အကောင်းဆုံး လက်ဆောင်
Vol. 196 Ch. 2933
အရှေ့ဘက် အရိုင်းနယ်မြေမှာ…
လိပ်ပြာတောင်ကြားတွင်…
သိုင်းတာအိုပင်မခန္ဓာသည် သားရဲဧကရာဇ်နှစ်ပါးကို ကိုင်တွယ်ပြီးနောက် သူက ထိုက်အာတောင်ကြောရိုးမှာ ဆက်မနေဘဲ ကျားနှင့် အခြားနှစ်ယောက်နှင့်အတူ လိပ်ပြာတောင်ကြားသို့ တန်း၍လာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာ၏ လှုပ်ရှားမှုနည်းစနစ် အလျင်အဟုန်အရ သူတို့က သိပ်မကြာခင် ရောက်ရှိလာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက ဝင်ရောက်ဖို့ကို အလောတကြီး ရှိမနေပေ။
သူက ဤနေရာကို အနည်းငယ် အာရုံခံကြည့်လိုက်၏။
လိပ်ပြာတောင်ကြားထဲမှာ တောင်ကြားငယ်များစွာ ရှိလေသည်။
တောင်ကြားငယ်များထဲမှ တစ်ခုထဲမှာ အလွန်တရာ စွမ်းအားကြီးမားသော အော်ရာတစ်ခုက တကယ်ပင် မသိမသာ ထွက်ပေါ်နေ၏။
သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ မာန်နတ်မျက်နှာဖုံးကို ဖယ်ရှားလိုက်၏။ သူက ကျားနှင့် အခြားနှစ်ယောက်နှင့်အတူ လေဟာနယ်ကို ဆုတ်ဖြဲပြီး တောင်ကြားငယ်၏ အပြင်ဘက်သို့ တိတ်တဆိတ် ဆင်းသက်လိုက်၏။
စွမ်းအားကြီးမားသော အော်ရာက အထဲမှာ ရှိလေသည်။
အဲဒါက တျဲယွဲ့များ ဖြစ်နေမလား…
သူမ၏ ဂေဟာက မည်ကဲ့သို့သော ပုံစံရှိမလဲ။
အဲဒါက ဧကရာဇ်နန်းတော်တစ်ခုလား သို့မဟုတ် လိုဏ်ဂူခန်းဝါတစ်ခုလား။
ဆူဇီမို၏ စိတ်ထဲမှာ အတွေးများစွာက တဖျပ်ဖျပ်ပေါ်ထွက်လာပြီးနောက် ထိုအခိုက်အတန့်မှာ သူ၏ စိတ်ကို မတည်ငြိမ်စေနိုင်ပေ။
အတန်ကြာအောင် ရပ်တန့်နေပြီးမှ ဆူဇီမိုက တောင်ကြားထဲသို့ လျှောက်လှမ်းဝင်ရောက်လိုက်၏။
တောင်ကြားထဲသို့ ဝင်ရောက်လာပြီးနောက် သူ၏ မြင်ကွင်းက ရှင်းလင်းသွားသည်။
အနီးနားမှာ ရောင်စုံပန်းပင်များစွာ ရှိနေ၏။
တောင်ကြားထဲမှာ မည်သည့်အဆောက်အအုံမှ မရှိပေ။ သို့သော်လည်း ပန်းပင်များ၏ အလယ်မှာ ကြီးမားသော အစိမ်းရောင်ကျောက်တုံးတစ်တုံး ရှိနေပြီး ၎င်းအပေါ်မှာ အမျိုးသမီးတစ်ဦး ထိုင်နေသည်။
အမျိုးသမီးသည် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ထားသည်။ သူမ၏ အနက်ရောင်ဆံပင်များကို ရေတံခွန်ကဲ့သို့ ဖြန့်ချထားပြီး သူမ၏ မေးကို သူမ၏ ပိုက်ထားသော လက်ပေါ်မှာ တင်ထားလေသည်။
သူမသည် အနည်းငယ် စိတ်လက်ပေါ့ပါး၍ အေးဆေးတည်ငြိမ်နေသည့်ပုံ ရှိသည်။ သူမ၏ အသွင်သဏ္ဌာန်က သွေးနီရောင် လိပ်ပြာတစ်ကောင်ကဲ့သို့ဖြစ်ပြီး သူမက အစိမ်းရောင် ကျောက်တုံးပေါ်မှာ တိတ်တဆိတ် ထိုင်နေသည်။
သူက ဘေးတိုက်သာ မြင်ရသော်လည်း ဆူဇီမိုသည် တျဲယွဲ့ကို ချက်ချင်း မှတ်မိလေသည်။
ထိုအမျိုးသမီးသည် နှစ်ပေါင်းများစွာကြာအောင် သူ့နှလုံးသားကို စိုးမိုးထားသူဖြစ်သည်။
ဆူဇီမိုသည် သူတို့နှစ်ယောက် ပြန်လည်ဆုံစည်းမည့် အခြေအနေကို အကြိမ်ပေါင်းများစွာ တွေးတောခဲ့ဖူးသည်။
တျဲယွဲ့သည် ကြီးမားသော အန္တရာယ်တချို့နှင့် ကြုံတွေ့နေရချိန် ဖြစ်ကောင်းဖြစ်ပေမည်။ သူက ခုနစ်ရောင်ခြယ် တိမ်စိုင်ကို နတ်ဘုရားတစ်ပါးလို စီးနင်းကာ သူမ၏ ဘေးသို့ ဆင်းသက်ပြီး သူမနှင့် ဘေးချင်းယှဉ် တိုက်ခိုက်ပေလိမ့်မည်။
စွမ်းအားကြီးမားသော ရန်သူတစ်ဦးက သူနှင့် တာအိုလက်တွဲဖော်များ ဖြစ်လာဖို့ တျဲယွဲ့ကို ဖိအားပေးနေချိန် ဖြစ်ကောင်းဖြစ်ပေမည်။
တျဲယွဲ့ကဲ့သို့ ပါရမီအရည်အချင်းရှိ၍ ထက်မြက်သော အမျိုးသမီးတစ်ဦးတွင် အထက်ဘုံလောကမှာ မရေမတွက်နိုင်သော ပိုးပန်းသူများ သေချာပေါက် ရှိနေပေလိမ့်မည်။
တကယ်ဆို သူသည် လက်ထပ်မင်္ဂလာပွဲမှာ ဝင်ရောက်သောင်းကျန်းရမည်ဆိုလျှင်တောင် ဆူဇီမိုက တျဲယွဲ့ကို လုယူဖို့ ပြင်ထားခဲ့ပြီဖြစ်သည်။
သူသည် အန္တရာယ်တချို့နှင့် ကြုံတွေ့နေရပြီး တျဲယွဲ့က အဲဒါကို အာရုံခံမိကာ သူ့ကို ကယ်တင်ဖို့ ရောက်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့မဟုတ်… စသည်ဖြင့်…။
ဆူဇီမိုသည် မြင်ကွင်းပေါင်းများစွာကို တွေးမိခဲ့ဖူးသည်။ သို့သော်လည်း သူတို့နှစ်ယောက်သည် ဤကဲ့သို့ တိတ်ဆိတ်အေးချမ်းသော တောင်ကြားတစ်ခုထဲမှာ ဆုံစည်းရလိမ့်မည်ဟုတော့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပေ။
ကျေးငှက်များက ကျီကျီကျာကျာ အော်မြည်နေပြီး ပန်းများ၏ မွှေးရနံ့က ပျံ့လွင့်နေ၏။ လိပ်ပြာများက တောင်ပံများကို တဖျပ်ဖျပ်ခတ်နေပြီး စမ်းချောင်းများက တသွင်သွင် စီးဆင်းနေသည်။
ဤနေရာမှာ လက်နက်များ သို့မဟုတ် သွေးထွက်သံယိုမှုများ မရှိပေ။
ဤအခိုက်အတန့်သည် အိပ်မက်တစ်ခုထဲမှ သာယာကြည်နူးဖွယ်ကောင်းသော မြင်ကွင်းတစ်ခုနှင့် တူသည်။
သို့သော်လည်း ယခုက အစစ်အမှန်ဖြစ်ပြီး အရမ်းကို သာယာလှပနေ၏။
ဤသည်ကား သူတို့နှစ်ယောက်ကြား အကောင်းဆုံး တွေ့ဆုံမှု ဖြစ်ပေမည်။
အစိမ်းရောင်ကျောက်တုံးပေါ်မှ အမျိုးသမီးက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရသည်။
အတိအကျဆိုရလျှင် တျဲယွဲ့၏ ကျင့်ကြံမှုအရ သူမသည် ဤနေရာသို့ တစ်ယောက်ယောက် ရောက်ရှိလာသည်ကို အာရုံခံမိခဲ့ပြီးသား ဖြစ်သည်။ သူမက စိတ်အာရုံမစိုက်လိုခြင်းမျှသာ ဖြစ်သည်။
သူမသည် ဆူဇီမို၏ အကြည့်ကို အာရုံခံမိသွားသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ အမျိုးသမီးသည် သူမ၏ ခေါင်းကို ဖြည်းဖြည်းချင်းမော့ပြီး လှည့်ကြည့်လာခဲ့သည်။
သူတို့၏ အကြည့်များက ဆုံမိသွား၏။
သူတို့နှစ်ယောက်သည် သူတို့၏ အကြည့်များကို ဆက်လက်၍ မလွှဲပြောင်းနိုင်တော့ပေ။
တျဲယွဲ့၏ မျက်နှာပေါ်မှာ သံသယတစ်စွန်းတစ်စ ပေါ်ထွက်လာပြီးနောက် အံ့အားသင့်မှုက အစားထိုးဝင်ရောက်လာသည်။ သို့သော်လည်း သူမ၏ လှပသော မျက်လုံးများပေါ်မှာ မယုံကြည်နိုင်မှုက ထင်ဟပ်နေသည်။
ဤကဲ့သို့သော စိတ်ခံစားချက် အတက်အကျများသည် တျဲယွဲ့အတွက်တော့ အလွန်တရာ ရှားရှားပါးပါး ဖြစ်သည်။
“ဒုတိယသခင်လေး ဆူလား…”
အတန်ကြာပြီးနောက် တျဲယွဲ့သည် မသေချာသေးသည့်အလား ညင်သာစွာ မေးလိုက်သည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ပင်ယန်းမြို့မှ လူအများစုသည် ဆူဇီမိုကို ဤကဲ့သို့ ခေါ်ဆိုကြလေသည်။
တျဲယွဲ့သည် ပင်ယန်းမြို့မှာ သုံးနှစ်ကြာ နေခဲ့ပြီး ထိုအကြောင်းကို သိရှိထားသည်။
ဆူဇီမိုကို တစ်ယောက်ယောက်က ဤကဲ့သို့ မခေါ်ဆိုတော့သည်မှာ အရမ်းကို ကြာသွားခဲ့ပြီဖြစ်သည်။ သူက ပြုံး၍ ပြောလိုက်၏။
“မိန်းမပျိုတျဲ… ကျုပ် ခင်ဗျားကို ရှာတွေ့ပြီ”
သူတို့နှစ်ယောက်သည် ပင်ယန်းမြို့မှာတုန်းကလို တစ်ယောက်ကိုတစ်ယောက် ခေါ်ဆိုလိုက်ကြသည်။
ထိုစကားကို ကြားသောအခါ တျဲယွဲ့ကလည်း ပြုံးလိုက်၏။
“ကျုပ် ခင်ဗျားကို လာရှာမယ်”
“ဒါပေါ့… ငါ နင့်ကို စောင့်နေမယ်”
သူမသည် ထိုမြို့ငယ်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ထွက်ခွာလာတုန်းက ငယ်ရွယ်သော အမျိုးသားသည် သူမ၏ နောက်ကနေ လှမ်းအော်ပြောခဲ့သည်။
ထိုအချိန်တုန်းက သူမက သာမန်ကာလျှံကာ ပြန်ဖြေခဲ့ရုံသာ ဖြစ်သည်။
ယခု ထိုလူငယ်အမျိုးသားက ယနေ့မှာ ဤနေရာကို ရောက်ရှိလာခဲ့လေပြီ။
ထိုအခိုက်အတန့်မှာ တျဲယွဲ့၏ နှလုံးသားသည် တစ်စုံတစ်ရာဖြင့် လှုပ်နှိုးခံလိုက်ရသည့်ပုံပင်။
ထိုခံစားချက်က ဖော်မပြတတ်အောင်ပင်။
သူမသည် ဤကဲ့သို့သော ခံစားချက်ကို ဘယ်တုန်းကမှ မရရှိခဲ့ဖူးပေ။
ထိုလူငယ်အမျိုးသားသည် ယနေ့မတိုင်ခင်ကြားမှာ မည်မျှများပြားသော ဆင်းရဲဒုက္ခများနှင့် အန္တရာယ်များကို ကြုံတွေ့ခဲ့ရသလဲ သူမ စဉ်းစားမကြည့်နိုင်ပေ။
စိတ်ဝိညာဉ်ရင်းမြစ်ပင် မရှိခဲ့သော သာမန်လူသားတစ်ယောက်သည် ဤနေရာသို့ တစ်လှမ်းပြီးတစ်လှမ်း မည်ကဲ့သို့ လျှောက်လှမ်းလာသလဲ သူမ စဉ်းစားမကြည့်နိုင်ပေ။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ဤတောင်ကြားထဲမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်စရာ သူတို့နှစ်ယောက်သာ ရှိသည့်ပုံပင်။
တျဲယွဲ့က ပြုံးနေဆဲဖြစ်သည်။
သို့သော်လည်း ဆူဇီမိုသည် သူမ၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းလျမှု အငွေ့အသက်တစ်ခုကို တွေ့မြင်နေသည်။
အရှေ့ဘက် အရိုင်းနယ်မြေ ရင်ဆိုင်နေရသော အခြေအနေက သူမကို သိသာထင်ရှားသော ဖိအားတစ်ခုအောက် တွန်းပို့ထားသည့်ပုံ ရှိသည်။
သူတို့နှစ်ယောက်သည် မည်သည့်စကားမှ မဆိုဘဲ မျက်နှာချင်းဆိုင်ပြီး ပြုံး၍ကြည့်နေကြသည်။
သူတို့၏ ရင်ထဲမှာ ဖော်မပြတတ်သော ဝမ်းသာပျော်ရွှင်မှုတစ်ခု ရှိနေသည်။
ဆူဇီမိုက သူကျေနပ်သဘောကျနေသည့်အကြောင်းကို သိရှိထားသည်။
သို့သော်လည်း တျဲယွဲ့က အဲဒါကို ရှင်းမပြတတ်ပေ။
ဆူဇီမိုကို တွေ့မြင်သည့်အချိန်မှာပင် သူမ၏ နှလုံးကြိုးမျှင်များက အနည်းငယ် ဆွဲယူခံလိုက်ရသည့်ပုံ ရှိပြီး ဖော်မပြတတ်သော ခံစားချက်တစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။
မသိလိုက်မသိဘာသာ အချိန်တစ်ခု ကြာသွားပြီးနောက် တျဲယွဲ့က ခပ်ယဲ့ယဲ့ပြုံးကာ တစ်ဖန်စကားပြော၍ မေးလိုက်၏။
“ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ငါ ထွက်မလာခင်တုန်းက ငါက နင့်အတွက် လက်ဆောင်သုံးခု ချန်ပေးထားခဲ့တယ်… ဒါတောင် နင်က ငါ့ဆီကို လက်ဗလာနဲ့ ရောက်လာတာလား”
“အမ်း… အဲဒါက…”
ဆူဇီမိုက တိတ်တဆိတ် ဆွံ့အသွားပြီး နေရာမှာတင် အကျပ်ရိုက်နေ၏။
သူ၏ စိတ်က တျဲယွဲ့ကို မည်ကဲ့သို့ အမီလိုက်ရမလဲ အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် သူမနှင့် ပြန်လည်ဆုံစည်းသည့်အချိန်မှာ လက်ဆောင်တစ်ခု ယူလာဖို့ကို တကယ်ပင် မစဉ်းစားမိခဲ့ပေ။
ရုတ်တရက်ဆိုသလို…
ဆူဇီမို၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။ သူက သိုလှောင်အိတ်ထဲကနေ ခပ်ဝိုင်းဝိုင်း အရာနှစ်ခုကို ထုတ်ယူပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
“ဟုတ်တာပေါ့… ကျုပ်မှာ လက်ဆောင် ပါလာသားပဲ”
ကျားနှင့် အခြားနှစ်ယောက်က ဆူဇီမို ထုတ်ယူလိုက်သည့် လက်ဆောင်ကို တွေ့မြင်သောအခါ သူတို့၏ အမြင်အာရုံက မှောင်မည်းသွားပြီး သူတို့က နေရာမှာတင် သတိလစ်လုမတတ် ဖြစ်သွားရသည်။
ခပ်ဝိုင်းဝိုင်းအရာနှစ်ခုသည် ယခင် ဆူဇီမိုသတ်ဖြတ်ခဲ့သော သားရဲဧကရာဇ် ထျန်ဝူနှင့် သားရဲဧကရာဇ် ကျူးရှူ၏ ဦးခေါင်းများ ဖြစ်လေသည်။
ဦးခေါင်းနှစ်လုံးသည် လောင်ကျွမ်းခံထားရပြီး ပုံပျက်ပန်းပျက် ဖြစ်နေသည်။ အဲဒီမှာ ညှီစို့စို့အနံ့တစ်ခုပင် ထွက်နေလေသည်။
“အစ်ကိုကြီးရဲ့ လက်ဆောင်က တကယ့်ကို ရက်စက်ကြမ်းကြုတ်တာပဲ”
ရွှေခြင်္သေ့က သူ၏ ရင်ဘတ်ကို ဖိထားပြီး တစ္ဆေသရဲတစ်ကောင်ကို မြင်နေရသည့်အလား ဆူဇီမိုကို ကြည့်နေ၏။
ချင်ချင်က သူမ၏ နဖူးကို လက်ဖြင့်ဖိပြီး ဆက်လက်၍ မကြည့်နိုင်တော့ပေ။
“ငါ့လူရယ်… ဒီနေရာမှာ အတွေ့အကြုံ မရှိဘူးဆိုရင်လည်း ငါနဲ့ တိုင်ပင်မှပေါ့… ဘယ်သူက လက်ဆောင်အဖြစ် ခေါင်းပြတ်တွေကို ထုတ်ပေးမှာလဲ”
ကျားသည် သူ့အစ်ကိုကြီးထံမှ အများကြီး မျှော်လင့်ထားပုံရပြီး ဒေါသဖြင့် တုန်ယင်နေ၏။
“ဒါက သားရဲဧကရီ သွေးလိပ်ပြာ ဖြစ်နေတာ တော်သေးတယ်… တခြားတစ်ယောက်သာဆိုရင် သူတို့က နေရာမှာတင် ကြောက်ပြီး သတိလစ်သွားလောက်တယ်”
တျဲယွဲ့က သတိလစ်သွားလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူမသည် ထူးခြားသော လက်ဆောင်နှစ်ခုကို တွေ့မြင်သောအခါ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ အတန်ကြာအောင် ငေးမောမှင်တက်နေဆဲ ဖြစ်သည်။
ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ တကယ်ပင် များစွာမစဉ်းစားမိခဲ့ပေ။
သူ့စိတ်ထဲမှာ သူသည် တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းကာ ကြိတ်ကြံနေသော သားရဲဧကရာဇ်နှစ်ပါးနှင့် ကြုံတွေ့ခဲ့သည်ကိုသာ သိရှိထားလေသည်။ သူတို့ကို သတ်ဖြတ်ခြင်းဖြင့် တျဲယွဲ့ကို ကူညီပေးရာ ရောက်လေသည်။ ထို့ကြောင့်ပင် သူက လက်ဆောင်အဖြစ် ဦးခေါင်းနှစ်လုံးကို ထုတ်ယူဖို့ ရုတ်တရက် တွေးမိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူနောက်ဘက်မှ ကျားနှင့် အခြားသူများ၏ ဝေဖန်ပြစ်တင်သံများကို ကြားရသောအခါ သူက စိတ်ကို တဖြည်းဖြည်း တည်ငြိမ်စေပြီး ထိုဦးခေါင်းနှစ်လုံးကို ထုတ်ယူလိုက်ခြင်းက သင့်လျော်ပုံမရသည်ကို နားလည်သဘောပေါက်သွားသည်။
ထိုစဉ်မှာပင် တျဲယွဲ့က ညင်သာစွာ ပြောလိုက်၏။
“ငါ စောစောက နင့်ကို စနောက်နေရုံပဲ… နင်က လက်ဆောင် ဘယ်လိုပေးရမှန်း မသိဘူးဆိုရင်လည်း ဘာမှ မပေးတာကမှ ကောင်းဦးမယ်”
ဆူဇီမိုက ထိုစကားကို ကြားသောအခါ ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။
သို့သော်လည်း တျဲယွဲ့က ခဏမျှ ရပ်တန့်ပြီးနောက် သူမ၏ လေသံက နူးညံ့ပျော့ပျောင်းသွား၏။
“ဒီနေရာကို နင်ရောက်လာတာကတင် အဲဒါက ငါ့အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်နေပါပြီ”