ထိုက်ယွီတိုင်းပြည်
Vol. 196 Ch. 2927
မဟာအရိုင်းကမ္ဘာမှာ…
အရှေ့ဘက် အရိုင်းနယ်မြေနှင့် တောင်ဘက် အရိုင်းနယ်မြေ ဆုံရာအမှတ်မှာ လေဟာနယ်က ရုတ်တရက် ပွင့်ထွက်သွားပြီး ခရမ်းရောင်ဝတ် ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။ သူက ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး သူ၏ မျက်လုံးများက နက်ရှိုင်းနေ၏။ ထိုသူက သိုင်းတာအိုပင်မခန္ဓာ ဖြစ်သည်။
သူသည် မဟာအရိုင်းကမ္ဘာပေါ် အကြမ်းဖျင်းသာ နားလည်သဘောပေါက်ထားသည်။
မဟာအရိုင်းကမ္ဘာက ကျယ်ပြောပြီး အကြမ်းဖျင်းအားဖြင့် ပိုင်နက်နယ်မြေလေးခု ခွဲထားလေသည်။ သူတို့က အရှေ့ဘက် အရိုင်းနယ်မြေ၊ တောင်ဘက် အရိုင်းနယ်မြေ၊ အနောက်ဘက် အရိုင်းနယ်မြေနှင့် မြောက်ဘက် အရိုင်းနယ်မြေတို့ ဖြစ်သည်။
အစကတော့ ပိုင်နက်နယ်မြေလေးခုကို သူတို့၏ သက်ဆိုင်ရာ သားရဲဧကရာဇ်များက ထိန်းသိမ်းစောင့်ရှောက်ပေးနေပြီး တစ်ယောက်နှင့်တစ်ယောက် ကြားဝင်စွက်ဖက်ခြင်း မရှိကြပေ။
သို့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အပြာရောင်ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခုက မဟာအရိုင်းကမ္ဘာမှာ ပေါ်ထွက်လာပြီး နေရာတိုင်းမှာ လိုက်လံတိုက်ခိုက်ကာ ပြိုင်ဘက်ကင်းလုနီးပါးပုံစံဖြင့် မဟာအရိုင်းကမ္ဘာတစ်ခုလုံးကို မွှေနှောက်လာခဲ့သည်။
အပြာရောင်အဖွဲ့၏ မူလဇာစ်မြစ်ကို မည်သူကမှ မသိရှိကြပေ။ သူတို့၏ ခွန်အားက ထူးခြားအံ့မခန်းဖြစ်သည်ကိုသာ လူတိုင်းသိရှိထားကြသည်။
သို့သော်လည်း အပြာရောင်အဖွဲ့သည် အရှေ့ဘက် အရိုင်းနယ်မြေသို့ ရောက်ရှိလာသောအခါ သူတို့သည် အလွန်တရာ စွမ်းအားကြီးမားသော အဟန့်အတားတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။
အရှေ့ဘက် အရိုင်းနယ်မြေ၏ အရှင်သခင်က မဟာအရိုင်းကမ္ဘာမှ အသန်မာဆုံး သားရဲဧကရာဇ်ပညာရှင် သားရဲဧကရီ သွေးလိပ်ပြာ ဖြစ်လေသည်။
နှစ်ဦးနှစ်ဖက်ကြား စစ်မီးတောက်များက ဆက်လက်၍ ပျံ့နှံ့လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ မဟာအရိုင်းကမ္ဘာကို တုန်လှုပ်စေသော နောက်ဆုံးတိုက်ပွဲက ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထိုတိုက်ပွဲမှာ သားရဲဧကရီ သွေးလိပ်ပြာက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သူမက ဘယ်ဆီဘယ်ဝယ် ရောက်ရှိသွားသလဲ မသိရပေ။
အပြာရောင်အဖွဲ့ကလည်း ကြီးမားသော ပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး အရှေ့ဘက် အရိုင်းနယ်မြေပေါ် သူတို့၏ သိမ်းပိုက်အုပ်စိုးခြင်းကို ရပ်တန့်လိုက်ရသည်။
သိပ်မကြာခင် သားရဲဧကရီ သွေးလိပ်ပြာက စီးပိုးခြယ်လှယ်စွာ ပြန်လည်ရောက်ရှိလာပြီး ယခင်ကထက်ပင် ပိုမိုသန်မာလာခဲ့သည်။ သူမသည် သူမ၏ လက်အောက်ရှိ သားရဲများကို ဦးဆောင်ပြီး တန်ပြန်တိုက်ခိုက်ကာ သူတို့၏ ဆုံးရှုံးခဲ့ရသော ပိုင်နက်နယ်မြေများကို ပြန်လည်ရယူခဲ့သည်။
အပြာရောင်အဖွဲ့က တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ဆုတ်ခွာသွားကြသည်။
နောက်ပိုင်းမှာ အလွန်တရာ စွမ်းအားကြီးမားသော အင်အားတစ်စုက အပြာရောင်အဖွဲ့ဘက်မှာ ရုတ်တရက်ပေါ်ထွက်လာပြီး ဧကရာဇ်ပညာရှင်များစွာကလည်း လေထဲကနေ ရောက်ရှိလာသည့်အလား ပေါ်ထွက်လာကြသည်။
သူတို့ကြားမှာ မိုးပြာရောင်မီးတောက်ဟု ကျော်ကြားသော ဧကရာဇ်ပညာရှင်တစ်ဦးက ပြိုင်ဘက်ကင်းနေသည်။
အရှေ့ဘက် အရိုင်းနယ်မြေမှာ သားရဲဧကရီ သွေးလိပ်ပြာကသာ သူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်သည်။
အပြာရောင်အဖွဲ့ဘက်မှ ဧကရာဇ်ပညာရှင်များ၏ အရေအတွက်ကတော့ သူတို့သည် အရှေ့ဘက် အရိုင်းနယ်မြေထက် များစွာသာလွန်နေသည်။
ဧကရာဇ် မိုးပြာရောင်မီးတောက်အပြင် သူတို့ဘက်မှာ အထွတ်အထိပ် ဧကရာဇ်တချို့လည်း ရှိနေသည်။ တိုက်ခိုက်ရည်ခွန်အားအရဖြစ်စေ၊ သားရဲဘုရင် အရေအတွက်အရဖြစ်စေ သို့မဟုတ် သားရဲဧကရာဇ် အရေအတွက်အရဖြစ်စေ.. သူတို့သည် အရှေ့ဘက် အရိုင်းနယ်မြေကို ကောင်းကောင်းဖိနှိမ်နိုင်သည်။
တိုက်ပွဲတချို့အပြီးမှာ အရှေ့ဘက် အရိုင်းနယ်မြေက နောက်တစ်ဖန် စတင်၍ ဆုတ်ခွာလာရသည်။
အပြာရောင်အဖွဲ့သည် တောင်ဘက် အရိုင်းနယ်မြေ၊ အနောက်ဘက် အရိုင်းနယ်မြေနှင့် မြောက်ဘက် အရိုင်းနယ်မြေတို့ကို သိမ်းပိုက်ထားခဲ့ပြီဖြစ်သည်။ ယခု သူတို့သည် အရှေ့ဘက် အရိုင်းနယ်မြေ၏ ပိုင်နက်နယ်မြေများကို တစ်စတစ်စ ဝါးမျိုလာနေသည်။
ထိုနှုန်းထားအတိုင်းအရ အပြာရောင်အဖွဲ့သည် မဟာအရိုင်းကမ္ဘာကို သိမ်းပိုက်နိုင်ဖို့ အချိန်တစ်ခုသာ လိုတော့လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဦးတည်ဘက်ကို အတည်ပြုပြီးနောက် အရှေ့ဘက် အရိုင်းနယ်မြေသို့ ထွက်ခွာလာခဲ့သည်။
အရှေ့ဘက် အရိုင်းနယ်မြေမှာ…
ထိုက်အာတောင်ကြောရိုးသည် တောင်ဘက် အရိုင်းနယ်မြေနှင့် ချိတ်ဆက်ထားသော နယ်စပ်စည်းမျဉ်းတစ်ခု ဖြစ်သည်။
အရှေ့ဘက် အရိုင်းနယ်မြေသည် အဆင့်ဆင့်ထပ်နေသော တောင်ကြောရိုးများဖြင့် ပြည့်နှက်နေသည်။ ထိုက်အာတောင်ကြောရိုးသည် အရှေ့ဘက် အရိုင်းနယ်မြေ၏ တောင်ကြောရိုး ကိုးခုထဲမှ တစ်ခုဖြစ်သည်။
တောင်ကြောရိုးများပေါ်မှာ မရေမတွက်နိုင်သော သားရဲတောကောင်များက ကျင်လည်ကျက်စားနေကြသည်။
တောင်ကြောရိုးများ စုဆုံရာ နေရာများမှာ ပြန့်ကျဲနေသော မြို့ငယ်များနှင့် မျိုးနွယ်စုများပင်ရှိပြီး အရွယ်အစားအမျိုးမျိုး တိုင်းပြည်များကို ဖြစ်ပေါ်လာစေသည်။
တိုင်းပြည်တစ်ခုချင်းစီမှာ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အနည်းဆုံး ဘုရင်တစ်ပါး ရှိပေလိမ့်မည်။
ထိုက်အာတောင်ကြောရိုးမှာရှိသော ဘုရင်များအားလုံးကတော့ သူတို့သည် ထိုက်အာတောင်ကြောရိုး၏ အရှင် သားရဲဧကရာဇ် ထျန်ဝူ၏ အမိန့်ကို နာခံကြရသည်။
ထိုက်ယွီတိုင်းပြည်သည် ထိုက်အာတောင်ကြောရိုး၏ တိုင်းပြည်များထဲမှ တစ်ခုဖြစ်သည်။
၎င်းသည် ထိုက်အာတောင်ကြောရိုး၏ တောင်ဘက်စွန်းအပိုင်းမှာ တည်ရှိပြီး တောင်ဘက် အရိုင်းနယ်မြေနှင့် ကပ်လျက်ဖြစ်သည်။ ၎င်း၏ တည်နေရာက အလွန်တရာ အရေးပါပြီး အရှေ့ဘက် အရိုင်းနယ်မြေ၏ နယ်စပ်စည်းမျဉ်းလည်း ဖြစ်လေသည်။
ဤနှစ်များမှာ အပြာရောင်အဖွဲ့နှင့် အရှေ့ဘက် အရိုင်းနယ်မြေက ဤနေရာမှာ တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ကြသည်။
အရှေ့ဘက် အရိုင်းနယ်မြေနှင့် တောင်ဘက် အရိုင်းနယ်မြေကြား တောင်ကြောရိုးများနှင့် လျှိုမြောင်များသည် မရေမတွက်နိုင်သော အလောင်းများဖြင့် ပြည့်နှက်နေပြီး စီးဆင်းနေသော သွေးမြစ်များက အနည်းဆုံး နှစ်တစ်သောင်းကြာသည်အထိ ခန်းခြောက်သွားလိမ့်မည် မဟုတ်ပေ။
ဤနေ့မှာ မျှခြေသို့ ရောက်ရှိလာခဲ့သည်။
ထိုက်ယွီတိုင်းပြည်၏ ခန်းမထဲမှာ…
သားရဲစစ်ဗိုလ် တစ်ရာကျော်က ဤနေရာမှာ စုဝေးရောက်ရှိနေပြီး သားရဲဘုရင်ထိုက်ယွီ ရောက်အလာကို စောင့်နေကြသည်။
နှစ်ပေါင်းများစွာကြာအောင် စစ်ပွဲများကို ဆင်နွှဲလာခဲ့ပြီးနောက် မဟာအရိုင်းကမ္ဘာမှ သားရဲများစွာကို သားရဲစစ်ဗိုလ်များနှင့် သားရဲဘုရင်များဟူ၍ ရည်ညွှန်းခေါ်ဆိုကြသည်။ မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အဆင့် သားရဲများကိုတော့ သားရဲစစ်သည်များဟု ခေါ်ဆိုကြသည်။
ကောင်းကင်သားရဲများသည် များသောအားဖြင့် သားရဲစစ်သည်တစ်သောင်းကို တာဝန်ယူ အုပ်ချုပ်ရသည်။
ကမ္ဘာမြေသားရဲများကတော့ များသောအားဖြင့် သားရဲစစ်သည်တစ်ထောင်ကို တာဝန်ယူ အုပ်ချုပ်ရသည်။
သားရဲစစ်ဗိုလ်များကတော့ သူတို့သည် ပကတိဧကနယ်ပယ်နှင့် တူညီပြီး သားရဲစစ်သည်များအားလုံးကို အမိန့်ပေးစေခိုင်းနိုင်သည်။
ဤသားရဲစစ်ဗိုလ်များ၏ ကျင့်ကြံမှုနယ်ပယ်များက ကွဲပြားခြားနားသော်လည်း သူတို့အားလုံးသည် ထိုက်ယွီတိုင်းပြည်၏ ထောက်တိုင်များ ဖြစ်ကြသည်။
သားရဲစစ်ဗိုလ်များအားလုံးသည် အလွန်တရာ အရေးပါသော နေရာများကို ယူထားကြလေသည်။
“ဟီးဟီး”
လူအုပ်ကြားထဲမှာ ဖြောင့်စင်းသော မြားတစ်လက်လို သားရဲစစ်ဗိုလ်တစ်ဦးက ရယ်မောလိုက်၏။
“ငါတို့သုံးယောက်က တစ်ချိန်တည်းလိုလို တစ်ယောက်ပြီးတစ်ယောက် သားရဲစစ်ဗိုလ်တွေ ဖြစ်လာခဲ့ကြတယ်… ဂုဏ်ယူတယ်ကွာ… ငါတို့တွေ ကောင်းကောင်းသောက်စားကြရအောင်”
“ငါတို့တွေ မြေခွေးလေးကိုပါ ခေါ်လာနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ”
ဘေးတစ်ဖက်မှာ သေးသွယ်သော ခြေတံများနှင့်အတူ အစိမ်းရောင်ကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦးက ရုတ်တရက်ပြောလိုက်၏။
အစိမ်းရောင်ဝတ်အမျိုးသမီး၏ ရှည်လျားသော ဆံပင်များကို စည်းနှောင်ထားပြီး သူမကို ရဲစွမ်းသတ္တိရှိ၍ သေသပ်ကြော့ရှင်းသည့်ပုံပေါ်နေစေ၏။
အခြားတစ်ဖက်မှာ အတော်လေး ခံ့ညားသည့်ပုံပေါ်သည့် ရွှေရောင်ဆံပင်နှင့် မုတ်ဆိတ်များနှင့်အတူ ဗလတောင့်တောင့်အမျိုးသားတစ်ဦး ရှိနေသည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ ရှေ့မှာ သူ၏ အော်ရာက ပိုမိုအားနည်းနေ၏။
ရွှေရောင်ဆံပင်နှင့်အမျိုးသားက ပြောလိုက်သည်။
“မြေခွေးလေးက သားရဲဧကရာဇ် ပညာရှင်တစ်ဦးနဲ့အတူ ကျင့်ကြံနေတယ်… သူက ငါတို့ထက်အရင် သားရဲစစ်ဗိုလ်တစ်ဦး ဖြစ်လာလောက်ပြီ”
“အား…”
ဖြောင့်စင်းသော မြားတစ်လက်လို သားရဲစစ်ဗိုလ်က ထိုစကားကို ကြားသောအခါ သူက သက်ပြင်းချပြီး ညည်းတွားရေရွတ်လိုက်၏။
“ငါတို့ညီအစ်ကိုမောင်နှမခုနစ်ယောက် တက်လမ်းလှမ်းပြီးတဲ့နောက် ငါတို့တွေက အတူမဆုံစည်းနိုင်ခဲ့ကြဘူး… ငါသူတို့ကို တကယ်ပဲ လွမ်းနေပြီ”
“ဒီနှစ်တွေထဲမှာ သူတို့တွေ ဘာတွေလုပ်နေကြပါလိမ့်”
ရွှေရောင်ဆံပင်အမျိုးသားကလည်း ခေါင်းညိတ်ပြလိုက်၏။
“အစ်ကိုကြီးက အစောဆုံး တက်လှမ်းသွားတယ်… သူက ဘယ်ဆီဘယ်ဝယ်ရောက်နေလဲ မသိရဘူး…. အစ်ကိုမျောက်က ငါတို့နဲ့အတူ တက်လှမ်းလာပေမဲ့ သူကလည်း မတူညီတဲ့နေရာတစ်ခုကို ဆင်းသက်ရောက်ရှိသွားတယ်… အစ်ကိုညကတော့ သူ့ဆီကလည်း ဘာသတင်းမှမရဘူး”
အစိမ်းရောင်ဝတ် အမျိုးသမီးက ပြောလိုက်၏။
“ငါတို့လေးယောက်ကတော့ ကံကောင်းထောက်မစွာနဲ့ မဟာအရိုင်းကမ္ဘာကို အတူတက်လှမ်းလာခဲ့ကြတယ်”
ခဏမျှ ရပ်တန့်ပြီးနောက် အစိမ်းရောင်ဝတ်အမျိုးသမီးက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မြေခွေးလေးက မြေခွေးမျိုးနွယ်က ဧကရာဇ်ပညာရှင်တစ်ဦးနဲ့ ကျင့်ကြံနေတယ်… ငါတို့တွေ သူ့ကို မတွေ့ရတာ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီ”
“အခုအချိန်မှာ နယ်စပ်မှာရှိတဲ့တိုက်ပွဲတွေက ပြင်းထန်ကြမ်းတမ်းနေတယ်… ငါတို့မှာ လုံးဝ အချိန်မရဘူး”
ရုတ်တရက် ဖြောင့်စင်းသော မြားတစ်လက်လို သားရဲစစ်ဗိုလ်က ထူးဆန်းစွာ ရယ်မောလိုက်၏။
“ဒါပေမဲ့ မပူပါနဲ့… ငါတို့က ဒီမဟာအရိုင်းကမ္ဘာကနေ စောင့်နေသ၍ ငါတို့က တစ်နေ့မှာ အစ်ကိုကြီးနဲ့ သေချာပေါက် တွေ့ရလိမ့်မယ်”
“အစ်ကိုကြီးက သားရဲဧကရီ သွေးလိပ်ပြာနဲ့ ထူးခြားတဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်… ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက အားလုံးရဲ့ရှေ့မှာ သူတို့နှစ်ယောက်က… ဟီးဟီးဟီး…”
အစိမ်းရောင်ဝတ်အမျိုးသမီးက ပြုံးပြီး စနောက်ကာ အော်ငေါက်လိုက်လေသည်။
“အထူးတဆန်းလိုလုပ်ပြီး ပြောမနေနဲ့… မသိတဲ့သူတွေက သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ခဲ့တယ်လို့ ထင်နေဦးမယ်”
ရွှေရောင်ဆံပင်အမျိုးသားကလည်း ပြုံး၍ပြောလိုက်၏။
“အစ်ကိုကျား… အစ်ကိုကြီးက ဒီကိစ္စကို သိသွားရင် ခင်ဗျားကတော့ သေချာပေါက် ဆုံးမခံရတော့မှာပဲ”
“သူဘယ်လိုလုပ် သိမှာလဲ”
ဖြောင့်စင်းသော မြားတစ်လက်လို သားရဲစစ်ဗိုလ်က အဲဒါကို စိတ်ထဲမှာ ထည့်မထားဘဲ နှုတ်ခမ်းကို မဲ့လိုက်၏။
သူတို့သုံးယောက်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဆူဇီမိုနှင့် သွေးသောက်ညီအစ်ကိုမောင်နှမများ ဖြစ်ခဲ့သော ကျား၊ ကြိုးကြာချင်ချင်နှင့် ရွှေခြင်္သေ့တို့ ဖြစ်ကြသည်။
“ဒါနဲ့…”
ချင်ချင်က မေးလိုက်သည်။
“ဒီတစ်ခေါက် သားရဲဘုရင်က သားရဲစစ်ဗိုလ်တွေကို ဘာလို့ဆင့်ခေါ်ထားတာလဲ နင်တို့တွေ သိလား”
“ငါမပြောတတ်ဘူး”
သူတို့နှစ်ယောက်က ခေါင်းခါပြလိုက်၏။
ထိုစဉ်မှာပင် ခန်းမ၏ နောက်ဘက်ကနေ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖြည်းဖြည်းချင်း လျှောက်လှမ်းဝင်ရောက်လာ၏။ သူက အနက်ရောင် ကြေးခွံများကို ဝတ်ဆင်ထားပြီး သူ၏ မျက်လုံးများက အနည်းငယ် ပြူးထွက်နေ၏။ သူက ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး သိပ်မကြာခင် ခန်းမက တိတ်ဆိတ်ငြိမ်သက်သွားသည်။
သားရဲဘုရင် ကိုင်ယွီ…
“အားလုံးကို ငါဒီနေရာမှာ စုဝေးစေခဲ့တယ်ဆိုတာ ငါက မင်းတို့ကို အရေးကြီးတဲ့ကိစ္စတစ်ခု သတင်းပေးချင်လို့ပဲ”
သားရဲဘုရင် ကိုင်ယွီက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီနှစ်တွေအားလုံးမှာ အပြာရောင်အဖွဲ့ကို ရပ်တန့်တားဆီးလို့ မရတော့ဘူး”
“ငါအညံ့ခံဖို့ ပြင်ထားပြီးပြီ”
ထိုသို့ပြောလိုက်ပြီးနောက် သားရဲစစ်ဗိုလ်များစွာသည် မှင်တက်ကာ ခန်းမက တိတ်ဆိတ်ငြိမ်သက်သွား၏။
သားရဲဘုရင် ကိုင်ယွီ၏ စကားက သားရဲများစွာကို အငိုက်မိသွားစေသည်။
သို့သော်လည်း သိပ်မကြာခင် သားရဲစစ်ဗိုလ်တစ်ဦးက ရှေ့သို့ထွက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သားရဲဘုရင်… ခင်ဗျားက အညံ့ခံဖို့ ပြင်ထားပြီဆိုမှတော့ ကျုပ် ခင်ဗျားနောက်ကို လိုက်ပြီး အပြာရောင်အဖွဲ့ထဲကို ဝင်မယ်”
“ကျုပ်လည်း ပါမယ်”
“ကျုပ်က အညံ့ခံချင်နေတာ ကြာပြီ… ကျုပ်တို့တွေက ဘာပဲဖြစ်ဖြစ် သူတို့ကို မတားဆီးနိုင်တော့ဘူး”
သားရဲစစ်ဗိုလ်များက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး သူတို့၏ ရပ်တည်ချက်ကို ဖော်ပြလိုက်၏။
တကယ်တော့ နှုတ်ဆိတ်ကာ စောင့်ကြည့်နေဆဲဖြစ်သော သားရဲများစွာ ရှိနေသေးလေသည်။
ကျားနှင့် အခြားနှစ်ယောက်က ပျက်ယွင်းနေသော အမူအရာများဖြင့် မျက်မှောင်ကြုတ်လိုက်၏။
တစ်ဖက်မှာ သူတို့သုံးယောက်သည် အစကတည်းက အပြာရောင်အဖွဲ့ထဲသို့ မဝင်ရောက်လိုပေ။
တစ်ဖက်မှာတော့ သူတို့က အပြာရောင်အဖွဲ့ထံ အညံ့ခံဖို့ ရွေးချယ်မည်ဆိုလျှင် သူတို့သည် သားရဲဧကရီ သွေးလိပ်ပြာကို သစ္စာဖောက်ခြင်းနှင့် တူလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်သည် သားရဲဧကရီ သွေးလိပ်ပြာ၏ ပေါ်ထွက်လာမှုကြောင့် ကယ်တင်ခြင်း ခံခဲ့ရသည်ကို သူတို့မျက်လုံးနှင့် တစ်ခါက ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ သူတို့က သူမကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်ပါ့မလဲ။