← Chapters

အရေးမပါ အရာမရောက်သော ဇာတ်ကောင်

Vol. 196 Ch. 2928

အရေးမပါ အရာမရောက်သော ဇာတ်ကောင်

Vol. 196 Ch. 2928

သိပ်မကြာခင် သားရဲစစ်ဗိုလ် ၁၀၀ ကျော်ကျော်၏ ထက်ဝက်နီးပါးက ရှေ့သို့ထွက်လာပြီး သားရဲဘုရင် ကိုင်ယွီနောက်သို့ လိုက်ပါဖို့ ရွေးချယ်လိုက်ကြသည်။

တိတ်တဆိတ် ကျန်ရှိနေသော သားရဲစစ်ဗိုလ်များကိုကြည့်ပြီး သားရဲဘုရင် ကိုင်ယွီက ပြုံးပြလိုက်၏။

“ဘာမှ စိုးရိမ်ကြောင့်ကြမနေနဲ့… ငါတို့က နှစ်ပေါင်းများစွာ အတူတိုက်ခိုက်လာခဲ့တာ… ငါတို့က ရေစက်ပါတယ်လို့ ဆိုနိုင်တယ်… မင်းတို့တွေ ဘာကိုပဲ ရွေးချယ်ရွေးချယ် ငါနားလည်ပေးနိုင်တယ်”

ထိုစကားကို ကြားသောအခါ ကျန်ရှိနေသော သားရဲစစ်ဗိုလ်များ၏ အမူအရာများက ပျော့ပျောင်းသွားပြီး သူတို့က တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။

“တကယ်တော့ ငါက အပြာရောင်အဖွဲ့ဆီမှာ အညံ့မခံချင်ဘူး… အနည်းဆုံးတော့ ငါတို့တွေက အရှေ့ဘက် အရိုင်းနယ်မြေမှာ ရှင်သန်နေထိုင်မယ်ဆိုရင် ဂုဏ်သိက္ခာတချို့ကို ထိန်းထားနိုင်သေးတယ်… ငါတို့က အပြာရောင်အဖွဲ့ထံမှာ အညံ့ခံမယ်ဆိုရင် ငါတို့က အောက်ခြေက ပုရွက်ဆိတ်တွေ ဖြစ်လာလိမ့်မယ်”

“ဟုတ်တယ်… အပြာရောင်အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာဆိုရင် မဟာအရိုင်းကမ္ဘာက သက်ရှိတွေအားလုံးက နေ့စဉ်နေ့တိုင်း ကြောက်ရွံ့မှုနဲ့ ရှင်သန်နေရလိမ့်မယ်”

“ပြီးခဲ့တဲ့နှစ်တွေထဲ မဟာအရိုင်းကမ္ဘာမှာ အပြာရောင်အဖွဲ့တွေ ဖျက်ဆီးခဲ့တဲ့ မျိုးနွယ်စုတွေ ဘယ်လောက်တောင် များနေပြီလဲ…. သူတို့ရဲ့မျက်လုံးထဲမှာ မဟာအရိုင်းကမ္ဘာက သက်ရှိတွေက သူတို့စိတ်ရှိသလို ရိတ်သိမ်းနိုင်တဲ့ မြက်ပင်တွေလိုပဲ”

“သားရဲဧကရီသွေးလိပ်ပြာက အရှေ့ဘက် အရိုင်းနယ်မြေကို အုပ်စိုးလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… သူ့ရဲ့တိုက်ခိုက်ရည်စွမ်းအားက ကောင်းကင်ဘုံကို ဖီဆန်နိုင်တယ်… ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိလိုက်လဲ… ဒါပေမဲ့ သူက အားနည်းတဲ့ မျိုးနွယ်စုတွေကို ဘယ်တုန်းကမှ အနိုင်မကျင့်ခဲ့ဘူး… သူ့လက်ထဲမှာ သေခဲ့ရတဲ့လူအများစုက ဒီကမ္ဘာရဲ့ ထိပ်သီးပညာရှင်တွေပဲ”

သားရဲစစ်ဗိုလ်တချို့က ရှေ့သို့ထွက်လာပြီး သားရဲဘုရင် ကိုင်ယွီထံ သူတို့၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ကျုပ်တို့တွေက အရှေ့ဘက် အရိုင်းနယ်မြေမှာပဲ ဆက်နေပြီး သားရဲဧကရီသွေးလိပ်ပြာနောက်ကို လိုက်လိုပါတယ်”

ရွှေခြင်္သေ့ကလည်း အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောမနေဘဲ သူက အလိုလို ရှေ့သို့ထွက်ရပ်ချင်၏။

ကျားက မျက်လုံးတစ်ချက်စွေကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်၏။ သူက ရွှေခြင်္သေ့ကို ပြန်ဆွဲထားပြီး သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ကျားက မည်သည့်စကားကိုမှ မဆိုသော်လည်း ရွှေခြင်္သေ့က သူ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

ထိုစဉ်မှာပင် သားရဲဘုရင် ကိုင်ယွီက ပြောလိုက်၏။

“အားလုံးမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတာပဲ… ငါ နားလည်ပါတယ်… မင်းတို့တွေ သွားလို့ရပြီ”

သားရဲစစ်ဗိုလ်တချို့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သားရဲဘုရင် ကိုင်ယွီကို ဦးညွှတ်ကာ လှည့်ထွက်သွားကြ၏။

သို့သော်လည်း ထိုသားရဲစစ်ဗိုလ်တချို့က ခန်းမထဲကနေ မထွက်ခွာသေးခင် သူတို့သည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခု ဆင်းသက်ရောက်ရှိလာသည်ကို ခံစားမိလိုက်ပြီးနောက် အေးစက်စက်အလင်းတချို့က သူတို့၏ နောက်ဘက်ကနေ ဖြတ်သန်းလာ၏။

အဲဒါက အရမ်းကို မြန်ဆန်သည်။

သားရဲစစ်ဗိုလ်တချို့က တုံ့ပြန်ချိန် လုံးဝမရရှိလိုက်ပေ။

သားရဲများ၏ ရှေ့မှောက်မှာ သားရဲစစ်ဗိုလ်တချို့သည် ငါးကြေးခွံတချို့ဖြင့် လှီးဖြတ်ခံရပြီး သူတို့၏ သွေးများနှင့် ကိုယ်တွင်းအင်္ဂါများက နေအိမ်ပေါ်သို့ ပြန့်ကျဲကျဆင်းလာ၏။

သားရဲစစ်ဗိုလ်များ၏ အမြုတေစိတ်ဝိညာဉ်များက ချမ်းသာရာမရဘဲ ငါးကြေးခွံများဖြင့် လှီးဖြတ်ကာ သတ်ဖြတ်ခြင်းခံလိုက်ရသည်။

ဤသည်ကား သားရဲဧကရာဇ်တစ်ပါး၏ စွမ်းအားဖြစ်သည်။

သားရဲဘုရင် ကိုင်ယွီကသာ တစ်ဖက်သူကို တုံ့ပြန်ချိန်မရဘဲ သားရဲစစ်ဗိုလ်များကို ချက်ချင်း သတ်ဖြတ်နိုင်လေသည်။

ချက်ချင်းပင် သွေးနံ့က ပျံ့လွင့်ပြီး ခန်းမထဲမှာ ပြည့်နှက်သွားသည်။

ကျန်ရှိနေသော သားရဲစစ်ဗိုလ်များသည် ထိုသည်ကို တွေ့မြင်ပြီး စူးစူးရှရှ သွေးနံ့ကို ရရှိလိုက်သောအခါ သူတို့က ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာကြလေသည်။

ရွှေခြင်္သေ့ကလည်း ကြောက်ရွံ့ထိတ်လန့်လာခဲ့သည်။

ကျားက သူ့ကို စောစောက တားဆီးထားခဲ့ခြင်း မဟုတ်လျှင် သူသည်လည်းပဲ ထိုသွေးအိုင်ထဲမှာ ကျဆင်းနေပြီး အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားလောက်လေပြီ။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ရွှေခြင်္သေ့က ဒေါသထောင်းခနဲထွက်သွားပြီး သူ၏ ရွှေရောင်မုတ်ဆိတ်နှင့် ဆံပင်တို့က ထောင်ထလာခဲ့သည်။

“နံပါတ်ခုနှစ်… သည်းခံ… အရမ်းကာရော မလုပ်နဲ့”

ရွှေခြင်္သေ့၏ ရင်ထဲရှိ အမျက်ဒေါသကို အာရုံခံပြီး ကျားက သူ့ကို အသံတစ်ခု ပို့လွှတ်ကာ အလောတကြီး သတိပေးလိုက်သည်။

“သူတို့နဲ့ အတူတူရွေးချယ်မယ့်သူတွေ ဘယ်သူရှိသေးလဲ”

သားရဲဘုရင် ကိုင်ယွီက အေးအေးဆေးဆေးပင် မေးမြန်းလိုက်၏။

သားရဲဘုရင်တချို့က ယခုတွင် သေဆုံးသွားခဲ့သည်။ ဘယ်သူက ယခုအချိန်မှာ ရှေ့သို့ ထွက်ရပ်ရဲတော့မှာလဲ။

ယခုအချိန်မှာ ရှေ့သို့ထွက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် ထူးမခြားနားပေ။

အစက စောင့်ကြည့်နေသည့် တွေဝေတုံ့ဆိုင်းနေသော သားရဲစစ်ဗိုလ်များသည် မတ်တတ်ထရပ်ကာ သားရဲဘုရင် ကိုင်ယွီနောက်သို့ လိုက်ပါဖို့ ရွေးချယ်လာကြသည်။

ခန်းမ၏ အခြားတစ်ဖက်မှာ သားရဲစစ်ဗိုလ်များ၏ အရေအတွက်က လျော့ကျလာခဲ့သည်။

သိပ်မကြာခင် ထိုနေရာမှာ သားရဲသုံးဦးသာလျှင် ကျန်ခဲ့လေသည်။

သူတို့က ညီအစ်ကိုမောင်နှမသုံးယောက်ဖြစ်သော ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့ ဖြစ်သည်။

“သွားကြမယ်”

ကျားက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ကာ ရွှေခြင်္သေ့ကို ဆွဲခေါ်သွားချင်လေသည်။

သူတို့သုံးယောက်သည် ဤနေရာမှာ မတ်တတ်ရပ်နေပြီး အလွန်တရာ ထင်ရှားပေါ်လွင်နေ၏။

ချင်ချင်ကလည်း ဖျောင်းဖျလိုက်၏။

“လောလောဆယ်… ရှင်သန်နိုင်အောင် ကြိုးစားရမယ်… ပြီးတော့မှ ငါတို့ ထွက်ပြေးလွတ်မြောက်နိုင်မယ့် အခွင့်အရေးတစ်ခုကို ရှာပြီး သားရဲဧကရာဇ်ထျန်ဝူကို သတင်းသွားပေးရမယ်”

ရွှေခြင်္သေ့က သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် လက်လျှော့လိုက်၏။

သူ၏ ရင်ထဲမှာ အမျက်ဒေါသက ပြည့်နှက်နေသော်လည်း သူက ဆက်လက်၍ ခေါင်းမာနေမည်ဆိုလျှင် သူက ဤနေရာမှာ သေရရုံသာမက သူသည် ကျားနှင့်ချင်ချင်ကိုပါ ရောပါဒုက္ခရောက်စေမည်ကို သိထားသည်။

သူတို့သုံးယောက်က အခြားတစ်ဖက်သို့ လျှောက်လှမ်းလာကြသည်။

“နေဦး”

ရုတ်တရက် သားရဲဘုရင် ကိုင်ယွီ၏ အသံက အေးစက်မှု တစ်စွန်းတစ်စနှင့်အတူ ထွက်ပေါ်လာသည်။

သူက အေးစက်စွာ ပြောလိုက်သည်။

“ဟူပါးထျန်… မင်းညီ ခြင်္သေ့က သိပ်ပြီးတော့ အလိုမကျတဲ့ပုံပဲ”

“သူက အလိုမကျတာ မဟုတ်ပါဘူး”

ကျားက မျက်နှာချိုသွေးကာ အလောတကြီး ပြောလိုက်၏။

“သူက စောစောက ခင်ဗျားရဲ့ စွမ်းအားကြီးမားတဲ့နည်းလမ်းမှာ ထိတ်လန့်ကြောက်ရွံ့သွားတာ… သားရဲဘုရင်… အဲဒါကြောင့် သူက ခဏကြာတဲ့အထိ သတိမကပ်နိုင်ဘဲ ဖြစ်နေတာပါ”

“သားရဲဘုရင်… ခင်ဗျားရဲ့ သွင်ပြင်ဟန်ပန်က ပြိုင်ဘက်ကင်းပဲ… ခင်ဗျားက ဉာဏ်ရှိပြီးတော့ အထင်ကြီးစရာ ကောင်းပါပေတယ်… စောစောက ကျုပ်တောင်မှ မှင်တက်သွားရတယ်”

သားရဲဘုရင် ကိုင်ယွီက ကျား၏ မြှောက်လုံးပင့်လုံးမှာ ယိမ်းယိုင်သွားခြင်း မရှိပေ။ သူက ခြင်္သေ့ကို အလွတ်ပေးဖို့ စိတ်ကူးမရှိသည့်အလား ဆက်ပြောလိုက်သည်။

“သူက စိတ်လိုလက်ရရှိတယ်ဆိုတာကို မင်းဘယ်လို သက်သေပြနိုင်မှာလဲ… ဘာပဲပြောပြော ငါက အကျိုးသင့်အကြောင်းသင့် လုပ်တတ်တဲ့လူဆိုတော့ တစ်ဖက်သူကို ဖိအားပေးမှာ မဟုတ်ဘူး”

ကျားက စိတ်ထဲကနေ ကျိန်ဆဲလိုက်သော်လည်း သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ထိန်းထားဆဲဖြစ်သည်။

“သူက လုံးဝကို စိတ်လိုလက်ရ ရှိပါတယ်… သူက တုံ့ပြန်ပုံ နည်းနည်းနှေးနေရုံ….”

“မင်းပါးစပ်ကို ပိတ်ထားတာ ပိုကောင်းလိမ့်မယ်… ငါ မင်းကိုမေးနေတာ မဟုတ်ဘူး”

ကျားက စကားမဆုံးအောင် မပြောရသေးခင် သူ့ကို သားရဲဘုရင် ကိုင်ယွီက ဖြတ်ပြောလိုက်သည်။

သားရဲဘုရင် ကိုင်ယွီက ရွှေခြင်္သေ့ကို လက်ညှိုးထိုးပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်းဘာသာမင်း ပြောစမ်း”

ရွှေခြင်္သေ့က သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီး အံကိုကြိတ်လိုက်၏။ ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“သားရဲဘုရင်… ကျုပ် ခင်ဗျားနောက်ကို လိုက်လိုပါတယ်”

“ကျယ်ကျယ်ပြောလေ… ငါ မင်းပြောတာ မကြားရဘူး”

သားရဲဘုရင် ကိုင်ယွီက အေးအေးဆေးဆေး ပြောလိုက်၏။

ချင်ချင်က မျက်မှောင်ကြုတ်လိုက်သည်။

ကျားကလည်း သူ၏ အပြုံးကို တဖြည်းဖြည်း ရုပ်သိမ်းလိုက်သည်။

“သားရဲဘုရင်… ကျုပ် ခင်ဗျားနောက်ကို လိုက်လိုပါတယ်”

ရွှေခြင်္သေ့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ဒီနားကို လာခဲ့… ဒီနေရာမှာ ဒူးထောက်ပြီး ငါ့ကို ထပ်ပြောစမ်း”

သားရဲဘုရင် ကိုင်ယွီက သူ့ရှေ့ကို စီးပိုးခြယ်လှယ်စွာဖြင့် လက်ညှိုးထိုးပြလိုက်၏။

သူသည် ရွှေခြင်္သေ့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ချင်နေသည်။

ရွှေခြင်္သေ့က နှုတ်ဆိတ်နေပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေ၏။

သူသည် သူ့အတွက်သူ ငဲ့ကွက်နေခြင်း မဟုတ်ပေ။

သူတစ်ယောက်တည်းသာဆိုလျှင် သူ၏ စိတ်ကို လွှတ်ပေးလိုက်သည်မှာ ကြာနေလောက်လေပြီ။

သို့သော်လည်း ဤကဲ့သို့ သူပြုလုပ်မည်ဆိုလျှင် သူက ကျားနှင့်ချင်ချင်ကို ရောပါဒုက္ခရောက်စေမည်ဟု သူသိရှိထားသည်။

ရွှေခြင်္သေ့က သားရဲဘုရင် ကိုင်ယွီရှိရာသို့ လျှောက်လှမ်းလိုက်၏။

သို့သော်လည်း သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ချိန်မှာပင် သူ၏ ဘယ်ဘက်လက်နှင့် ညာဘက်လက်ကို ကြီးမားသော လက်ဖဝါးတစ်ဖက်နှင့် သေးငယ်သော လက်ဖဝါးတစ်ဖက်က ဖမ်းဆွဲလိုက်၏။ အဲဒါက ကျားနှင့် ချင်ချင်ဖြစ်သည်။

ရွှေခြင်္သေ့က မတုံ့ပြန်နိုင်ခင် ကျားက သူ့ရှေ့သို့ရောက်လာပြီး ဟိတ်နှင့်ဟန်နှင့် စွမ်းအားကြီးမားစွာ မတ်တတ်ရပ်နေသော သားရဲဘုရင် ကိုင်ယွီကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်၏။

“မင်းမေကြီးကို ငါ့ရှေ့လာပြီး ဒူးထောက်ခိုင်းလိုက်ပါလား”

ဘေးပတ်လည်မှာရှိသော သားရဲစစ်ဗိုလ်များကို မပြောနှင့်… အော်ငေါက်ခံလိုက်ရသော သားရဲဘုရင် ကိုင်ယွီပင်လျှင် မှင်တက်သွားလေသည်။

သို့သော်လည်း ကျားက ရပ်တန့်မသွားဘဲ ဆက်လက်၍ ကျိန်ဆဲလိုက်၏။

“ငါက မင်းကို အားနာလို့ သားရဲဘုရင်ဆိုပြီး ခေါ်နေတာ… မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ”

“မင်းက ငါ့ချီးလောက်တောင် မသားနားတဲ့ကောင်ပဲ”

ရွှေခြင်္သေ့က သူတို့နှစ်ယောက် ရောပါဒုက္ခရောက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ အဲဒါကို ကျားက ဘယ်လိုလုပ် မသိဘဲနေပါ့မလဲ။

ရွှေခြင်္သေ့က တစ်ယောက်တည်း ထိခိုက်ခံစားနေရသည်ကို သူက ဒီတိုင်းကြည့်မနေနိုင်ပေ။

ဒါ့အပြင် သူက အခြေအနေကို နားလည်သဘောပေါက်နေပြီဖြစ်သည်။

သားရဲဘုရင် ကိုင်ယွီသည် ရွှေခြင်္သေ့ကို အလွတ်ပေးဖို့ စိတ်ကူးမရှိပေ။

ရွှေခြင်္သေ့က ဒုက္ခရောက်လာမည်ဆိုလျှင် သူနှင့် ချင်ချင်ကလည်း ဒီတိုင်းကြည့်နေနိုင်မည် မဟုတ်ပေ။

သူတို့သုံးယောက်က အတူပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင် သူတို့သည် သားရဲဘုရင် ကိုင်ယွီ၏ သတ်ဖြတ်လိုစိတ်ကို ခုခံနိုင်မည် မဟုတ်ပေ။

သူတို့က သေဘေးကနေ မလွတ်မြောက်နိုင်ဘူးဆိုမှတော့ သူတို့မသေခင် စိတ်ကျေနပ်အားရတဲ့အထိ ကျိန်ဆဲသွားရပေမည်။

“ကောင်းတယ်ကွာ… ကောင်းတယ်… ကောင်းတယ်”

သားရဲကိုင်ယွီက မတ်တတ်ထရပ်ပြီး အမျက်ဒေါသဖြင့် ရယ်မောလိုက်၏။ သူက အေးစက်စွာ ပြောလိုက်လေသည်။

“မင်းတို့တွေက သေချင်နေပြီဆိုမှတော့ ငါက မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

“ဟားဟား”

ကျားကလည်း ရယ်မောကာ ပြောလိုက်သည်။

“မင်းအမေကိုလည်း ငါ့ဆီလွှတ်လိုက်လေ… သူ့ဆန္ဒကို ငါဖြည့်ဆည်းပေးလိုက်မယ်… ငါတို့မှာ ညီအစ်ကိုမောင်နှမ ခုနစ်ယောက်ရှိတယ်… မင်း ငါတို့သုံးယောက်ကို သတ်ရဲမယ်ဆိုရင် ကျန်တဲ့လေးယောက်က မင်းကို သေချာပေါက် လက်စားလာချေလိမ့်မယ်”

“ဟမ့်”

သားရဲဘုရင် ကိုင်ယွီက လှောင်ရယ်လိုက်သည်။

“နဂါးတွေက မြွေတွေနဲ့ အတူမနေဘူး… ဖီးနစ်တွေက ကြက်တွေနဲ့အတူ မကခုန်ဘူး… မင်းတို့ကောင်တွေနဲ့ သွေးသောက်မောင်နှမဖွဲ့ထားတဲ့သူတွေက ဘယ်လောက်ထိ သန်မာနိုင်မှာလဲ… မင်းတို့လိုမျိုး အရေးမပါအရာမရောက်တဲ့ ကောင်တွေပဲနေမှာ… သူတို့ဘယ်လောက်လာလာ ငါသတ်ပစ်မယ်”

“အဲ့လိုလား”

ထိုစဉ်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ တည်ငြိမ်သော အသံတစ်သံက ထွက်ပေါ်လာ၏။

“ဒါဆိုလည်း ငါ့ကို လာသတ်ကြည့်လိုက်လေ”

All Chapters