အပိုင်း ၂၇၅
Vol. 19 Ch. 275
ဒီလိုဟာတွေက နျဉ်ယွိယွင်က မော့ယန်ထက် ပိုသိသည်။ မြေအောက်လောကတွင် ဖြစ်ပျက်ခဲ့သည့် အမှောင်ထုနှင့် ညစ်ညမ်းရိုင်းစိုင်းမှုတွေဟာ မကြားဝံ့စရာပင်! ဒီအတွက်ကြောင့် သူ့အနေနဲ့ တခြားသူတွေထက် ပိုတည်ငြိမ်နေဖို့ လိုအပ်သည်။
အဲ့ဒီအချိန် ရှာဖွေရေးတွင် ရုတ်တရက် ထိုးဖောက်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
နျဉ်ယွိယွင် စေလွှတ်ထားတဲ့ လူတွေအားလုံးဟာ သူ့ရဲ့ လက်အောက်ခံတွေဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီက လူဆယ်ယောက်ကို တပြိုင်တည်း တိုက်ခိုက်နိုင်သည့် ကျွမ်းကျင်သူတွေဖြစ်သည်။ သူ့တို့ရဲ့ ထောက်လှမ်းနိုင်မှု စွမ်းရည်နဲ့ စီရင်ဆုံးဖြတ်နိုင်စွမ်းကို မပြောနှင့် သူတို့က လုံးဝကိုစနစ်ကျလှသည်။ ဒီလို ရှုပ်ထွေးတဲ့နေ့မှာတောင် အဲ့ဒီလိုလူတွေက သဲလွန်စရှာနိုင်ခဲ့သည်။
"ဘယ်လိုလဲ? သူတို့ကိုတွေ့ပြီလား?" ဗီဒီယိုကော ခေါ်ဆိုမှုကို ဖွင့်လိုက်တဲ့အခါ နျဉ်ယွိယွင်ရဲ့ ပုံမှန်တည်ငြိမ်နေတတ်တဲ့ အသွင်အပြင်မှာ ပျက်ပြားတော့သည်။ ဒီအချိန်မှာ သူ့အသံတွေတောင် အနည်းငယ်တုန်ရီနေသည်။
"အစီရင်ခံပါတယ်၊ ကျွန်တော်တို့တွေ အဝတ်ပိုင်းလေးတစ်ပိုင်းကို ရှာတွေ့ခဲ့ပါတယ်" တစ်ဖက်ရှိ စစ်သားဟာ အဝတ်ပိုင်းစအား စခရင်အနီးကပ်ပြလိုက်သည်။ "ဒါက ပစ်မှတ်ရဲ့အဝတ်အစားဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့သံသယရှိပါတယ်"
အပြာဖျော့ဖျော့ ပိုးထည်ပေါ်တွင် တိမ်တွေပုံစံချည်ထိုးထားသည်။ ဟုတ်တယ်! အဲ့ဒါ ဒီနေ့ မော့ချူးဝတ်ခဲ့တဲ့ အဝတ်အစားပဲ။
မော့ယန် ခပ်မြန်မြန် တုံ့ပြန်လိုက်ကာ ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်လုံးတွေထဲ စိတ်လှုပ်ရှားမှူတွေဟာ အထိန်းအကွပ်မဲ့စွာ ပြည့်နှက်နေသည်။ “မှန်တယ်၊ အဲ့ဒါက ချူးလေးရဲ့အဝတ်အစားပဲ။ ဘယ်မှာတွေ့တာလဲ? ကျွန်တော်ချက်ချင်းလာခဲ့မယ်!"
“ခဏနေအုံး!” မော့ယန် ထရပ်ကာ ပြေးထွက်သွားတော့မယ့်အချိန် နျဉ်ယွိယွင်က တားလိုက်သည်။ သူက ပြောလာသည်။ “အရင်မလှုပ်ရှားနဲ့အုံး။ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ငါတို့ကြည့်ရမယ်"
"ဖယ်စမ်းပါ!" နျဉ်ယွိယွင်ဆီကနေ အပိတ်ခံလိုက်ရတဲ့အတွက် မော့ယန်ရဲ့ မျက်လုံးတွေထဲ ဒေါသတွေနဲ့ ပြည့်နှက်သွားသည်။ သူက လက်သီးတွေ ပစ်သွင်းလာကာ အော်ဟစ်လာသည်။ "ခဏနေရမယ်? ကျွန်တော်တို့သာ ဒီထပ်ကြာအောင်စောင့်နေရင် ချူးလေး တစ်ခုခုဖြစ်သွားနိုင်တယ်! အခု သဲလွန်စ ရှာတွေ့ပြီလေ၊ ခင်ဗျားက အခုထိ…”
မော့ယန် စကားမဆုံးခင် နျဉ်ယွိယွင်ရဲ့ခလုတ်ခုံကနေ ထပ်ပြီး အသံထွက်လာသည်။
ဖွင့်ကြည့်လိုက်တော့ တခြားအဖွဲ့တွေလည်း မော့ချူးရဲ့အဝတ်အစားစတွေကို ရှာတွေ့ခဲ့ကြမှန်း သိလိုက်ရသည်။ ဒါ့အပြင်၊ သူတို့ရဲ့ တည်နေရာတွေဟာ ပထမအဖွဲ့ရဲ့ တည်နေရာနဲ့ လုံးဝကိုကွာခြားနေသည်။
မော့ယန် နေရာမှာ ချက်ချင်းအံ့အားသင့်သွားတော့သည်။ သူ့မျက်နှာမှာ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ "ဘာလို့လဲ၊ ဘာလို့လဲ ...ဘာလို့ဒီလိုမျိုးဖြစ်ရတာလဲ?"
"ဒါက သူတို့ရဲ့ ထုံးစံဘဲ - သဲလွန်စအမှန်ကို ဖုံးထားတာ" ဒီလှည့်ကွက်တွေအကြောင်းကို နျဉ်ယွိယွင်သိသည်။ "ချူးလေးရဲ့ ကိုယ်ပေါ်က အဝတ်အစားတွေကို သူတို့ အစကတည်းက ပစ်မှတ်ထားခဲ့တာ ဖြစ်ရမယ်။ သူတို့ကနောက်ထပ် အစတွေကို လုပ်လိုက်တယ်။ ပြီးရင် အပိုင်းပိုင်းလုပ်ပြီး လမ်းတွေကြားမှာ ပစ်ထားလိုက်မယ်။ ဒါက ငါတို့ရဲ့ အမြင်ကို ဝေဝါးစေပြီး ရှာဖွေရေးမှာ အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါက သူတို့အတွက် ချူးလေးကိုခေါ်ထုတ်ဖို့ အချိန်ပိုရသွားစေတယ်"
"ဒါဆို ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ? ဒီအတိုင်းစောင့်နေရမှာလား?" နျဉ်ယွိယွင်ရဲ့စကားကိုကြားတော့ မော့ယန်က သူတော်တော်လေး မရင့်ကျက်သေးမှန်း သိလိုက်ရသည်။ သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ စားပွဲကိုထိုးပစ်လိုက်သည်။ ဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခါ သူဘာမှ မလုပ်နိုင်ပေ!
နျဉ်ယွိယွင်လည်း မျက်မှောင်ကြုတ်သွားမိသည်။ သို့သော် သူဘယ်လောက်ပဲ စိုးရိမ်နေပါစေ သူ့အနေနဲ့ သည်းခံထားရမည်ပင်။ "အခု ငါတို့အတွက် အရေးကြီးဆုံးက အချိန်မဖြုန်းဖို့ပဲ!"
"ချူးလေး အတွက်ကတော့" နျဉ်ယွိယွင် အသက်ပြင်းပြင်းရှူလိုက်သည်။ "စိတ်မပူနဲ့ ၊ ငါ သူ့ကိုဘာမှ ဖြစ်ခွင့်မပေးဘူး"
နျဉ်ယွိယွင်က ပြောရင်းနဲ့ ဘေးကိုလျှောက်သွားကာ ခလုတ်ခုံကိုဖွင့်လိုက်သည်။ သူ့အသံက တိုးလွန်းကာ ကြားတောင်မကြားရပေ။
ဆယ်မိနစ်လောက်ကြာတော့ နျဉ်ယွိယွင် ပြန်လျှောက်လာသည်။ သူ့အကြည့်တွေက ကျောက်တုံးတစ်တုံးလို ခိုင်မာနေသည်။ “အခုအချိန်ကစပြီး ခရိုင် ၃ ကို လေးနာရီကြာပိတ်ထားမယ်။ ဒီလေးနာရီအတွင်းမှာ ချူးလေးကို ငါတို့ သေချာပေါက် ရှာတွေ့လိမ့်မယ်!”
ခရိုင် ၃ ရဲ့ ထွက်ပေါက်အထိဆို အကွာအဝေးကလှမ်းသေးသည်။ ယနေ့ဟာ ချစ်သူများနေ့ဖြစ်ကာ လမ်းတွေမှာလည်း စည်ကားနေသည်။ မောင်းနှင်ခြင်းကိရိယာကို သုံးလို့မရပါပေ။ ဒီလိုအခြေအနေမျိုးမှာ အဲဒီလူတွေအနေနဲ့ ချူးလေးကို ခရိုင်၃ ထဲကနေ ခေါ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ကာ ဖြစ်နိုင်ခြေအရှိဆုံးကတော့ သူမကို တစ်နေရာရာမှာ ဝှက်ထားဖို့ပင်။
“ကောင်းပြီ” မော့ယန် အမြန်တုံ့ပြန်ကာ ခေါင်းညိတ်လိုက်သည်။ “ဒီလိုဆိုရင် ကျွန်တော်တို့တွေ ထပ်ပြီးအချိန်ဖြုန်းနေလို့မရဘူ။ အခုပဲ ကျွန်တော် သူ့ကို သွားထွက်ရှာလိုက်မယ်"
မော့ယန်ဟာ ဒီနယ်ပယ်က လူမဟုတ်တာကြောင့် နျဉ်ယွိယွင်ရဲ့စကားတွေဟာ ဘယ်လောက်ထိ ထိတ်လန့်စရာကောင်းလဲဆိုတာ သူနားမလည်ပေ။ သို့ပေမယ့် ကျောလင်နဲ့ ကျုံးဝမ်တို့ကတော့ ဒီဟာကို ရှင်းရှင်းလင်းလင်း သိသည်။ သူတို့ မတတ်နိုင်ဘူးဆိုတာ သိသာနေပေမယ့် သူ့ကိုတွေ မျက်လုံးပြူးကာ သူ့ကိုထိတ်လန့်သလို ကြည့်လိုက်ကြသည်။ “ဘော့စ်၊ …”
ခရိုင် ၃ က ခရိုင် ၁၂ နှင့် ကွဲပြားသည်။ ၎င်းဟာ အဖွဲ့ချုပ်ရဲ့ စီးပွားရေးအချက်အချာဖြစ်သည်။ ဤနေရာတွင် ကျော်ကြားလှသည့် မိသားစုများနှင့် မျိုးနွယ်စုများစွာရှိကာ သြဇာရှိသူတွေ အများအပြားရှိသည့် နေရာတစ်ခုလည်းဖြစ်သည်။
နျဉ်ယွိယွင် ဒီလိုပြောလိုက်ရုံနဲ့ သူတို့ ခရိုင်ကိုဘယ်လိုလုပ် ပိတ်နိုင်မှာလဲ? အဲ့ဒီလိုလုပ်ဖို့ ဘယ်လောက်ခက်လဲဆိုတာ သူတို့ထက် ကောင်းကောင်းသိတဲ့သူမရှိဘူး!
ဒါ့အပြင် ခရိုင် ၃ ကိုမပြောနဲ့၊ ခရိုင် ၁၂ ကိုပိတ်ဖို့ဆိုရင်တောင် စစ်တပ်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေအားလုံး ဆွေးနွေးပြီး ဆုံးဖြတ်ဖို့ လိုသေးတယ်! ဒါက လေးနာရီလောက်ပဲဆိုပေမဲ့၊ ဘော့စ်က ဖုန်းတစ်ကောလေးခေါ်လိုက်ရုံနဲ့ ဖြေရှင်းနိုင်လိုက်တာလား? ဒီလုပ်နိုင်စွမ်းက တော်တော်ကြောက်ဖို့ကောင်းတာပဲ!