အပိုင်း ၂၆၃
Vol. 18 Ch. 263
ပြင်ဆင်မှုများပြီးသည့်အခါ သူတို့လမ်းလယ်ခေါင်ဆီ လျှောက်လာကြသည်။
တကယ်ကို အသက်ဝင်လှုပ်ရှားနေသည်။
အဲ့ဒီအချိန် မော့ချူး စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ လမ်းနှစ်ဘက်လုံးတွင် မီးရောင်စုံတွေရှိသည်။ လမ်းတွင် အရောင်အသွေးစုံကာ ဆူညံနေပြီး လူတိုင်းက မတူညီတဲ့မျက်နှာဖုံးတွေကို ဝတ်ဆင်ထားကြသည်။ ဒါဟာ အရမ်းဆန်းသစ်ကာ စိတ်ဝင်စားဖို့ကောင်းလှသည်။
ချင်ယွဲ့မှာ သူနဲ့ မျက်နှာဖုံးတူတူဝတ်ထားမည့် အလှလေးကို ရှာတွေ့ရန် မျှော်လင့်လျက် ဘယ်ညာကြည့်နေသည်။
အဆုံးသတ်မှာတော့....
"မော့ချူး ငါတော့ မှားသွားပြီ!" သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ ချင်ယွဲ့ရဲ့ စိတ်ဓာတ်ကျနေတဲ့အသံက ထွက်ပေါ်လာတော့သည်။
"ဘာဖြစ်လို့လဲ?" မော့ချူး လှည့်မေးလိုက်သည်။
“ကြည့်အုံး!” ချင်ယွဲ့ လမ်းလယ်ကို ညွှန်ပြလိုက်သည်။
လမ်းအလယ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေတဲ့လူတွေရှိနေသည်။ "ဘာကိုကြည့်ရမှာလဲ?"
"အဲ့ကောင်မလေးကိုကြည့်အုံး!" ချင်ယွဲ့ရဲ့အသံမှာ နောင်တရခြင်းတွေနဲ့ ပြည့်နှက်နေသည်။"အဲ့ကောင်မလေးရဲ့မျက်နှာဖုံးက ခုနတုန်းက ငါရွေးထားတဲ့ဟာနဲ့တူတူပဲဆိုတာ သိသာနေတာကို! ငါ သူမနဲ့တကယ်လွဲသွားတာပဲ!"
“သူ့ပုံစံကိုကြည့်ပါအုံး။ နူးညံ့သိမ်မွေ့တဲ့ ကောင်မလေးဖြစ်ရမယ်။ ဘုရားသခင်၊ ငါ ဘယ်လိုလုပ် သူမနဲ့လွဲသွားရတာလဲ?"
“အမ်းး…” မော့ချူး ကူကယ်ရာမဲ့စွာနဲ့ ပါးစပ်ဖွင့်လိုက်သည်။ ဒီနေရာတွင် လူတွေအများကြီးရှိနေတာ။ သူမ ဘယ်ကောင်မလေးကိုမှ လုံးဝမတွေ့ဘူး ဟုတ်ပြီလား?
“မေ့လိုက်တော့၊ ရှေ့ကိုသွားကြရအောင်” မော့ယန် သူ့ကိုပြောလိုက်သည်။ “နောက်ကျ ပိုကောင်းတဲ့လူနဲ့ တွေ့ရမှာပေါ့"
“ဟင်းး၊ အဲ့ဒီလိုလုပ်ဖို့ကလွဲပြီး ငါ့မှာ ရွေးစရာမရှိတော့ဘူး” ချင်ယွဲ့ သက်ပြင်းချကာ သူတို့နောက်ကနေတိတ်တဆိတ် လိုက်သွားလိုက်သည်။
ဆယ်မိနစ်ခန့်အကြာ လူအုပ်နောက်ကို လိုက်လာပြီးနောက် မော့ချူး စူးစမ်းလိုစိတ်ဖြင့် ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ "အဲဒါဘာလဲ?"
မြင့်မားတဲ့ ပလက်ဖောင်းပေါ်တွင် မျက်နှာဖုံးစွပ်ထားတဲ့သူတွေ၊ အများအပြားရှိနေသည်။ သူတို့ရဲ့ အရေအတွက်တွေကို ကြည့်ကြည့်ပါက အားလုံးက မိန်းကလေးတွေ ဖြစ်သည်။
“အိုး” ဒီအခြေအနေကိုမြင်တော့ ချင်ယွဲ့ချက်ချင်း ပြန်တက်ကြွလာသည်။ သူအရင်ကလို စိတ်ပျက်အားငယ်နေပုံမပေါ်တော့ပေ။ "အဲ့ဒါက အလှမယ်ပြိုင်ပွဲလေ"
"အလှမယ်ပြိုင်ပွဲ?" မော့ချူး အံ့ဩသွားသည်။ “ဒါပေမယ့် သူတို့အားလုံးက မျက်နှာဖုံးတွေ တပ်ထားကြတာလေ။ အလှမယ်ပြိုင်ပွဲမှာ ဘယ်လိုပြိုင်ကြမှာလဲ?”
"ဟင်း!" ချင်ယွဲ့ မော့ချူးကို စိတ်ပျက်သလို စိုက်ကြည့်လိုက်သည်။ “ဒီအလှမယ်ပြိုင်ပွဲက သာမန်အလှမယ်ပြိုင်ပွဲတွေနဲ့ မတူဘူး။ ရုပ်ရည်ပိုင်းသာမကဘူး ကဏ္ဍပေါင်းစုံက အရည်အချင်းပိုင်းလည်း ပါတယ်”
"အိုး ဘာဖြစ်လို့လဲ?" မော့ချူးက စိတ်ဝင်တစား မေးလိုက်သည်။
“ဒီပြိုင်ပွဲက ကြီးတယ်။ အများအားဖြင့်ဆို၊ ယုံကြည်မှုရှိကြတဲ့ မိန်းကလေးတွေက ပါဝင်ဖို့ အလိုအလျောက် စာရင်းသွင်းကြတတ်တယ်။ သုံးကြိမ်ရွေးချယ်ပြီးရင် မိန်းကလေး သုံးယောက်ပဲ ကျန်တော့မယ်။ အဲ့ဒီအချိန်ကျမှ သူတို့ရဲ့မျက်နှာဖုံးတွေကို ချွတ်ပြီး သူတို့ရုပ်ရည်နဲ့လိုက်ပြီး ပထမ၊ ဒုတိယနဲ့ တတိယနေရာ ဆုံးဖြတ်ပေးမှာ”
"ထိပ်တန်းသုံးယောက်က ဆုငွေတွေ ရရုံတင်မကဘူး ဒီနေ့ပွဲမှာ သူတို့ရဲ့အဖော်အဖြစ် လူတစ်ယောက်ကို ရွေးချယ်လို့ရမယ်"
"ဟင်းး!" ဒီလိုပြောပြီးတော့ ချင်ယွဲ့ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။ "ဒါက အရမ်းကောင်းတာပဲ၊ ဒါပေမယ့် ဘာလို့ အမျိုးသားပြိုင်ပွဲတွေကျ မရှိရတာလဲ?"
ဒီလိုသာဆိုရင် ဘာလို့ မျက်နှာဖုံးကို ကြိုးစားရွေးချယ်တော့မှာလဲ?
ရုတ်တရက် ချင်ယွဲ့ မျက်လုံးတွေ တောက်ပလာသည်။ "ချူးလေး၊ မင်းရော စမ်းကြည့်ကြည့်ရင်ရော?"
"ဟင့်အင်း၊ မသွားချင်ဘူး" မော့ချူးက ငြင်းဆန်တဲ့အကြည့်နဲ့ ခေါင်းခါလိုက်သည်။ “ကျွန်မ အဲ့ဒါကို စိတ်မဝင်စားဘူး…”
"မသွားဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ? မင်းဘာသာမင်း အရှက်ကွဲမှာကြောက်လို့လား?" မော့ချူး စကားမဆုံးခင် ဘေးနားကနေ အမျိုးသမီးတစ်ယောက်အသံ ရုတ်တရက် ထွက်လာသည်။ "ဟုတ်တာပေါ့။ မင်းက အလှမယ်ပြိုင်ပွဲတွေနဲ့ဆို အခွင့်အရေးမရနိုင်လောက်ဘူးလေ!"
အဲ့ဒီအသံကိုကြားတဲ့အခါ သူတို့လှည့်ကြည့်လိုက်ကြသည်။ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးက သူတို့ဘေးတွင် ရပ်နေသည်။ မော့ချူးကို ကြည့်လာတဲ့ သူမရဲ့အကြည့်တွေက ရွံရှာစက်ဆုပ်မှုတွေနဲ့ ပြည့်နှက်နေသည်။
သေစမ်း! ဒီကောင်မလေးက ခရိုင် ၁၂ ကိုသွားတာမဟုတ်ဘူးလား? ဘယ်လိုလုပ် အဆင်ပြေနေသေးလဲ? သူ တကယ် ကံကောင်းတာပဲ!
မော့ချူး မျက်လုံးတွေ မှေးကျဉ်းသွားသည်။ "ရှင်က... ချောင်းဟုန်မိန်လား?"
"ဟမ့်!" ရင်းနှီးတဲ့ အေးစက်စက် နှာမှုတ်သံက ထွက်ပေါ်လာသည်။ အမှန်ကို သူမပင်။ သူမတို့က တကယ်ရန်သူတွေပဲ။ ဘယ်လိုလုပ် ဒီလိုမျိုးလာဆုံကြတာလဲ!
"ဟက်၊ လုပ်ရဲရင် မင်းလုပ်လိုက်လေ! ဒီမှာ မဟုတ်တာတွေ လာမပြောနေနဲ့!" ချင်ယွဲ့မှာ သူမကို ဒီလိုမျိုးမြင်ရတာ သည်းမခံနိုင်တော့ပေ။ သူမကို အေးစက်စက်လှောင်ပြောင်လိုက်ရင်း သူ့အမူအရာက ချက်ချင်းပြောင်းသွားသည်။
“သေချာပေါက် ငါလုပ်ရဲတာပေါ့!" ချောင်းဟုန်မိန် မျက်လုံးလှိမ့်ပြလိုက်သည်။ ချောင်းဟုန်မိန်ကတော့ သူမရဲ့ရုပ်ရည်အပေါ် အမြဲတမ်း ယုံကြည်မှုအပြည့်ရှိသည်။ "ဒါပေမယ့် မော့ချူးက လုပ်ရဲရဲ့လား? သူမသာ ပထမအကျော့မှာ အထုတ်လိုက်ခံရရင် ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်မလဲ!"
ချင်ယွဲ့က ဒီစကားကို ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ? သူ ချက်ချင်း ပြန်ပြောလိုက်သည်။ "ချူးလေး၊ သွားရအောင်!"
"တကယ်လား?" ချောင်းဟုန်မိန်မှာ သူမရဲ့ဆွပေးတဲ့နည်းလမ်းက ခပ်မြန်မြန် အလုပ်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။ ဒီ ချင်ယွဲ့က တကယ်ကို ဦးနှောက်မရှိတဲ့ ခွေးရူးတစ်ကောင်ပဲ! ဟမ့်! သူမ ဒါကိုအခွင့်ကောင်းယူပြီး ဘယ်သူက ဩဇာအရှိဆုံးလဲဆိုတာ သိရအောင် မော့ချူးကို လူတိုင်းရဲ့အရှေ့မှာ ရက်ရက်စက်စက်ကို ချနင်းပြမယ်!
"ကောင်းပြီ စာရင်းသွင်းလိုက်မယ်" ချင်ယွဲ့ရဲ့မျှော်လင့်နေတဲ့အကြည့်နဲ့ ဆုံလိုက်ရာ မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေ မနေနိုင်ဘဲ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားတော့သည်။ သူမရဲ့ အကြည့်တွေက ချောင်းဟုန်မိန်ဆီရောက်သွားတော့ ပိုအေးစက်လာသည်။
ဒီတစ်ယောက် သူမကို အကြိမ်ကြိမ် လာဆွနေတာ။ ချောင်းဟုန်မိန်က သူမကို အနိုင်ကျင့်လို့ရတယ်လို့ တကယ်ဘဲထင်နေတာလား? သူမက အရမ်းကိုယုံကြည်ချက်ရှိနေမှတော့ မော့ချူးက သူမကို နောက်တစ်ကြိမ်အနိုင်ယူဖို့ အဆင်သင့်ပဲ!