာ အချိန်ရှိတဲ့အတွက် လူတိုင်းကို ဆုချဖို့ အရသာရှိတဲ့ ဟင်းတစ်ခွက်ကို ချက်ပြုတ်ရမည်။

ဆားတွေနှင့်အတူ ပေးပို့လာသည့် ပင်လယ်စာများကို မစားရသေးပေ။ ယခုချိန်ဟာ ၎င်းအား ထုတ်မြည်းရန် အချိန်ကောင်းပင်ဖြစ်သည်။ စိတ်ဆုံးဖြတ်ပြီးသည့်နောက် မော့ချူးလှည့်ကာ မီးဖိုခန်းထဲသွားလိုက်သည်။ ဒီလှုပ်ရှားမှုဟာ ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးတို့ရဲ့မျက်လုံးတွေကို ချက်ချင်းလင်းလက်လာစေသည်။

ခလုတ်ခုံမှ အမွှေးထူဂဏန်းရှစ်ကောင်ကို ထုတ်ယူပြီးနောက် မော့ချူးသည် ဘရက်ရှ်အသေးတစ်ခုကို ထုတ်ကာ တစ်ကောင်ပြီးတစ်ကောင် ဆေးကြောလိုက်သည်။ ထို့နောက် ရေပေါင်းပင်အချို့ကို ထုတ်လိုက်ကာ အပိုင်းလေးတွေ ခုတ်ထစ်လိုက်သည်။ သူမသည် ၎င်းတို့အား ရေနွေးအိုးအောက်ခြေတွင် ထားလိုက်သည်။

ထို့နောက်တွင် သန့်စင်ထားသည့် ကဏန်းဗိုက်ဘက်ကို လှန်လိုက်ကာ ဂျင်းပြားတွေကိုတင်လိုက်ပြီး ပေါင်းလိုက်သည်။ အိုးကိုအဖုံး ဖုံးလိုက်ပြီး သူမ ၁၅ မိနစ်ခန့် ပေါင်းထားလိုက်သည်။

ကျန်သည့် ရေပေါင်းပင်များကို သူမအတုံးသေးသေးလေး လှီးလိုက်ကာ ပန်းကန်ပြားအသေးတစ်ခုပေါ်တွင် ထည့်လိုက်သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အိမ်လုပ်ပဲငံပြာရည်နှင့် အီတာလျံရှာလကာရည်အနည်းငယ် ထည့်လိုက်သည်။

နောက်ဆုံး ပေါင်းထားသည့်ကဏန်းအား ထုတ်ကာ ပန်းကန်ပြားပေါ် တင်လိုက်သည်။ ဒီကဏန်းပေါင်းဟာ အောင်မြင်တယ်လို့ ယူဆနိုင်သည်။

"အဲ့ဒါပဲလား?" မော့ယန် စိတ်ဝင်တစားနဲ့ မေးလိုက်သည်။ ဒီလိုရိုးရိုးရှင်းရှင်း လုပ်ရတာနှင့်ဆို အနာဂတ်တွင် သူ စမ်းကြည့်လို့ရမည်ပင်။

“အင်း” မော့ချူး ခေါင်းညိတ်လိုက်သည်။ ပန်းကန်ပြားပေါ်ရှိ အနီရောင်သန်း‌နေတဲ့ အမွေးထူဂဏန်းကို ကြည့်ရင်း သူမ သွားရည်ကျလုမတတ်ပင်။ “ဂဏန်းလတ်ဆတ်တာကို လိုချင်ရင် ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး ထည့်စရာမလိုသလို အကြာကြီးပေါင်းဖို့လည်းမလိုဘူး။ သူ့အရသာကတင် အရမ်းကောင်းနေပြီ"

“လာ၊ စားပွဲပေါ်ယူသွားပြီး မြည်းကြည့်လိုက်။ ပူတဲ့အချိန် အရသာပိုကောင်းတယ်" မော့ချူးသည် ပန်းကန်ပြားကို မော့ယန်အား ပေးလိုက်ကာ ခလုတ်ခုံထဲမှ ပြည်ကြီးငါးကို ထုတ်လိုက်သည်။ ပင်လယ်စာစားရန် နောက်ထပ် ပြည်ကြီးငါးမွှေကြော်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ။

မော့ချူးသည် ပြည်ကြီးငါးထဲမှ စားလို့မရတဲ့ အစိတ်အပိုင်းတွေကို အရင်ဖယ်လိုက်ပြီး ပြည်ကြီးငါးရဲ့အရေခွံကို ဖြဲလိုက်သည်။ နောက်တော့ ပြည်ကြီးငါးတွေကို အတုံးသေးသေးလေးတွေ လှီးလိုက်သည်။ ဤနည်းဖြင့် ပြည်ကြီးငါး အဆင်သင့်ဖြစ်ပြီဟု ယူဆနိုင်သည်။

ထို့နောက် ပြည်ကြီးငါးကို ပွက်ပွက်ဆူနေသည့်ရေဖြင့် ပြုတ်လိုက်သည်။ ထိုအချိန်တွင် မော့ချူးသည် ရေပေါင်းပင်တွေအား အမျှင်လေးတွေ လှီးပြီးနောက် ငရုတ်သီးတွေကို အပိုင်းပိုင်းလှီးကာ ဘေးဖယ်ထားလိုက်သည်။

သူမ ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနေတော် ထည့်လိုက်သည်။ သူမသည် မီးပြင်းပြင်းဖြင့် အပူပေးကာ ပါဝင်ပစ္စည်းတွေကို အရင်ကြော်လိုက်သည်။ အနံ့မွှေးလာတဲ့အခါ ပြည်ကြီးငါးနဲ့ ငရုတ်သီးတွေကို ထည့်လိုက်ပြီး အမြန်ကြော်လိုက်သည်။ နောက်ဆုံးမှာ ဆားနဲ့ ငရုတ်ကောင်း အနည်းငယ် ထည့်လိုက်သည်။

All Chapters