အစွမ်းကုန် တိုက်ခိုက်ခြင်း
Vol. 25 Ch. 340
ရဲရှင်းဟွေ့က ပိုင်လန်နှင့် တကယ်တမ်း တည့်တည့်တိုး ရင်ဆိုင် တိုက်ခိုက်ချင်နေသည်ကို မြင်သောအခါ ရဲယင်မှာလည်း မျှော်လင့်တကြီး ဖြစ်သွား၏။
မည်သို့ပင်ဆိုစေကာမူ… အစမှ အဆုံးထိ ရဲရှင်းဟွေ့၏ တိုက်ပွဲများမှာ ထိန်းချုပ်မှုကို အဓိကထားပြီး စိတ်စွမ်းအားကို အရန်အဖြစ် သုံးခဲ့တာပင်။ ရဲယင်မှာ ရဲရှင်းဟွေ့၏ ခွန်အား မည်မျှ သန်မာသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ရဲလန်ယွဲ့က ရဲရှင်းဟွေ့ ပိုင်လန်နှင့် စကားပြောတော့မည်ကို ကြားသောအခါ နယ်မြေပတ်လည်မှ အကာအကွယ် အစီအရင်ကို နောက်တစ်ကြိမ် ဖွင့်ရန် ကြံရွယ်လိုက်သည်။
“အစ်မ… ကြယ်တာရာဂိုဏ်းကိုပဲ အကာအကွယ်နဲ့ ဖုံးထားပေးပါ… ကျွန်တော် ဒီမှာ ရှိနေသရွေ့ ဒီကောင် ထွက်ပြေးလို့ မရဘူး…”
စကားပြောနေရင်းနှင့် ရဲရှင်းဟွေ့က ပိုင်လန်၏ ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်သွားအောင် လုပ်ပေးလိုက်သည်။
ပိုင်လန်မှာ စကတ်တိုလေး ဝတ်ထားရဆဲ ဖြစ်သော်လည်း သူ၏ လှုပ်ရှားနိုင်စွမ်းနှင့် တိုက်ခိုက်ရေးစွမ်းရည်များမှာမူ ပြန်လည် ရရှိသွားပြီ ဖြစ်၏။
ပိုင်လန်က သူ့လည်ပင်းကို တစ်ချက်ချိုးလိုက်ပြီးနောက် ရဲရှင်းဟွေ့ကို ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့ရှေ့မှ ကောင်လေးသာ ထိုရွံစရာကောင်းသည့် စွမ်းရည်များကို အသုံးမပြုလျှင် သူ့ကို သေချာပေါက် သတ်နိုင်လိမ့်မည်ဟု ပိုင်လန်က ယုံကြည်နေသည်။
ယခုအခါတွင် ပိုင်လန်အတွက် ရဲရှင်းဟွေ့ကို သတ်ရန် ရွေးချယ်စရာ တစ်ခုသာ ရှိတော့သည်။
အကယ်၍ ရဲရှင်းဟွေ့ကို မသတ်နိုင်ပါက ပိုင်လန်အတွက် ထွက်ပြေးရန်မှာ မဖြစ်နိုင်ချေ။
ဓားကို လက်ဗလာဖြင့် ဖမ်းခိုင်းသည့် စွမ်းရည်တစ်ခုနှင့် အမည်မသိ လက်ဟန်ခြေဟန်ဖြင့် သူ့ကို နင်း၍ လက်ညှိုးထိုးခိုင်းသည့် စွမ်းရည်တစ်ခု၊ ထိုထူးဆန်းသည့် စွမ်းရည်နှစ်ခုဖြင့်ပင် သူ့ကို ထိန်းချုပ်၍ သတ်ဖြတ်သွားနိုင်၏။
…
ပိုင်လန်က သူ့ခန္ဓာကိုယ်ကို ခေတ္တမျှ လှုပ်ရှားလိုက်ပြီးနောက် သူ၏ အရှိန်အဝါများက အရှိန်အဟုန်ဖြင့် တိုးမြင့်လာသည်။
ဝိညာဉ်စွမ်းအင် ပေါက်ကွဲထွက်လာမှုနှင့် ပိုင်လန် ကျွမ်းကျင်သော ဆွဲငင်အားနိယာမကြောင့် မူလက တည်ငြိမ်နေသော မြေပြင်မှာ ရုတ်တရက် တုန်ခါလာ၏။
မြေပြင်ပေါ်မှ ကျောက်စရစ်ခဲများမှာ တစ်လုံးပြီးတစ်လုံး လွင့်တက်လာသည်။
ဤနေရာမှ လှုပ်ရှားမှုက အဝေးမှ တိုက်ပွဲကြည့်နေသူများကို လျင်မြန်စွာ ဆွဲဆောင်လိုက်သည်။
မသေမျိုးဧကရာဇ်ငါးဦးက ကြယ်တာရာဂိုဏ်းကို မသိမ်းပိုက်နိုင်သည်ကို မြင်ပြီး ထိုသူများမှာ ထွက်သွားရန် ကြံရွယ်ထားသော်လည်း ယခု ဤနေရာမှ လှုပ်ရှားမှုကို ခံစားမိသောအခါ ချက်ချင်း ရပ်တန့်လိုက်ကြသည်။
တိုက်ပွဲကြည့်နေသည့် ထိုလူများသာမက အဝေးသို့ ပျံသန်းသွားခဲ့သော လင်ချင်းယွဲ့၊ ယီချန်းချွင်နှင့် အခြားသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ပျံလာကြ၏။
သူတို့မှာလည်း ဘာဖြစ်နေသည်ကို သိချင်နေကြသည်။
ပိုင်လန်က သူ၏ အစွမ်းကို ထုတ်ပြနေခြင်းဖြစ်ကြောင်း မြင်သောအခါ ဒဏ်ရာအများစု ပျောက်ကင်းသွားပြီဖြစ်သော ယွမ်ကျစ်မှာ ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
“ပိုင်လန်မှာ ဒီလို တိုက်ခိုက်ရေးစွမ်းရည် ရှိနေသေးတာပဲ… ငါတို့ အခု ပြန်သွားရင် နောက်တစ်ခေါက် ပြန်တိုက်လို့ ရလောက်တယ်… နောက်တစ်ခါဆိုရင် အဲဒီမိန်းမကို ဘယ်တော့မှ အထင်သေးတော့မှာ မဟုတ်ဘူး…”
စကားပြောနေရင်း ယွမ်ကျစ်က အခြားလူသုံးဦးကို ကြည့်လိုက်၏။
ယွမ်ကျစ် ပြောသည်ကို အခြားသုံးယောက် ကြားသောအခါ လင်ချင်းယွဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်မှလွဲ၍ ယီချန်းချွင်နှင့် နတ်ဆိုးဘုရင်တို့မှာ မကြားသည့်အလား ဟန်ဆောင်နေကြသည်။
လင်ချင်းယွဲ့က လက်စားချေချင်သော်လည်း သူမ၏ ပုံရိပ်ယောင် ပညာရပ်မှာ ရဲရှင်းဟွေ့ထက် နိမ့်ကျကြောင်း သူမ သိ၏။ အကယ်၍ သူမ ပြန်သွားလျှင်လည်း ယခင်ကဲ့သို့ပင် အဆုံးသတ်သွားမည် ဖြစ်သည်။
ချေးစား၍ သေဆုံးရမည့် အကျိုးဆက်ကို တွေးမိသောအခါ… လင်ချင်းယွဲ့ နောက်ကြောင်းပြန်လှည့်ရန် အတွေးကို ချက်ချင်း လက်လျှော့လိုက်သည်။
သူမက ဒီတစ်ကြိမ် လက်လျှော့လိုက်သော်လည်း မြင့်မြတ်စိတ်ဝိညာဉ်ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ သူတော်စင်မိန်းမပျိုကို ခေါ်၍ သူမ၏ ဂုဏ်သိက္ခာကို ပြန်ဆည်ရန် ကြံရွယ်ထားလိုက်၏။
မြင့်မြတ်စိတ်ဝိညာဉ်ဂိုဏ်း၏ မသေမျိုးဧကရာဇ် နှစ်ပါးမှာ သူတော်စင်မိန်းမပျိုအမျိုးသမီးနှင့် သူတော်စင်မိန်းမပျိုအမျိုးသားတို့ ဖြစ်ကြသည်။
သူတော်စင်မိန်းမပျိုအမျိုးသမီးက ဝိညာဉ်ကို ကျင့်ကြံပြီး ထိန်းချုပ်သည့် လမ်းကြောင်းကို လိုက်၏။ သူတော်စင်မိန်းမပျိုအမျိုးသားမှာမူ ခန္ဓာကိုယ်ကို ကျင့်ကြံပြီး ပေါက်ကွဲအား လမ်းကြောင်းကို လိုက်သည်။
ထိုနှစ်ယောက် ပေါင်းစပ်လိုက်လျှင် မသေမျိုးကျင့်ကြံခြင်း လောကတစ်ခုလုံး၌ ပြိုင်ဘက်တွေ့ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
လင်ချင်းယွဲ့၏ အမြင်အရ ပုံရိပ်ယောင် ပညာရပ်တွင် သူမကို ကျော်လွန်သွားသူများ၏ ကာယပိုင်း စွမ်းရည်များမှာ မြင့်မားလိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ ၎င်းက သူမ၏ အခြေအနေပင် ဖြစ်သောကြောင့်တည်း။
သူမ ဂိုဏ်း၏ သူတော်စင်မိန်းမပျိုနှင့်အတူ ပြန်လာသောအခါ ရဲရှင်းဟွေ့ကို သေချာပေါက် သတ်ပစ်မည်ဟု ကြံရွယ်လိုက်၏။
…
အခြားလူသုံးဦးက ရှေ့မတိုးလာသည်ကို မြင်လိုက်သောအခါ ယွမ်ကျစ်အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ သူက ဗုဒ္ဓဂိုဏ်း၏ အရင်းအမြစ်အများစုကို ပေးရန် အမှန်တကယ် မလိုလားချေ။
ယွမ်ကျစ်က ထိုသုံးဦးကို မည်သို့ လှုပ်ရှားလာအောင် လုပ်ရမည်ကို စဉ်းစားနေစဉ်မှာပင် အဝေးမှ တိုက်ပွဲမှာ စတင်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
…
ပိုင်လန်က လက်တစ်ဖက်ကို ဆန့်တန်းလိုက်လျှင် ဒြပ်ဆွဲအား ပေါက်ကွဲမှုက ရဲရှင်းဟွေ့ကို တိုက်ရိုက် စုပ်ယူသွားသည်။
ရဲရှင်းဟွေ့ ပိုင်လန်နှင့် သုံးမီတာအောက် အကွာအဝေးသို့ ရောက်သွားသောအခါ တွန်းကန်အားက ပေါက်ကွဲထွက်လာပြီး ရဲရှင်းဟွေ့ကို တိုက်ရိုက် လွင့်စဉ်သွားစေ၏။
ပိုင်လန်က တွန်းကန်အားကို ရန်သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထည့်သွင်းနိုင်စွမ်း ရှိသည်။ အကယ်၍ ခန္ဓာကိုယ်က လုံလောက်အောင် မသန်မာပါက ဤတိုက်ကွက်တစ်ချက်မှာ သေစေနိုင်လောက်၏။
ရဲရှင်းဟွေ့မှာ လွင့်ထွက်သွားပြီး အဝေးမှ တောင်တစ်လုံးပေါ်သို့ တိုက်ရိုက် ကျသွားသည်။
ဘုန်း…။
ထိသွားသော တောင်ကြီးမှာ ချက်ချင်း ပြိုကျသွားပြီး တောင်၏ နက်ရှိုင်းသော အပိုင်းများမှ ချော်ရည်များပင် ပန်းထွက်လာ၏။
ထိုမြင်ကွင်းကို မြင်သောအခါ ရဲလန်ယွဲ့က အကာအကွယ် အစီအရင်ကို လျင်မြန်စွာ ဖွင့်၍ ကြယ်တာရာဂိုဏ်းတစ်ခုလုံးကို ကာကွယ်လိုက်သည်။
ဤတစ်ကြိမ်တွင် အကာအကွယ် အစီအရင်မှာ လုံးဝန်းသော ဘောလုံးပုံစံဖြစ်ပြီး မြေအောက်မှ တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်၏။
…
“ဟွန့်… ငါ့ခန့်မှန်းချက် တကယ်မှန်နေတာပဲ… သူ့ရဲ့ ကာယပိုင်း ကျွမ်းကျင်မှုက သူ့ရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ… ပိုင်လန်က သူ့ကို တစ်ချက်ပဲ ထိုးလိုက်တာ… အဲဒီကောင်လေး သေလောက်ပြီ…”
ရဲရှင်းဟွေ့ လွင့်ထွက်သွားပြီး တောင်တစ်လုံးကို ဖျက်ဆီးပစ်သည်ကို မြင်သောအခါ လင်ချင်းယွဲ့က သူ သေချာပေါက် သေဆုံးသွားပြီဟု ယုံကြည်လိုက်သည်။
လင်ချင်းယွဲ့သာမက ယီချန်းချွင်မှလွဲ၍ ရှိနေသူအားလုံးမှာ ထိုသို့ပင် တွေးလိုက်ကြ၏။
သူတို့၏ အမြင်အရ ရဲရှင်းဟွေ့က ပိုင်လန်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ ပိုင်လန်က ပေါ့ဆ၍ ပုံရိပ်ယောင်ပညာရပ်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခြင်းကြောင့်သာ ဖြစ်သည်။
ယခုအခါ ပိုင်လန်မှာ လုံးဝ အလေးအနက်ထားနေပြီး ရဲရှင်းဟွေ့ကို တိုက်ခိုက်ရန် အာရုံစိုက်နေပြီဖြစ်၍ ပုံရိပ်ယောင်ပညာရပ်မိရန် အခွင့်အရေး နောက်တစ်ကြိမ် ရှိလာတော့မည် မဟုတ်ချေ။
“အင်း…” အနှီလူလူသုံးဦး၏ မကောင်းကြံ ပျော်ရွှင်နေသည့်ပုံကို မြင်သောအခါ ယီချန်းချွင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချ၍ ပြောလိုက်သည်။
“ခင်ဗျားတို့ကို မြန်မြန် ထွက်သွားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်…”
လင်ချင်းယွဲ့က ယီချန်းချွင်ကို တစ်ချက် ကြည့်၍ ဒေါသတကြီး ပြောလိုက်၏။
“သခင်ယီ… ခင်ဗျား သွားချင်သွားလေ… ဘာလို့ ကျွန်မတို့ကို လာပြီး စိတ်ပူနေရတာလဲ…”
“ခင်ဗျားတို့ နောက်တစ်ခါ ထပ်ပြီး အထိနာမှာ စိုးလို့ပါ…”
“အထိနာမယ်… ဟားဟားဟား… အဲဒီကောင်လေး သေသွားပြီ… ငါတို့က ဘယ်လို အထိနာစရာ ရှိတော့မှာလဲ…”
ယီချန်းချွင်က ခေါင်းခါ၍ ဘာမှမပြောတော့ပေ။ သူက ထိုသို့ ကြောက်စရာကောင်းသော ကံတရားရှိသည့် လူတစ်ယောက် ရှုံးနိမ့်သွားမည်ကို မယုံကြည်ပေ။
…
အခြားတစ်ဖက်တွင်။
ပိုင်လန်က ရဲရှင်းဟွေ့ကို လွင့်စဉ်သွားအောင် လုပ်ပြီးနောက် ခပ်ပါးပါးပြုံးလိုက်သည်။ သို့သော်… သူက ကြွားဝါသော စကားများ မပြောသကဲ့သို့ အခြားသူများကိုလည်း မတိုက်ခိုက်ဘဲ ဆန့်ကျင်ဘက် လားရာသို့ ထွက်ပြေးသွားသည်။
ထိုအခြင်းအရာကို မြင်သောအခါ ရဲယင်က ထ၍ လိုက်ရန် ပြင်လိုက်သော်လည်း ရဲလန်ယွဲ့နှင့် ပေါင်ပေါင်းတို့က သူ၏ ပခုံးများကို တစ်ဖက်တစ်ချက်မှ ဖိထားလိုက်ကြသည်။
“ငါ့ကို မတားကြနဲ့… အဲဒီမျက်လုံးဖြူနဲ့ ဝံပုလွေကောင်က ပြေးတော့မယ်…”
“စိတ်မပူပါနဲ့… သူ ပြေးလို့မလွတ်ပါဘူး…” ဟု ရဲလန်ယွဲ့က သေချာစွာ ပြောလိုက်ပြီးနောက် အပြင်ဘက်သို့ ချော်ရည်များ ပန်းထွက်နေသော တောင်ကို ကြည့်လိုက်၏။
ထိုသို့မြင်သောအခါ ရဲယင်မှာလည်း ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအခိုက်တွင် ရဲယင်နှင့် ရင်းနှီးသော အသံတစ်ခုက မီးတောင်ဝမှ ထွက်ပေါ်လာသည်။
“ပိုင်လန်… ငါ့ကို မျက်နှာသာပေးပြီး ပြန်လာပြီးတော့ ဆက်တိုက်စမ်းပါကွာ…”
ထိုအသံကို ကြားသောအခါ ရဲယင်မှာ အနည်းငယ် ဆွံ့အသွားပြီး စိတ်ထဲမှ တွေးလိုက်မိ၏။
‘လူက ပြေးသွားပြီပဲ… မင်းက မျက်နှာသာပေးဖို့ တောင်းဆိုရုံနဲ့ သူက ပြန်လာပါ့မလား…'
ရဲယင်၏ စိတ်ထဲတွင် ထိုအတွေး ဖြစ်ပေါ်လာစဉ်မှာပင် ပိုင်လန်က အမှန်တကယ် ပြန်ပျံလာသည်ကို တွေ့လိုက်ရသည်။
သူက မီးတောင်ဝဘက်သို့ ပျံလာရင်း အော်ဟစ်လိုက်၏။
“ဟမ့်… သေချင်းဆိုးကောင်… မင်းက ငါနဲ့ ဆက်တိုက်ချင်သေးတာလား… ကောင်းပြီလေ… ငါ မင်းကို မျက်နှာသာပေးပြီးတော့ လမ်းဆုံးထိ ပို့ပေးလိုက်မယ်…”
ရဲယင် - “…”
…
ထိုအချိန်တွင် မီးတောင်အပေါ်၌ မိုးကြိုးတိမ်တိုက်များ လိမ့်တက်လာပြီး မီးတောင်ပေါက်ကွဲမှုနှင့်အတူ ကြီးမားသော အငွေ့အသက်များက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
ပိုင်လန်က ဤအငွေ့အသက်ကို ခံစားမိသောအခါ သူလည်း စိတ်လှုပ်ရှားလာပြီး သူ၏ အာရုံအားလုံးကို မီးတောင်ဝပေါ်သို့ စုစည်းလိုက်သည်။
ထိုအချိန်တွင် ရဲရှင်းဟွေ့မှာ မီးတောင်ဝ၌ ဘာမှမဖြစ်သကဲ့သို့ ရပ်နေ၏။
“ဒါက ကျွန်တော် ပထမဆုံးအကြိမ် လုပ်ဖူးတာ… ဒီတော့… ကျွန်တော် အရမ်း ပြင်းပြင်းထန်ထန် ထိုးမိသွားရင်တော့ အပြစ်မတင်နဲ့နော်…”
ထို့နောက် ရဲရှင်းဟွေ့က ချက်ချင်းပင် ပုံပြောင်းသွားသည်။
ပထမဆုံး သူက စူပါဆိုင်ရန်းဂျင်း ၁ အဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ မန်ဂဲခယို ရှာရင်းဂန်ကို ဖွင့်ကာ ထို့နောက် ထျန်းကန်းအသွင်ပြောင်းခြင်း ၃၆ မျိုးကို အသုံးပြု၍ မိုးကြိုးငါးသွယ်ကို ဆင့်ခေါ်လိုက်သည်။
ဟုတ်ပေ၏၊ ဤမျှနှင့် မလုံလောက်သေးဘဲ ရဲရှင်းဟွေ့တွင် အခြား လျှို့ဝှက်ချက်တစ်ခု ရှိနေသေးသည်။
၎င်းမှာ ဆံပင်ကို အစိမ်းရောင် ပြောင်းစေသည့် စွမ်းရည်၊ ဆံပင်စိမ်း ပင်ဖြစ်သည်။
ရိုးရိုးသုံးလျှင် ဤစွမ်းရည်က ရဲရှင်းဟွေ့၏ စွမ်းအားကို အဆ ဒါဇင်ပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည်။
သို့သော် ယနေ့တွင် ရဲရှင်းဟွေ့က ဤစွမ်းရည်မှာ အမှန်တကယ်တွင် မှော်ဆန်သော စွမ်းရည်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သူက သူ့ကိုယ်ပိုင် ခွန်အားကို တိုးတက်စေနိုင်ရုံသာမက သူ၏ အခြားသော စွမ်းရည်များ၏ အဆင့်နှင့် စွမ်းအားကိုပါ မြှင့်တင်ပေးနိုင်၏။
ရဲရှင်းဟွေ့က သူ၏ ရွှေရောင်ဆံပင်များကို အပေါ်သို့ ပင့်တင်လိုက်ရာ ဆံပင်များမှာ ရုတ်ခြည်းပင် စိမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။
မူလ စူပါဆိုင်ရန်းဂျင်း ၁ မှာ သူ၏ ဆံပင်များ စိမ်းသွားသည့်အတွက် ဒဏ္ဍာရီလာ စူပါဆိုင်ရန်းဂျင်းကဲ့သို့ ဖြစ်သွားသည်။