အပိုင်း ၂၆၈
Vol. 18 Ch. 268
ချင်ယွဲ့ မျက်လုံးတွေပြူးကျယ်သွားကာ စင်ပေါ်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ "မင်းမြင်လိုက်လား? ၉.၅ မှတ်တဲ့! ဒါက လုံးဝကို ရူးချင်စရာပဲ!”
"ဟုတ်တယ်!" မော့ယန်ရဲ့ အသံထဲ စိတ်လှုပ်ရှားနေမှုကို မဖုံးကွယ်နိုင်ပေ။ ချူးလေးရဲ့ အသံကို သူပထမဆုံးအကြိမ် ကြားဖူးတာဖြစ်ကာ ဒါက သူ့ကို လုံးဝအံသြသွားစေသည်။
ဒီနှစ် အလှမယ်ပြိုင်ပွဲဟာ လူတိုင်းမျှော်မှန်းထားတာထက် ကျော်လွန်နေသည်။ နံပါတ် ၇၇ က ပြိုင်ပွဲနှစ်ကျော့စလုံးတွင် အကြွင်းမဲ့ အင်အားဖြင့် အနိုင်ရခဲ့သည်။ ရိုးရိုးရှင်းရှင်းကို အံ့သြစရာကောင်းလှသည်!
“အခုကတော့ ပြိုင်ပွဲတတိယအကျော့ပါ။ စင်အောက်က ပွဲကြည့်ပရိတ်သတ် ၃၃ ဦးကို ရွေးပါမယ်။ ကျေးဇူးပြုပြီး သင်တို့အားပေးတဲ့ မိန်းကလေးတွေနောက်မှာ ရပ်ပေးပါ။ လူအများရတဲ့ သုံးယောက်က မျက်နှာဖုံးတွေကို ချွတ်ပြီး ကျွန်တော်တို့ရဲ့ မဟာဆုကြီးကို ဆွတ်ခူးရမှာဖြစ်ပါတယ်!”
ဒါကိုကြားတော့ မော့ချူး အနည်းငယ် အံ့အားသင့်သွားသည်။ ဒီအလှမယ်ပြိုင်ပွဲက နှစ်ပေါင်းများစွာကြာရှိနေတာကို အံ့သြစရာမရှိတော့ပေ။ ဒီအကျော့ရဲ့ပုံစံကိုကြည့်ပါအုံး၊ ဒါက လူတိုင်းရဲ့စိတ်အားထက်သန်မှုကိုအပြည့်အဝနှိုးဆော်လိုက်တာပဲ!
မျှော်လင့်ထားတဲ့အတိုင်း၊ ဒိုင်လူကြီး ပြောပြီးသွားတာနဲ့ စင်အောက်က ကောင်လေးတွေအားလုံး ရူးသွပ်သွားကြတော့သည်။ နောက်တန်းမှာရှိတဲ့သူတွေလည်း ရှေ့ကိုတိုးလာကြကာ၊ အရှေ့တန်းကလူတွေကလည်း သူတို့ရဲ့နေရာကို ကာကွယ်ထားကြသည်။ မြင်ကွင်းက တော်တော်လေးကို ပြင်းထန်နေသည်။
ယောက်ျားလေး ၃၃ ယောက်ကို ရွေးထုတ်ပြီးမှဘဲ လူအုပ်ကြီးက ငြိမ်သက်သွားတော့သည်။ သို့ပေမယ့် ဝမ်းနည်းသံတွေကိုတော့ ဆက်တိုက်ကြားနေရဆဲပင်။
ချင်ယွဲ့လည်း သူတို့ထဲကတစ်ယောက်ပင်။ စင်ပေါ်တက်ဖို့ ရွေးချယ်ခံလိုက်ရတဲ့ ကံကောင်းသွားတဲ့သူတွေကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေထဲ ငြူစူမှုတွေ၊ မနာလိုအားကျမှုတွေ၊ မုန်းတီးမှုတွေဖြင့် ပြည့်နှက်သွားတော့သည်။ ဘာအတွက်မှ မတိုက်ခိုက်နေတဲ့ မော့ယန်ကျ စင်ပေါ်တက်ဖို့ ဘာလို့ အရွေးခံလိုက်ရတာလဲ? သူကျ အရမ်းစိတ်အားထက်သန်နေပေမယ့် နောက်မှာကျန်ခဲ့တယ်။ ကောင်းကင်ဘုံက တကယ်မတရားဘူး!
"ကောင်းပါပြီ၊ အခု ရွေးချယ်မှုကိုလုပ်ဖို့ ယောက်ျားလေး ၃၃ ယောက်ကို စင်ပေါ်ဖိတ်လိုက်ကြရအောင်!" ဒိုင်လူကြီးက စတင်ကြေညာလိုက်သည်။ “အာရုံစိုက်ပေးကြပါ၊ မင်းတို့တစ်ယောက်ချင်းစီရဲ့ရွေးချယ်မှုတွေက စင်ပေါ်မှာရှိတဲ့ မိန်းကလေးတွေရဲ့ သေခြင်းရှင်ခြင်း ကိုယ်စားပြုပါတယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပေးကြပါ!"
သူပြောပြီးတာနဲ့တပြိုင်နက် တခြားကောင်လေးတွေကတော့ အကျပ်ရိုက်နေကြဆဲဖြစ်သည်။ မော့ယန် ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းကာ မော့ချူးနောက်ကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ သူက ကျောက်တုံးလိုမျိုး ခိုင်မာလှသည်။
မော့ယန်ရဲ့ လုပ်ရပ်က တခြားကောင်လေးတွေကို သူ့ဘက်မှာရပ်တည်ရန် နှိုးဆော်လိုက်သလိုပင်။
သုံးမိနစ်အကြာတွင် ရွေးချယ်မှု ပြီးဆုံးသွားတော့သည်။
.....
ရွေးချယ်ခံရတဲ့ မိန်းကလေးက ပရိသတ်ဘက်ကို မျက်နှာမူထားတာဖြစ်သည်။ ဘာတွေဖြစ်နေလဲဆိုတာ သူတို့တွေ လုံးဝမမြင်ရပေ။ သူတို့ရဲ့ ရင်ထဲတွင် မသက်မသာဖြစ်မှုတွေနှင့် ပြည့်နှက်နေသည်။ သို့ပေမယ့် ပရိသတ်တွေရဲ့ အော်ဟစ်သံတွေ ထွက်လာတော့ သူတို့ကို ပိုလို့တောင် ထိတ်လန့်လာစေသည်။
ဒိုင်လူကြီးကတော့ ကမ္ဘာကြီးကမောက်ကမဖြစ်တာကို ကြည့်ရတာ သဘောကျတဲ့လူ တစ်ယောက်ဖြစ်နေဆဲပင်။ သူက ဆက်မေးလိုက်သည်။ “အားလုံး ဆုံးဖြတ်ကြပြီးပြီလား? ပြောင်းချင်တဲ့သူရှိသေးလား? အခုပြောင်းလို့ရပါသေးတယ်!"
“ကောင်းပါပြီ” နောက်ဆုံး ဆုံးဖြတ် ပြီးပြီဖြစ်သည်။ ဒိုင်လူကြီးရဲ့ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။ “အခု သုံးအထိရေတွက်ပါမယ်။ ကျေးဇူးပြုပြီး ကိုယ့်အနောက်မှာ အားပေးတဲ့သူဘယ်နှယောက်ရှိသလဲဆိုတာ လှည့်ကြည့်ကြပါ!"
"တစ် နှစ် သုံး!"
အားလုံး တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။ မော့ချူး လှည့်ကြည့်လိုက်တဲ့အခါ မော့ယန်ရဲ့နွေးထွေးတဲ့အကြည့်နဲ့ ဆုံလိုက်ရသည်။ သူက ပြုံးကာပြောလိုက်သည်။ "တော်တယ်!"
ယောက်ျားလေး ၃၃ ယောက်ထဲက အများစုဟာ မော့ချူးရဲ့အနောက်မှာ ရပ်နေကြသည်။ ကျန်သူတွေက ချောင်းဟုန်မိန်နဲ့ တခြားမိန်းကလေးတွေနောက်တွင် ရပ်နေကြသည်။ ခြားနားချက်က လုံးဝကိုသိသာလှသည်။
"အရမ်းကောင်းပါတယ်" ဒိုင်လူကြီးရဲ့ အသံက ထပ်ထွက်လာသည် “ဒီအလှမယ်ပြိုင်ပွဲရဲ့ ရလဒ်တွေကို ကြေညာပြီးသွားပါပြီ။ နံပါတ် ၁၃၊ နံပါတ် ၅၆ နဲ့ နံပါတ် ၇၇ တို့ပါ။ သူတို့ကို ဂုဏ်ပြုလိုက်ကြရအောင်!"
စိတ်အားထက်သန်နေတဲ့ အသံတွေက ခန်းမထဲကလေထုကို ချက်ချင်း လှုံ့ဆော်ပေးလိုက်သည်။ လူတိုင်းကအားကြိုးမာန်တက်နှင့် တစ်ညီတညွတ်တည်းအော်ပြောလာကြသည်။ "မျက်နှာဖုံးတွေ ချွတ်ပေးပါ! မျက်နှာဖုံးတွေကို ချွတ်လိုက်ပါ...!"
"ဟုတ်ပါတယ်။ အခုအချိန်က စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ပါပဲ” ဒိုင်လူကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် မျက်နှာကနီရဲလာသည်။ "ကျေးဇူးပြုပြီး တစ်ယောက်ချင်းစီ မျက်နှာဖုံးတွေကို ချွတ်ပေးပါ"
“အရင်ဆုံး၊ နံပါတ် ၁၃ပါ!”
ကောင်မလေးသည် မျက်နှာဖုံးကို မဖယ်ခင် အကြာကြီး တုံ့ဆိုင်းနေခဲ့သည်။
မျက်နှာဖုံးအောက်ရှိ မျက်နှာဟာ လှပသည်ဟု မယူဆနိုင်သော်လည်း နူးညံ့ကာ ကြည့်ကောင်းသည်ဟုယူဆနိုင်သည်။ တကယ်တော့ မော့ချူးရဲ့အမြင်အရ ဒီမိန်းကလေးဟာ မိသားစုတစ်ခုမှ ကျောက်စိမ်းတုံးတစ်တုံးလို စိတ်နေစိတ်ထားရှိတဲ့ပုံပင်။ သို့သော် အဖွဲ့ချုပ်တွင်တော့ အလှတရားတန်ဖိုးဟာ ယေဘုယျအားဖြင့် မြင့်မားသည်ကြောင့် သူမပုံက သာမာန်ဟု ယူဆနိုင်သည်။