← Chapters

စတစ်ခ် ၏ လျှို့ဝှက်ကြံစည်မှု

Vol. 24 Ch. 324

စတစ်ခ် ၏ လျှို့ဝှက်ကြံစည်မှု

Vol. 24 Ch. 324

အမှောင်စွမ်းအင်ဂိုဏ်း၏ အတွင်းပိုင်းအစည်းအဝေးခန်းမထဲတွင်…။

ဂိုဏ်းချုပ် စတစ်ခ် က အဓိကနေရာတွင်ထိုင်ရင်း သူ့အောက်မှာနေရာယူထားကြသည့် အမှောင်စွမ်းအင်ဂိုဏ်းမှ အကြီးအကဲများကို ကြည့်လိုက်သည်။

“အကြီးအကဲ ချန်ရဲ့ ဝိညာဉ်ကြိုး ပြတ်သွားပြီလား…”

“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်… အကြီးအကဲ ချန်ရဲ့ ဝိညာဉ်ကြိုး မပြတ်သေးပါဘူး…”

အောက်တွင်ထိုင်နေသော အကြီးအကဲတစ်ဦးက ချက်ချင်းပြန်ဖြေသည်။

“ဟမ်… သူ မသေသေးဘူးလား…”

ဂိုဏ်းချုပ် စတစ်ခ် အနည်းငယ်စိတ်ရှုပ်သွားသော်လည်း ဂရုမစိုက်တော့ပေ။ အကြောင်းမှာ ယခုအချိန်တွင် ပို၍အရေးကြီးသော ကိစ္စများ ရှိနေသောကြောင့်ဖြစ်သည်။

“ဒီနေ့ မင်းတို့ကို ငါဘာလို့ခေါ်လိုက်လဲဆိုတာ အားလုံးပဲ ခန့်မှန်းမိလောက်မှာပါ…”

သူ၏စကားကိုကြားပြီးနောက် အစည်းအဝေးခန်းမထဲရှိ အကြီးအကဲများက နားမလည်နိုင်ကြသလို တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

အချို့က နားမလည်ဟန်ဖြင့် ကြည့်နေကြပြီး အချို့က မျက်မှောင်ကြုတ်ကာ စဉ်းစားနေကာ အချို့ကတော့ တိတ်တဆိတ်ခေါင်းညိတ်ပြကြ၏။

အောက်မှ အကြီးအကဲများ၏ မျက်နှာအမူအရာကို အကဲခတ်ပြီးနောက် ဂိုဏ်းချုပ် စတစ်ခ် က ဆက်ပြောသည်။

“ရူဟွား ငါတို့ အမှောင်စွမ်းအင်ဂိုဏ်းကို ရောက်လာကတည်းက ဂိုဏ်းက ပထမတန်းစားဂိုဏ်းတစ်ခု ဖြစ်လာခဲ့တယ်… သူက ဂိုဏ်းအတွက် ဂုဏ်ကျက်သရေတွေ ယူဆောင်လာပေးပေမဲ့ တစ်ချိန်တည်းမှာပဲ… သူက မတည်ငြိမ်တဲ့အရာတစ်ခုလည်း ဖြစ်နေတယ်… အထူးသဖြင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ သူ့ကို ထိန်းချုပ်ရတာ ပိုပိုပြီးခက်ခဲလာတယ်…”

“ဒီနေ့ပဲ သူက ကြယ်တာရာဂိုဏ်းကနေ ပြန်လာပြီး ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကို ခေါ်လာခဲ့တယ်… ပြီးတော့ ငါတို့ဂိုဏ်းက အကြီးအကဲ ချန်ကို အဲ့ဒီမှာ ထားခဲ့တယ်… ကြယ်တာရာဂိုဏ်းက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းတို့အားလုံးသိကြပါတယ်… အဲ့ဒါက ကြယ်တာရာ မသေမျိုးဧကရာဇ်ရဲ့ နေရာလေ… အကြီးအကဲ ချန်က အခုထိမသေသေးပေမဲ့ အန္တရာယ်ကျရောက်နေလောက်ပြီ…”

ဂိုဏ်းချုပ် စတစ်ခ် ၏ စကားကိုနားထောင်ရင်း အောက်မှ အကြီးအကဲအများအပြားမှာ နားမလည်နိုင် ဖြစ်နေကြဆဲပင်။

ဘာပဲဖြစ်ဖြစ် ရူဟွားက မသေမျိုးဧကရာဇ်တစ်ပါးဖြစ်သည်။ သူသာမရှိလျှင် အမှောင်စွမ်းအင်ဂိုဏ်းသည် ပထမတန်းစားဂိုဏ်းဟုပင် ခေါ်ခွင့်ရမည်မဟုတ်ပေ။

ထိုမျှသာမက သူတို့တစ်နှစ်ပတ်လုံး အမြတ်ထုတ်ခဲ့သည့် ဒုတိယတန်းစားဂိုဏ်းများက သူတို့ကို ပြန်လည်ဖိနှိပ်ရန် သို့မဟုတ် ဂိုဏ်းကိုပင် ဖျက်ဆီးပစ်ရန် ပူးပေါင်းလာနိုင်ပေသည်။

အကြီးအကဲအများစု စိတ်ရှုပ်ထွေးနေကြသော်လည်း အနည်းငယ်ကတော့ တိတ်တဆိတ်ခေါင်းညိတ်နေကြ၏။

ထိုအကြီးအကဲများအားလုံးသည် ရူဟွားကို အလွန်မကျေမနပ်ဖြစ်နေကြသူများဖြစ်သည်။

ရူဟွားသည် ခန့်မှန်းရခက်သော စရိုက်ရှိပြီး အကြောင်းပြချက်မရှိဘဲ ပြဿနာရှာတတ်သူ၊ ပြဿနာဖြစ်စေတတ်သူဖြစ်သည်။

အကြီးအကဲအများစုက သူသည် မရှိမဖြစ်လိုအပ်သူမှန်း သိကြသော်လည်း သူတို့ အလွန်မကျေမနပ်ဖြစ်နေကြဆဲပင်။

အောက်တွင် အသံစုံထွက်ကာ ဆွေးနွေးနေကြစဉ် ဂိုဏ်းချုပ် စတစ်ခ် က ချောင်းအသာဟန့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားသည်

“ငါနောက်ထပ်ပြောချင်တဲ့အရာက ငါတို့ အမှောင်စွမ်းအင်ဂိုဏ်းရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ အဓိကကိစ္စကြီးတစ်ခုပဲ… လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ရှေးဟောင်းအပျက်အစီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး အဲ့ဒီထဲမှာ ငါက လျှို့ဝှက်နည်းစနစ်တစ်ခုကို တွေ့ခဲ့တယ်… ဒီနည်းစနစ်က လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းတစ်ခုလုံးကို တခြားလူတစ်ယောက်ဆီ သူ့သဘောဆန္ဒမပါဘဲ လွှဲပြောင်းပေးနိုင်တယ်… ဒီလောက်ပြောပြီးမှတော့ အကြီးအကဲတို့ ငါ့ဆိုလိုရင်းကို နားလည်လောက်ရောပေါ့…”

“ဂိုဏ်းချုပ်… ခင်ဗျားက ရူဟွားရဲ့ကျင့်ကြံခြင်းကို ခင်ဗျားဆီ လွှဲပြောင်းယူဖို့ စီစဉ်နေတာလား… ဒါက တကယ်ကို သတင်းကောင်းပဲ…”

“ဟုတ်တယ်… ဂိုဏ်းချုပ်မှာ အဲ့လိုလျှို့ဝှက်နည်းစနစ်မျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်တောင်မထင်ထားဘူး… ဘာလို့ အစောကြီးကတည်းက ကျွန်တော်တို့ကို မပြောပြခဲ့တာလဲ…”

“ဒီလျှို့ဝှက်နည်းစနစ်ကို အသုံးပြုဖို့ လိုအပ်တဲ့အခြေအနေတွေက တော်တော်ခက်ခဲမှာပဲ… ဒါပေမဲ့ ဂိုဏ်းချုပ်က ဒီနေ့ဒီလိုပြောလာတာက အချိန်ကျပြီဆိုတာကို ပြနေတာပဲ…”

ရူဟွားကို မကျေမနပ်ဖြစ်နေကြသော အကြီးအကဲအများအပြားမှာ စိတ်လှုပ်ရှားတက်ကြွလာကြသည်။

ဟုတ်ပေသည်။ စိတ်ထားကောင်းသောသူအချို့လည်း ရှိနေပါသေးသည်။

“ဂိုဏ်းချုပ်… ရူဟွားရဲ့ကျင့်ကြံခြင်းကို လွှဲပြောင်းလိုက်ရင် သူတစ်ခုခုဖြစ်သွားနိုင်သလား…”

ထိုစကားတစ်ခွန်းကြောင့် ဆွေးနွေးနေကြသော အကြီးအကဲများအားလုံး ချက်ချင်းတိတ်ဆိတ်သွားကြသည်။

လူတိုင်းတိတ်ဆိတ်သွားသည်ကိုမြင်သောအခါ ထိုသူက ဆက်ပြောသည်၊

“ဘာပဲဖြစ်ဖြစ် ရူဟွားက ငါတို့ဂိုဏ်းကို နှစ်ပေါင်းရာနဲ့ချီပြီး ကာကွယ်ပေးခဲ့တာလေ… သူ့ကျင့်ကြံခြင်းကို လွှဲပြောင်းပေးလိုက်လို့ သူထိခိုက်သွားမယ်ဆိုရင်တော့ ကျွန်တော်သဘောမတူနိုင်ဘူး…”

ထိုအကြီးအကဲစကားဆုံးသည်နှင့် အခြားအကြီးအကဲအချို့ပါ မတ်တပ်ထရပ်လိုက်ကြသည်။ သူတို့လည်း သဘောမတူကြောင်း သိသာထင်ရှားလှ၏။

ထိုမြင်ကွင်းကိုမြင်သောအခါ ဂိုဏ်းချုပ် စတစ်ခ် ၏ မျက်နှာက ချက်ချင်းပင် ညိုမှောင်သွားပြီးနောက် သူကပြောလိုက်သည်၊

“စိတ်မပူကြပါနဲ့… သူ့ရဲ့ကျင့်ကြံခြင်းကို ငါ့ဆီလွှဲပြောင်းပေးမှာ … ငါက မသေမျိုးဧကရာဇ်ဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာ… ငါက မသေမျိုးဧကရာဇ်ဖြစ်သွားပြီးတဲ့နောက် သူ့ရဲ့ကျန်တဲ့ကျင့်ကြံခြင်းတွေကို…”

ဤသို့ပြောပြီးနောက် စတစ်ခ် က စကားကိုရပ်ကာ အစည်းအဝေးခန်းမထဲကို ဝေ့ကြည့်လိုက်သည်။

ဆိုလိုရင်းက ရှင်းလင်းလှသည်။ သူက မသေမျိုးဧကရာဇ်အဆင့်သို့ ရောက်ရန် လုံလောက်ရုံသာ ယူမည်ဖြစ်ပြီး ရူဟွား၏ ကျန်ရှိသောကျင့်ကြံခြင်းကို အကြီးအကဲများအားလုံး ခွဲဝေယူနိုင်ပေသည်။

သူတို့လည်း ရူဟွား၏ ကျင့်ကြံခြင်းမှ ဝေစုရနိုင်သည်ကို သိလိုက်သောအခါ ရူဟွားကိုမုန်းတီးနေသော အကြီးအကဲများက ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

ရူဟွားဘက်ကနေ စကားပြောချင်နေကြသေးသောသူများအနက်ထက်ဝက်နီးပါးက ပြန်ထိုင်လိုက်ကြ၏။

နောက်ဆုံးတွင် ဂိုဏ်းချုပ် စတစ်ခ် က ကျင့်ကြံခြင်းကို စုပ်ယူခံလိုက်ရပါက ဘာဖြစ်မည်ကို ထုတ်မပြောခဲ့ပေ။

သူ မပြောခဲ့သော်လည်း လူတိုင်းကတော့ တစ်ခုတည်းသောရလဒ်မှာ သေခြင်းတရားဖြစ်မည်ဟု ခန့်မှန်းနိုင်ကြသည်။

မသေမျိုးဧကရာဇ်တစ်ပါးသည် သက်တမ်းရှည်လျားပြီး ထိုအရာက သူတို့၏ကိုယ်ပိုင်ကျင့်ကြံခြင်းအပေါ် လုံးလုံးလျားလျားမှီခိုနေရသည်။ အကယ်၍ ကျင့်ကြံခြင်း ပျောက်ကွယ်သွားပါက မသေမျိုးဧကရာဇ်တစ်ပါးသည် ချက်ချင်းပင် ခြောက်သွေ့နေသော အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

ထိုသို့ဖြင့် အမှောင်စွမ်းအင်ဂိုဏ်း၏ လျှို့ဝှက်အစည်းအဝေး ပြီးဆုံးသွားလေသည်။

အစည်းအဝေးအပြီးတွင် ဂိုဏ်းချုပ် စတစ်ခ် က သူ၏ညီဖြစ်သူ ဒုတိယဂိုဏ်းချုပ် မင်ဟိန်ထံ ချဉ်းကပ်သွားသည်။

“ခုနက မတ်တပ်ရပ်နေကြသေးတဲ့လူတွေကို အရှင်မထားရဘူး… သူတို့ကို အမြန်ဆုံးရှင်းပစ်လိုက်…”

ထိုစကားကိုကြားသောအခါ မင်ဟိန်က ခေါင်းညိတ်ကာ ပြောလိုက်သည်၊

“စိတ်မပူပါနဲ့… ဂိုဏ်းချုပ်… သူတို့တွေ ဒီည သူတို့အခန်းထဲမှာ အလိုလိုသေဆုံးသွားကြပါလိမ့်မယ်…”

အထွေထွေအစေခံတပည့်များ၏ အလုပ်နေရာတွင်…။

မေ့ကျဲ့ရန်က အဝတ်ပုံကြီးကို အားမလိုအားမရကြည့်ရင်း သူ့ဘာသာရေရွတ်လိုက်သည်၊

“ချီးလိုပဲ… ဒီလိုဖြစ်မယ်မှန်းသာသိရင် အဲ့ဒီငတုံးသုံးကောင်ကို ငါပြန်ခေါ်လာခဲ့ပါတယ်…”

ခပ်တိုးတိုးရေရွတ်ပြီးနောက် မေ့ကျဲ့ရန်က သူ၏ချစ်လှစွာသောတူကို ကြည့်လိုက်သည်။

“တံစဉ်လေး… မင်းက ရန်သူ့အသိုင်းအဝိုင်းထဲကို အမြန်ဆုံးထိုးဖောက်နိုင်ဖို့အတွက်ဆိုရင်…. ငါထင်တယ် မင်းက တတ်နိုင်သလောက် ကြိုးစားပမ်းစားအလုပ်လုပ်တာ ပိုကောင်းလိမ့်မယ်… ဒါကြောင့်… ဒီအလုပ်တွေအားလုံးကို မင်းဆီမှာပဲ ထားခဲ့လိုက်တော့မယ်…”

သူ့ဦးလေး၏ကိုယ်ပွားထံမှ အရှက်မရှိသောစကားများကိုကြားသောအခါ ရဲယင်မှာ စကားပင်မပြောနိုင်တော့ပေ။

ရဲယင်က ငြင်းဆန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် မေ့ကျဲ့ရန်က သူ၏ပေါင်ကြားမှ သစ်သားဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်ကို သူမြင်လိုက်ရသည်။

ထိုသစ်သားဓားကိုမြင်သောအခါ ရဲယင်က ချက်ချင်းပင် ကြောက်လန့်သွားသည်။

သို့သော် ရဲယင် အလုပ်စမလုပ်ရသေးခင်မှာပင် အပြင်စည်းတပည့်တစ်ယောက် ထိုနေရာသို့ ရောက်လာသည်။

“မင်းတို့ထဲက ဘယ်သူက ရဲတံစဉ်လဲ…”

“ကျွန်တော်ပါ…”

ရဲယင်က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်၊

“အစ်ကိုကြီးက ကျွန်တော့်ဆီကနေ ဘာအလိုရှိလို့လဲ…”

“အော်… ရဲတံစဉ်… မင်းမှာ ကျင့်ကြံခြင်းစွမ်းရည်နည်းနည်းရှိတယ်လို့ ငါကြားတယ်… မင်းရဲ့ လက်ရှိအဆင့်က ဘာလဲ…”

ရဲယင်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်၊

“အမြုတေဖွဲ့စည်းခြင်းအဆင့်ပါ…”

အပြင်စည်းတပည့်က ရဲယင်ကို လက်ညှိုးထိုးရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်၊

“ဒါဆို မင်းပဲ… ငါနဲ့လိုက်ခဲ့…”

ထိုသို့ဖြင့် ရဲယင်ကို အပြင်စည်းတပည့်တစ်ယောက်က ခေါ်သွားလေသည်။ နောက်ဆုံးတွင်တော့ မေ့ကျဲ့ရန်က ထိုအလုပ်များကို တစ်ယောက်တည်းလုပ်ရတော့သည်။

တောင်လိုပုံနေသော အဝတ်ပုံကြီးကိုကြည့်ရင်း မေ့ကျဲ့ရန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

“သေနာကျ… ဒီလိုအမှိုက်ဂိုဏ်းမျိုးက အစောကြီးကတည်းက မျိုးတုံးသွားသင့်တာ…”

သူက ဘာကြောင့် ဤဂိုဏ်းကို အမှိုက်ဂိုဏ်းဟု ပြောရသနည်း။ အကြောင်းမှာ အထွေထွေအစေခံတပည့်အသစ်များကို လေ့ကျင့်ပေးရန်အတွက် အလုပ်သမားအဟောင်းများက အပင်ပန်းဆုံးအလုပ်ကို လူသစ်များအား ပေးလေ့ရှိသောကြောင့်ဖြစ်သည်။

ပြီးတော့ အပင်ပန်းဆုံးအလုပ်က ဘာလဲ။ ထင်းခွဲခြင်းလား… ချက်ပြုတ်သန့်ရှင်းရေးလုပ်ခြင်းလား…

မဟုတ်ပေ။ အပင်ပန်းဆုံးအလုပ်မှာ အဝတ်လျှော်ခြင်းဖြစ်သည်။

ဤနေရာတွင် အဝတ်လျှော်စက်မရှိသောကြောင့် ရေဖြင့် လက်ဖြင့်လျှော်ရသည်။

အဝတ်အစားထောင်ပေါင်းများစွာကို လက်ဖြင့်လျှော်ရမည်တဲ့။ သူ့လက်တွေ ကျိုးသွားလောက်ပေသည်။

သို့သော် ဤအရာက မေ့ကျဲ့ရန်အတွက် ပြဿနာမဟုတ်ပေ။

မေ့ကျဲ့ရန်၏ စိတ်အာရုံက တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲသို့ ဝင်ရောက်သွားပြီး သူက အလိုအလျောက်အဝတ်လျှော်စက်တစ်လုံးကို တန်းထုတ်ယူလိုက်သည်။

ချက်ချင်းပင် မေ့ကျဲ့ရန်က ညစ်ပတ်နေသောအဝတ်များကို အဝတ်လျှော်စက်ထဲသို့ ထိုးထည့်လိုက်သည်။

လျှပ်စစ်မီးအတွက်လား… ဓာတ်ပေါင်းဖိုတစ်ခုက ဤအဝတ်လျှော်စက်ကို ရာစုနှစ်ပေါင်းများစွာ လည်ပတ်စေရန် လုံလောက်ပေသည်။

All Chapters