အပိုင်း ၂၈၉
Vol. 20 Ch. 289
"အဆင်ပြေပါတယ်” မော့ချူးရဲ့ နှုတ်ခမ်းတွေကွေးတက်ကာ ပြုံးလညသည်။ သူမ ထရပ်လိုက်ကာ နေရာတွင် အကြိမ်အနည်းငယ်လောက် လှည့်ပြလိုက်သည်။ “ကြည့်လေ၊ လုံးဝ နဂိုအတိုင်းပဲ။ ဆံချည်တစ်မျှင်တောင် မပျောက်သွားဘူး”
"အဲဒါကောင်းတယ်" ချင်ယွဲ့ရဲ့ မျက်ခုံးတွေ ပြေလျှော့သွားသည်။ သူ ဘေးကိုတစိချက်ကြည့်လိုက်ကာ အတင်းအဖျင်းပြောချင်သည့် အရိပ်အယောင်တွေဖြင့် မေးလာသည်။ "ဟုတ်သားဘဲ၊ မာရှယ်နျဉ် ဘယ်မှာလဲ? သူဘယ်သွားတာလဲ?"
ချူးလေးဟာ ဒီလိုကြောက်စရာကောင်းတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရသဖြင့် သူမအနေနဲ့ မကြောက်လန့်နေဘူးဆိုတာ မဖြစ်နိုင်ပေ။ ဒီအချိန်ဟာ သူမကိုလိုက်ဖို့ အကောင်းဆုံးအချိန်ပင်။ နျဉ်ယွိယွင်တစ်ယောက် အချိန်တွေဖြုန်းနေတာလား?
'မာရှယ်နျဉ်' ဆိုတဲ့ စကားကိုကြားတော့ မော့ယန်ရဲ့ အမူအရာမှာ မည်းမှောင်သွားကာ သူ့လေသံက အေးစက်သွားသည်။ "သူဘယ်မှာလဲဆိုတာ ဘယ်သူသိမှာလဲ!"
"ဟင်းး! အထင်မလွဲပါနဲ့!" အစောကတည်းက ကျောလင်တစ်ယောက် ဘယ်မှာပုန်းနေလဲဆိုတာ ဘယ်သူမှ မသိလိုက်ပေ။ ဒါကိုကြားတဲ့အခါ ကျောလင် ချက်ချင်းထွက်လာပြီး သူ့ရဲ့ ဘော့စ် ကိုယ်စားပြောပြလာသည်။ "ချူးလေးရဲ့ကိစ္စက ပေါက်ကြားသွားတယ်မဟုတ်လား? လူထုရဲ့ ဒေါသကြောင့် အထက်အရာရှိတွေက ဒီကိစ္စကို လူလွှတ်ပြီး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘော့စ်လဲ ဒါကိုကြားတော့ အဲ့ဒီကိုသွားတာ"
သို့ပေမယ့် သူ့အမြင်အရ၊ သူ့ဘော့စ်ရဲ့အကြံကတော့ အောင်မြင်ဖို့ မဖြစ်နိုင်ပေ။
မော့ချူးဟာ နျဉ်ယွိယွင်ရဲ့ အသည်းအသက်လေးဖြစ်ကြောင်း လူတိုင်းသိထားကြသည်။ အခု ချူးလေးက ဒီအဖြစ်အပျက်နဲ့ ကြံခဲ့ရတော့ သံသယဖြစ်လာစေသည်သာမက အထက်အရာရှိတွေဟာ သူတို့ဘော့စ်ကို ဒီကိစ္စအား စုံစမ်းစစ်ဆေးဖို့ တာဝန်ယူခွင့်ပြုလိမ့်မည်မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်း နျဉ်ယွိယွင် ပြန်ရောက်လာတဲ့အခါ သူ့မျက်နှာက အနည်းငယ် ညိုမှိုင်းနေကာ ကျောလင်ရဲ့ ခန့်မှန်းချက်ကို သက်သေပြနေသည်။
"ဘော့စ်ဘယ်လိုလဲ?" ကျောလင် သိချင်စိတ်ဖြင့် ဝင်လာသည်။
ဒီကိစ္စကို ဘော့စ် တာဝန်ယူလို့မရတာကြောင့် တခြားတစ်ယောက်ယောက်က ဒါကို သဘာဝအလျောက် လက်လွှဲယူလိုက်မှာပင်။ ဒါပေမယ့် ဘယ်သူက ဒီလောက်ထိ ကံကောင်းမလဲဆိုတာတော့ မသိပေ။ ဒီကိစ္စကိုသာ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခဲ့ပါက ပြည်သူတွေရဲ့ စိတ်ကျေနပ်မှု မြင့်တက်လာမှာ သေချာသည်။
“နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ဒီကိစ္စကို ချောင်းမိသားစုက တာဝန်ယူလိုက်တယ်” နျဉ်ယွိယွင် ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်ကာ မျက်လုံးတွေကိုမှိတ်လိုက်ပြီး မျက်ခုံးကြားကို ပွတ်လိုက်သည်။ သူ့လေသံထဲတွင် မလိုလားသည့် အရိပ်အယောင် ရှိနေသည်။
ချောင်းမိသားစု?
ဘယ်လိုလုပ် သူတို့ဖြစ်ရတာလဲ?
ဒီစကားကိုကြားတော့ ကျောလင် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အနေနှင့် အရာရှိလောကမှကိစ္စတွေကို သိပ်အာရုံမထားသော်လည်း သူ့ဘော့စ်နှင့် ချောင်းမိသားစုဟာ ပြိုင်ဆိုင်မှုတွေသိပ်မရှိကြောင်း သူသိသည်။ ဒီကိစ္စက ဘယ်လိုလုပ် ချောင်းမိသားစုဆီ ရောက်သွားတာလဲ?
“စိတ်မပူပါနဲ့။ ဒီတစ်ကြိမ်မှာတော့ ချောင်းရှန်က စုံစမ်းစစ်ဆေးမှုမှာ တာဝန်ခံရမှာပါ" ကျုံးဝမ်လည်း သူနှင့်အတူ လိုက်သွားသဖြင့် အခြေအနေကို သဘာဝကျကျ နားလည်သဘောပေါက်ကာ ပြောလာသည်။
"ချောင်းရှန်?" ဒါကိုကြားတော့ ကျောလင် တစ်ခဏလောက် ကြောင်သွားကာ သူ့အမူအရာက ပိုပြီးတည်ငြိမ်လာသည်။ “ကောင်းတယ်၊ ကောင်းတယ်”
ချောင်းရှန်၏ မျိုးရိုးအမည်မှာ ချောင်းဖြစ်သော်လည်း သူဟာ ချောင်းမိသားစုဝင်တွေနှင့် လုံးဝမတူပါချေ။
သူတို့အားလုံးဟာ စစ်တက္ကသိုလ်ဆင်း အသုတ်တူကျောင်းသားတွေဖြစ်သည်။ သူတို့တွေဟာ သိပ်ပြီးအဆက်အဆံမရှိကြသော်လည်း ချောင်းရှန်အကြောင်း တချို့ကိုတော့ နားလည်ကြသည်။ သူသည် များသောအားဖြင့် သန်မာကာ ကြမ်းတမ်းသော်လည်းအကျင့်ကတော့ မဆိုးလှပေ။ မော့ချူး၏ ကိစ္စသာ သူမလက်ထဲသို့ ရောက်သွားပါက အနည်းဆုံးတော့ တရားမမျှတတာ မရှိလောက်ပေ။
“အမ်း” နျဉ်ယွိယွင် ခေါင်းညိတ်လိုက်သည်။
သူ့အကြည့်က သူ့ဘေးရှိ မော့ချူးဆီ ပြောင်းသွားခဲ့သည်။ သူမရဲ့ပုံစံ ပုံမှန်ပြန်ဖြစ်သွားတာကို မြင်လိုက်ရတော့ သူမနေနိုင်ဘဲ စိတ်အေးသွားမိသည်။ သူရှေ့ကိုလှမ်းခါနီးမှာဘဲ ရုတ်တရက်တစ်ခုခုကိုတွေးမိကာ သူ့ခြေလှမ်းတွေကို ရပ်လိုက်သည်။
"ဟုတ်သားပဲ၊ ချူးလေးလဲ အနားယူပြီးပြီဆိုတော့၊ ငါတို့အရင်ပြန်တော့မယ်" နျဉ်ယွိယွင်ရဲ့ပုံရိပ်ကို မြင်တဲ့အခါ မော့ယန်ရဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။ သူ့လေသံက အေးစက်နေ၏။ ယခင်က ဒီနေရာဟာ နီးတာကြောင့် နျဉ်ယွိယွင်ရဲ့ တိုက်ခန်းမှာဘဲနေခဲ့သည်။ အခု မော့ချူး အခြေအနေ ပြန်ကောင်းလာပြီဆိုတော့ ဒီနေရာမှာ ဆက်နေဖို့ မလိုတော့ပေ။
"မပြန်ပါနဲ့!" အဲ့ဒီစကားကိုကြားတော့ ကျောလင်အရင်ဆုံးစိုးရိမ်လာသည်။ သူ့ရဲ့ဘော့စ်ကို အမြန်ကြည့်ကာ မော့ယန်ကို တားရန် ရှေ့တိုးလိုက်သည်။ “ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကို ခဏနေ ရောက်လာတော့မယ် မဟုတ်လား? ကိစ္စတွေကို အတည်မပြုရသေးတော့ လိုက်သွားနေတာက အဆင်မပြေလောက်ဘူးမလား? ဘာလို့ ဒီမှာပဲ ဆက်မနေတာလဲ?"