ရဲရှင်းဟွေ့ - ချီးစားရတဲ့ ခံစားချက်အကြောင်း စာစီစာကုံး အလုံး ၈၀၀၀ ရေးလာခဲ့
Vol. 25 Ch. 339
လူငါးယောက်၏ ကံစွမ်းအင်ကို ခံစားမိသောအခါ ယီချန်းချွင်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ရဲလန်ယွဲ့ကို ရိုသေစွာ မေးလိုက်သည်။
“တဆိတ်လောက်ပါ… မင်းတို့က ဘာတွေ လိုချင်တာလဲ”
ရဲလန်ယွဲ့က အချိန်မဆွဲဘဲ သူ၏ တောင်းဆိုချက်ကို တိုက်ရိုက် ထုတ်ပြောလိုက်၏။
“ပထမအချက်… ငါ့မောင်ဆီက ယူသွားတဲ့ ပစ္စည်းတွေ အကုန်ပြန်ပေး…”
“ဟင်… ခင်ဗျားရဲ့ မောင်က ဘယ်သူလဲ…” ယီချန်းချွင်က အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့် မေးလိုက်၏။
“ငါ့မောင်က မင်းတို့ ပစ်မှတ်ထားနေတဲ့ ကြယ်တာရာ မသေမျိုးဧကရာဇ်ပဲ…”
သူ့ရှေ့မှ အမျိုးသမီးမှာ ကြယ်တာရာ မသေမျိုးဧကရာဇ်၏ အစ်မ ဖြစ်နေသည်ကို ကြားလိုက်ရသောအခါ… သူမထံ၌ ဤမျှ ကြီးမားသော ကံစွမ်းအင် ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။
ယခုအခါတွင်မူ… ယီချန်းချွင်မှာ ကြယ်တာရာ မသေမျိုးဧကရာဇ်နှင့် ထိုအမျိုးသမီး၏ အခြားမိသားစုဝင်များကို တွေ့ဆုံကြည့်ချင်စိတ် ပြင်းပြလာ၏။ ဤမျှ မယုံနိုင်စရာကောင်းသော ကံစွမ်းအင်များ ပိုင်ဆိုင်ထားကြသည့် သူတို့မှာ မည်သို့သော မိသားစုမျိုး ဖြစ်သည်ကို သူ အလွန် သိချင်မိသည်။
ယီချန်းချွင်က စကားမပြောဘဲ နေသည်ကို မြင်သောအခါ ရဲလန်ယွဲ့က ဆက်ပြောလိုက်၏။
“ဒုတိယအချက်… မင်းတို့ဂိုဏ်းရဲ့ သယံဇာတ တစ်ဝက်ကို ငါတို့လက်ထဲ အပ်ရမယ်… ဈေးဆစ်ဖို့ မကြိုးစားနဲ့… တစ်ဝက်က ငါ့ရဲ့ အနိမ့်ဆုံး သတ်မှတ်ချက်ပဲ… မင်းတို့ ငြင်းရင် မင်းတို့ဂိုဏ်းကို ငါတို့ တိုက်ရိုက် ဖျက်ဆီးပစ်မယ်… တတိယအချက်… ပိုင်လန်ကို ငါတို့ ဒီမှာပဲ ထားခဲ့ရမယ်… သူက ငါ့မောင်ရဲ့ ဇနီးကို ဖမ်းသွားခဲ့တယ်… ဒီအချက်သုံးချက်က အခြေခံအကျဆုံး တောင်းဆိုချက်တွေပဲ… ငါ ဆိုလိုချင်တာကို နားလည်တယ် မဟုတ်လား…”
ယီချန်းချွင်က ခေါင်းညိတ်လိုက်သည်။
သူ နားလည်နိုင်သည်မှာ အမှန်ပင် ဖြစ်၏။
ရှုံးနိမ့်သူဘက်မှ ဤတောင်းဆိုချက် သုံးခုကိုပင် လက်မခံနိုင်ပါက ဆက်လက်၍ ညှိနှိုင်းနေရန် မလိုအပ်တော့ချေ။
ရဲလန်ယွဲ့က အဘယ်ကြောင့် ဤအခွင့်အရေးကို အသုံးချ၍ သူတို့၏ ဂိုဏ်းဂဏများနှင့် တပ်ဖွဲ့များကို တိုက်ရိုက် မဖျက်ဆီးခဲ့သနည်း။
ရဲလန်ယွဲ့က ထိုအကြောင်းကို စဉ်းစားခဲ့ပြီး ဖြစ်၏။ သို့သော်လည်း… ထို့နောက်တွင် မည်သို့ ဖြစ်လာမည်နည်း။ ဤသို့ ပြုလုပ်လိုက်ပါက အခြားသော အဓိက တပ်ဖွဲ့ကြီးများမှာ ကြောက်ရွံ့သွားကြမည်မှာ သေချာ၏။
ထိတ်လန့် ကြောက်ရွံ့သွားပြီးနောက် သူတို့က ကြယ်တာရာဂိုဏ်းကို အတူတကွ ပူးပေါင်း တိုက်ခိုက်ခြင်း သို့မဟုတ် ကြယ်တာရာဂိုဏ်းကို တိတ်တဆိတ် ဒုက္ခပေးခြင်းတို့ ပြုလုပ်လာကြပေမည်။
မည်သို့ပင် ဖြစ်စေကာမူ ထိုအဖြစ်များက ကြယ်တာရာဂိုဏ်းကို စိတ်အေးချမ်းသာစွာ ဖွံ့ဖြိုး တိုးတက်ခွင့် ပေးမည် မဟုတ်ချေ။
သူတို့အနေဖြင့် မသေမျိုးကျင့်ကြံရေးကမ္ဘာ တစ်ခုလုံးကို အုပ်စိုးနိုင်ရန်မှာ အချိန်သာ လိုတော့သည်ဟု ရဲလန်ယွဲ့က ယုံကြည်မှု ရှိနေသော်လည်း သူ၏ အမြင်အရမူ အချိန် စောလေ၊ ကောင်းလေ ဖြစ်သည်။
အလျင်မြန်ဆုံး နည်းလမ်းမှာ သူတို့၏ တပ်ဖွဲ့များကို အချိန်ကာလတစ်ခုအထိ ဖွံ့ဖြိုးအောင် လုပ်ပြီးနောက် တိုက်ရိုက် ရှေ့ဆက် တိုးတက်ရန် ဖြစ်၏။
…
ရဲလန်ယွဲ့က ယီချန်းချွင်ကို ကြည့်လိုက်သော်လည်း ယီချန်းချွင်ကမူ တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ခင်ဗျားတို့က ပိုင်လန်ကို ဖမ်းထားမှတော့ သူ့ကို မလွှတ်ချင်ရင် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး… ကျန်တဲ့ တောင်းဆိုချက် နှစ်ခုကိုတော့ တာအိုဂိုဏ်း ကိုယ်စား ကျွန်တော် သဘောတူနိုင်ပါတယ်… ဒါပေမဲ့… တခြားသူတွေအတွက်တော့ ကျွန်တော် မသိဘူး…”
“ကောင်းပြီ…”
ရဲလန်ယွဲ့က ခေါင်းညိတ်လိုက်ပြီးနောက် ယီချန်းချွင်ကို ထွက်သွားနိုင်ကြောင်း အချက်ပြလိုက်၏။
ဤသည်ကို မြင်သောအခါ ယီချန်းချွင်မှာ ထွက်မသွားချေ။ သူက ရဲလန်ယွဲ့က အခြားသူများကို မည်သို့ ကိုင်တွယ်သည်ကို ကြည့်ရှုလိုသေးသည်။
ရဲလန်ယွဲ့က ယွမ်ကျစ်၏ လက်မောင်းကို ခြေတစ်ချက်တည်းနှင့် ကန်ချိုးကာ အချက်များကို သဘောတူစေရန် အတင်းအကျပ် ဖိအားပေးလိုက်သည်ကို မြင်သောအခါ ယီချန်းချွင်မှာ မသိစိတ်ဖြင့် တံတွေး မျိုချလိုက်မိ၏။
ရဲလန်ယွဲ့နှင့် စကားပြောနေစဉ်အတွင်း ယီချန်းချွင်က သူမ၏ အမူအရာကိုလည်း အကဲခတ်နေခဲ့သည်။ ယီချန်းချွင်၏ အမြင်၌ ရဲလန်ယွဲ့၏ လုပ်ကိုင်ပုံမှာ အနည်းငယ် အာဏာပြင်းသော်လည်း သူမမှာ အလွန် အကျိုးအကြောင်း ဆင်ခြင်တုံတရား ရှိသူ ဖြစ်၏။
သို့သော်လည်း… ယခုအခါတွင်မူ သူ လုံးဝ မှားသွားကြောင်း သိလိုက်ရသည်။
ထို့နောက်တွင်မူ… အလွန်တရာ အကျိုးသင့်အကြောင်းသင့် ရှိသော ရဲလန်ယွဲ့က ယွမ်ကျစ်နှင့် နတ်ဆိုးဘုရင်ကို သူ၏ အချက်များကို သဘောတူခိုင်းပြီးနောက် နောက်ဆုံးတွင် ရဲရှင်းဟွေ့ရှိရာသို့ လာခဲ့၏။
ရဲရှင်းဟွေ့မှာ ပိုင်လန်၏ အဝတ်အစားများကို အမျိုးမျိုးသော ဂါဝန်ပိစိလေးများအဖြစ် အဆက်မပြတ် ပြောင်းလဲနေသည်။
ယခုအချိန်သည် ပိုင်လန်ကို စစ်ဆေးမေးမြန်းရမည့် အချိန် မဟုတ်သေးကြောင်း သူ သိ၏။ မည်သို့ပင် ဖြစ်စေ သူမှာ အားနေသည် ဖြစ်သဖြင့် ပိုင်လန်ကို အသုံးချ၍ မိမိကိုယ်ကို ဖျော်ဖြေနေခြင်း ဖြစ်သည်။
ပိုင်လန်၏ အဝတ်ကို လဲပေးသည့်အပြင် ရဲရှင်းဟွေ့က ပိုင်လန်၏ ခန္ဓာကိုယ်ကိုလည်း ပြန်လည် တပ်ဆင်ပေးလိုက်၏။
ရဲယင်နှင့် ရူဟွားတို့မှာ ရဲရှင်းဟွေ့ ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ထုတ်လုပ်သော ပိုင်လန်၏ ပြပွဲငယ်လေးကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
ရဲယင်ကပင် မှတ်ချက်ပေးလိုက်၏။ “လူတွေကို နောက်ပြောင်ရတာ တော်တော် ပျော်စရာကောင်းတာပဲ… ရဲရှင်းဟွေ့က ငါ့ကို အမြဲတမ်း လာစနေတာ မဆန်းတော့ဘူး…”
…
“ရှင်းဟွေ့… လင်ချင်းယွဲ့ရဲ့ ထိန်းချုပ်မှုကို ဖြေပေးလိုက်ပါ…”
သူ၏ အစ်မကြီး စကားကို ကြားသောအခါ ရဲရှင်းဟွေ့၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏ မူလ မျက်လုံးနက်များမှာ ‘ရှာရင်းဂန်’ အဖြစ်သို့ ပြောင်းလဲသွား၏။
လင်ချင်းယွဲ့ကို စိုက်ကြည့်လိုက်ရုံမျှဖြင့် သူမ၏ ကြောင်ငေးနေသော မျက်လုံးများမှာ ကြည်လင်သော အခြေအနေသို့ ပြန်ရောက်သွား၏။
သတိပြန်လည်လာပြီးနောက် လင်ချင်းယွဲ့က ချက်ချင်းပင် ဒူးထောက်၍ မြေပြင်ပေါ်သို့ ကျသွားပြီး အသက်ကို မရှူနိုင်မကယ်နိုင် ရှူရှိုက်နေ၏။
ထိုသို့ အသက်ရှူမဝ ဖြစ်ပြီးနောက်တွင်မူ အော့အန်ခြင်းက နောက်ဆက်တွဲ လိုက်လာသည်။
ဆယ်မိနစ်ကျော်ခန့် အန်ပြီးနောက် လင်ချင်းယွဲ့မှာ သူ၏ အူများပင် အန်ထွက်လုနီးပါး ဖြစ်သွားပြီးမှ နောက်ဆုံးတွင် ပုံရိပ်ယောင်၏ နောက်ဆက်တွဲ ဝေဒနာမှာ အနည်းငယ် သက်သာသွား၏။
သူမ အန်တာရပ်သွားသော်လည်း သူမ၏ ပါးစပ်ထဲမှ ချီးနံ့ကမူ လင်ချင်းယွဲ့ကို မအီမသာ ဖြစ်စေလျက် ရှိသည်။
လင်ချင်းယွဲ့မှာ ပျို့အန်နေရသဖြင့် အလုပ်များနေသော်ငြားလည်း ရဲလန်ယွဲ့က သူ၏ တောင်းဆိုချက်များကို ထုတ်ပြောလိုက်၏။
ရဲလန်ယွဲ့၏ တောင်းဆိုချက်များကို ကြားပြီးနောက် လင်ချင်းယွဲ့မှာ သဘောမတူချင်သည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော်လည်း… ရဲရှင်းဟွေ့၏ မဲ့ပြုံးပြုံး မျက်နှာအမူအရာကို မြင်သောအခါ သူမ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် သဘောတူလိုက်၏။
ယီချန်းချွင်နှင့် မတူညီသည်မှာ လင်ချင်းယွဲ့က အချက်များကို သဘောတူပြီးနောက် ထွက်သွားရန် ကြံရွယ်ခြင်း ဖြစ်၏။
သို့သော် သူမ ခြေနှစ်လှမ်း မလှမ်းရသေးမီတွင် ရဲရှင်းဟွေ့၏ ယုတ်မာသော အသံက သူမ၏ နားထဲသို့ ရောက်လာသည်။
“ဟေ့… အပျိုကြီး… အိမ်ပြန်ရောက်ရင် ချီးစားရတဲ့ ခံစားချက်အကြောင်း စာစီစာကုံး အလုံး ၈,၀၀၀ ရေးပြီး နောက်တစ်ခါ လာပို့…”
လင်ချင်းယွဲ့ - “…”
ရဲလန်ယွဲ့ - “…”
ယီချန်းချွင် - “…”
ယီချန်းချွင်မှာ လင်ချင်းယွဲ့ ပုံရိပ်ယောင်မှ လွတ်မြောက်လာပြီးနောက် အဘယ်ကြောင့် ပျို့အန်နေခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားလေသည်။
“လူတွေကို ချီးစားခိုင်းဖို့ ပုံရိပ်ယောင်ကမ္ဘာတစ်ခု တည်ဆောက်ရတယ်လို့… ဒီလူက တော်တော်…”
ယီချန်းချွင်မှာ စကားပင် မပြောနိုင်တော့ချေ။
ပုံရိပ်ယောင်နေရာကို တည်ဆောက်ပြီး ရန်သူကို ဆွဲသွင်းပြီးနောက်တွင် ပုံရိပ်ယောင်ဆရာမှာ ရန်သူ၏ စိတ်ဓာတ်ကို တိုက်ခိုက်ရန် အစွမ်းကုန် ကြိုးစားမည်မှာ သေချာ၏။
ထိုအချိန်တွင် ပုံရိပ်ယောင်ကို ဖယ်ရှားလိုက်လျှင်ပင် ရန်သူမှာ တိုက်ခိုက်ရေးစွမ်းအား များများစားစား ကျန်ရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း… ရဲရှင်းဟွေ့၏ လုပ်ရပ်မှာ အမှန်တကယ်ပင် ထူးဆန်းလှ၏။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာလည်း ရန်သူ၏ စိတ်ဓာတ်ကို ချိုးဖျက်ရန် အခြားနည်းလမ်းတစ်ခု ဖြစ်ပေသည်။
အမှန်တကယ်တွင် ယီချန်းချွင် မသိသည့်အချက်မှာ လင်ချင်းယွဲ့မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ပြီး ဖြစ်သည်။
သာမန်လူတစ်ယောက် ပြုလုပ်သော ပုံရိပ်ယောင်သာ ဖြစ်ပါက လင်ချင်းယွဲ့မှာ ပုံရိပ်ယောင်နေရာထဲတွင် တစ်ကြိမ် သေဆုံးပြီးနောက် ၎င်းကို ဖယ်ရှားနိုင်ပေလိမ့်မည်။
သို့သော်… ရဲရှင်းဟွေ့က သူ၏ နတ်ဘုရားဇာတိဖြင့် ဖန်တီးခဲ့သော ပုံရိပ်ယောင်မှာ အမှန်စင်စစ်တွင် သေးငယ်ပြီး ရိုးရှင်းသော တကယ့်ကမ္ဘာလေးတစ်ခုကို ဖန်တီးခြင်းနှင့် တူနေ၏။
မဟုတ်ပါက ပုံရိပ်ယောင်ကို ဖယ်ရှားပြီးသည့်နောက်တွင် လင်ချင်းယွဲ့၏ ပါးစပ်ထဲမှ ချီးနံ့မှာ ပျောက်ကွယ်သွားသင့်သည်။
လင်ချင်းယွဲ့က သူ၏ ပါးစပ်ထဲမှ အရသာမှာ ပုံရိပ်ယောင်နှင့် သူ၏ စိတ်ဒဏ်ရာကြောင့်ဟု ထင်နေသော်လည်း အမှန်တကယ်တွင်မူ အရာအားလုံးမှာ အစစ်အမှန် ဖြစ်နေ၏။
………
ယီချန်းချွင်က ပိုင်လန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်ပြီးနောက် သူလည်း ထွက်ခွာသွားသည်။
ယွမ်ကျစ်မှာ သူ၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီးနောက် ထွက်သွား၏။ နတ်ဆိုးဘုရင်မှာမူ ထွက်မသွားမီ ပေါင်ပေါင်းကို အနည်းငယ် နှမြောတသဟန်ဖြင့် ကြည့်လိုက်သည်။
သူ ထွက်သွားရန် နှမြောနေရသည့် ပထမအကြောင်းအရင်းမှာ ပေါင်ပေါင်း၏ အားကောင်းသော ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်ကို သိချင်သောကြောင့် ဖြစ်ပြီး ဒုတိယအကြောင်းအရင်းမှာမူ ပေါင်ပေါင်းက ရဲရှင်းဟွေ့ထံမှ ယူလာသော မုန့်အမျိုးမျိုးက သူ၏ အရသာခံအာရုံကို ဖမ်းစားသွားသောကြောင့် ဖြစ်သည်။
…
မသေမျိုးဧကရာဇ် လေးပါးမှာ သူတို့၏ ဂိုဏ်းသားများနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားကြပြီး ရဲရှင်းဟွေ့နှင့် ရဲယင်တို့ ကစားတာကို ခံနေရသည့် ပိုင်လန်သာ ကျန်ရစ်ခဲ့သည်။
ပိုင်လန်က သူ၏ လက်ရှိ အခြေအနေကို ကြည့်၍ ငိုချင်စိတ် ပေါက်လာ၏။
သူ၏ ကိုယ်ပေါ်တွင် ရင်ဘတ်နှင့် ဝမ်းဗိုက်တို့မှာ လုံးဝ ဖယ်ရှားခံထားရသည်။ ရဲရှင်းဟွေ့က ကျောက်တုံးကြီး တစ်တုံးကို ရှာ၍ သူ၏ ကိုယ်နှင့် ချုပ်ထားပေး၏။
လက်နှင့် ခြေထောက်တို့၏ နေရာများမှာလည်း ပြောင်းလဲနေပြီး ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားရွက်များမှာလည်း သူ၏ တင်ပါးပေါ်တွင် နေရာယူထားကြသည်။
အံ့ဩစရာ အကောင်းဆုံးအချက်မှာမူ… သူက ပုံမှန်အတိုင်း စကားပြောနိုင်သေးခြင်း ဖြစ်သည်။
“မင်းတို့… သတ္တိရှိရင် ငါ့ကို လွှတ်ပေးပြီး မျှမျှတတ တိုက်ကြရအောင်… မင်းက ရဲရှင်းချန်ရဲ့ ညီလေးပဲ… မင်းမှာ သတ္တိ နည်းနည်းလေးတောင် မရှိဘူးလား…”
ပိုင်လန်က ရဲရှင်းဟွေ့ကို သူနှင့် တိုက်ခိုက်လာစေရန် စကားလုံးများဖြင့် တိုက်ခိုက် စတင် စည်းရုံးလိုက်၏။
သို့သော် ရဲရှင်းဟွေ့က ဤသို့သော မြှူဆွယ်မှုမျိုးကြောင့် ယိမ်းယိုင်သွားမည့် လူစားမျိုး ဖြစ်ပါသလား။
လုံးဝ မဟုတ်ပေ… သို့သော်လည်း… ရဲရှင်းဟွေ့က သူ့ကို လွှတ်ပေးပြီး ပိုင်လန်နှင့် ကောင်းကောင်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ပထမအချက်မှာ… ရဲရှင်းဟွေ့က သူ၏ လက်ရှိ အစွမ်းအစ မည်မျှ ရှိသည်ကို သိချင်သောကြောင့် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် အမည်မသိသော်လည်း အံ့ဩဖွယ်ကောင်းသော စွမ်းအင်တစ်ခု ရှိလာသည့် အချိန်မှစ၍ ထိုစွမ်းအင်က သူ၏ ခန္ဓာကိုယ်ကို သိမ်မွေ့စွာ ပြောင်းလဲပေးနေခဲ့၏။
ရဲရှင်းဟွေ့မှာလည်း သူ အမှန်တကယ် မည်မျှ အားကောင်းနေသည်ကို သိလိုနေသည်။
ပိုင်လန်မှာ ပစ်မှတ်တစ်ခုအဖြစ် အလွန် သင့်တော်ပေ၏။