ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းခွဲ
Vol. 24 Ch. 332
အမှောင်စွမ်းအင်ဂိုဏ်း၏ ဘဏ္ဍာတိုက်အတွင်း၌။
ရဲရှင်းဟွေ့သည် ဘဏ္ဍာတိုက်ထဲရှိ ရတနာများကို သူ၏ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပစ်ထည့်နေလေသည်။
အခြားတစ်ဖက်တွင်မူ ရဲယင်သည် သူ၏နောက်တွင်ရပ်ကာ သူသည် ကလေကချေတစ်ယောက်မဟုတ်ကြောင်း ရူဟွားကို ရှင်းပြရန် ကြိုးစားနေသည်။
ထိုအခိုက်အတန့်တွင် တောင်စောင်း၌ လူရိပ်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြ၏။ ၎င်းတို့မှာ အမှောင်စွမ်းအင်ဂိုဏ်း၏ တပည့်များပင် ဖြစ်ကြသည်။
သူတို့အားလုံးသည် တောင်ပေါ်မှဆင်းလာသော အကြီးအကဲများထံမှ လက်ရှိဂိုဏ်းချုပ်နှင့် အမှောင်စွမ်းအင်ဂိုဏ်းမှ အကြီးအကဲများမှာ လုံးဝနီးပါး အသုံးမကျတော့ကြောင်း ကြားသိခဲ့ကြသည်။
အကယ်၍ သူတို့မသေလိုပါက အမြန်ဆုံးထွက်သွားသင့်သည်ဟု ဆို၏။
အကြီးအကဲများက ထိုသို့ပြောသော်လည်း သတ္တိရှိသော တပည့်အများအပြားသည် တောင်ပေါ်တွင် ဘာဖြစ်ခဲ့သည်ကို သို့မဟုတ် အမှောင်စွမ်းအင်ဂိုဏ်းမှ အကြီးအကဲများကို မည်သူက ဖျက်ဆီးသတ်ဖြတ်ခဲ့သည်ကို လာကြည့်ကြသေးသည်။
သဘာဝကျကျပင် အခြေအနေကို စစ်ဆေးရန် တောင်ပေါ်သို့တက်လာသော လူအများအပြားမရှိပေ။ အကြောင်းမှာ လူအများစုမှာ သူတို့၏အသက်ကို တန်ဖိုးထားကြသောကြောင့်ဖြစ်သည်။
တောင်ပေါ်သို့တက်လာသူများထဲတွင် အပြင်စည်းမှ အစ်မကြီးဖြစ်သူ ကျူးကဲ့ကန်းထျယ်လည်း ပါဝင်သည်။
တရှပ်ရှပ်မြည်သော ခြေသံများကို ကြားရသောအခါ ရတနာများ ဆက်လက်စုဆောင်းနေသော ရဲရှင်းဟွေ့မှလွဲ၍ လူအချို့သည် ဘဏ္ဍာတိုက်၏အဝင်ဝဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
သူသည် ကလေကချေတစ်ယောက်မဟုတ်ကြောင်း ရှင်းပြနေခဲ့သော ရဲယင်သည် အပေါက်ဝဘက်သို့ အနည်းငယ်မကျေမနပ်ဖြစ်စွာ လှမ်းကြည့်လိုက်သည်။
သူ၏ကျင့်ကြံခြင်းကို မတည်မငြိမ်ထိန်းချုပ်ထားရမှုနှင့် သူ၏စိတ်ခံစားချက်များ ပြောင်းလဲမှုတို့ကြောင့် ရဲယင်သည် သူ၏စွမ်းအားကို မထိန်းချုပ်နိုင်ဖြစ်သွားပြီး အမှောင်စွမ်းအင်ဂိုဏ်းမှ တပည့်များကို ကြည့်လိုက်သောအခါ သူ၏အရှိန်အဝါသည် သူတို့ကို ကြောက်လန့်သွားစေသည်။
ဤဖိအားကို ခံစားမိသောအခါ အခြေအနေကို ဆက်လက်စစ်ဆေးလိုသေးသော အမှောင်စွမ်းအင်ဂိုဏ်းမှ တပည့်များသည် စကားတစ်ခွန်းမပြောဘဲ လှည့်ထွက်ပြေးသွားကြသည်။
ရဲလန်ယွဲ့သည် ဤတပည့်များ၏ ကျောပြင်များကို ကြည့်ရင်း နက်နက်နဲနဲ တွေးတောနေမိသည်။
ရဲယင်က ဤလူများကို မောင်းထုတ်ပြီးနောက် သူသည် ရဲရှင်းဟွေ့ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။
"ဦးလေး… ကျွန်တော့်ကို… ပြန်ပြောင်းပေးလို့ရမလား"။
ရဲယင်သည် ထိုအချိန်တွင် ရူဟွား၏ပုံစံအတိုင်း ရှိနေဆဲဖြစ်သည်။ ဤအချက်ကြောင့်ပင် ရူဟွားက ရဲယင်၏ရှင်းပြချက်ကို မယုံကြည်ခြင်းဖြစ်သည်။
"အော်… မင်းက အပြစ်ပေးတဲ့အနေနဲ့ သုံးရက်လောက် မိန်းမလိုဝတ်ဖို့ ဆန္ဒရှိတယ်မဟုတ်လား။ မင်းကို သုံးရက်လောက် မိန်းမတစ်ယောက်ဖြစ်ခွင့်ပေးပြီး မိန်းမလိုဝတ်စားခွင့်ပေးတာ မကောင်းဘူးလား"။
ဤသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် ပြုံးလိုက်ပြီး ဆက်ပြော၏။
"မင်း ဇီဝဗေဒအကြောင်းကိုလည်း ပိုပြီးလေ့လာသင်ယူလို့ရတာပေါ့”
ရဲယင် - “…”
"ခင်ဗျား ကျွန်တော့်ကို ပြန်မပြောင်းပေးရင် ခင်ဗျားရဲ့ အမြတ်ထုတ်တဲ့အစီအစဉ်ကို ကျွန်တော် ဆက်မလုပ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အခု ကျွန်တော်က မသေမျိုးဧကရာဇ်အတုအယောင်အဆင့်…"။
အပျော့ဆွဲ၍မရသောအခါ ရဲယင်သည် ခြိမ်းခြောက်မှုကို အသုံးပြုရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
"မင်း…”
ရဲရှင်းဟွေ့သည် ရဲယင်ကို လက်ညှိုးထိုးကာ
"မင်း ရက်စက်တယ်"
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် ရဲယင်ပေါ်သို့ လက်တစ်ဖက်တင်လိုက်သည်။ ရှဲခနဲအသံတစ်ခုထွက်လာပြီး ရဲယင်ဝတ်ဆင်ထားသော စကတ်သည် ရုတ်တရက် အဝတ်စုတ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ရဲယင်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကျနေသော အဝတ်စများကို ကြည့်လိုက်ပြီး သူ၏ကိုယ်လုံးကိုယ်ပေါက်ကို စစ်ဆေးကာ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
"ဟူး… နောက်ဆုံးတော့ ငါပြန်ပြောင်းသွားပြီ"။
ရဲယင် သက်ပြင်းချလိုက်စဉ်မှာပင် သူသည် ရုတ်တရက် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။
"ခဏ… ငါ့ရဲ့… ငါ့ရဲ့… ဘာလို့ ပြန်မရောက်သေးတာလဲ"
ထိုသို့ပြောရင်း ရဲယင်သည် ရဲရှင်းဟွေ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
ရဲရှင်းဟွေ့သည် ပခုံးတွန့်လိုက်ပြီး ပြုံးကာ
"ဒီတစ်ခါတော့ မင်းကိုခြိမ်းခြောက်ရမယ့် ငါ့အလှည့်ပဲ။ မင်းသာ အစီအစဉ်ကို ကောင်းကောင်းမွန်မွန်ပြီးမြောက်အောင်မလုပ်နိုင်ရင် မင်းက အဲ့ဒါမရှိတဲ့သူအဖြစ် ထာဝရနေသွားရလိမ့်မယ်။ ကဲ လာ… မင်းအလှည့်ပဲ။ မင်းမှာ ငါ့ကိုခြိမ်းခြောက်ဖို့ တခြားကတ်တွေရှိသေးရင် ထုတ်လိုက်လေ"
ရဲယင် - “…”
ဤအဓိပ္ပာယ်မရှိသော လှုပ်ရှားမှုတစ်ခုသည်ပင်လျှင် သေချာပေါက်အနိုင်ရသည့်ကတ် ဖြစ်နေပြီ။ သူဘယ်လိုဆက်ကစားနိုင်ဦးမည်နည်း။ သူ ဘယ်လိုကတ်တွေတောင် ထုတ်နိုင်ဦးမည်နည်း။
နောက်ဆုံးတွင် ရဲယင်သည် ရဲလန်ယွဲ့ကို ကြည့်လိုက်သည်။
"အဒေါ်…"။
ချစ်စရာကောင်းအောင် ကြိုးစားရင်း သူသည် ရဲလန်ယွဲ့ကိုခေါ်သည့်အခါ ရွံရှာဖွယ်ကောင်းသော အသံရှည်ကြီးဖြင့် ခေါ်လိုက်သည်။
ပေါင်ပေါင်း - "ကလေကချေ"
ရူဟွား - "ရွံစရာကောင်းတဲ့ ကလေကချေ"
ရဲလန်ယွဲ့သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ‘ဖြစ်နိုင်တာက… ရဲရှင်းဟွေ့နဲ့ အကြာကြီးနေရင်… ပေါက်ကရဖြစ်သွားတတ်သလား။ ငါ့ကိုပါ သက်ရောက်နိုင်သလား’ ဟု တွေးလိုက်မိသည်။
အတိတ်က ရဲယင်အကြောင်းကို စဉ်းစားကြည့်လျှင် သူသည် အလွန်အေးစက်ပြီး အလွန်တည်ကြည်ခဲ့သည်။
အနည်းငယ်မာနကြီးသည်မှလွဲ၍ သူ၏စရိုက်မှာ အတော်လေးပုံမှန်ဖြစ်သည်။
သို့သော် ယခုမူကား သူသည် အကြောင်းပြချက်မရှိဘဲ မိန်းမအဝတ်အစားဝတ်ရခြင်းကို ကြိုက်နှစ်သက်သည်။ သူမကြားရသည်မှာ သူသည် ရဲရှင်းဟွေ့ကို မစင်သုံးပေါင်စားရမည့် အလောင်းအစားတစ်ခုကိုလည်း ရှုံးနိမ့်ထားသေးသည်ဟု ဆိုသည်။
အရေးကြီးဆုံးမှာ သူမ၏တူအကြီးဆုံးသည် အမှန်စင်စစ် လိုလီကွန်တစ်ယောက်ဖြစ်ကြောင်း သူမသိရှိသွားခြင်းပင်။
အကယ်၍သာ ရဲယင်သည် ယခု ရဲလန်ယွဲ့ဘာတွေတွေးနေသည်ကို သိပါက သူသည် သေချာပေါက် မတရားခံရကြောင်း အော်ဟစ်ပြီး အရာအားလုံးမှာ ရဲရှင်းဟွေ့၏အမှားဖြစ်ကြောင်း ပြောပေလိမ့်မည်။
"အင်းလေ…"
ရဲလန်ယွဲ့သည် သက်ပြင်းချလိုက်ပြီး ရဲရှင်းဟွေ့ကို
"ထားလိုက်ပါတော့၊ ရဲယင်ကို မစနောက်နဲ့တော့"
သူ၏အစ်မကြီး ပြောသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် ရဲယင်ကို လုံးဝပြန်လည်ပြောင်းလဲပေးလိုက်သည်။
သူ၏ညီငယ်လေး ပြန်ရောက်လာသည်ကို တွေ့ရှိသောအခါ ရဲယင်သည် သက်ပြင်းချလိုက်သည်။
သို့သော် ဤအချက်သည် ရူဟွားကို ပို၍ပင်ရှုပ်ထွေးသွားစေသည်။ အကြောင်းမှာ ရဲယင်သည် ယခုအခါ မူလရဲယင်၏ပုံစံနှင့်တူပြီး ရဲတံစဉ်နှင့်မတူသောကြောင့်ဖြစ်သည်။
ထိုသို့ဖြင့် ရဲယင်သည် နောက်တစ်ကြိမ် ထပ်မံရှင်းပြရတော့သည်။
ရဲရှင်းဟွေ့သည် ရတနာများ၊ ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများအားလုံးကို ထုပ်ပိုးပြီးနောက် သူသည် ဝင်ပေါက်တစ်ခုဖွင့်ကာ တိုက်ရိုက်ထွက်ခွာရန် စီစဉ်လိုက်သည်။
သို့သော် သူသည် ရဲလန်ယွဲ့၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"ခဏနေဦး။ ဘာပဲဖြစ်ဖြစ် ဒီဂိုဏ်းက ဖျက်သိမ်းခံရသလိုဖြစ်နေပြီ။ တောင်အောက်ဆင်းပြီး သူတို့တပည့်တွေကိုပါ ခေါ်သွားကြရအောင်"
"အမလေး… အစ်မ… ဒါတွေအားလုံးက အမှောင်စွမ်းအင်ဂိုဏ်းရဲ့ မျိုးစေ့တွေလေ။ အစ်မသာ ဒီလိုလုပ်လိုက်ရင် အမှောင်စွမ်းအင်ဂိုဏ်းက လုံးဝပျောက်ကွယ်သွားလိမ့်မယ်"။
ရဲရှင်းဟွေ့၏စကားကိုကြားသောအခါ ရဲလန်ယွဲ့သည်လည်း ကြောင်ငေးသွားသည်။ သူမ၏ညီမှာ ကြင်နာတတ်သူတစ်ယောက်ဖြစ်ကြောင်း သူမ မမှတ်မိပေ။
ရဲလန်ယွဲ့ ရှုပ်ထွေးနေစဉ်မှာပင် သူမသည် ရဲရှင်းဟွေ့၏ ဆက်ပြောသံကို ကြားလိုက်ရသည်၊
"ဂိုဏ်းကိုယ်တိုင်က လုံးဝပျက်စီးသွားမှတော့ ငါတို့က အမှောင်စွမ်းအင်ဂိုဏ်းတစ်ခုလုံးကို သိမ်းပိုက်ပြီး ကြယ်တာရာဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုအဖြစ် လုပ်လိုက်တာ ပိုကောင်းမယ်"။
ရဲလန်ယွဲ့ - “…”
ရဲလန်ယွဲ့သည် သေချာစဉ်းစားကြည့်လိုက်ပြီး ဤသည်မှာ အမှန်တကယ်ကောင်းသော အကြံအစည်တစ်ခုဖြစ်ကြောင်း ခံစားလိုက်ရ၏။
တစ်ခုတည်းသော အနှောင့်အယှက်ဖြစ်စရာမှာ အကယ်၍ သူတို့က အမှောင်စွမ်းအင်ဂိုဏ်းတစ်ခုလုံးကို အမှန်တကယ်သိမ်းပိုက်လိုက်ပါက စီမံခန့်ခွဲရန် အခက်အခဲရှိမည်ဖြစ်သည်။
သို့သော် သူမ ရူဟွားကိုမြင်ပြီး ရူဟွား၏ကျင့်ကြံခြင်းကို တွေးမိသောအခါ စီမံခန့်ခွဲရန်မှာ သိပ်မခက်ခဲဟု သူမခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဤနေရာ၌ မသေမျိုးဧကရာဇ်တစ်ပါး ရှိနေသည် မဟုတ်လား။
"ကောင်းပြီ။ အမှောင်စွမ်းအင်ဂိုဏ်းတစ်ခုလုံးကို သိမ်းပိုက်ကြစို့။ ကြယ်တာရာဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုအဖြစ် လုပ်လိုက်ကြစို့"
ဆွေးနွေးပြီးနောက် လူအချို့သည် တောင်အောက်သို့ဆင်းကာ သူတို့၏ခရီးဆောင်အိတ်များကို ထုပ်ပိုးနေသော အကြီးအကဲများကို ဦးစွာရှာဖွေလိုက်ကြသည်။
ဤအကြီးအကဲများ၏ ကျင့်ကြံခြင်းကို တံဆိပ်ခတ်ထားသော်လည်း ၎င်းမှာ သူတို့၏ကျင့်ကြံခြင်းကို ဆုံးရှုံးသွားသည်ဟု မဆိုလိုပေ။ တံဆိပ်ကို ဖြေလျှော့လိုက်သရွေ့ သူတို့သည် ယခင်ကကဲ့သို့ အားကြီးသောသူများအဖြစ်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်၏။
သူတို့ကိုရှာဖွေတွေ့ရှိပြီးနောက် ရဲလန်ယွဲ့သည် အမှောင်စွမ်းအင်ဂိုဏ်းကို ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းခွဲအဖြစ် ပြောင်းလဲလိုသော သူမ၏အကြံအစည်ကို ဖော်ပြလိုက်သည်။
သူတို့၏ဂိုဏ်း ပျက်စီးသွားပြီဖြစ်ကြောင်း သိရှိပြီးနောက် အကြီးအကဲအချို့၏ မျက်နှာအမူအရာများမှာ ရုတ်တရက် လေးနက်သွား၏။
ဤသည်ကိုမြင်သောအခါ ရဲလန်ယွဲ့သည် တိတ်တဆိတ်ခေါင်းညိတ်လိုက်ပြီး ‘သူတို့မှာ သတ္တိအနည်းငယ်တော့ ရှိသေးတာပဲ’ ဟု တွေးလိုက်မိသည်။
ရဲလန်ယွဲ့သည် ထွက်ပြေးရန်စီစဉ်နေသော ဤအမှောင်စွမ်းအင်ဂိုဏ်းမှ အကြီးအကဲများအပေါ် သူမ၏အမြင်ပြောင်းလဲသွားပြီး သူတို့သည် သေသည်အထိတိုက်ခိုက်ရန် စီစဉ်နေသည်ဟု ထင်မှတ်နေစဉ်မှာပင် သူမသည် သူတို့၏ တညီတညွတ်တည်းအော်ဟစ်သံကို ကြားလိုက်ရသည်။
"ကြယ်တာရာဂိုဏ်းရဲ့ ဂိုဏ်းခွဲကို ဝင်ရောက်ရတဲ့အတွက် ကျွန်ုပ်တို့ နောင်တမရှိဘဲ သေနိုင်ပါပြီ"။
ရဲလန်ယွဲ့ - “…”
ရဲလန်ယွဲ့သည် ဤလူများကို ဆွံ့အစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်၏။
"အမှောင်စွမ်းအင်ဂိုဏ်းရဲ့ တပည့်အားလုံးရဲ့ ကိစ္စအဝဝကို မင်းတို့ဆီမှာပဲ ထားခဲ့မယ်။ သူတို့ကိုပြောလိုက်၊ သူတို့အားလုံးက အခုကစပြီး ကြယ်တာရာဂိုဏ်းရဲ့ တပည့်တွေဖြစ်သွားပြီလို့"
ရဲလန်ယွဲ့ စကားဆုံးသည်နှင့် ရဲရှင်းဟွေ့သည် မတ်တပ်ထရပ်ကာ အော်ပြောလိုက်၏။
"နောက်တစ်ခု… အမှောင်စွမ်းအင်ဂိုဏ်းရဲ့ တပည့်အားလုံးကို သူတို့အဝတ်အစားအားလုံးကို သူတို့ကိုယ်တိုင်လျှော်ခိုင်းလိုက်"