အခန်း (၁၇၂)
Vol. 18 Ch. 172
ယခုတစ်ကြိမ်တွင် လင်းကျန်းအန်းတို့က ဆေးဝါးကုန်ကြမ်းအိတ်ကြီးသုံးအိတ်ကို ပို့ဆောင်ခဲ့သည်။
ဆေးဝါးကုန်ကြမ်းများ၏
ရှားပါးမှုနှင့် ဆေးဖက်ဝင်မှုတန်ဖိုးအရ မြို့ဆေးရုံမီ သူတို့အား စုစုပေါင်း ယွမ်နှစ်ရာ့ငါးဆယ် ပေးခဲ့ပြီး အချို့သောလဲလှယ်မှုတံဆိပ်များကိုလည်း ပူးတွဲပေးခဲ့သည်။
ယခင်သတ်မှတ်ချက်အရ ဤလဲလှယ်မှုတံဆိပ်များမှာ
သူတို့စည်းမျဉ်းထဲတွင် မပါ၀င်ပေ။
လင်းကျန်းအန်းနှင့် တခြားသူများကလည်း ဆေးရုံကို ဤအကြောင်းကို မပြောပြထားခဲ့ပါချေ။
မမျှော်လင့်ဘဲ ဒေါက်တာတုန်က ဤအကြောင်းကို ဆေးရုံသို့ ပြောပြခဲ့ပြီး လင်းကျန်းအန်းနှင့် အခြားသူများက
ဆေးရုံ၏ဝန်ထမ်းများမဟုတ်လျှင်ပင် သူတို့က ဆေးဝါးများကို
ပို့ဆောင်ပေးနေပြီး ဆေးရုံအတွက် အလုပ်လုပ်နေသောကြောင့် သူတို့အား ဆေးရုံ၏အဖွဲ့ဝင်အဖြစ် သတ်မှတ်နိုင်သည်ဟု ပြောပေးခဲ့သည်။
ဤသို့ဆိုပါက သူတို့ဆေးရုံက ၀န်ထမ်းများကို ပုံမှန်ပေးချေသည့်နည်းလမ်းအတိုင်းပင် လင်းကျန်းအန်းနှင့် အခြားသူများကိုလည်း သင့်လျော်သည့် ထောက်ပံ့ငွေအချို့ကို ပေးနိုင်ပေသည်။
ဆေးရုံမှ လူများက ဤကိစ္စကို
မငြင်းဆန်ခဲ့ကြသကဲ့သို့
လင်းကျန်းအန်း ပို့ဆောင်ခဲ့သည့်
ဆေးဝါးကုန်ကြမ်းများမှာလည်း
ကောင်းမွန်နေသည့်အတွက်ကြောင့်
မည်သို့မှ မပြောတော့ပေ။
သူတို့အနေဖြင့်လည်း အနာဂတ်၌ ရေရှည် ပူးပေါင်းချင်ခဲ့ကြသည်။
ဒေါက်တာတုန် ထိုသို့ပြောခဲ့ရခြင်းမှာ
သူသည်ကား ယခင်က
လင်းမိသားစုထံသို့ ရောက်ခဲ့ဖူးပြီး
ကျေးလက်ဒေသမှ လယ်သမားများမှာ ထိုကုန်ပစ္စည်းလက်မှတ်ကဲ့သို့ အရာများကို လိုအပ်နေကြပြီး ရရှိရန်မည်မျှ ခက်ခဲနေသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။
သူ့အနေဖြင့် လင်းကျန်းအန်းနှင့် အခြားသူများကို ဤလက်မှတ်များကို ရရှိရန် ကူညီပေးနိုင်မည်ဆိုပါက
ကူညီပေးချင်သည်ဟု တွေးခဲ့သည်။
သူက လင်းကျန်းအန်းထံတွင်
ထိုအကြောင်းကို မပြောပြခဲ့ပေ။
သို့သော် လင်းကျန်းအန်းအနေဖြင့်
ထိုအသုံပြုလက်မှတ်မြားကို ရခဲ့သည့်နောက်တွင် သူ၏ဘေးမှ ဆရာဝန်က မတော်တဆ ပြောလိုက်ရာမှ
ဤကိစ္စအား နောက်ကွယ်၌
ဒေါက်တာတုန်မှ တိတ်ဆိတ်စွာ ကူညီပေးခဲ့သည်ကို သိလိုက်ရသည်။
“ဒေါက်တာတုန်က တကယ်ကို လူကောင်းတစ်ယောက်ပဲ!”
“သူ နောက်တစ်ခေါက်လာရင် ငါတို့ သူ့ကို ပိုပြီး ကောင်းကောင်းဧည့်ခံပေးရမယ်!”
ဒေါက်တာတုန်သည် သူတို့၏
ကောင်းကျိုးအတွက် ကူညီပေးခဲ့ကြောင်းကို လင်းမိသားစု၀င်များ
ကြားရသည့်အခါ၌ အလွန်စိတ်လှုပ်ရှားသွားခဲ့ကြသည်။
လင်းကျန်းအန်းလည်း ရယ်မောကာ ပြောလာသည်။
“ဟုတ်တယ်၊ ဒါပေမဲ့ သူထပ်လာတာကို စောင့်နေစရာ မလိုဘူးလို့ ကျွန်တော် ထင်တယ်၊ နောက်တစ်ခါ ကျွန်တော်တို့ ဆေးဝါးကုန်ကြမ်းတွေ
သွားပို့တဲ့အခါ အခွင့်အရေး ရလာဦးမှာပဲလဆ”
ထိုသို့ပြောပြီးသည့်နောက်၌
သူသည် လင်းရန်အား
ရှားရှားပါးပါး ရှက်ရွံ့အားနာစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ရန်ရန်၊ မနေ့က အဖေ ဆေးရုံမှာတုန်းက ဒေါက်တာတုန်ကို ပြောခဲ့တယ်၊
နောက်တစ်ခါ အဖေ အဲ့ဒီကို သွားရင် မင်း ချက်ပြုတ်တဲ့ အသားနှပ်ဟင်းတချို့ကို သူ့အတွက် ယူပေးခဲ့မယ်
လို့ ပြောခဲ့တာ၊ အဖေ မင်းကို ကြိုပြီး မပြောမိခဲ့ဘူး၊ အဖေအတွက် ကျေးဇူးပြုပြီး အဲဒီဟင်းလေးတွေ လုပ်ပေးပါဦး”
လင်းကျန်းအန်းမှာ သူ၏သမီးကို ကြို၍ မပြောထားဘဲ ဆုံးဖြတ်ခဲ့သည့်အတွက်ကြောင့် အားနာသကဲ့သို့ ခံစားနေခဲ့ရသည်။
သို့သော်လည်း လင်းရန်ကတော့
ဤကိစ္စမှာ ပြသနာမဟုတ်ဟု တွေးခဲ့ပြီး ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပါပြီ၊
ဒီတစ်ခေါက် ကျွန်မတို့ တိုက်တိုက်ဆိုင်ဆိုင်အသားလက်မှတ်တွေလည်း ရထားတာဆိုတော့ ဒေါက်တာတုန်အတွက် အသားကောင်းကောင်းတချို့ကို ဝယ်ပြီး ချက်ပြုတ်လို့ရပါတယ်၊ အချိန်ကျရင် အဖေ သူ့ကို ပို့ပေးလိုက်ရုံပဲ”
ကျေးဇူးတရားဆိုသည်မှာ အပြန်အလှန် ရှိရပေလိမ့်မည်။
ဒေါက်တာတုန်သည်က သူတို့အတွက် ဤကဲ့သို့ကြီးမားသည့်
အကျိုးကျေးဇူးများကို ရယူပေးခဲ့သည်။
အနာဂတ်၌ သူတို့ ဆေးဝါးကုန်ကြမ်းပို့သည့်အခါတိုင်းတွင် ပိုက်ဆံအပြင် ကုန်ပစ္စည်းလက်မှတ်များကိုပါ ရရှိလိမ့်မည်။
သို့သော်လည်း သူတို့အနေဖြင့်ဒေါက်တာတုန်အတွက်
အသားပြုတ်ဟင်းတစ်ကြိမ်မျှသာ ချက်ပြုတ်ပေးရမည်ဖြစ်သည်။
ပြောရလျှင် ဒေါက်တာတုန်သည်သာ
သူတို့အား ပို၍ကူညီခဲ့ခြင်းဖြစ်ပေသည်။
သူ၏သမီးမှ မငြင်းဆိုသည်ကို မြင်သည့်အခါ၌ လင်းကျန်းအန်းလည်း စိတ်သက်သာရာရသွားခါ့သည်။
လင်းကျန်းအန်း အိမ်၌ ခဏတာနေပြီးသည့်နောက်တွင် ပိုက်ဆံ၊ လက်မှတ်နှင့် တခြားအရာများကို အလျင်အမြန် ယူကာ အဖွဲ့ထဲတွင် ပါဝင်ခဲ့သော တခြားလူများကို သွား၍ရှာခဲ့သည်။
ပြီးသွားလျှင် သူတို့အနေဖြင့် အမှတ်များကို ခွဲဝေရန်နှင့်တောင်ပေါ်သို့ တက်ရန်စီစဉ်ကာ အချိန်ကို ဂရုတစိုက် တွက်ချက်ရလိမ့်မည်ဖြစ်သည်။
လင်းကျန်းအန်းက ထပ်မံထွက်သွားခဲ့ပြီးနောက်အိမ်တွင်ရှိသည့် အခြားလူများကလည်း ရေချိုးကာ သန့်ရှင်းရေးလုပ်ရန် ထွက်ခွာခဲ့ကြသည်။
လင်းရန်လည်း မီးဖိုချောင်သို့ လျှောက်သွားခဲ့ပြီး အဘွားလင်း၊ လင်းကျန်းဖူတို့နှင့်အတူ မိသားစုအတွက် ချက်ပြုတ်ပေးခဲ့လေသည်။
သို့သော်လည်း မီးဖိုချောင်သို့ ရောက်ပြီးနောက် အဘွားလင်းနှင့် သူမ၏ဒေါ်လေး လင်းကျန်းဖူတို့က
လင်းရန်မှာ ယနေ့ အထူးတိတ်ဆိတ်နေပုံရပြီး သိပ်ပြီး အာရုံစူးစိုက်နိုင်ခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။
သူမက အကြိမ်များစွာ ငေးငိုင်နေခဲ့ပြီး ချက်ပြုတ်ရာမှ အာရုံလွဲနေပုံရသည်။
အဘွားလင်းနှင့် လင်းကျန်းဖူတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
အမျိုးသမီးများသည်ကားမွေးရာပါ ပို၍ အာရုံခံစားလွယ်ကြသောကြောင့် သူတို့နှစ်ယောက်လုံးက လင်းရန်တွင် တစ်ခုခုမှားနေသည်ကို လျင်မြန်စွာ သိလိုက်ကြလေသည်။
“ရန်ရန်၊ မင်း ရှောင်စုန့်အကြောင်းကို တွေးနေတုန်းပဲလား”
လင်းကျန်းဖူ ရုတ်တရက် စကားပြောလိုက်သည့်အခါတွင် လင်းရန်လည်း ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။
လင်းရန်က အေးဆေးတည်ငြိမ်ဟန်ဆောင်ပြီး ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“အာ၊ မဟုတ်ပါဘူး၊ ဒေါ်လေး ဘာလို့ ဒီမေးခွန်းကို ရုတ်တရက် မေးတာလဲ”
လင်းရန်သည်ကား အပေါ်ယံ၌ ပို၍ အေးဆေးတည်ငြိမ်နေလေလေ၊
စိတ်ထဲ၌ ပို၍ အားနည်းနေသကဲ့သို့ ခံစားရလေလေဖြစ်ပေသည်။
သူမသည်ကား မတိုင်ခင်အချိန်တုန်းက စုန့်ရှီးယန်၏အကြောင်းကို အမှန်တကယ်ပင် တွေးနေခဲ့ခြင်းဖြစ်သည်။
သို့သော် သူမသာ ဝန်ခံလိုက်မည်ဆိုပါက သူမ၏ဒေါ်လေးမှ သူမနှင့် စုန့်ရှီးယန်တို့ကြား၌ တစ်ခုခု ရှိနေသလား ဟူ၍ သေချာပေါက်ပင် တွေးမိပေလိမ့်မည်။
အမှန်တကယ်တမ်းတွင် သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ လုံးဝပင် အရှုအရှင်းမရှိဟု ပြော၍ ရ၍ရနိုင်ပေသည်။
လင်းရန်အနေဖြင်် စုန့်ရှီးယန်မှ ယခင်က သူမအား တစ်ခုခု ပေးခဲ့သည့်အကြောင်းကို တွေးလုက်မိသည်။ ယခု ထိုအကြောင်းကို တွေးလိုက်သည့်အခါ၌ သူမ၏ကျိုးကြောင်းစီလျော်မှုမရှိသော စိတ်ကူးယဉ်မှုတစ်ခုဟုပင် သူမ တွေးလုနီးပါး ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် စုန့်ရှီးယန်သည်က သူ့မအား လက်ဆောင်ပေးပြီးသည့်နောက်တွင် အဖေလင်းနှင့်အတူ မြို့ကို လိုက်သွားခဲ့သည်။
သူ ပြန်လာပြီးသည့်နောက်တွင် တောင်ပေါ်၌ ရက်အနည်းငယ်နေခဲ့ပြီးမြို့သို့ ထပ်၍ အလျင်အမြန်သွားခဲ့ကာ နောက်ဆုံးတွင်တော့ မစ်ရှင်ထမ်းဆောင်ရန် ထွက်သွားခဲ့လေသည်။
မူလက လင်းရန်အနေဖြင့် စုန့်ရှီးယန်မှ သူမအပေါ် အံ့အားသင့်ဖွယ် တိုးတက်မှုများ ရှိမည်လားဆိုသည်ကို ကြည့်ရှုရန် စောင့်ဆိုင်းနေခဲ့သော်လည်း စုန့်ရှီးယန်က ချက်ချင်းပင် ထွက်သွားခဲ့သည်။
မူလက သူတို့နှစ်ဦးအနေဖြင်် တစ်ဦးနှင့်တစ်ဦး မည်သို့မှဆက်နွယ်ခြင်းမရှိခဲ့ပေ။
အရှုပ်အရှင်းများပင် မရှိကြသေးသည့်အတွက်ကြောင့် လင်းရန်ဘက်မှ သူ့အကြောင်းကို ပြောရန် အနေအထားမရှိခဲ့ပါချေ။
သို့သော်လည်း မစ်ရှင်ထမ်းဆောင်ရန်အတွက် ရုတ်တရက် ထွက်ခွာသွားရသည့် အကြောင်းကို တွေးလိုက်မိသည့်အခါ၌ သူမ အကြောင်းပြချက်မရှိဘဲ စိတ်မပျော်မရွှင်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
ဤသည်မှာ ရတနာသေတ္တာတစ်ခုကို မတော်တဆ တွေ့လိုက်ရပြီ မျှော်လင့်တကြီးဖြင့် ဖွင့်ရန် စောင့်ဆိုင်းလိုက်မိသကဲ့သို့ ခံစားရသည်။
သို့သော်လည်း ရတနာသေတ္တာကို တစ်စုံတစ်ယောက်က ရုတ်တရက် ယူသွားခဲ့ပြီး အထဲ၌ မည်သည့်အရာများရှိသည်ကိုပင် သူမ မသိလိုက်ရပေ။
သူမအနေဖြင့် စုန့်ရှီးယန်က အဖိုးတန်သည့် ကောင်လေးတစ်ယောက်ဖြစ်ကြောင်းကိုတော့ ဝန်ခံချင်စိတ်မရှိခဲ့ပေ။
အများဆုံးအနေဖြင့် အချက်အလက်အားလုံးခြုံကြည့်လျှင် စုန့်ရှီးယန်မှာ အရည်အချင်းမြင့်သည့်လူတစ်ဦးဖြစ်ပြီး သူမဘက်မှ မငြင်းဆိုခဲ့သည့် ရှားပါးယောက်ျားတစ်ဦး ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ် ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် လင်းရန်အနေဖြင့် စုန့်ရှီးယန်ထံမှ အမှတ်အချို့ကို နှုတ်ရန် ဆုံးဖြတ်လိုက်သည်။
အကြောင်းရင်းကတော့ စုန့်ရှီးယန်ဘက်မှ သူမအား နှုတ်မဆက်ဘဲ ရုတ်တရက် ထွက်သွားခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။
လင်းရန်အမုန်းတီးဆုံးသည်လည်း ဤအခြေအနေပင် ဖြစ်လေ၏။
အကယ်၍ စုန့်ရှီးယန် ပြန်လာပြီး
အခြေအနေကို မှန်မှန်ကန်ကန်ရှင်းပြမည်ဆိုလျှင် လင်းရန်အနေဖြင့် သူ့အား ခွင့်လွှတ်ပေးရန် စဉ်းစားထား၏။
သို့သော် နောက်ပိုင်း ပြန်မလာတော့လျှင် သို့မဟုတ် ပြန်လာသည့်တိုင် အလေးအနက်မထားလျှင်မူ လင်းရန်သည်ကား သူ့အား ထပ်မံ၍စဉ်းစားတော့မည်မဟုတ်ပေ။
လောကကြီးတွင် ယောက်ျားများစွာရှိ၏။ အကယ်၍ အဆင်မပြေလျှင်လည်း တခြားသူတစ်ဦးနှင့် အစားထိုးလိုက်ပေမည်။
ပို၍အရေးကြီးသည်မှာ သူမ၏မိသားစုက ဆင်းရဲတွင်းမှ မလွတ်မြောက်သေးသည့်အတွက်
အချစ်ရေးသည်က သူမအတွက် ဦးစားပေးမဟုတ်သေးပေ။
ထို့ကြောင့် ပထမဆုံးအနေဖြင့် ငွေရှာရမည်။
အနည်းဆုံး ပိုက်ဆံဆိုသည်မှာ အကြောင်းမဲ့ ပျောက်ကွယ်သွားမည့်အရာမျိုး မဟုတ်ပါချေ။
သူမ၏ အဒေါ်ဖြစ်သူ လင်းကျန်းဖူမှ သူမအား စူးစမ်းလိုစွာဖြင့် ကြည့်နေသည်ကိုမြင်လျှင် လင်းရန် ပြုံးပြကာ ပြောလိုက်သည်။
“ဒေါ်လေး ကျွန်မ တကယ်အဆင်ပြေပါတယ်၊ ကျွန်မက ဈေးဝယ်ထွက်ရင် ဘယ်နေရာကနေဝယ်ရမလဲဆိုတာနဲ့ ခရိုင်ခေါင်းဆောင်ဟောင်းက ကျွန်မပြင်ဆင်ပေးထားတဲ့ ဟင်းတွေကို ဘယ်လိုသဘောထားမလဲဆိုတာကိုပဲ စဉ်းစားနေတာပါ”
သူမ ပြင်ဆင်ထားသော ဟင်းပွဲစာရင်းကို မနေ့တစ်နေ့ကပင် ချန်ဝမ်ထံသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။
ချန်ဝမ်သည်လည်း သူ၏ယောက်ဖ
လီကျင်းခမ်းထံသို့ ထပ်မံ၍ပေးပို့ရဦးမည်ဖြစ်သောကြောင့် သူမအနေဖြင့် ချန်ဝမ်၏ အကြောင်းပြန်စာကို နှစ်ရက်ခန့် စောင့်ရပေမည်။
သို့သော်လည်း ကံကောင်းစွာဖြင့် နောက်တစ်နေ့တွင် ခေါင်းဆောင်ဟောင်းထံမှ အကြောင်းပြန်စာကို ရရှိနိုင်တော့မည်ဖြစ်ပြီး သူမလည်း စိတ်အေးရပေမည်။
ဤပွဲအတွက် ဟင်းချက်စရာများကိုလည်း သူမ ပြင်ဆင်ရန် မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်ဟောင်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များမှာ ခရိုင်မြို့တွင်ရှိနေသည့်အတွက်ကြောင့် ပစ္စည်းအမျိုးမျိုးဝယ်ယူရန်မှာ ဤနေရာထက် ပို၍အဆင်ပြေပေလိမ့်မည်။
လင်းရန်အနေဖြင့် သူမ၏ ကိုယ်ပိုင် ဟင်းခတ် အမွှေးအကြိုင်များနှင့် အခြားအသေးစားပစ္စည်းများကိုသာ ယူသွားရုံဖြင့် လုံလောက်ပြီဖြစ်သည်။
လင်းရန်မှ စီးပွားရေးအကြောင်းကိုစဉ်းစားနေသည်ဟု ကြားသည့်အခါတွင် လင်းကျန်းဖူသည်လည်း များများစားစား မတွေးတော့ပေ။
“စိတ်မပူပါနဲ့၊ ခေါင်းဆောင်ဟောင်းက အရမ်းကောင်းပါတယ်၊သူကအရမ်းကြီး ဇီဇာကြောင်နေလောက်မှာ မဟုတ်ပါဘူး”
သူမ ပြောသည်ကို ဒေါ်လေးဖြစ်သူမှ ယုံကြည်သွားသည်ကိုမြင်မှသာ လင်းရန်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
“ကောင်းပါပြီ၊ ဟင်းပွဲတွေကို ရွေးချယ်ပြီးပြီဆိုရင်တော့ ဒေါ်လေး ကျွန်မကို ကူညီရတော့မှာပဲ”
*