တာအိုပေါင်းဆုံခြင်း
Vol. 196 Ch. 2935
မဟာဧကရာဇ်တစ်ပါးက မသေသေးသရွေ့ သူ၏ ဓမ္မတာအိုအမှတ်အသားက ဖျောက်ဖျက်ခံရလိမ့်မည် မဟုတ်ပေ။
“ကျုပ် သိပြီ”
ဆူဇီမိုက နားလည်သဘောပေါက်သွားသည်။ ခဏမျှ စဥ်းစားတွေးတောပြီးနောက် သူက ပြောလိုက်သည်။
“ဒါဆိုရင် မဟာဧကရာဇ်တွေက ဧကရာဇ်နယ်ပယ်ပညာရှင်တွေထက် အများကြီးပိုပြီး သန်မာနေတယ်ဆိုတာ သူတို့က တာအိုရဲ့စွမ်းအားနဲ့ ထိတွေ့ထားနိုင်လို့ပေါ့”
တျဲယွဲ့က ပြောလိုက်သည်။
“မဟာဧကရာဇ်တစ်ပါးရဲ့ စွမ်းအားက အစကတည်းက အလယ်အလတ်ကမ္ဘာတစ်ထောင်မှာ ပေါ်ထွက်မလာသင့်ဘူးလို့ လူတစ်ယောက်က ငါ့ကိုပြောခဲ့ဖူးတယ်… အဲဒါက ဧကရာဇ်နယ်ပယ်ရဲ့အလွန်က နောက်ထပ်နယ်ပယ်အကြီးတစ်ခုပဲ… အဲဒါက မဟာကမ္ဘာတစ်ထောင်လောကကနေ လာခဲ့တယ်”
“အဲဒီလူကပဲ မဟာဧကရာဇ်တွေနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ငါ့ကို ပြောပြခဲ့တယ်”
“ဪ… အဲ့လိုလား”
ဆူဇီမိုက အနည်းငယ်အံ့အားသင့်သွားသည်။ မဟာဧကရာဇ်များ၏ အကြောင်းနှင့် မဟာကမ္ဘာတစ်ထောင်လောကအကြောင်းကိုပင် ဘယ်သူက သိရှိထားတာလဲ။
“အဲဒါဘယ်သူလဲ”
ဆူဇီမိုကမေးလိုက်သည်။
တျဲယွဲ့က နှုတ်ဆိတ်နေ၏။
ခဏနေပြီးနောက် သူမက သူမ၏ ခေါင်းကို ညင်သာစွာခါပြီး ပြောလိုက်သည်။
“အဲဒီလူရဲ့ သရုပ်သကန်က နည်းနည်းထူးခြားတယ်… နင် သူ့ကို သိမထားတာ ပိုကောင်းလိမ့်မယ်”
ခဏမျှ ရပ်တန့်ပြီးနောက် တျဲယွဲ့က ဆက်ပြောလိုက်သည်။
“ငါတို့တွေ သူနဲ့ထပ်ပြီး မတွေ့ဆုံတာ အကောင်းဆုံးဖြစ်လိမ့်မယ်”
ထိုစကားကို ကြားသောအခါ ဆူဇီမိုက ဆက်လက်ပြီး မမေးမြန်းတော့ပေ။
တျဲယွဲ့က ပြောလိုက်သည်။
“ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ပြီးတာတောင် နင့်အနေနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကူးသန်းသွားလာပြီး နေရာတိုင်းကို စိတ်ရှိသလို ဆင်းသက်ဖို့က မဖြစ်နိုင်ဘူး… ရှည်လျားတဲ့ အကွာအဝေးတစ်ခုကို ဖြတ်ကျော်ဖို့အတွက် အချိန်တချို့ ယူရလိမ့်မယ်”
“ဒါပေမဲ့ မဟာဧကရာဇ်တစ်ပါး ဖြစ်လာပြီးရင်တော့ နင့်ရဲ့လောကက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ ပဲ့တင်ထပ်လာလိမ့်မယ်… နင့်ရဲ့ဓမ္မတာအိုအမှတ်အသားကို ချန်ထားခဲ့ပြီးရင် နင်က အတွေးတစ်ချက်နဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ကြိုက်တဲ့နေရာကို ဆင်းသက်နိုင်တယ်”
မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားသည် သူတို့ကို လောကကို အုပ်စိုးခွင့်ပေးပေလိမ့်မည်။
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒါဆိုရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ အထွတ်အထိပ် ဧကရာဇ်တွေကြားမှာ ဘယ်သူမဆို အဲဒီအဆင့်ကို တက်လှမ်းနိုင်တာပေါ့”
“အမှန်ပဲ”
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
ဆူဇီမိုက တိတ်တဆိတ် မှင်တက်နေ၏။
ဧကရာဇ်များအားလုံးက ကျင့်ကြံလာခဲ့သော်လည်း သူတို့ထဲမှ တစ်ဦးကသာလျှင် မဟာဧကရာဇ် ဖြစ်လာနိုင်ပေမည်။ ထိုယှဉ်ပြိုင်မှုက ဘယ်လောက်ခက်ခဲမလဲ စဥ်းစားကြည့်နိုင်သည်။
တျဲယွဲ့က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အထွတ်အထိပ် ဧကရာဇ်တွေကြား တိုက်ခိုက်ရည်စွမ်းအားမှာ သိသာထင်ရှားတဲ့ ကွာဟချက်ရှိတယ်… ငါက အသန်မာဆုံး အထွတ်အထိပ် ဧကရာဇ်တွေထဲက တစ်ဦးပဲ”
“ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်လာပြီးရင် ကျင့်ကြံရတာက အရမ်းကို ခဲယဉ်းလာလိမ့်မယ်”
“လောကနယ်ပယ်ကျင့်ကြံသူတွေ ဝါးမျိုလိုတဲ့အရာက ကောင်းကင်နဲ့မြေကြီး အမြုတေချီ မဟုတ်တော့ဘူး… အဲဒါက အရမ်းကိုရှားပါးပြီးတော့ ပိုမြင့်တဲ့အဆင့်က နောက်ထပ်စွမ်းအားတစ်ခုပဲ”
“အဲဒီစွမ်းအားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မပေါ်ထွက်ဘူး… ပြောရမယ်ဆိုရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အဲဒါကို ရှာဖွေဖို့က အရမ်းကို ခက်ခဲတယ်”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်သည်။
“နောက်ထပ်စွမ်းအားလား…”
တျဲယွဲ့က ပြောလိုက်သည်။
“အဲဒီစွမ်းအားက အမြုတေချီရဲ့ မူလအစဖြစ်ဖို့များတယ်… ကောင်းကင်နဲ့မြေကြီး အမြုတေချီရဲ့ အရင်းအမြစ်က မဟာကမ္ဘာတစ်ထောင်လောကကနေ လာတယ်”
“အမြုတေချီရဲ့ မူလအစလား”
ရုတ်တရက် ယင်ယန်အဆောင်သုတ္တန်ထဲမှ စကားလုံးများက ဆူဇီမို၏ စိတ်ထဲမှာ တဖျပ်ဖျပ်ပေါ်ထွက်လာ၏။ သူက အလိုလိုတီးတိုးရေရွတ်လိုက်သည်။
“ကစဉ့်ကလျားမှာ ချီသုံးမျိုး တည်ရှိတယ်… လေဟာနယ်ကို အကြားအလပ်ကနေ တည်ဆောက်ထားပြီး အကြားအလပ်ကို နတ္ထိကနေ ဖန်တီးထားတယ်… နတ္ထိက ဘဝဖြစ်လာပြီး ဘဝက နတ္ထိဆီကို ပြန်သွားတယ်”
“အထက်ချီက ရင်းမြစ်ဖြစ်တယ်… အလတ်ချီက အမြုတေဖြစ်ပြီး အနိမ့်ချီက စိတ်ဝိညာဉ်ဖြစ်တယ်… အမြုတေချီကို အကြားအလပ်ကနေ ဖန်တီးပြီး ရင်းမြစ်ချီက နတ္ထိကနေ မွေးဖွားပေါ်ထွက်လာတယ်… တစ်ခုကနေ နှစ်ခုကို ဖန်တီးပြီး နှစ်ခုက သုံးခုအဖြစ် ပေါ်ထွက်လာမယ်… အဲဒါက သက်ရှိတွေအားလုံးကို ခြုံငုံမိစေမယ်”
ထိုစကားကို ကြားသောအခါ တျဲယွဲ့၏ မျက်လုံးများက ဝင်းလက်သွားသည်။
သူမ၏ ကျင့်ကြံမှုနှင့် အသိပညာအရ သူမသည် ထိုစာပိုဒ်နှစ်ပိုဒ်မှာ ပါဝင်သော လေးနက်သိမ်မွေ့မှုများနှင့် ဓမ္မတာအိုများကို ခံစားမိနိုင်လေသည်။
အစကတော့ ဆူဇီမိုသည် ယင်ယန်အဆောင်သုတ္တန်မှ စကားလုံးများကို သိပ်ပြီး နားမလည်ခဲ့ပေ။
တျဲယွဲ့ထံမှ အမြုတေချီ၏ မူလအစနှင့် ရင်းမြစ်ကို ကြားရချိန်မှာ သူသည် တစ်စုံတစ်ရာကို နားလည်ဆင်ခြင်မိလာသည့်ပုံပင်။
ဆူဇီမိုက ပြောလိုက်သည်။
“အဲဒီ အထက်ချီ၊ အလတ်ချီနဲ့ အနိမ့်ချီဆိုတဲ့အရာတွေက မဟာကမ္ဘာတစ်ထောင်လောကရဲ့ ရင်းမြစ်ချီ၊ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ အမြုတေချီနဲ့ ကမ္ဘာငယ်တစ်ထောင်လောကရဲ့ စိတ်ဝိညာဉ်ချီကို ရည်ညွှန်းတာဖြစ်ရမယ်”
“အဲ့လိုပဲ ဖြစ်မယ်”
တျဲယွဲ့ကလည်း ခေါင်းညိတ်လိုက်သည်။
ရင်းမြစ်ချီသည် မဟာကမ္ဘာတစ်ထောင်လောကကနေ လာသည်ဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်ပညာရှင်များအနေဖြင့် ကျင့်ကြံဖို့က တကယ်ပင် အင်မတန် ခက်ခဲပေလိမ့်မည်။
ရင်းမြစ်ချီပါဝင်သော ရတနာတချို့ကို ရှာဖွေခြင်းဖြင့်သာ သူတို့၏ ကျင့်ကြံမှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။
ဤဖြစ်စဥ်က အနည်းငယ် ကွဲလွဲဆန့်ကျင်ပြီး မူမမှန်မှုတစ်ခု ဖြစ်နေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်ပညာရှင်များသည် ကျင့်ကြံဖို့အတွက် မဟာကမ္ဘာတစ်ထောင်လောကမှ စွမ်းအားကို ဘာကြောင့် လိုအပ်နေရတာလဲ။
တျဲယွဲ့က ဆက်ပြောလိုက်သည်။
“ဧကရာဇ်နယ်ပယ် ပညာရှင်တွေရဲ့ တိုက်ခိုက်ရည်ခွန်အားက သူတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အပြင် အဲဒါက နောက်ထပ်နည်းလမ်းတစ်ခုနဲ့လည်း ဆက်စပ်နေတယ်… အဲဒါကို တဗူးနည်းစနစ်တွေလို့ ခေါ်တယ်”
ကျင့်ကြံရေးလောကမှာ တဗူးဆိုသော စကားလုံးနှင့် ငြိစွန်းနေသော မည်သည့်အရာမဆို ထူးခြားဆန်းပြားလေသည်။
ဥပမာအားဖြင့် တဗူးဂမ္ဘီရကျင့်စဉ်များ၊ တဗူးသက်ရှိများနှင့် တဗူးအဖြစ် ပိတ်ပင်တားမြစ်ထားသော ကုန်းမြေများ ဖြစ်လေသည်။ ယခု တျဲယွဲ့သည် တဗူးနည်းစနစ်များအကြောင်းကို ပြောဆိုလာခဲ့သည်။
“တဗူးနည်းစနစ်တွေက ဘာတွေလဲ”
ဆူဇီမိုက မေးလိုက်သည်။
တျဲယွဲ့က ပြောလိုက်၏။
“အဲဒါက ဘယ်မျိုးနွယ် ဒါမှမဟုတ် ဘယ်သက်ရှိပဲဖြစ်ဖြစ် သူတို့တွေက နည်းစနစ်တွေ၊ နတ်ဘုရားစွမ်းအားတွေ၊ အင်မော်တယ်ပညာရပ်တွေနဲ့ လျှို့ဝှက်အတတ်တွေ ပေါင်းစုံကို ကျင့်ကြံကြတယ်… တကယ်တော့ အဲဒါတွေအားလုံးကို နည်းစနစ်တွေဆိုတဲ့ ခေါင်းစဥ်အောက် သွတ်သွင်းနိုင်တယ်”
“တဗူးနည်းစနစ်တွေကတော့ နည်းစနစ်တွေရဲ့ အကန့်အသတ်ပဲ”
“အဲဒီနည်းစနစ်တွေရဲ့ အကန့်အသတ်ကို ရောက်ရှိလာတဲ့အခါ သူတို့တွေက တာအိုနဲ့ နီးစပ်လာလိမ့်မယ်… တဗူးနည်းစနစ်တွေက အရမ်းကို စွမ်းအားကြီးမားတယ်ဆိုတာ သူတို့တွေက တာအိုနဲ့ အလွန့်အလွန် နီးစပ်နေပြီမို့လို့ပဲ”
တာအို၏ စွမ်းအားသည် မဟာဧကရာဇ်ပညာရှင်များသာ ထိတွေ့ထိန်းချုပ်နိုင်သော တစ်စုံတစ်ရာ ဖြစ်သည်။
ရုတ်တရက် ဆူဇီမိုသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် သူတိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို ပြန်လည်အမှတ်ရသွားသည်။
အစကတော့ တက္ကသိုလ်ဂိုဏ်းချုပ်သည် ငရဲကန့်သတ်မဲ့စိမ့်စမ်းနှင့်အတူ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး အရေးနိမ့်နေခဲ့သည်။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် သူတော်စင်သုံးပါးပေါင်းစည်းခြင်းဟုခေါ်သော နည်းလမ်းတစ်ခုကို ထုတ်ဖော်ခဲ့လေသည်။ သိုင်းတာအိုပင်မခန္ဓာပင်လျှင် ထိုအခိုက်အတန့်မှာ ကြောက်ရွံ့မှုအငွေ့အသက်တစ်ခုကို ခံစားခဲ့ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော မြူခိုးများကြောင့်ပင် တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ့ကိုယ်ထဲရှိ ငရဲကန့်သတ်မဲ့စိမ့်စမ်းကို တွန်းဖယ်ထုတ်ပြီး သူ၏ ဒဏ်ရာများကို တည်ငြိမ်စေခဲ့ခြင်း ဖြစ်သည်။
ယခု သူက အဲဒါကို ပြန်လည်စဥ်းစားရင်း သူတော်စင်သုံးပါးပေါင်းစည်းခြင်းဟု ခေါ်ဆိုသောအရာမှာ တက္ကသိုလ်ဂိုဏ်းချုပ် ကျွမ်းကျင်တတ်မြောက်ထားသော တဗူးနည်းစနစ်တစ်ခု ဖြစ်လောက်သည်ကို တွေးမိလာသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီး မကြာခင်မှာပင် သူသည် တဗူးနည်းစနစ်တစ်ခုကို ကျွမ်းကျင်တတ်မြောက်လာခဲ့ပြီဖြစ်သည်။ သူက ဘယ်လောက်တောင် ပါရမီအရည်အချင်းရှိပြီး စွမ်းအားကြီးမားသလဲ သိသာစေသည်။
တျဲယွဲ့က ပြောလိုက်သည်။
“နင်က နင်ဖန်တီးထားတဲ့ သိုင်းပိုင်နက်နယ်မြေရဲ့ နောက်ထပ်ဓမ္မအစီအရင်ကို အခုချိန်ထိ ကောက်ချက်မချရသေးဘူးလို့ ပြောထားတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
တျဲယွဲ့က ပြောလိုက်သည်။
“တကယ်တော့ နင်က အဲဒါကို အရမ်းခုံမင်စွဲလမ်းနေပြီး အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေနဲ့ လုံးလုံးလျားလျား ကွဲပြားတဲ့ ဓမ္မတာအိုတစ်ခုကို မရမက ဖန်တီးနေစရာမလိုဘူး”
“ဆိုရိုးစကားတွေအတိုင်းပဲ တာအိုတွေအားလုံးက တစ်နေရာမှာ ပေါင်းဆုံပြီး တူညီတဲ့ပန်းတိုင်ကို ဦးတည်ရလိမ့်မယ်… အဲဒါက ဘယ်ဓမ္မတာအိုပဲဖြစ်ဖြစ် အဲဒါက နောက်ဆုံးမှာ တူညီတဲ့ဆုံမှတ်ကို ရောက်ရှိလာလိမ့်မယ်”
“ဥပမာ… ငါ နင့်ကို သင်ကြားပေးခဲ့တဲ့ သားရဲမျိုးနွယ်ရဲ့ ကျင့်ကြံရေးနည်းစနစ်က အစမှာ အနည်းငယ်ကွဲပြားနေပေမဲ့ နင်က အမြုတေဖွဲ့တည်ခြင်းရဲ့ ကနဦးပုံစံကို တွေ့ကြုံခဲ့ရမှာပဲ… နင်ဖန်တီးထားတဲ့ သိုင်းတာအိုမှာလည်း သွေးချီရွှေအမြုတေ ရှိနေတာပဲ”
“သိုင်းတာအိုဓမ္မအစီအရင်မှာလည်း ကောင်းကင်နဲ့မြေကြီး ဝိသေသတစ်ခု ရှိတယ်… ဒီလိုဆိုမှတော့ သိုင်းတာအိုနယ်ပယ်အပြီးမှာ လောကတစ်ခုကို ဘာလို့ မစုဖွဲ့နိုင်ရမှာလဲ”
“တာအိုတွေအားလုံးက တစ်နေရာတည်းမှာ ပေါင်းဆုံပြီး တူညီတဲ့ ပန်းတိုင်ကို သွားတယ်”
ဆူဇီမိုက တီးတိုးရေရွတ်ရင်း သူ၏ မျက်လုံးက ဝင်းလက်လာခဲ့သည်။
သိုင်းတာအို၏ ရှေ့မှာရှိသော မြူခိုးများက တဖြည်းဖြည်းဖျော့တော့သွားပြီး သူ၏ လောကမှာ ကြည်လင်ရှင်းလင်းမှု အရိပ်လက္ခဏာများ ပြသလာခဲ့သည်။
တျဲယွဲ့ပြောသည်မှာ မှန်သည်။
တကယ်တော့ သိုင်းတာအိုကို တည်ထောင်ရသည့် သူ၏ မူလရည်ရွယ်ချက်သည် သူထျန်ဟွမ်ကုန်းမြေတိုက်မှာ ရှိခဲ့စဥ်ကတည်းက အထမြောက်သွားခဲ့ပြီဖြစ်သည်။
သိုင်းသုတ္တန်၏ တစ်ဝက်နှင့်ပင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် သူတို့၏ သိုင်းစိတ်ဝိညာဉ်ကို စုဖွဲ့ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ စိတ်ဝိညာဉ်ရင်းမြစ် မရှိလျှင်တောင် သူတို့သည် သူတို့ကိုယ်ပိုင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများကို ကျင့်ကြံပြီး သူတို့၏ ကံကြမ္မာများကို ပြောင်းလဲရန် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများနှင့်အတူ ကျင့်ကြံရေးလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်းကိုးရပ်၊ သိုင်းစိတ်ဝိညာဉ်နယ်ပယ်၊ ဓမ္မဝိသေသနယ်ပယ်၊ ပေါင်းစည်းခန္ဓာနယ်ပယ်၊ ကံကြမ္မာစက်ကွင်းနယ်ပယ်၊ အစစ်အမှန်သိုင်းနယ်ပယ်၊ သိုင်းပိုင်နက်နယ်မြေနှင့် ယခု ဧကရာဇ်နယ်ပယ်…။
ဓမ္မအစီအရင်များအားလုံးသည် နောက်ဆုံးတွင် ဧကရာဇ်နယ်ပယ်မှာ တစ်ခုတည်းအဖြစ် ပေါင်းဆုံလာခဲ့လေသည်။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ အပါအဝင် ထွက်ပေါ်လာသော ဓမ္မတာအိုများအားလုံးအနေဖြင့် ဧကရာဇ်နယ်ပယ်က နောက်ဆုံးရည်မှန်းချက်ပန်းတိုင် ဖြစ်လာသည်။
အဲဒါက သိုင်းတာအို၏ ဆုံမှတ်လည်း ဖြစ်လေသည်။ သို့သော်လည်း အဲဒါက သိုင်းတာအိုပင်မခန္ဓာ၏ ဆုံမှတ်တော့ မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းပိုင်နက်နယ်မြေကို လောကတစ်ခုအဖြစ် ပုံသွင်းပြီးလျှင်တောင် သူ၏ အနာဂတ်သည် အခြားသော သိုင်းတာအိုကျင့်ကြံသူများနှင့် လုံးလုံးလျားလျား ကွဲပြားနေပေလိမ့်မည်။
သူ၏ အစစ်အမှန် သိုင်းတာအိုခန္ဓာသည် အခြားသူများ မတုပနိုင်သည့် အလွန်တရာထူးခြားသော ကောင်းကင်လိုဏ်ဂူတစ်ခု ဖြစ်သည်။
သူ၏ ကောင်းကင်လိုဏ်ဂူသည် နောက်ဆုံးမှာ လောကတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် တစ်ခုက အတွင်းမှာနှင့် တစ်ခုက အပြင်မှာဖြစ်သော သူ၏ လောကနှစ်ခုက ဘာဖြစ်လာမည်ကို ဆူဇီမိုပင်လျှင် မသိရှိပေ။ သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့မှာရှိသော လမ်းကြောင်းက မည်ကဲ့သို့ ဖြစ်လာမည်ကို သူ မသိရှိပေ။
ဤဓမ္မတာအို ဆွေးနွေးဖလှယ်မှုသည် သူတို့နှစ်ဦးစလုံးအတွက် အလွန်တရာ အကျိုးအမြတ်ရှိခဲ့သည်။
ဆူဇီမိုသည် သိုင်းတာအို၏ ဓမ္မအစီအရင်ကို နောက်ဆုံးမှာ အတည်ပြုနိုင်ခဲ့သည်။
တျဲယွဲ့ကတော့ သူမသည် သူမ၏ ကိုယ်ပိုင်တာအိုကို သိုင်းတာအို၏ ဓမ္မတာအိုနှင့် ယှဉ်ကြည့်ပြီး နားလည်ဆင်ခြင်မှု အသစ်တစ်ခုကို ရရှိလာခဲ့သည်။