တောင်ကြောရိုးကိုးခု
Vol. 196 Ch. 2930
ပကတိကောင်းကင်လိုဏ်ဂူကပင် တမလွန်တစ္ဆေမီးဖြင့် လွှမ်းခြုံခံရပြီး သားရဲဘုရင် ထိုက်ယွီ၏ အမြုတေစိတ်ဝိညာဉ်က မလွတ်မြောက်နိုင်ပေ။
သားရဲစစ်ဗိုလ်များ၏ ထိတ်လန့်တကြားအကြည့်များအောက်မှာ သားရဲဘုရင်ထိုက်ယွီသည် အသက်ရှုချိန်အနည်းငယ်အတွင်း အရိုးစုတစ်ခုအဖြစ်လောင်ကျွမ်းခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပြာကျကာ နေရာမှာပင် သေဆုံးသွားရသည်။
“ဘယ်လိုဖြစ်သွားရတာလဲ”
သားရဲစစ်ဗိုလ်တစ်ရာကျော်ကျော်က တုန်လှုပ်သွားကြသည်။
ဤသူက အထွတ်အထိပ်အဆင့် သားရဲဘုရင်တစ်ပါးဖြစ်သည်။ သို့သော်လည်း ခရမ်းရောင်ဝတ်အမျိုးသားသည် သားရင်ဘုရင်ထိုက်ယွီကို တစ်ချိန်လုံးကြည့်ပင်မကြည့်ခဲ့ပေ။ သူက မီးတောက်တစ်ခုကိုသာ သာမန်ကာလျှံကာ တောက်ထုတ်လိုက်ပြီး ထိုသူကို သတ်ဖြတ်လိုက်သည်။
ဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ။
ဧကရာဇ်တစ်ပိုင်းအဆင့်လား။ သို့မဟုတ် ဧကရာဇ်နယ်ပယ်လား။
ပို၍အရေးကြီးသည်မှာ ခရမ်းရောင်ဝတ်အမျိုးသားသည် သားရဲဧကရီသွေးလိပ်ပြာဘက်ကနေ သိသိသာသာရပ်တည်နေပြီး သူတို့က ယခုတင် အပြာရောင်အဖွဲ့ထံ အညံ့ခံဖို့ ရွေးချယ်ခဲ့ကြသည်။
ခရမ်းရောင်ဝတ်အမျိုးသားက သူတို့ကို တိုက်ခိုက်မည်ဆိုလျှင် သူသည် အသက်တစ်ရှိုက်စာနှင့်အတူ သူတို့အားလုံးကို သတ်ဖြတ်နိုင်လောက်သည်။
သားရဲစစ်ဗိုလ်များက သိုင်းတာအိုပင်မခန္ဓာကို ကြောက်ရွံ့စွာဖြင့်ကြည့်ပြီး တုန်ယင်လာကြသည်။ ဤရက်စက်ကြမ်းတမ်းသောပုဂ္ဂိုလ်က သူတို့ကို တိုက်ခိုက်လာမည်ကို ကြောက်နေကြသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက သားရဲစစ်ဗိုလ်များကို လျစ်လျူရှုထား၏။ သူ၏ အတွေးများက ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့အပေါ်မှာသာရှိလေသည်။
“မင်းတို့ရဲ့ ကျင့်ကြံမှုအလျင်အဟုန်က တော်တော်မြန်တာပဲ”
သူတို့၏ ကျင့်ကြံမှုနယ်ပယ်များကို အာရုံခံရင်း သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
ကျားက သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
“ကျုပ်တို့သုံးယောက် မဟာအရိုင်းကမ္ဘာကို ဆင်းသက်လာပြီးတဲ့နောက် ကျုပ်တို့က နယ်စပ်ဒေသမှာ တစ်ချိန်လုံးလုံးလိုလိုတိုက်ခိုက်သတ်ဖြတ်နေခဲ့ကြတယ်.. ကျုပ်တို့ရဲ့ကျင့်ကြံမှုတွေကို မရေမတွက်နိုင်တဲ့ သွေးလွှမ်းတိုက်ပွဲတွေကနေ စုဆောင်းထားတာပဲ”
“အဲဒါက ဘာများဂုဏ်ယူဝင့်ကြွားစရာရှိလို့လဲ”
ချင်ချင်က ကျားကို မျက်လုံးစွေကြည့်လိုက်၏။
“အစ်ကိုကြီးနဲ့ယှဉ်ရင် ငါတို့တွေက အရမ်းနိမ့်ကျနေတာပဲ”
သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ မေးလိုက်၏
“မဟာအရိုင်းကမ္ဘာမှာ မင်းတို့သုံးယောက်ပဲရှိတာလား… မျောက်.. ညဝိညာဉ်နဲ့ မြေခွေးလေးတို့ဆီကရော ဘာသတင်းကြားသေးလဲ”
“အစ်ကိုမျောက်နဲ့ နံပါတ်ငါးဆီက ဘာသတင်းမှရှိမလာသေးဘူး”
ရွှေခြင်္သေ့ကပြောလိုက်သည်။
“ဒါပေမဲ့… မြေခွေးလေးကလည်း မဟာအရိုင်းကမ္ဘာမှာရှိတယ်… သူ့ရဲ့ အခွင့်အလမ်းက ကျုပ်တို့သုံးယောက်ထက်တောင်မှ အများကြီးပိုကောင်းတယ်… သူက မြေခွေးမျိုးနွယ်က ဧကရာဇ်တစ်ပါးရဲ့ တန်ဖိုးထားခံရပြီး သူ့ရဲ့ လက်ရင်းတပည့်အဖြစ်ခေါ်ထားခံရတယ်… သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က ကျုပ်တို့ရဲ့အထက်မှာရှိလောက်တယ်”
ကျားက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ကျုပ်တို့က အခုပဲ မြေခွေးလေးအကြောင်းကိုပြောနေကြတာ… ကျုပ်တို့တွေ နောက်ဆုံးတွေ့ခဲ့တာ အရမ်းကို ကြာသွားခဲ့ပြီ.. ကျုပ် သူ့ကို အများကြီးသတိရနေတာ… အစ်ကိုကြီး ခင်ဗျားပြန်လာပြီဆိုမှတော့ ကျုပ်တို့တွေ မြေခွေးလေးကို သွားရှာပြီး အတူပြန်လည်ဆုံစည်းကြတာပေါ့”
“မြေခွေးလေးကလည်း အစ်ကိုကြီးကိုတွေ့ရင် အရမ်းကိုဝမ်းသာအားရဖြစ်သွားမှာ”
ချင်ချင်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးလိုက်သည်။
မြေခွေးလေးသည် သူတို့ညီကိုမောင်နှမခုနှစ်ဦးထဲမှာ တစ်ဦးဖြစ်သော်လည်း သူမက ဆူဇီမိုနှင့် အရင်းနီးဆုံးဖြစ်သည်ကို အခြားသူများက ပြောနိုင်ကြသည်။
သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ကျားက သိုင်းတာအိုပင်မခန္ဓာကို မျက်စိမှိတ်ပြပြီး ပြောလိုက်သည်။
“အစ်ကိုကြီး… ဒီတစ်ခေါက် ခင်ဗျားအတွေ့ချင်ဆုံးသူက ကျုပ်တို့တွေမဟုတ်လောက်ဘူး အဲဒါက အခြားတစ်ယောက်ပဲဖြစ်ရမယ်”
“ငါသူနဲ့ သေချာပေါက်တွေ့မှာပါ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြီး သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားပေ။
“ဒါပေမဲ့ ငါက မဟာအရိုင်းကမ္ဘာကို ရောက်လာပြီဆိုမှတော့ အလောတကြီးလုပ်နေစရာမလိုပါဘူး”
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဆူဇီမိုသည် တစ်နေ့မှာ သိုင်းတာအိုပင်မခန္ဓာအဖြစ် တျဲယွဲ့နှင့် တွေ့ဆုံနိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် သူစတင်ကျင့်ကြံချိန်ကတည်းက သူ၏ အကြီးမားဆုံး မှီခိုအားထားရာနှင့် ဂုဏ်ယူဝင့်ကြွားဖွယ်ရာဖြစ်သည်။
တကယ်ဆို တျဲယွဲ့သည် သိုင်းတာအိုပင်မခန္ဓာအကြောင်း ဘာမှသိရှိမထားပေ။
အရင်တုန်းက တျဲယွဲ့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးနယ်မြေကို အသုံးချကာ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်ရောက်ရှိလာခဲ့သည်။ သူမသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အောင်မြင်ပေါက်မြောက်မှုများကို တွေ့မြင်သောအခါ အတော်လေး အံ့အားသင့်နေခဲ့ပြီဖြစ်သည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကလည်း သူမ၏ အာရုံခံစိတ်ကနေ မပုန်းကွယ်နိုင်ခဲ့ပေ။
သို့သော်လည်း သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကိုတော့ အာရုံမခံမိပေ။
ဆူဇီမိုသည် ဤနေ့ကိုရောက်ရှိလာဖို့ တစ်ချိန်လုံး စောင့်မျှော်နေခဲ့သည်။
သူသည် တျဲယွဲ့ကို ရှာဖွေရန် မဟာအရိုင်းကမ္ဘာသို့ လာရောက်ချင်သည်မှာ သူမကို သတိရလွမ်းဆွတ်နေသောကြောင့်သာလျှင် မဟုတ်ပေ။
အဲဒါထက် ဆူဇီမိုသည် တျဲယွဲ့၏ ရှေ့မှာ မတ်တတ်ရပ်ပြီး သူ့ကို တစ်ချက်ကြည့်စေချင်လေသည်။
အရင်တုန်းက သူမသည် လူငယ်တစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးဖို့ များစွာကြိုးစားအားထုတ်ခဲ့ရသည်။ ယခု သူသည် ဤအဆင့်ထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
တကယ်ဆို သူသည် သူမနှင့်ပင် ရင်ဘောင်တန်း တိုက်ခိုက်နိုင်လောက်သည်။
“ကျုပ်တို့တွေ.. ထျန်ဝူနန်းတော်ကို အရင်ဆုံး ခရီးထွက်ရလိမ့်မယ်ထင်တယ်”
ချင်ချင်က ခဏမျှစဉ်းစားတွေးတောပြီးပြောလိုက်သည်။
“ထိုက်အာတောင်ကြောရိုးမှာ ထိုက်ယွီလို တိုင်းပြည်တော်တော်များများရှိတယ်.. ဒီတစ်ခေါက် သစ္စာဖောက်တာက သားရဲဘုရင်ထိုက်ယွီတစ်ယောက်တည်းမဟုတ်လောက်ဘူးလို့ ကျွန်မထင်တယ်”
“အရင်ဆုံး ထျန်ဝူနန်းတော်ကို သွားပြီး ဒီကိစ္စကို သားရဲဧကရာဇ်ထျန်ဝူကို သတင်းပေးရမယ်… အဲဒါမှ သူက ကြိုတင်ပြင်ဆင်လို့ရမှာ”
ရွှေခြင်္သေ့ကလည်း ခေါင်းညိတ်ပြလိုက်၏။
“အခု ဒီလိုမျိုး ကိစ္စတစ်ခု ဖြစ်ပွားသွားပြီဆိုမှတော့ ကျုပ်တို့က မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေကို တားဆီးပြီး သူ့ကိုအငိုက်မမိရစေဖို့ သားရဲဧကရာဇ်ထျန်ဝူကို တကယ်ပဲ သတင်းသွားပေးသင့်တယ်”
“သွားကြတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့တွေလမ်းမှာ အရှေ့ဘက်အရိုင်းနယ်မြေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ငါ့ကိုပြောပြကြပေါ့”
သိုင်းတာအိုပင်မခန္ဓာသည် မဟာအရိုင်းကမ္ဘာအကြောင်း အကြမ်းဖျင်းသာ နားလည်သိရှိထားသည်။
အရှေ့ဘက်အရိုင်းနယ်မြေ၏ ပိုင်နက်နယ်မြေများမှာ ဖြစ်ပျက်နေသည့်ကိစ္စများနှင့်ပတ်သက်၍ သူက များစွာသိရှိမထားပေ။
“သားရဲဘုရင်ထိုက်ယွီက သေသွားခဲ့ပြီ… ထွက်သွားချင်တဲ့သူတွေ ထွက်သွားလို့ရတယ်… နေခဲ့ချင်တဲ့သူတွေ နေခဲ့နိုင်တယ်”
ကျားက ခန်းမထဲရှိ သားရဲစစ်ဗိုလ်များကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒါပေမဲ့.. ငါတို့တွေ စစ်မြေပြင်မှာ နောက်ပိုင်းပြန်တွေ့မယ်ဆိုရင်တော့ ငါတို့က သနားညှာတာမှုပြနေမှာမဟုတ်ဘူး”
ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာနှင့် သူတို့သုံးယောက်သည် လှည့်ထွက်သွားပြီး ထိုက်အာတောင်ကြောရိုးမှာရှိသော ထျန်ဝူနန်းတော်သို့ ဦးတည်လိုက်ကြလေသည်။
ကျား၏ ပြောပုံအရ ထိုက်အာတောင်ကြောရိုး၏ အရှင်က ထျန်ဝူနန်းတော်မှာ အုပ်စိုးနေသော သားရဲဧကရာဇ်ထျန်ဝူဖြစ်လေသည်။ သူ၏ အစစ်အမှန်ခန္ဓာက အမြီးကိုးချောင်းနှင့် မူကွဲကျားသားရဲတစ်ကောင်ဖြစ်သည်။
အရှေ့ဘက်အရိုင်းနယ်မြေတစ်ခုလုံးမှာ စုစုပေါင်း တောင်ကြောရိုးကိုးခုရှိလေသည်။
တောင်ကြောရိုးတစ်ခုချင်းစီမှာ တောင်ပေါင်းသိန်းချီရှိပြီး တိုင်းပြည်ပေါင်းများစွာရှိလေသည်။ သူတို့၏ ပိုင်နက်နယ်မြေများသည် ကောင်းကင်ဘုံကမ္ဘာ၏ အင်မော်တယ်နယ်မြေတစ်ခုနှင့် ယှဉ်နိုင်သည်။
တုချိုးတောင်ကြောရိုးကို နဂါးဧကရာဇ်ဟွမ်ဟိုင်က အုပ်စိုးလေသည်။
ကျောက်ယောင်တောင်ကြောရိုးကို သားရဲဧကရာဇ်မဟာဖန်းက အုပ်စိုးလေသည်။
ဟဲရှုတောင်ကြောရိုးကို သားရဲဧကရာဇ်နတ်ဆင်က အုပ်စိုးလေသည်။
ချင်းချိုးတောင်ကြောရိုးကို သားရဲဧကရီအမြီးကိုးချောင်းက အုပ်စိုးလေသည်။
ရှိုဖိုတောင်ကြောရိုးကို သားရဲဧကရာဇ်ကွေ့နူက အုပ်စိုးလေသည်။
တာ့ကျဲတောင်ကြောရိုးကို သားရဲဧကရာဇ်ပိုင်ကျဲက အုပ်စိုးလေသည်။
တာယန်တောင်ကြောရိုးကို သားရဲဧကရာဇ်ကောင်းကင်ထိုးသွင်းက အုပ်စိုးလေသည်။
ပိုကူတောင်ကြောရိုးကို သားရဲဧကရာဇ်ဖေးလျန်က အုပ်စိုးလေသည်။
တန်ကျိတောင်ကြောရိုးကို သားရဲဧကရာဇ်ဆန်းကြယ်မြွေက အုပ်စိုးလေသည်။
ထိုက်အာတောင်ကြောရိုးကို သားရဲဧကရာဇ်ထျန်ဝူက အုပ်စိုးလေသည်။
တောင်ကြောရိုးကိုးခုမှာ သားရဲဧကရာဇ်ကိုးဦးရှိသေလည်။
တကယ်တော့ သားရဲဧကရာဇ်ကိုးဦး၏ ကျင့်ကြံမှုနှင့် တိုက်ခိုက်ရည်ခွန်အားတို့ကလည်း ကွဲပြားခြားနားလေသည်။
ကျား၏ ထင်မြင်ယူဆချက်အရ အသန်မာဆုံးတိုက်ခိုက်ရည်ခွန်အားရှိသည့်သုံးယောက်က နဂါးဧကရာဇ်ဟွမ်ဟိုင်၊ သားရဲဧကရာဇ်မဟာဖန်းနှင့် သားရဲဧကရာဇ်နတ်ဆင်တို့ဖြစ်ကြပေလိမ့်မည်။
သူတို့သုံးယောက်၏ အမည်များကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက အလေးအနက်စဉ်းစားတွေးတောလိုက်သည်။
မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင်ဆယ့်နှစ်ပါး၏ ဂမ္ဘီရကျင့်စဉ်မှာ စုစုပေါင်း သားရဲဘုရင်ဆယ့်နှစ်ပါးရှိလေသည်။
သူတို့ထဲမှ နဂါးဘုရင်အထီးကျန်ပင်လယ်၊ သားရဲဘုရင်မဟာဖန်းနှင့် သားရဲဘုရင်နတ်ဆင်တို့ ပါဝင်လေသည်။
ဘက်ပြန်ကြေးခွံ၊ ဖီးနစ်တောင်ပံများ၊ အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားနှင့် သူကျင့်ကြံထားသည့် အခြားသောနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များသည် သားရဲဘုရင်သုံးပါးထံမှ အရင်းခံလာခဲ့သည်။ ထိုသို့ဆိုလျှင် ဤနှစ်များအားလုံးအပြီးမှာ ထိုသားရဲဘုရင်သုံးပါးသည် သားရဲဧကရာဇ်ပညာရှင်များအဖြစ် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
သို့သော်လည်း အခြားသော သားရဲဧကရာဇ်များ၏ အမည်များက ရင်းနှီးမှုမရှိဘဲ သားရဲဘုရင်ဆယ့်နှစ်ပါး၏ အမည်များနှင့် ကိုက်ညီမှုမရှိပေ။
သားရဲဘုရင်ဆယ့်နှစ်ပါးထဲမှာ နွားရိုင်း၊ တမလွန်ကျား၊ လေကျားသစ်၊ နတ်မြင်းနှင့် စိတ်ဝိညာဉ်လိပ် စသည်တို့ကလည်း ပါရှိလေသည်။
ဤသားရဲဘုရင်များသည် ဧကရာဇ်နယ်ပယ်သို့ မတက်လှမ်းနိုင်ဘဲ တောင်ကြောရိုးတစ်ခုကို မအုပ်စိုးနိုင်တာဖြစ်နိုင်သည်။
ချင်ချင်က ပြောလိုက်သည်။
“ချင်ကျိုးတောင်ကြောရိုးက သားရဲဧကရီအမြီးကိုးချောင်းရဲ့ တိုက်ခိုက်ရည်ခွန်အားက နဂါးဧကရာဇ်အထီးကျန်ပင်လယ်နဲ့ အခြားနှစ်ယောက်ထပ် နိမ့်ကျမှာမဟုတ်လောက်ဘူးလို့ ငါခံစားမိတယ်”
ခဏမျှရပ်တန့်ပြီးနောက် သူမက ပြောလိုက်သည်။
“ဒါနဲ့ သားရဲဧကရီအမြီးကိုးချောင်းကလည်း မြေခွေးမျိုးနွယ်ကပဲ… သူက မြေခွေးလေးကို လက်ခံခေါ်ယူထားတာ”
“သားရဲဧကရီအမြီးကိုးချောင်းက တကယ်ပဲ…”
သားရဲဧကရီအကြောင်းပြောဆိုချိန်မှာ ကျားနှင့် ရွှေခြင်္သေ့၏ အကြည့်များက ရုတ်တရက်ထူးဆန်းလာခဲ့သည်။ သူတို့က စိုးရိမ်ပူပန်နေသော်လည်း တစ်ချိန်တည်းမှာပင် တွေဝေယစ်မူးနေကြသည်။
“နင်တို့တွေ ဘာကိုပြောချင်နေတာလဲ”
ချင်ချင်က ကျားကို စိုက်ကြည့်ပြီး စိမ်းသက်သောလေသံဖြင့် ပြောလိုက်သည်။
ကျားက ရင်တစ်ချက်ထိတ်သွားပြီး တည်တံ့သောအမူအရာဖြင့် အလောတကြီးပြောလိုက်သည်။
“ငါက သူနဲ့တွေ့တဲ့အခါ သားရဲဧကရီအမြီးကိုးချောင်းရဲ့မျက်လုံးတွေကို မကြည့်ဖို့ အစ်ကိုကြီးကို သတိပေးချင်ရုံပါပဲ… အဲဒီမြေခွေးမျက်လုံးတွေက တကယ်ပဲ ညှို့ငင်ဖမ်းစားနိုင်လွန်းတယ်”
ရွှေခြင်္သေ့ကလည်း အလောတကြီး ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားပေါ့ပေါ့ဆဆလုပ်မယ်ဆိုရင် ခင်ဗျားရဲ့ ဝိညာဉ်ကပါ နှုတ်ယူခံရနိုင်တယ်”
ချင်ချင်က မျက်လုံးစွေကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။
“လူတိုင်းက နင်တို့အရူးနှစ်ယောက်လို သူ့ကိုတွေ့တာနဲ့ နေရာမှာတင် ငေးမောပြီး သရေတမျှားမျှားကျနေမဲ့သူတွေမဟုတ်ဘူး… ဘယ်လောက်ရှက်ဖို့ကောင်းလဲ။”