သားရဲဧကရာဇ်များ၏ သေဆုံးမှု
Vol. 196 Ch. 2932
"သတ်"
သားရဲဧကရာဇ်ထျန်ဝူက အမိန့်မပေးရသေးခင် ဘေးပတ်လည်မှာရှိသော သားရဲဘုရင်ဆယ်ဦးကျော်က အော်ဟစ်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသုံးယောက်ရှိရာသို့ ပြေးဝင်လာကြသည်။
ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့၏ အမူအရာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။
သူတို့သည် ထိုသားရဲဘုရင်များထဲ မည်သူမဆိုထုတ်ဖော်လိုက်သည့် စွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။
ယခု သားရဲဘုရင်များစွာက ရှေ့သို့ပြေးဝင်လာပြီး သူတို့သည် နောက်ခဏ၌ အပိုင်းပိုင်းဆုတ်ဖြဲခံရတော့မည့်အလားပင်။
ဝုန်း...
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာသည်။
နီရဲနေသော ရောင်လျှံစက်ဝန်းတစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာကာ ၎င်းပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးပေါင်းများစွာ ပေါ်ထွက်လာပြီး သားရဲဘုရင်များစွာကို ချက်ချင်းပင် အုပ်မိုးသွားသည်။
"သတိထား..."
သားရဲဘုရင်ထျန်ဝူ၏ အမူအရာက ပြောင်းလဲသွားပြီး ကျယ်လောင်စွာ သတိပေးလိုက်၏။ ဤအနီရောင်ရောင်လျှံစက်ဝန်းထဲမှာ သူ့ကိုပင် ရင်တလှပ်လှပ်ခံစားရစေသည့် စွမ်းအားတစ်ခု ရှိနေသည်။
သားရဲဘုရင်များက စဥ်စားနေဖို့အချိန်မရဘဲ သူတို့၏ ကောင်းကင်လိုဏ်ဂူအကြီးများနှင့် ကောင်းကင်လိုဏ်ဂူအသေးများကို အလိုလိုမြှောက်တင်လိုက်ကြသည်။
ကောင်းကင်လိုဏ်ဂူများစွာက ပေါ်ထွက်လာပြီး ဘေးပတ်ဝန်းကျင်လေဟာနယ်က စတင်၍ပြိုကျသွား၏။
နောက်ခဏ၌ နီရဲနေသောရောင်လျှံစက်ဝန်းက ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး ဧရာမမီးတောက်နယ်မြေတစ်ခုကိုဖြစ်ပေါ်စေကာ ကြောက်စရာကောင်းသော ဓမ္မတာအိုများနှင့်အတူ ရောထွေးယှက်ဖြာနေသည်။
မီးတောက်ပိုင်နက်နယ်မြေက သားရဲဘုရင်များစွာကို လွှမ်းခြုံလာခဲ့သည်။
အနီရောင်ကြာပန်းကြမ္မာမီး၊ သိုင်းစိတ်ဝိညာဥ်မီး၊ ကပ်ဘေးမီး၊ နဂါးဖီးနစ်မီးတောက်၊ ငရဲမီးနှင့် တမလွန်တစ္ဆေမီး။
အန္တိမမီးတောက်ခြောက်ခုက မီးနဂါးခြောက်ကောင်ကဲ့သို့ဖြစ်ပြီး ဤပိုင်နက်နယ်မြေထဲမှာ လှည့်ပတ်ကာ ကခုန်၍ မတူညီသောအော်ရာများနှင့် စွမ်းအားများကို ဖြာထုတ်ပေးနေ၏။ သို့သော်လည်း သူတို့က လိုက်ဖက်ညီစွာ ပေါင်းစည်းနိုင်ကြသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤသားရဲဘုရင်များနှင့် အကဲစမ်းနေဖို့ လုံးဝစိတ်ကူးမရှိပေ။ သူက ရောက်ရှိလာသည့်ခဏမှာပင် သိုင်းတာအိုငရဲခန်းကို ထုတ်ဖော်လိုက်သည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များပင် အဆင့်မြင့်ကျွမ်းကျင်မှုရရှိထားသော သိုင်းတာအိုငရဲခန်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ယခု ပကတိသိုင်းတာအိုငရဲခန်းသည် ဤသားရဲဘုရင်တစ်အုပ်စုအတွက် ဖွတ်ဖွတ်ညက်ညက်ကြေစေသောစွမ်းအားဖြစ်သည်။
သားရဲဘုရင်အချို့သည် အသက်တစ်ရှိုက်စာမကြာခင် လောင်ကျွမ်းပြာကျသွားသည်။ ကောင်းကင်လိုဏ်ဂူအပိုင်းအစများက အလင်းတန်းများအသွင်ပြောင်းလဲပြီး သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ ဝါးမျိုခြင်းခံလာရသည်။
သားရဲဘုရင်တချို့သည် သူတို့၏ ပကတိကောင်းကင်လိုဏ်ဂူများနှင့်အတူ အသက်တစ်ရှိုက်စာ သို့မဟုတ် နှစ်ရှိုက်စာအထိ တောင့်ခံနိုင်ကြသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ထိန်းချုပ်မှုအောက်မှာ ကျား၊ ချင်ချင်နှင့် ရွှေခြင်္သေ့တို့က သိုင်တာအိုငရဲခန်းထဲမှာရှိနေသော်လည်း သူတို့က လုံးဝထိခိုက်ခံရခြင်း မရှိပေ။
ကျားနှင့်အခြားသူများက မတုံ့ပြန်နိုင်ခင် စောစောက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော သားရဲဘုရင်များသည် အလောင်းများပင်မကျန်ဘဲ ပြာကျသွားပြီကို သူတို့က နားလည်သဘောပေါက်လိုက်၏။
ကျားပင်လျှင် ကြက်သေသေနေ၏။ သူ၏ နှုတ်ခမ်းက တုန်ယင်နေပြီး တုန်ရီနေသောအသံဖြင့် ပြောလိုက်၏။
“ဒါ..ဒါက အရမ်းကို…”
ဖြစ်စဉ်တစ်ခုလုံးက အရမ်းကို လျင်မြန်စွာဖြစ်သွားခဲ့သည်။
သားရဲဘုရင်ထျန်ဝူနှင့် သားရဲဘုရင်ကျူးရှူက မတိုက်ခိုက်နိုင်ခင် သားရဲဘုရင်များစွာက သေဆုံးသွားခဲ့ပြီဖြစ်သည်။
ထိုအခိုက်အတန့်မှသာ သားရဲဧကရာဇ်နှစ်ပါးသည် သူတို့က ရက်စက်ကြမ်းတမ်းသော ပုဂ္ဂိုလ်တစ်ယောက်နှင့် ကြုံတွေ့နေရကြောင်းကို နားလည်သဘောပေါက်လိုက်သည်။
တကယ်တော့ သူတို့နှစ်ယောက်သည် မည်သို့ပင်ဆိုစေ ဧကရာဇ်နယ်ပယ်မှာရှိပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အထွတ်အထိပ်တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။
သူတို့သည် ရက်စက်ကြမ်းတမ်းသောလူတစ်ယောက်နှင့် တွေ့ကြုံရရုံနှင့် တိုက်ခိုက်ခြင်းမရှိဘဲ နောက်ဆုတ်သွားလိမ့်မည် မဟုတ်ပေ။
ဘုန်း… ဘုန်း…
သားရဲဧကရာဇ်နှစ်ပါးက ထိန်ချန်ထားခြင်းမရှိဘဲ သူတို့၏ လောကများကိုမြှောက်တင်ပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာကြသည်။
သိုင်းတာအိုငရဲခန်းနှင့် လောကနှစ်ခုက ပြင်းထန်ကြမ်းတမ်းစွာ ထိတွေ့ရိုက်ခတ်သွားသည်။
လုံးဝမတူကွဲပြားသော စွမ်းအားနှစ်ခုက အဆက်မပြတ်ရောထွေးယှက်ဖြာပြီး တစ်ခုကိုတစ်ခု ဝါးမျိုနေကြသည်။
အသက်ရှူချိန်အနည်းငယ်မျှနှင့် သားရဲဧကရာဇ်နှစ်ပါး၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့က တိတ်တဆိတ်တုန်လှုပ်လာကြသည်။
သူတို့မြှောက်တင်လိုက်သော လောကနှစ်ခု၏ အပူချိန်က သူတို့ရှေ့မှာရှိသော ငရဲခန်း၏ လောင်ကျွမ်းမှုအောက်မှာ အဆက်မပြတ်မြင့်တက်လာသည်။ သူတို့လောကများ၏ အစပ်အဖျားများကပင် လောင်ကျွမ်းနီရဲလာသည်။
ဤတိုင်းသာဆက်သွားလျှင် သားရဲဧကရာဇ်နှစ်ပါး၏ လောကများက သိုင်းတာအိုငရဲခန်းကြောင့် လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။
ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲရှိသွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ သံရှည်ဆွဲဟိန်းဟောက်သံနှင့်အတူ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး လောကကို လှုပ်ခါစေကာ တားဆီးမရနိုင်သော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်သည်။
သိုင်းတာအိုငရဲခန်း၏ စွမ်းအားကလည်း မြင့်တက်လာခဲ့သည်။ ငရဲခန်းထဲရှိ လေဟာနယ်တစ်လက်မချင်းစီတိုင်းမှာ သိုင်းတာအို၏ စိတ်စွမ်းအားပါဝင်ပြီး အနိုင်မခံအရှုံးမပေးသော စိတ်စွမ်းအားတစ်ခုနှင့်အတူ ရဲဝင့်စွာရှေ့သို့တက်လှမ်းပေမည်။
ရွှစ်…
သိုင်းတာအိုငရဲခန်း၏ အဝန်းဝိုင်းက နောက်တစ်ဖန်ပြန့်ကားသွားပြီး လောကနှစ်ခုကို အုပ်မိုးလာခဲ့သည်။
ထိုပိုင်နက်နယ်မြေထဲမှာ သိုင်းတာအိုပင်မခန္ဓာက တစ်ဦးတည်းသော နတ်ဘုရားဖြစ်သည်။
ယခုအချိန်မှာ သားရဲဧကရာဇ်နှစ်ပါးက အသက်ရှင်လျက်ထွက်ခွာချင်သည်ဆိုလျှင် သူတို့သည် သိုင်းတာအိုငရဲခန်းထဲကနေ အရင်ဆုံးဖောက်ထွက်ရပေမည်။
ဒေါသူပုန်ထနေသော မီးတောက်များက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်လာ၏။
သိုင်းတာအိုငရဲခန်း၏ လောင်ကျွမ်းမှုမှာ လောကနှစ်ခုသည် လုံးဝမခုခံနိုင်ဘဲ အနီတောက်တောက်အလင်းတစ်ခုနှင့်အတူ သလင်းလိုကြည်လင်လာသည့်အထိ လောင်ကျွမ်းခံရကာ အချိန်မရွေး လဲပြိုကျသွားနိုင်သည်။
ကျားနှင့်အခြားနှစ်ယောက်က ကြက်သေသေနေကြသည်။
သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ထိုအဆင့်နှင့် အလှမ်းကွာဝေးလွန်းသော်လည်း သားရဲဧကရာဇ်နှစ်ပါးက သိုင်းတာအိုပင်မခန္ဓာ၏ ဖိနှိမ်ခြင်းခံနေရသည်ကို သူတို့ပြောနိုင်ကြသည်။
“အစ်ကိုကြီးက ဒီလောက်အတိုင်းအတာထိ ကျင့်ကြံနိုင်ခဲ့ပြီလား”
ကျားက တိတ်တဆိတ်အံ့အားသင့်မှင်တက်နေ၏။
သိုင်းတာအိုငရဲခန်းထဲမှာ သားရဲဧကရာဇ်ထျန်ဝူသည် သူ၏ အစစ်အမှန်ပုံစံအဖြစ် အသွင်ပြောင်းလဲထားပြီဖြစ်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်လွှတ်လိုက်သည်။ သူ၏ လောကအကူအညီနှင့်အတူ သူက သိုင်းတာအိုငရဲခန်း၏ လောင်ကျွမ်းမှုကို ဆက်လက်ခုခံနေသည်။
သားရဲကျူးရှူကလည်း အတူတူပင်ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးက ချောင်ပိတ်ရိုက်ခံရသော တောကောင်များကဲ့သို့ ရုန်းကန်နေရုံမျှသာဖြစ်သည်။
သူတို့သည် သိုင်းတာအိုငရဲခန်းထဲမှာ ရှိနေသရွေ့ သူတို့နှစ်ယောက်က အသက်ရှင်လျက်ထွက်ခွာနိုင်မည် မဟုတ်ပေ။
နောက်ဆုံးမှာ သားရဲဧကရာဇ်ကျူးရှူ၏ မျက်လုံးထဲတွင် ပြတ်သားသောအကြည့်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာသည်။
သူက သူ၏ ဧကရာဇ်လက်နက်ကိုလှည့်ပြီး ရုတ်တရက် သူ၏ ဦးခေါင်းနှစ်လုံးထဲမှတစ်လုံးကို ပိုင်းဖြတ်ကာ သွေးများကို ပန်းထွက်လာစေသည်။
ထိုသွေးကိုအသုံးချပြီး သားရဲဧကရာဇ်ကျူးရှူက လေထဲမှာ ဓမ္မပညာရပ်များကို အဆက်မပြတ်ထုတ်ဖော်ပြီး သူ၏ ဦးခေါင်းထဲသို့ ဝင်ရောက်လာစေသည်။ တစ်ချိန်တည်းမှာပင် သူက အော်ပြောလိုက်၏။
“ပေါက်ကွဲလိုက်စမ်း”
ဝုန်း…
ကမ္ဘာတုန်လောက်သောပေါက်ကွဲသံက ထွက်ပေါ်လာသည်။
သားရဲဧကရာဇ်ကျူးရှူ၏ ဦးခေါင်းထဲမှတစ်လုံးသည် မနှိုင်းယှဉ်နိုင်သော လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းပကားတစ်ခုနှင့်အတူ ပေါက်ကွဲထွက်သွားသည်။
သိုင်းတာအိုငရဲခန်းကပင် အဲဒါကို ခံနိုင်ရည်မရှိဘဲ ပျက်ပြယ်သွားလေသည်။
တကယ်တော့ ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသော ရိုက်ခတ်မှုအောက်မှာ ဧကရာဇ်နှစ်ပါး၏ လောကများကလည်း ပြိုကျသွားလေသည်။
ထိုသို့ဆိုလျှင်တောင် ဧကရာဇ်နှစ်ပါးသည် ကျေနပ်သဘောကျသွားပြီး စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
သူတို့သည် ဤမီးတောက်ငရဲခန်းထဲကနေ ရုန်းထွက်နိုင်သည်နှင့်အမျှ သူတို့နှစ်ယောက်သည် သူတို့၏ အလွန်တရာသန်မာသော ကိုယ်ကာယနှင့် သွေးချီအပေါ် မှီခိုကာ ခရမ်းရောင်ဝတ်အမျိုးသားကို အနိုင်ရဖို့အခွင့်အရေးရှိလာပေလိမ့်မည်။
ဧကရာဇ်နှစ်ပါးသည် သိုင်းတာအိုငရဲခန်းထဲကနေ ရုန်းထွက်လာပြီးနောက် သူတို့က သူတို့၏ ဧကရာဇ်လက်နက်များကို ဆင့်ခေါ်လိုက်သည်။
သူတို့က နောက်ဆုတ်ရမည့်အစား သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာကြသည်။
“မင်းတို့က အသက်ရှင်ရတာ တကယ်ငြီးငွေ့နေတာပဲ”
သိုင်းတာအိုပင်မခန္ဓာက အေးစက်စွာပြောပြီး ရှေ့သို့တက်လှမ်းလာခဲ့သည်။ သူက ငရဲဖိနှိမ်းမီးဖိုကိုပင် ဆင့်ခေါ်မနေဘဲ သူတို့နှစ်ယောက်ရှိရာဘက်သို့ လက်ဗလာဖြင့် ပစ်ထိုးလိုက်လေသည်။
ထိုထိုးချက်နှစ်ချက်ကို ထုတ်ဖော်လိုက်သောအခါ သားရဲဧကရာဇ်နှစ်ပါးက ချက်ချင်းပင် မွန်းကျပ်ဖွယ်ရာခံစားလာရသည်။
လောကမှာ ဤကဲ့သို့ကြမ်းကြုတ်ခက်ထန်သော လက်သီးနည်းစနစ်တစ်ခုရှိနေတာလား။
ထိုထိုးချက်သည် မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်ခက်ထန်ပြီး ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်ကာ သူတို့၏ ထွက်လမ်းများအားလုံးကို ပိတ်ဆို့လိုက်လေသည်။
လက်သီးထိုးချက်ကို ထုတ်ဖော်ရာလမ်းကြောင်းတစ်လျှောက် လေဟာနယ်က ပြိုကျသွားပြီး သားရဲဧကရာဇ်နှစ်ပါးသည် သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ဘဲ လက်သီးရှိရာသို့ ပစ်ဝင်လာမိသည်။
ထိုထိုးချက်နှစ်ချက်နှင့် ရင်ဆိုင်ရချိန်မှာ သားရဲဧကရာဇ်နှစ်ပါးသည် နောက်ဆုတ်ဖို့ပင် အခွင့်အရေးမရတော့ပေ။ သူတို့က ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရုံသာရှိတော့သည်။
ဘုန်း.. ဘုန်း…
သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ခပ်ထိုင်းထိုင်းအသံတစ်သံနှင့်အတူ ဧကရာဇ်လက်နက်နှစ်ခုနှင့် ထိတွေ့ရိုက်ခတ်သွားသည်။
ဧကရာဇ်လက်နက်နှစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးချက်ဖြင့် ချက်ချင်းပင် လွင့်စင်ထွက်သွား၏။
တုန်လှုပ်စရာကောင်းသော နတ်ဘုရားစွမ်းအားနှစ်ခုက သားရဲဧကရာဇ်နှစ်ပါး၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို တိုက်ခတ်ကာ သူတို့အသက်ဓာတ်အားကို ဖျက်ဆီးပစ်နေသည်။
ဖောက်… ဖောက်…
သားရဲဧကရာဇ်နှစ်ပါးသည် သိုင်းတာအိုပင်မခန္ဓာထံမှ လက်သီးထိုးချက်နှစ်ချက်ဖြင့် ပေါက်ကွဲထွက်သွားပြီး သွေးမြူလုံးနှစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
ဤသည်က ပကတိသိုင်းပိုင်နက်နယ်မြေသို့ တက်လှမ်းလာပြီးနောက် သူပိုင်ဆိုင်လာသည့် စွမ်းအားဖြစ်လေသည်။
သားရဲဧကရာဇ်နှစ်ပါး၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးမခံရခင် သူတို့က သူတို့၏ ခန္ဓာကိုယ်များကို နောက်တစ်ဖန်စုဖွဲ့ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးလိုက်၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ပို၍ပင်မြန်ဆန်လေသည်။
သူတို့နှစ်ယောက်လှည့်ထွက်လိုက်သည့်ခဏမှာပင် သူတို့၏ အမြင်အာရုံက မှောင်မည်းသွားသည်ဟု ခံစားလိုက်ရပြီးနောက် သူတို့က ခန်းမထဲကနေ မလွတ်မြောက်နိုင်ကြပေ။
ဧရာမမီးဖိုတစ်လုံးက သူတို့နှစ်ယောက်၏ ဘေးပတ်လည်မှ ပေါ်ထွက်လာပြီး သူတို့ကို လွှမ်းခြုံလာခဲ့သည်။
သူတို့သည် မီးဖို၏ အပြင်ဘက်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ သူတို့ကို ငုံ့ကြည့်နေသော နက်ရှိုင်း၍ အေးစက်နေသည့် မျက်လုံးတစ်စုံကို တွေ့မြင်လိုက်ရသည်။
“သူက ဒီလောကမှာ ဘယ်သူလဲ”
ထိုသည်က သားရဲဧကရာဇ်နှစ်ပါး၏ နောက်ဆုံးအတွေးဖြစ်လေသည်။