မဟာဧကရာဇ်တစ်ပါး
Vol. 196 Ch. 2934
တျဲယွဲ့က မည်သူပါလဲ။
သူမသည် မဟာအရိုင်းကမ္ဘာနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာပင် အသန်မာဆုံး ဧကရာဇ်ပညာရှင်များထဲမှတစ်ပါးဖြစ်သည်။ တကယ်ဆို သူမသည် မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ အနီးစပ်ဆုံး ဧကရာဇ်ပညာရှင်ဖြစ်သည်ဟုပင် လင်းကျန့်က ပြောခဲ့လေသည်။
မဟာဧကရီကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်နှင့် မဟာဧကရီတမလွန်ကိုးဘုံတို့အလွန်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် ဤကဲ့သို့သော ထူးခြားအံ့မခန်းအမျိုးသမီးတစ်ဦး မွေးဖွားပေါ်ထွက်မလာတော့သည်မှာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။
လိပ်ပြာမျိုးနွယ်သည် မွေးရာပါ အားနည်းပြီး လူသားမျိုးနွယ်ထက်ပင် နိမ့်ကျလေသည်။
သို့သော်လည်း တျဲယွဲ့၏ ပေါ်ထွက်လာမှုကြောင့် မျိုးနွယ်စုတစ်သောင်းမှာ လိပ်ပြာမျိုးနွယ်၏ အဆင့်အတန်းကို တစ်ဦးတည်း ပြောင်းလဲပစ်နိုင်ခဲ့သည်။
သူမသည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းခဲ့စဉ်က သူမသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ အနည်းဆုံးဖြစ်သော ငါးခုကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော်လည်း သူမသည် ဒီရေလှိုင်များကိုဆန်တက်ပြီး သူမ၏ ကံကြမ္မာကို ချိုးဖျက်ကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အသန်မာဆုံးဧကရာဇ်ပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
သူမ၏ ဘဝက ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သည်။
ယခု လောက၏ အထွတ်အထိပ်မှာရပ်တည်နေသော ဤဒဏ္ဍာရီလာအမျိုးသမီးသည် ဆူဇီမိုကို ကြွေလောက်စရာစကားများပြောဆိုနေသည်ဆိုတော့.....။
ကျားနှင့်အခြားနှစ်ယောက်ကိုမပြောနှင့် တျဲယွဲ့နောက်သို့ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့သော ပညာရှင်များပင်လျှင် သူမ၏ ဤကဲ့သို့သောပုံစံကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
“သွားကြရအောင် သူတို့ကို မနှောက်ယှက်နဲ့တော့”
ချင်ချင်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“သူတို့နှစ်ယောက်က မတွေ့ရတာနှစ်ပေါင်းများစွာကြာနေပြီ... သူတို့မှာ ပြောစရာအကြောင်းအရာတွေ အများကြီးရှိနေမှာပဲ”
ကျားက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး တခွီးခွီးရယ်မောလိုက်သည်။
“စကားပြောတာကအဓိကမဟုတ်ဘူး... နှစ်ဦးနှစ်ဖက်ကြားအထမြောက်ဖို့က အရေးကြီးဆုံးပဲ ဟီးဟီး”
“လူတိုင်းက နင့်လိုမျိုး တစ်ချိန်လုံးလိုလိုအရှက်မဲ့တဲ့ အရာတွေကိုပဲ တွေးနေတယ်ထင်လို့လား”
ချင်ချင်က ကျားကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး သူ့ကိုနားရွက်ကနေဆွဲကာ တောင်ကြားထဲကနေ ဆွဲခေါ်ထုတ်သွားသည်။
“လာ... ထိုင်လေ”
တျဲယွဲ့က အစိမ်းရောင်ကျောက်တုံးပေါ်မှာထိုင်နေပြီး သူမ၏ ဘေး လစ်လပ်နေသောနေရာကို ပုတ်ပြကာ ပြုံး၍ပြောလိုက်သည်။
ကျားနှင့်အခြားနှစ်ယောက် ထွက်ခွာသွားပြီးနောက် တောင်ကြားထဲမှာ သူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
အစိမ်းရောင်ကျောက်တုံးပေါ်မှ တျဲယွဲ့ကိုကြည့်ရင်း ဆူဇီမိုသည် ပင်ယန်းမြို့မှာတုန်းက တျဲယွဲ့သည် သူ့အား တာအိုကိုသင်ကြားပေးခဲ့သည့်အချိန်များသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။
ထိုအချိန်တုန်းကလည်း တျဲယွဲ့သည် အစိမ်းရောင်ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေခဲ့သည်။
သို့သော်လည်း သူသည် တျဲယွဲ့၏ ဘေးနားမှာထိုင်ဖို့ ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ပေ။
ထိုအချိန်တုန်းက တျဲယွဲ့သည် သူ့အပေါ်မှာ ဟက်ဟက်ပက်ပက်မရှိဘဲ ပြုံးပြတတ်ခဲသည်။ သူမက ပြင်းထန်ကြမ်းတမ်းသောပုံစံဖြင့် သူ့ကို မကြာခဏ ကျင့်ကြံခိုင်းတတ်၏။
သူမက အနားမှာ လာထိုင်ဖို့ပြောမည်ဆိုလျှင်တောင် သူက သွားရဲလိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ဦးကြားကွာဟချက်က အရမ်းကို ကြီးမားခဲ့သောကြောင့်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်မှာ ဆူဇီမိုသည် အစိမ်းရောင်ကျောက်တုံးပေါ်သို့ ဖျတ်ခနဲရောက်ရှိလာပြီး တျဲယွဲ့၏ ဘေးမှာ ထိုင်လိုက်သည်။
တျဲယွဲ့၏ မျက်လုံးထဲမှာ ထူးဆန်းသောအလင်းတစ်ချက် ဖျတ်ခနဲပေါ်ထွက်လာ၏။
“နင်.... အရင်ကနဲ့ တကယ်မတူတော့ဘူးပဲ”
တျဲယွဲ့က ဆူဇီမိုကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် ပြောလိုက်သည်။
“နင်ငါ့ကိုမကြောက်တော့တဲ့ပုံပဲ”
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် တျဲယွဲ့အနားမှာ ဤမျှအထိ နီးကပ်စွာထိုင်ဖို့မပြောနှင့် သူမအနားသို့ ချဉ်းကပ်ရဲသောသူပင် များစွာမရှိပေ။
ဆူဇီမိုက ဘေးချင်းကပ်နေသောတျဲယွဲ့ကိုကြည့်ကာ သူ၏ ရင်ထဲတွင် ရဲတင်းသောအတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူ၏ နှလုံးက အထိန်းအကွပ်မဲ့စွာဖြင့် တဒိတ်ဒိတိခုန်လာခဲ့သည်။
“ဟမ်...”
ဆူဇီမို၏ မူမမှန်မှုကိုအာရုံခံရင်း တျဲယွဲ့၏ အမူအရာက ပြောင်းလဲသွားကာ မေးလိုက်၏။
“နင်ဘာတွေစဥ်းစားနေတာလဲ”
ဆူဇီမိုက အသက်ပြင်းပြင်းရှိုက်ပြီး သူ၏ သတ္တိကို စုစည်းလိုက်၏။
ရုတ်တရက် သူက တျဲယွဲ့၏ သေးသွယ်သောလက်ကို ဖမ်းဆွဲလိုက်လေသည်။
တျဲယွဲ့က မျက်လုံးအနည်းငယ်ပင့်လိုက်သော်လည်း ရှောင်တိမ်းခြင်း မရှိပေ။
ဤကဲ့သို့ပင် ဆူဇီမိုက သူမ၏ ဖြူဖွေးနုနယ်သောလက်ကို ဆုပ်ကိုင်ထားသည်။
ထိုလက်က သေးသွယ်နူးညံ့ပြီး နွေးထွေးမှုနှင့်အတူ ချောမွတ်နေ၏။
ဆူဇီမိုသည် တျဲယွဲ့ထွက်ခွာသွားမည်ကို စိုးရိမ်သည့်အလား တင်းကျပ်စွာဖမ်းဆုပ်ထားလေသည်။
တျဲယွဲ့သည် ရုန်းထွက်ခြင်းမရှိဘဲ ဆူဇီမိုကိုသာပြုံး၍ကြည့်နေ၏။
“ဒုတိယသခင်လေးဆူရဲ့ ရဲတင်းမှုက ဒီလောက်အတိုင်းအတာထိ ရောက်လာခဲ့ပြီပဲ”
ဆူဇီမိုက တျဲယွဲ့၏ ဖြူဖွေးနုနယ်သောလက်ကိုသာ တင်းကျပ်စွာဆုပ်ကိုင်ထားပြီး မည်သည့်စကားမှမဆိုဘဲ ပြုံးနေသည်။
“ဘာဖြစ်ခဲ့တာလဲ”
တျဲယွဲ့က မလှမ်းမကမ်းမှာရှိသော သားရဲဧကရာဇ်နှစ်ဦး၏ ဦးခေါင်းကို တွေဝေရှုပ်ထွေးစွာဖြင့် လက်ညှိုးထိုးပြလိုက်သည်။
ဆူဇီမိုက ပြောလိုက်သည်။
“သားရဲဧကရာဇ်ထျန်ဝူက အရှေ့ဘက်အရိုင်းနယ်မြေကို သစ္စာဖောက်သွားခဲ့ပြီ… ငါက သူတို့နှစ်ယောက်နဲ့တွေ့တော့ သူတို့က ငါ့ကို သတ်ချင်ခဲ့တာ… ဒါပေမဲ့ ငါက သူတို့ကို သတ်လိုက်တယ်”
ဆူဇီမိုက အေးဆေးတည်ငြိမ်စွာ ပြောနေသော်လည်း တျဲယွဲ့သည် ထူးခြားသော သတင်းအချက်အလက်တချို့ကို ကြားသိလိုက်ရသည်။
သူက သားရဲဧကရာဇ်နှစ်ပါးကို သတ်နိုင်တာလား။
“နင့်ရဲ့ ကျင့်ကြံမှုက…”
တျဲယွဲ့က သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီးနောက် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
“ဧကရာဇ်နယ်ပယ်လား… အမ်း.. မဟုတ်လောက်ဘူး နင်က ဘယ်ဓမ္မတာအိုကို ကျင့်ကြံထားတာလဲ”
တျဲယွဲ့က တကယ်ပင် စွမ်းအားကြီးမားပြီး သိုင်းတာအိုပင်မခန္ဓာကျင့်ကြံထားသည့် ဓမ္မတာအိုက မတူကွဲပြားသည်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
“သိုင်းတာအို”
ဆူဇီမိုက ပြောလိုက်သည်။
“မင်းက ထျန်ဟွမ်ကုန်းမြေတိုက်ကို ဆင်းသက်ဖို့ သွေးလိပ်ပြာကိုယ်ပွားကို အသုံးချခဲ့တုန်းက ငါ့ရဲ့ အောင်မြင်ရရှိမှုတွေက အဲလောက်မကဘူးလို့ ပြောခဲ့တယ်လေ… သိုင်းတာအိုက ငါဖန်တီးထားတဲ့ ဓမ္မအစီအရင်တစ်ခုပဲ”
“မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက စိတ်ဝိညာဉ်ရင်းမြစ်မရှိဘူးဆိုရင်တောင် သူတို့က သိုင်းတာအိုကို ကျင့်ကြံပြီး လောကကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီ”
“လူတိုင်းက သူတို့ကိုယ်ပိုင်အခွင့်အလမ်းကို သူတို့ကိုတိုင် ဖန်တီးလာနိုင်ကြမယ်”
တျဲယွဲ့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် အထင်ကြီးလေးစားမှုတစ်စွန်းတစ်စက ဖျတ်ခနဲပေါ်ထွက်လာ၏။
“အဲဒီရဲဝင့်မှုကို ငါတောင်မယှဉ်နိုင်ဘူး”
တျဲယွဲ့က ခေါင်းညိတ်ပြီး ချီးကျူးလိုက်၏။
“နင်က နင့်ရဲ့ကိုယ်ပိုင်တာအိုကို ဖန်တီးခဲ့တယ်… နောက်ပြီး နင်က ဒီအဆင့်ထိရောက်လာနိုင်ခဲ့ပြီပဲ”
ဆူဇီမိုသည် သိုင်းတာအိုဓမ္မအစီအရင်နှင့်ပတ်သက်ပြီး တျဲယွဲ့ကို အသေးစိတ်ရှင်းပြလိုက်သည်။
တစ်ဘက်မှာတော့ ထိုဓမ္မတာအိုသည် တျဲယွဲ့၏ ကျင့်ကြံမှုကို ကူညီပေးကောင်း ကူညီပေးနိုင်ပေလိမ့်မည်။
အခြားတစ်ဘက်မှာတော့ ဆူဇီမိုသည် သိုင်းတာအိုမှာ နောက်ထပ်တစ်ဆို့မှုတစ်ခုနှင့် ကြုံတွေ့နေရသည်။
သိုင်းပိုင်နက်နယ်မြေနယ်ပယ်အပြီးမှာ သူသည် နောက်ထပ်ဓမ္မအစီအရင်ကို ဖန်တီးပြီးမှ ရှေ့သို့ဆက်လက်၍ တက်လှမ်းနိုင်မည်ဖြစ်သည်။ ယခု သူသည် ပြီးပြည့်စုံသော သိုင်းပိုင်နက်နယ်မြေထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး နောက်ထပ်ဓမ္မအစီအရင်မရှိဘဲ သူစုပ်ယူသန့်စင်ထားသည့် ဓမ္မတာအိုလေးနက်သိမ်မွေ့မှုများက ဘယ်လောက်ပင် များပြားသည်ဖြစ်စေ သိုင်းပိုင်နက်နယ်မြေအနေဖြင့် အသွင်ပြောင်းလဲဖို့က ခဲယဉ်းသွားခဲ့ပြီဖြစ်သည်။
တကယ်တော့ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက နောက်ထပ် ကောင်းကင်လိုဏ်ဂူများနှင့် လောကများကို ဆက်လက်၍ ဝါးမျိုပြီးနောက် ၎င်းသည် လောကတစ်ခုအဖြစ် ဆက်လက်၍ ဆင့်ကဲပြောင်းလဲသွားပေလိမ့်မည်။
လောကမှာ ဆူဇီမိုနှင့် ထိန်ချန်ခြင်းမရှိဘဲ တစ်ယောက်ကိုတစ်ယောက် အပြည့်အဝယုံကြည်စွာနှင့် ဓမ္မတာအိုကို ဆွေးနွေးဖလှယ်နိုင်မည့်သူရှိမည်ဆိုလျှင် အဲဒါက တျဲယွဲ့သာဖြစ်ပေလိမ့်မည်။
ယခုအချိန်မှာ တျဲယွဲ့ကသာ လက်ရှိသိုင်းတာအိုပင်မခန္ဓာကို လမ်းညွှန်ပေးနိုင်မည့် တစ်ဦးတည်းသောသူဖြစ်လေသည်။
“ဧကရာဇ်နယ်ပယ်မှာ ခွန်အားကို ဘယ်လိုခွဲခြားထားလဲ”
ဆူဇီမိုက မေးလိုက်သည်။
တျဲယွဲ့က ရှင်းပြလိုက်သည်။
“ဧကရာဇ်နယ်ပယ်ကို တကယ်တော့ လောကနယ်ပယ်လို့လည်း ခေါ်တယ်… ကောင်းကင်လိုဏ်ဂူအသေးနဲ့ ကောင်းကင်လိုဏ်ဂူအကြီးလိုမျိုးပဲ.. အဲဒီမှာ လောကအသေး… လောကအကြီးနဲ့ ပကတိလောကဆိုပြီးရှိတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်သည်။
ထိုသို့ဆိုလျှင် လောကအသေးနှင့် ဧကရာဇ်နယ်ပယ်ပညာရှင်များက သာမန်ဧကရာဇ်များသာဖြစ်ကြပေမည်။
လောကအကြီးနှင့် ပညာရှင်များကတော့ အန္တိမဧကရာဇ်များဖြစ်ကြပေမည်။
ပကတိလောကများနှင့် ပညာရှင်များကိုသာလျှင် အထွတ်အထိပ်ဧကရာဇ်များဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။
“မင်းက အခု မဟာဧကရာဇ်တစ်ပိုင်းအဆင့်ကို ဝင်ရောက်နေပြီလား”
ဆူဇီမိုက အကဲစမ်းမေးမြန်းလိုက်သည်။
အရင်တုန်းက သူ၏ အတွေ့အကြုံအရ ကောင်းကင်လိုဏ်ဂူနယ်ပယ်မတိုင်ခင် ဘုရင်တစ်ပိုင်းအဆင့်ရှိလေသည်။
ဧကရာဇ်နယ်ပယ်မတိုင်ခင် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိလေသည်။
ထိုသို့ဆိုလျှင် မဟာဧကရာဇ်နယ်ပယ်မတိုင်ခင် မဟာဧကရာဇ်တစ်ပိုင်းအဆင့် ရှိသင့်လေသည်။
ဒါ့အပြင် ဧကရာဇ်ပိုရွှင်းသည် မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ ခြေလှမ်းဝက်သာလိုတော့သည်ဟု ကောင်းကင်ဘုံဝံပုလွေက တစ်ခါပြောခဲ့ဖူးသည်။
“မဟာဧကရာဇ်တစ်ပိုင်းအဆင့်လား”
တျဲယွဲ့က ခေါင်းခါပြလိုက်သည်။
“လောကမှာ မဟာဧကရာဇ်တစ်ပိုင်းအဆင့်ဆိုတာမရှိဘူး… လူတစ်ယောက်က အထွတ်အထိပ်ဧကရာဇ်တစ်ပါးအဖြစ်ကနေ တက်လှမ်းမယ်ဆိုရင် သူက မဟာဧကရာဇ်တစ်ပါးဖြစ်လာလိမ့်မယ်”
“မဟာဧကရာဇ်တစ်ပိုင်းအဆင့်ဆိုတာမရှိဘူးလား”
ဆူဇီမိုက အံ့အားသင့်သွားပြီး အတန်ကြာအောင် စဉ်းစားတွေးတောပြီးမှမေးလိုက်၏။
“မဟာဧကရာဇ်တစ်ပါးက ဘယ်နယ်ပယ်မှာရှိတာလဲ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဘာလို့ မဟာဧကရာဇ်တစ်ပါးပဲ ရှိရတာလဲ”
သမိုင်းတစ်လျှောက်မှာ မဟာဧကရာဇ်တစ်ပါးသာရှိသည်ဟူသော ဤကဲ့သို့သော ဆိုရိုးစကားရှိလာခဲ့လေသည်။ သို့သော်လည်း မဟာဧကရာဇ်တစ်ပါးအဖြစ် ဘယ်လိုကျင့်ကြံနိုင်မည်နှင့် ဘာ့ကြောင့် မဟာဧကရာဇ်တစ်ပါးပဲရှိရသည်ကို လူများစွာက မသိရှိကြပေ။
တျဲယွဲ့က ပြောလိုက်သည်။
“လောကနယ်ပယ်ကို တက်လှမ်းလာပြီးရင် လူတစ်ယောက်က အတိုင်းအတာတစ်ခုထိ ကျင့်ကြံပြီးတဲ့နောက် နောက်ထပ်စွမ်းအားအဆင့်တစ်ခုနဲ့ ထိတွေ့မိလာနိုင်လိမ့်မယ်… အဲဒါကို တာအိုလို့ခေါ်တယ်”
“တာအိုလား”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်သည်။
တျဲယွဲ့ကပြောလိုက်သည်။
“တာအိုက ထူးခြားဆန်းပြားတယ်… မဟာတာအိုက ပုံသဏ္ဌာန်မရှိဘူး… အဲဒါက နားလည်ဆင်ခြင်ဖို့ အခက်ခဲဆုံးပဲ”
“နင်က နင့်ရဲ့တာအိုကို နားလည်သဘောပေါက်ပြီး အဲဒါကို အာရုံခံမိနိုင်တာနဲ့ နင်က မဟာတာအို နားလည်ဆင်ခြင်ခြင်းကနေ တာအိုရဲ့ စွမ်းပကားကို တွေ့ကြုံခံစားမိလာနိုင်မယ်… နင်က တာအိုရဲ့ စိတ်ဆန္ဒကိုလည်း တွေ့ကြုံခံစားမိလာနိုင်လိမ့်မယ်… အဲဒီအချိန်ကျရင် နင်က လောကတစ်ခုမှာ နင့်ကိုယ်ပိုင် ဓမ္မတာအိုအမှတ်အသားတစ်ခုကို စုဖွဲ့လာနိုင်လိမ့်မယ်”
“အဲဒါ ဖြစ်လာတဲ့အချိန်မှာပဲ နင်ဖန်တီးထားတဲ့လောကက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ အပြန်အလှန်တုံ့ပြန်လာလိမ့်မယ်”
“တစ်ချိန်တည်းမှာပဲ နင့်ရဲ့ ဓမ္မတာအိုအမှတ်အသားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ စွန်းထင်သွားလိမ့်မယ်… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သက်ရှိတွေနဲ့ မျိုးနွယ်စုတစ်သောင်းကလည်း အဲဒီအချိန်မှာ အဲဒါကို အာရုံခံမိနိုင်လိမ့်မယ်”
“အဲဒါက မဟာဧကရာဇ်အဆင့်ပဲ”
“မဟာဧကရာဇ်တစ်ပါး မသေဆုံးသေးသရွေ့ သူ့ရဲ့ ဓမ္မတာအိုအမှတ်အသားက ပျက်ပြယ်သွားမှာ မဟုတ်ဘူး… အဲလိုနဲ့ တခြားသူတွေက သူတို့ရဲ့ ဓမ္မတာအိုအမှတ်အသားတွေကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ ထပ်ပြီး မပေါင်းစည်းနိုင်တော့ဘူး… အဲဒါကြောင့်ပဲ လောကမှာ မဟာဧကရာဇ်တစ်ပါးပဲရှိနေတာ။”