← Chapters

အပိုင်း ၂၉၈

Vol. 20 Ch. 298

အပိုင်း ၂၉၈

Vol. 20 Ch. 298

စုန့်ထျန်းချန် မတုံ့ပြန်ရသေးခင်မှာပဲ နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားကာ ပြောလာသည်။ "စုန့်မိသားစုရဲ့ ရွှေနက်ကျောက်တုံးလောက်ဆို မဆိုးဘူးလို့ထင်တယ်။ အဲ့ဒါဆိုရင်ရော?"

ထိုရွှေနက်ကျောက်တုံးဟာ မော့ချူးကို နျဉ်ယွိယွင်ပေးခဲ့သည့် ရွှေနက်ကျောက်တုံးထက် အများကြီး ပိုတန်ဖိုးကြီးသည်။ ၎င်းတွင်ပါရှိသည့် စွမ်းအင်ဟာ ပုံမှန်ရွှေနက်ကျောက်တုံးတွေထက် ၁၀၀ ထက်မနည်းပါကာ ပိုပြီးသန့်စင်လှသည်။

စုန့်မိသားစုတစ်ခုလုံးတွင် နှစ်ပိုင်းသာရှိသည်။ ၎င်းဟာ စုန့်မိသားစု၏ မိသားစုအမွေဟု ဆိုနိုင်သည်။

နျဉ်ယွိယွင်ဟာ ဤမျှလောဘကြီးကာ ဒီလိုအရာမျိုးကို တိုက်ရိုက် စိတ်ကူးနေလိမ့်မည်ဟု စုန့်ကျန်းချန်မထင်ထားပါချေ!

"ဘာလဲ? ကြီးမြတ်လှတဲ့စုန့်မိသားစုက ဒီလိုအသေးအမွှားလေးကိုတောင် မထုတ်ပေးနိုင်ဘူးလား?” စုန့်ထျန်းချန်ရဲ့ ပြောင်းလဲလာတဲ့ အမူအရာကို မြင်လိုက်ရတော့ နျဉ်ယွိယွင်မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်ကာ သူ့လေသံက အနည်းငယ် မထီမဲ့မြင်ပြုနေသည်။

ချီးပဲ!

ရွှေနက်ကျောက်တုံးကို 'အသေးအမွှားလေး' ဆိုတဲ့ စကားလုံးနဲ့ သုံးလိုက်တာလား? ဒါက ငွေနဲ့ဝယ်လို့မရတဲ့ ရတနာတစ်ခုပဲ! နျဉ်ယွိယွင်တစ်ယောက် မသိရင် ဖက်ဒရယ်ဒင်္ဂါးပြား ၂၀၀-၃၀၀ လောက် ဈေးဆစ်ပြီးဝယ်လို့ရတဲ့အရာလိုမျိုး ဘာလို့ပြောနေတာလဲ?

စုန့်ထျန်းချန် အသက်ပြင်းပြင်းရှူလိုက်ကာ သူ့ရင်ထဲက ဒေါသကို ပြင်းပြင်းထန်ထန် မျိုသိပ်လိုက်သည်။ "ကောင်းပြီလေ၊ ဒါဆို အတည်ဖြစ်ပြီ!"

မာရှယ်ရာထူးနှင့် ရွှေနက်ကျောက်တုံးတစ်ပိုင်းကို ယှဉ်ကြည့်ပါက သူ့ဘက်က အမြတ်ရနေသေးသည်။

ဒီလိုနဲ့ဘဲ အလေးအနက်တွေ့ဆုံမှုက သူတို့နှစ်ဦးရဲ့ တိတ်တဆိတ် ပြိုင်ဆိုင်မှုဖြင့် အဆုံးသတ်သွားတော့သည်။

အဲဒီနောက်မှာတော့ အစိုးရက ဒီကိစ္စကို မာရှယ်နျဉ်ကတာဝန်ယူသွားမယ်လို့ အင်တာနက်မှာ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထို့နောက် သူတို့သည် ဂလက်ဆီတရားရုံးဆီ ချက်ချင်းသတင်းပို့ကာ ၎င်းတို့၏ ယခင်ကသဘောထားအတွက် တောင်းပန်လာသည်။

ဒီလိုနှင့် အင်တာနက်အသုံးပြုသူတွေလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။

[အင်း! ဒီကိစ္စကို မာရှယ်နျဉ်ဆီ လွှဲပေးလိုက်မှပဲ ငါစိတ်အေးရတော့တယ်။ သူက မော့ချူးကို ဒုက္ခပေးခွင့်ပြုမှာတဲ့လား? ဒါက လုံးဝမဖြစ်နိုင်ဘူး!]

[မာရှယ်နျဥ်ကို အားပေးတယ်။ ဒီလူတွေကို ရှာပြီး သူတို့နဲ့ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရစေမယ်!]

[အမှန်ပဲ၊ ဒါမှ ငါတို့ရင်ထဲက အမုန်းတရားတွေကို ထုတ်ပစ်နိုင်မှာ!]

ဒီအချိန်မှာ နျဉ်ယွိယွင်က မောင်းနှင်ခြင်းယာဉ်ပေါ်တွင်ရှိနေကာ သူ့တိုက်ခန်းဆီ အပြေးအလွှားသွားရန် ပြင်ဆင်နေသည်။ အင်တာနက်သုံးစွဲသူတွေ ချန်ထားခဲ့တဲ့ မှတ်ချက်တွေကို မြင်လိုက်ရချိန်မှာတော့ သူ့မျက်လုံးတွေ မတတ်နိုင်ဘဲ ဖြတ်ခနဲလက်သွားတော့သည်။ ထို့နောက် သူက မထားခြားနားစွာနဲ့ [ဟုတ်တယ်] ဆိုပြီး ပြန်ဖြေလိုက်သည်။

နျဉ်ယွိယွင်ဟာ အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်သူဖြစ်သည်။ ပုံမှန်အားဖြင့်၊ သူသည် စတားနက်တွင် အရမ်းတက်ကြွနေမည် မဟုတ်ပေ။ ဤသည်မှာ ပထမဦးဆုံးအကြိမ် သူမှတ်ချက် ချန်ထားခြင်းဖြစ်သည်။ ထုံးစံအတိုင်း၊ ၎င်းဟာ အင်တာနက်အသုံးပြုသူတွေကြားထဲ အာမေဋိတ်လှိုင်းများ ဖြစ်ပေါ်လာစေတော့သည်။

[ကြည့်အုံး၊ မာရှယ်နျဉ်ပေါ်လာတယ်!]

[ဝိုး! သူက အရမ်းတည်ငြိမ်ပြီး ကြီးစိုးခြယ်လှယ်တတ်တာပဲ။ 'ဟုတ်တယ်' ဆိုတဲ့ စကားလုံးက ငါ့ကိုလုံးလုံးအနိုင်ယူသွားပြီ ဟုတ်ပြီလား?]

[လစ်စမ်း။ မာရှယ်နျဉ်က ကံကောင်းတဲ့ကြယ်လေးနဲ့ပဲ သက်ဆိုင်တယ်‌ဆိုတာ သိသာနေတာကို! ခွေးမလေး!]

[ဒါပေမယ့် မာရှယ်နျဉ် မော့ချူးနဲ့ ဆက်ဆံတဲ့အခါကျရင်ရော အရမ်းအေးစက်နေတာဘဲလား?]

ဒီစကားတွေပြောပြီးသည်နှင့် ယခင်က ပုံမှန်ဖြစ်နေတဲ့ လေဟာဦးတည်ချက် ချက်ချင်း လွဲသွားတော့သည်။

[အဲဒါက ငါ့ကို အရမ်းသိချင်အောင်လုပ်နေတာပဲ!]

[မော့ချူးရဲ့ ကျောင်းနေဖက်အနေနဲ့ သူတို့အချင်းချင်း အပြန်အလှန် ဆက်ဆံကြတဲ့ မြင်ကွင်းကို မြင်ရတာ ငါအရမ်း ကံကောင်းတယ်။ မာရှယ်နျဉ်က လုံးဝမတူတော့တဲ့လူတစ်ယောက်လိုမျိုး အရမ်းနူးညံ့ညင်သာသွားတာ!]

[နူးညံ့တယ်? … ဒီမြင်ကွင်းကို ငါ လုံးဝ စိတ်ကူးကြည့်လို့မရဘူး!]

အင်တာနက်မှာ ဆွေးနွေးမှုတွေ ဆက်လုပ်နေပေမယ့် ခေါင်းစဉ်ကတော့ ' မာရှယ်နျဉ်နဲ့ မော့ချူးတို့ အတူတူရှိကြတဲ့အခါ သူတို့ရဲ့သဘောထား' ဆိုတာကနေ ' သူတို့ရဲ့ သားသမီးတွေက အဖေနဲ့တူမှာလား အမေနဲ့တူမှာလား' ဆိုတဲ့အကြောင်းအရာတွေဆီ ပြောင်းသွားတော့သည်။

သားသမီး‌တွေ?

နျဉ်ယွိယွင်ရဲ့ နှုတ်ခမ်းထောင့်တေဤ မထိန်းနိုင်ဘဲ တွန့်ကွေးသွားကာ သူ့အကြည့်တွေက ချက်ချင်းနူးညံ့သွားတော့သည်။

သို့ပေမယ့် မောင်းနှင်ခြင်းယာဉ်ပေါ်ကနေ ဆင်းလာပြီး တိုက်ခန်းထဲသို့ ဝင်လာတဲ့အခါ သူ့ရဲ့အမူအရာတွေပြောင်းလဲသွားတော့သည်။

"ချူးလေး ဘယ်ရောက်သွားတာလဲ?"

ကျောလင်တစ်ယောက်သာ ဘာမှမရှိတဲ့အခန်းထဲတွင် ‌ရပ်နေကာ သူ့အမူအရာမှာ အနည်းငယ် တွန့်သွားသည်။

အသံကြားတော့ သူမော့ကြည့်လိုက်တဲ့အခါ ဘော့စ်ရဲ့ အေးစက်စက် အမူအရာကို တွေ့လိုက်ရသည်။ ကျောလင်မှာ ပိုလို့တောင် အကြပ်ရိုက်သွားတော့သည်။ သူမပြောခင် ခဏလောက် တွ့န်ဆုတ်နေသေးသည်။ “အမ်… အမ်… မော့ချူးတို့တွေ ထွက်သွားကြပြီ"

"ထွက်သွားတယ်?" နျဉ်ယွိယွင်ရဲ့ လေသံဟာ ပိုလို့တောင် နက်ရှိုင်းလာသည်။ "မင်း သူတို့ကို မတားဘူးလား?"

ဒီလိုလှုပ်ရှားမှုကို ကာကွယ်ရန်အတွက် သူကျောလင်ကို ချန်ထားခဲ့တာဖြစ်သည်။ ဒါကို သူကဘာလို့ သူတို့ကိုသွားခွင့်ပေးလိုက်ရတာလဲ?

"ကျွန်တော် သူတို့ကိုတားလို့မရဘူး!" ကျောလင်ရဲ့မျက်နှာမှာ ဝမ်းနည်းပူဆွေးနေကာ သူ့လေသံမှာလဲ ကူကယ်ရာမဲ့နေမှု‌တွေ ပြည့်နှက်နေသည်။ “အဆင့်မြင့်ချန်ပိုင်ကိုယ်တိုင်က သူတို့ကို လာခေါ်သွားတာ။ ကျွန်တော် ဘယ်လိုလုပ် သူတို့ကိုပေးမသွားလို့ရမှာလဲ?"

"အဆင့်မြင့်ချန်ပိုင်ကိုယ်တိုင် သူတို့ကိုလာခေါ်တာလား?" ကျုံးဝမ် အံ့အားသင့်သွားသည်။

မော့ချူးရဲ့နောက်ကို သူတို့ စူးစမ်းစစ်ဆေးခဲ့ပြီးနောက် အဆင့်မြင့်ချန်ပိုင်က သူ့တပည့်ဖြစ်သူကို ခေါ်ဆောင်သွားကြောင်း သိလိုက်ရပေမယ့် သူတို့ရဲ့ဆက်ဆံရေးမှာ ဤမျှလောက်ထိ ကောင်းမွန်လိမ့်မည်ဟု မမျှော်လင့်ထားပါချေ။ အဆင့်မြင့်ချန်ပိုင်က ယခင်က မော့ချူးအတွက် ရပ်တည်ပေးခဲ့တာကို မဆိုနှင့် ယခုတွင် သူဟာ သူမကို ကိုယ်တိုင်လာခေါ်သွားခဲ့သေးသည်။

အမ်းး... နျဉ်ယွိယွင်ရဲ့ ကျောပြင်ကို လှည့်ကြည့်လိုက်တော့၊ သူ့ရဲ့ ဘော့စ်မှာ အလှလေးကို အောင်အောင်မြင်မြင်ရယူနိုင်ဖို့ အဝေးကြီးသွားရဦးမှာလို့ ကျုံးဝမ်ရုတ်တရုက် ခံစားလိုက်ရသည်။

"ကောင်းပြီ ငါသိပြီ" မျှော်လင့်ထားသည့်အတိုင်း အဆင့်မြင့်ချန်ပိုင်၏ အမည်ကိုကြားလိုက်ရသည်နှင့် နျဉ်ယွိယွင်၏ မျက်နှာက ပို၍ပင် မည်းမှောင်လာကာ သူ့ပတ်ဝန်းကျင်ရှိ လေထုကတောင် ပိုပြီးလေးလံလာသည်။

ကျောလင် တုန်ရီသွားကာ သူ့ဘော့စ်မျက်နှာကို မော့မကြည့်ရဲတော့ပေ။ ရုတ်တရက် သူ့မျက်လုံးတွေ တောက်ပလာသည်။ "ဟုတ်သားပဲ၊ မထွက်သွားခင် မော့ချူးက ဘော့စ်အတွက် မက်ဆေ့ခ်ျချန်ထားခဲ့တယ်လို့ပြောတယ်"

"အိုး?" ထိုစကားကိုကြားသည့်အခါ နျဉ်ယွိယွင်၏ အမူအရာမှာ မည်းမှောင်နေရာမှ တောက်ပသွားတော့သည်။ ခလုတ်ခုံကို နှိပ်ခါနီး သူ့ရဲ့လှုပ်ရှားမှုတွေက ရုတ်တရက် ရပ်သွားကာ သူတို့ နှစ်ယောက်ကို ကြည့်လာသည်။ "မင်းတို့နှစ်ယောက် အားနေကြတာလား?"

ကျောလင်လည်း အခုမှ ဉာဏ်အလင်းပေါက်သွားတော့သည်။ သူ မျက်ခုံးပင့်လိုက်ကာ ကျုံးဝမ်ကိုပါ အခန်းထဲကနေ ဆွဲထုတ်သွားလိုက်သည်။ “မဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ လုပ်စရာတွေ ရှိသေးတယ်။ ကျွန်တော်တို့ အလုပ်ရှုပ်နေလို့ အရင်ပြန်နှင့်တော့မယ်!”

တစ်ဖက်လှည့်လိုက်တဲ့အခါ ကျောလင်မှာ မ‌နေနိုင်ဘဲ နှုတ်ခမ်းစူမိတော့သည်။ ဒါက ဒီတိုင်း ဗီဒီရိုမက်ဆေ့ခ်ျလေးဘဲ‌ မဟုတ်ဘူးလား? ဘော့စ်က ဘယ်လောက်တောင် ကပ်စေးနဲသလဲဆိုတာ ကြည့်ပါအုံး! သူတို့ကိုတောင် ပေးနားမထောင်ဘူး။

သူတို့နှစ်ယောက် ထွက်သွားတာကို ကြည့်ရင်း နျဉ်ယွိယွင် ဗီဒီယိုမက်ဆေ့ခ်ျကို ဂရုတစိုက် ဖွင့်လိုက်သည်။ သူ့ရင်ထဲထဲတွင် မျှော်လင့်နေမှုတွေ ရင်ခုန်နေမှုတွေတိုးလာသည်။

"အမ်... နျဉ်ယွိယွင်၊ ကျွန်မ ဆရာနဲ့ အရင်လိုက်ပြန်သွားမလို့။ စိတ်မပူပါနဲ့” မော့ချူးရဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်နှာလေးက ပေါ်လာသည်။ သူမရဲ့ ကြည်လင်လှတဲ့အနက်ရောင် မျက်လုံးတွေထဲတွက် အလင်းရောင်တွေ ရှိနေပုံရကာ သူ့နှလုံးသားကို တောက်ပသွားစေသည် “ဒီကိစ္စက ရှင်နဲ့မဆိုင်ပါဘူး။ ရှင်... ရှင့်ကိုယ်ရှင် အပြစ်တင်နေစရာ မလိုပါဘူး။ ပြီးတော့၊ ကျေးဇူးတင်ပါတယ်!"

သူမရဲ့ နားရွက်တွေက အနီရောင်သန်းနေသည်။ မော့ချူး ခေါင်းငုံ့ကာ စခရင်ကို ပွတ်သတ်ရန် လက်လှမ်းလိုက်သည်။ စခရင်က မှောင်ကျသွားသည်။

တစ်ဖက်ရှိ နျဉ်ယွိယွင်က‌တော့ အချိန်အတော်ကြာ မိန်းမောနေမိသည်။ သူ့နှုတ်ခမ်းထောင့်တွေ မနေနိုင်ဘဲ ကွေးညွှတ်သွားကြသည်။ သူ ဗီဒီယိုကို ပြန်ဖွင့်ကာ ထပ်ကြည့်သည်။

အခန်းထဲမှာ တစ်နာရီလောက်ကြာ ပျင်းရိ‌နေရတဲ့ ကျောလင်နဲ့ ကျုံးဝမ်တို့မှာ မျက်‌ရည်တွေဝဲရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဘော့စ်တစ်ယောက်၊ ဒီငါးမိနစ်စာ ဗီဒီယိုအတိုလေးကို ဘယ်နှစ်ခါလောက်ပြန်ကြည့်နေတာလဲ? လက်ထဲက အရေးတကြီးပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ကို အရင်သွားခွင့်ပေးလို့ရမလား?

All Chapters