← Chapters

အသက်ဓာတ်၏ စွမ်းအား

Vol. 196 Ch. 2940

အသက်ဓာတ်၏ စွမ်းအား

Vol. 196 Ch. 2940

ဆူဇီမိုသည် ကျောက်စိမ်းဆွဲသီးကို တစ်ဖန်သိမ်းဆည်းလိုက်၏။ ရုတ်တရက် သူက တစ်စုံတစ်ရာကို တွေးမိသွားပြီး မေးလိုက်၏။

“မဟာဧကရာဇ်တစ်ပါးရဲ့ ဘဝသက်တမ်းက ဘယ်လောက်ရှည်ကြာလဲ”

တျဲယွဲ့က ပြောလိုက်၏။

“ဧကရာဇ်တွေမှာ နှစ်ဆယ်သန်းလောက် ဘဝသက်တမ်းရှိတယ်… မဟာဧကရာဇ်က နောက်ထပ်နယ်ပယ်အကြီးတစ်ခုမှာ ရှိနေမယ်ဆိုရင် သူ့ရဲ့ဘဝသက်တမ်းက နှစ်ဆယ်သန်းထက် သေချာပေါက်ပိုလိမ့်မယ်”

“သမိုင်းထဲမှာရှိတဲ့ မဟာဧကရာဇ်ပညာရှင်တွေကတော့ အဆုံးသတ်ကောင်းတဲ့သူ မရှိသလောက်နီးပါးပဲ… သူတို့အများစုက လောကရဲ့ကပ်ဘေးတွေမှာ သေခဲ့ရတယ်… အဲဒါကြောင့် မဟာဧကရာဇ်တွေရဲ့ ဘဝသက်တမ်းကို ခန့်မှန်းဖို့က မလွယ်ဘူး”

ဆူဇီမိုက ပြောလိုက်သည်။

“ငါသိရသလောက်ဆိုရင် ပြီးခဲ့တဲ့ခေတ်က မဟာဧကရာဇ် ဒီဃာယုက သူ့ရဲ့ တစ်ဘဝလုံးစာ ရှင်သန်နေထိုင်ခဲ့ပေမဲ့ အဲဒါက နှစ်သန်းနှစ်ဆယ်ပဲ”

“အဲဒါက ဖြစ်နိုင်ခြေနှစ်ခုရှိတယ်”

တျဲယွဲ့က ပြောလိုက်သည်။

“ပထမတစ်ခုကတော့ မဟာဧကရာဇ်တစ်ပါးရဲ့ ဘဝသက်တမ်းက နှစ်သန်းနှစ်ဆယ်ဖြစ်လိမ့်မယ်… ဒုတိယအချက်ကတော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ သက်ရှိတွေက လောကရဲ့နိယာမနဲ့ ကန့်သတ်ခံထားရပြီး သူတို့ရဲ့ဘဝသက်တမ်းက နှစ်သန်းနှစ်ဆယ်မှာ အကန့်အသတ်ဖြစ်နေတာပဲ”

“တစ်ခုခုတော့ လွဲနေသေးတယ်”

ဆူဇီမိုက ခေါင်းခါပြလိုက်သည်။

“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ ရင်ဘောင်တန်း ရပ်တည်နိုင်တယ်ဆိုပေမဲ့ သူတို့တွေကလည်း မဟာကမ္ဘာတစ်ထောင်လောကရဲ့အောက်မှာပဲ… ပြောရမယ်ဆိုရင် လမ်းခြောက်သွယ်က မဟာဧကရာဇ်တွေမှာလည်း သူတို့ရဲ့ဘဝသက်တမ်း အကန့်အသတ်တစ်ခု ရှိရမယ်”

“ဒါပေမဲ့ မိစ္ဆာအရှင်နဲ့ ဧကရီဆိုးယုတ်တို့က လွန်ခဲ့တဲ့ ခေတ်တချို့ကတည်းက တည်ရှိခဲ့ကြတယ်… သူတို့ရဲ့အသက်က နှစ်ပေါင်းသန်းရာချီ ရှိနေလောက်ပြီ… သူတို့က ဘာလို့ အဲ့လောက်ထိအကြာကြီး ရှင်သန်နေထိုင်နိုင်ရတာလဲ”

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

သူမသည်လည်း အဲဒါနှင့်ပတ်သက်၍ မစဉ်းစားတတ်ပေ။

ခေတ်အတော်များများအတွင်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ဧကရာဇ်အများစုသည် လောက၏ ကပ်ဘေးများမှာ သေဆုံးခဲ့ကြ၏။ သို့သော်လည်း မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်တို့က ယခုအချိန်ထိ ရှင်သန်နိုင်ခဲ့ကြသည်။

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒါမှမဟုတ် မိစ္ဆာအရှင်နဲ့ ဧကရီဆိုးယုတ်တို့က သေခဲ့ပြီးသားဖြစ်နိုင်မလား… ဒါပေမဲ့ သူတို့တွေက ခေတ်တိုင်းမှာ ပြန်လည်ရှင်သန်လာနိုင်တာလား”

သို့သော် သိပ်မကြာခင် ဆူဇီမိုက ထိုအတွေးကို ပယ်ချလိုက်သည်။

မဟာဧကရာဇ်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အထက်စည်းအကန့်အသတ်စွမ်းအားမှာ ရှိနေကြလေပြီ။

မဟာဧကရာဇ်တစ်ပါးကို ပြန်လည်ရှင်သန်စေဖို့အတွက် မည်ကဲ့သို့သော စွမ်းအားမျိုး လိုအပ်မလဲ။

ကောင်းကင်သင်္ချိုင်းသုတ္တန်ကပင် ထိုသို့ပြုလုပ်ပေးနိုင်မည် မဟုတ်ပေ။

“အပြာရောင်အဖွဲ့က မဟာအရိုင်းကမ္ဘာကို ဘာလို့သိမ်းပိုက်အုပ်စိုးချင်တာလဲ”

ဆူဇီမိုက မေးလိုက်၏။

“ငါ မသိဘူး… အဲဒါက အရေးမကြီးဘူး”

တျဲယွဲ့က ပြောလိုက်သည်။

“ငါ နင့်ကို အရင်က ပြောခဲ့တာ မှတ်မိလား… အထက်ဘုံလောကက သွေးသံရဲရဲနဲ့ မှောင်မည်းနေတဲ့ တောအုပ်တစ်ခုလိုပဲ… မျိုးနွယ်စုတစ်သောင်းက ပါးလွှာတဲ့ ရေခဲပြင်ပေါ်မှာ လမ်းလျှောက်ရသလိုမျိုး ရှင်သန်နေရတယ်…. တခြားပြင်ပက သူတွေက အချိန်မရွေးကျူးကျော်ဝင်ရောက်ပြီး ထင်တိုင်းကျဲ သတ်ဖြတ်နိုင်တယ်”

“အပြာရောင်အဖွဲ့ရဲ့ မျက်လုံးထဲမှာ မဟာအရိုင်းကမ္ဘာက မျိုးနွယ်စုတစ်သောင်းရဲ့ သက်ရှိတွေက ပုရွက်ဆိတ်တွေလို ဖြစ်နေလိမ့်မယ်”

“အဲဒီအတွက် ဘာအကြောင်းပြချက်မှ မလိုဘူး… အစကတော့ အပြာရောင်အဖွဲ့က မဟာအရိုင်းကမ္ဘာက သက်ရှိတွေကို လုံးဝအလေးအနက်မထားခဲ့ဘူး… သူတို့တွေက တောအုပ်တစ်ခုထဲမှာ ဖြတ်သွားသလို ဒီအတိုင်း ဖြတ်လျှောက်သွားရုံပဲ… သူတို့တွေက နောက်တစ်ခါ ပြန်လှည့်ကြည့်ဖို့တောင် အရေးလုပ်နေမှာ မဟုတ်ဘူး”

“ဒါပေမဲ့ သူတို့တွေက ခလုပ်ကန်သင်းတစ်ခုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ထင်မှတ်ထားခဲ့မှာ မဟုတ်ဘူး”

ထိုသို့ပြောရင်း တျဲယွဲ့၏ အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းမြေပြင်ပေါ်သို့ ဆင်းသက်ရောက်ရှိသွား၏။

ချက်ချင်းပင် အချိန်စီးဆင်းမှုက မြန်ဆန်သွားသည့်အလားပင်။

မာကျောသော မြေပြင်ပေါ်မှာ အားနည်း၍ နုနယ်သော မြက်ပင်တချို့က ကျားကုတ်ကျားခဲဖြင့် ရှင်သန်ပေါက်ရောက်နေ၏။ သူတို့သည် အအသက်ဓာတ်အားဖြင့် ပြည့်နှက်နေပြီး အသက်ဓာတ် အော်ရာတစ်ခုကို ထုတ်ဖော်ထားသည်။

လိပ်ပြာတစ်ကောင်က တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး မြက်ပင်များအပေါ် နားလိုက်၏။

ရုတ်တရက်ဆိုသလို…

ပြင်းထန်ကြမ်းတမ်းသော လေက တိုက်ခတ်လာပြီး သဲများနှင့် ကျောက်စရစ်ခဲများကို လွင့်စင်ထွက်သွားစေသည်။

ပြင်းထန်ကြမ်းတမ်းသော လေသည် အလွန်တရာ ရုတ်တရက်ဆန်စွာ ရောက်ရှိလာပြီး လိပ်ပြာကို တိုက်ခတ်ကာ သူ၏ ပါးလွှာသော တောင်ပံများကို ဖျက်ဆီးပစ်ချင်နေ၏။ လေက လိပ်ပြာကို အဝေးသို့ တွန်းပို့ပြီး အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။

လိပ်ပြာက ပြင်းထန်ကြမ်းတမ်းသော လေကြားမှာ အရမ်းကို အားနည်း၍ ကူကယ်ရာမဲ့သည့်ပုံ ပေါ်နေသည်။

သူ၏ နောက်ကျောပေါ်မှ တောင်ပံများက ကျိုးလုမတတ်ပင်။

သို့သော်လည်း လိပ်ပြာသည် တစ်ချိန်လုံး မလှုပ်မယှက်ရှိနေပြီး အော်မြည်တိုက်ခတ်လာသော လေကို တိတ်တဆိတ် ဆန့်ကျင်တိုက်ခိုက်နေ၏။

“အဲဒီမြက်ပင်တွေကို ကြည့်… မြေက ဘယ်လောက်ပဲ မာကျော မာကျော… သူတို့တွေက မြေကြီးထဲကနေ ရအောင် အမြဲတမ်းတိုးထွက်လာကြတယ်”

ရုတ်တရက် တျဲယွဲ့၏ အသံက ထွက်ပေါ်လာသည်။

“ပြင်းထန်ကြမ်းတမ်းတဲ့ လေက သဲတွေ၊ ကျောက်စရစ်ခဲတွေကို လွင့်ပါသွားအောင် တိုက်ခတ်နိုင်တယ်… ဒါပေမဲ့ အဲဒါက ပိန်လှီနေတဲ့ လိပ်ပြာတစ်ကောင်ကိုတော့ လွင့်ပါသွားအောင် မတိုက်ခတ်နိုင်ဘူး”

“အဲဒါက အသက်ဓာတ်ပဲ”

“မျိုးနွယ်စုတစ်စုက ဘယ်လောက်ပဲ အားနည်းအားနည်း သူတို့မှာ အသက်ဓာတ် ရှိနေသေးတယ်”

“အသက်ဓာတ်ရဲ့စွမ်းအားက မနာခံမှုအပေါ်မှာ မူတည်နေတယ်”

ဆူဇီမိုက ထိုစကားကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။

ထိုအခိုက်အတန့်မှာ သူသည် တျဲယွဲ့၏ တာအိုကို အာရုံခံမိလိုက်သည်။

တျဲယွဲ့သည် ဒီရေလှိုင်းများကို ဆန်တက်ပြီး အားအနည်းဆုံး လိပ်ပြာမျိုးနွယ်ကနေ လက်ရှိအခြေအနေအထိ ကြီးပြင်းလာနိုင်ခဲ့သည်မှာ ထိုမနာခံမှုကြောင့်ပင် ဖြစ်သည်။

တျဲယွဲ့က ထပ်မေးလိုက်၏။

“အရင်တုန်းက ပင်ယန်းမြို့မှာ ငါ နင့်ကို ဘာလို့ တာအိုကို သင်ကြားပေးခဲ့သလဲ သိလား”

ဆူဇီမိုက ပြောလိုက်သည်။

“အဲဒါ ငါတို့နှစ်ယောက်ကြားက ကမ္မကို ဖြတ်တောက်ချင်တာကြောင့်လို့ မင်းပြောခဲ့ဖူးတယ်”

“အဲဒါ အကြောင်းရင်းတွေထဲက တစ်ခုပဲ”

တျဲယွဲ့ကပြောလိုက်သည်။

“နင်က အရင်တုန်းက ရွှေအမြုတေပကတိသက်ရှိရဲ့ အနိုင်ကျင့်မှုမှာ ဦးညွှတ်အညံ့ခံပြီး အလိုက်သင့်နေဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ငါက နင့်ကို ဓမ္မတာအိုကို သင်ကြားပေးပြီး အဲဒီကမ္မကို ဖြတ်တောက်ခဲ့ဦးမှာပဲ… ဒါပေမဲ့ ငါက နင့်ကို ကျင့်ကြံမှု ကိုယ်တိုင်သင်ကြားပေးမှာတော့ မဟုတ်ဘူး… ဘာလက်ဆောင်ကိုမှလည်း ချန်ထားခဲ့မှာ မဟုတ်ဘူး”

“နင်က ဒူးမထောက်ခဲ့တာကြောင့် ငါက နင့်ဆီကနေ မနာခံမှုနဲ့ အသက်ဓာတ်စွမ်းအားကို အာရုံခံမိနိုင်ခဲ့တယ်”

ဆူဇီမိုက နားလည်သဘောပေါက်သွားခဲ့သည်။

ထိုစကားက အရာရာတိုင်းကို ရှင်းပြပေးလိုက်သည်။

တျဲယွဲ့သည် သူ၏ ဂေဟာမှာ နှစ်နှစ်ကြာအောင် နေထိုင်ခဲ့လျှင်တောင် သူမသည် သူ့ကို စကားများစွာ မပြောဆိုခဲ့ဖူးပေ။ သို့သော်လည်း ထိုဖြစ်ရပ်အပြီးမှာ သူမသည် သူ့ကို အရင်စတင်လာရှာပြီး သူကျင့်ကြံနိုင်စေရန် သူ့အား ဓမ္မတာအိုကို သင်ကြားပေးလိုခဲ့သည်။

ထိုစဉ်မှာပင် အစက ပြင်းထန်ကြမ်းတမ်းသော လေကို အံတုနေသည့် လိပ်ပြာက ရုတ်တရက် သူ၏ တောင်ပံများကို ညင်သာစွာ ခတ်လိုက်၏။

ချက်ချင်းပင် လောကက ရပ်တန့်သွားပုံရသည်။

နောက်ခဏ၌ လိပ်ပြာ၏ ကျောပေါ်ရှိ တုန်ယင်နေသော တောင်ပံများက ပို၍ပင် ကြောက်စရာကောင်းသော မုန်တိုင်းတစ်ခုကို စတင်လိုက်ပြီး အဘက်ဘက်ကို တိုက်ခတ်သွားစေ၏။

လိပ်ပြာကတော့ သူသည် မုန်တိုင်းကြားမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေ၏။

ဆူဇီမို၏ မျက်လုံးထဲတွင် ခရမ်းရောင်မီးတောင်နှစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာသည်။

စောစောက မြင်ကွင်းသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။

တျဲယွဲ့က တာအိုကို သင်ကြားပေးနေခြင်းဖြစ်သည်။

တကယ်တော့ ဓမ္မတာအိုတစ်ခုသည် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်ပေးနိုင်မည် မဟုတ်ပေ။

သို့သော်လည်း အစစ်အမှန်ခန္ဓာနှစ်ခုအနေဖြင့် သူတို့သည် ၎င်းထံကနေ အသိအမြင်များစွာကို ရရှိနိုင်သည်။

ဓမ္မတာအိုကို နားလည်ဆင်ခြင်နေသည့် ဆူဇီမိုကိုကြည့်ပြီး တျဲယွဲ့က ကျေနပ်သဘောကျမှုနှင့်အတူ ညင်သာစွာ ခေါင်းညိတ်လိုက်၏။

ထိုစဉ်မှာပင် တျဲယွဲ့၏ အမူအရာက ပြောင်းလဲသွားသည်။

သူမက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အဝေးတစ်နေရာကို တစ်ချက်လှမ်းကြည့်ပြီးနောက် နေရာကနေ ရုတ်တရက်ပျောက်ကွယ်သွား၏။

လိပ်ပြာတောင်ကြား…

အစည်းအဝေးခန်းမထဲမှာ…

တျဲယွဲ့က ရောက်ရှိလာသောအခါ အရှေ့ဘက် အရိုင်းနယ်မြေ၏ သားရဲဧကရာဇ်ရှစ်ပါးက ရောက်ရှိနေကြပြီဖြစ်သည်။

“ဘာဖြစ်လို့လဲ”

တျဲယွဲ့က အလယ်မှာထိုင်ပြီး မှင်သေသေဖြင့် မေးလိုက်၏။ သူမ၏ သွေးနီရောင်ဝတ်ရုံက စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထုတ်ဖော်နေ၏။

ဆူဇီမို၏ ဘေးမှာတုန်းက တျဲယွဲ့သည် သူမ၏ အားနည်းသောပုံစံကို အမှုမဲ့အမှတ်မဲ့ဖြင့် ဖော်ပြမိပေလိမ့်မည်။ သို့သော်လည်း အခြားသူများ၏ ရှေ့မှာ သူမသည် မဟာအရိုင်းကမ္ဘာကို ကိုင်လှုပ်နိုင်သည့် ပြိုင်ဘက်ကင်း သားရဲဧကရီ သွေးလိပ်ပြာဖြစ်သည်။

“ထိုက်အာတောင်ကြောရိုးမှာ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ် ဖြစ်သွားတယ်”

နဂါးဧကရာဇ် အထီးကျန်ပင်လယ်က ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်နေပြီး မတ်တတ်ထရပ်မလာခဲ့ပေ။ သူက တည်တံ့စွာဖြင့် ပြောလိုက်၏။

“အပြာရောင်အဖွဲ့က ထိုက်အာတောင်ကြောရိုးမှာ သိပ်မကြာခင် လှုပ်ရှားမှုတစ်ခု ပြုလုပ်လာလောက်တယ်… ထျန်ဝူက တစ်ယောက်တည်း မခုခံနိုင်မှာ ကျုပ်စိုးရိမ်မိတယ်”

“ထျန်ဝူက ကျူးရှူနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်… ဒါပေမဲ့ သူသေသွားခဲ့ပြီ”

တျဲယွဲ့က ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ လက်ရှိသားရဲဧကရာဇ်တချို့၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားသည်။

သားရဲဧကရာဇ် မဟာဖန်းက ပြောလိုက်၏။

“ဒီလိုဆိုမှတော့ ထိုက်အာတောင်ကြောရိုးကို လက်လွှတ်လိုက်ကြတာပေါ့… ကျုပ်တို့တွေက ကိုယ့်နေရာကိုတောင် အနိုင်နိုင်ဂရုစိုက်နေရတာ… သူတို့ကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး”

“အဲဒါက အကြံကောင်းလို့တော့ ငါမထင်ဘူး”

သားရဲဧကရာဇ် နတ်ဆင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ထိုက်အာတောင်ကြောရိုးမှာ တိုင်းပြည်တွေနဲ့ ဘီလီယံနဲ့ချီတဲ့ သက်ရှိတွေ ရှိနေတုန်းပဲ… ငါတို့ လက်လျှော့လိုက်တာနဲ့ အပြာရောင်အဖွဲ့က အဲဒီနေရာကို သိမ်းပိုက်ပြီး မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေက သတ်ဖြတ်ခံရလိမ့်မယ်”

“ဒါဆို ငါတို့ ဘာလုပ်ရမှာလဲ”

သားရဲဧကရာဇ် ဆန်းကြယ်မြွေက ပြောလိုက်၏။

“ငါတို့က အဲဒီနေရာကိုသွားပြီး ထောက်ပံ့မယ်ဆိုရင် ငါတို့ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ တောင်ကြောရိုးတွေက လစ်လပ်သွားလိမ့်မယ်… အပြာရောင်အဖွဲ့က အဲဒါကို အခွင့်ကောင်းယူလာမယ်ဆိုရင် ငါတို့တွေက ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရနိုင်တယ်”

ရုတ်တရက် နဂါးဧကရာဇ် အထီးကျန်ပင်လယ်က ပြောလိုက်သည်။

“သွေးလိပ်ပြာဝင်ပါမယ်ဆိုရင် ငါတို့တွေက အပြာရောင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်လောက်တယ်… ဒါပေမဲ့...”

ခဏမျှရပ်တန့်ပြီးနောက် သူက တျဲယွဲ့ကို ကြည့်လိုက်၏။

“အရင်တိုက်ပွဲပြီးသွားတာက ဘယ်လောက်မှ မကြာသေးဘူး… သွေးလိပ်ပြာ… ခင်ဗျားရဲ့ ထိခိုက်ဒဏ်ရာတွေက...”

တျဲယွဲ့က အမူအရာကင်းမဲ့စွာဖြင့် နဂါးဧကရာဇ် အထီးကျန်ပင်လယ်ကို တစ်ချက်ကြည့်ကာ မေးလိုက်၏။

“နင် ဘာကိုပြောချင်နေတာလဲ”

“ဘာရယ်တော့ မဟုတ်ပါဘူး”

သားရဲဧကရာဇ် အထီးကျန်ပင်လယ်က ပြောလိုက်၏။

“ခင်ဗျားရဲ့ ထိခိုက်ဒဏ်ရာတွေက အခုချိန်ထိ မပျောက်ကင်းသေးဘူးဆိုရင် ကျုပ်တို့တွေက ထိုက်အာတောင်ကြောရိုးကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်တော့ဘူးလို့ ကျုပ်က စဉ်းစားမိရုံပဲ… ဒီတိုင်းသာ ဆက်သွားရင် အရှေ့ဘက်အရိုင်းနယ်မြေတစ်ခုလုံးက အပြာရောင်အဖွဲ့ရဲ့ သိမ်းပိုက်ခံရဖို့ အချိန်တစ်ခုပဲ လိုတော့မယ်”

“ဒီလိုဆိုရင် ငါတို့တွေ ဘာလို့ဆက်ပြီး ခေါင်းမာနေကြဦးမှာလဲ… ငါတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ဆို ငါတို့က မြန်မြန်အညံ့ခံရင် အပြာရောင်အဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့ကိုယ်ငါတို့ ထောက်ပံ့ဖို့အတွက် အချိန်ပိုရမှာမလား”

All Chapters