အခန်း (၁၇၅)
Vol. 18 Ch. 175
စုန့်ရှီးယန် လှည့်ကြည့်လိုက်သည့်အချိန်တွင် လူငယ်တစ်ဦးက ဤနေရာဘက်သို့ အလျင်အမြန် လျှောက်လာနေသည်ကို တွေ့လိုက်ရပြီး လင်းကွမ်းချင်းနှင့် တခြားသူများက သူ၏နောက်မှ လိုက်ပါလာကြသည်။
လင်းကွမ်းချင်းက စုန့်ရှီးယန်ကို မြင်လျှင် အလျင်အမြန် လျှောက်လာခဲ့ပြီး ရထားဘူတာရုံရှိ နောက်ဆက်တွဲအခြေအနေကို ရှင်းပြပေးခဲ့သည်။
စုန့်ရှီးယန်က ပါမောက္ခဟောင်ကို ဆေးရုံသို့ ခေါ်ဆောင်သွားပြီးနောက်တွင် ရထားဘူတာရုံမှ ဝန်ထမ်းတစ်ဦးက လင်းကွမ်းချင်းကို သွားရှာပြီး ဤကိစ္စအား ပြောပြခဲ့သည်ဟု သိရသည်။
လင်းကွမ်းချင်းက လာရောက်ခေါ်ဆောင်သည့် တပ်သား နှစ်ယောက်နှင့် စကားမပြောတော့ဘဲ ဘူတာရုံမှဝန်ထမ်းနှင့်အတူ ဆေးရုံသို့ သွားရန် စီစဉ်ခဲ့သည်။
သို့သော်လည်း လင်းကွမ်းချင်း ရထားဘူတာရုံမှ မထွက်ခွာမီတွင် ပါမောက္ခဟောင်၏ မြေးဖြစ်သူ ဟောင်ပင်းက ရထားဘူတာရုံ၌ လူ ရှာနေသည်ကို တွေ့မြင်ခဲ့ရသည်။
သူ့၏အမူအရာအရ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိသည့်အတွက်ကြောင့် လင်းကွမ်းချင်းက သွားရောက် မေးကြည့်ရာ ထိုလူငယ်မှာ လူပျောက်သွားချိန်တွင် ကိုယ်တိုင်သာ ယောင်ချာချာနှင့် ရှာရုံသာ လုပ်တတ်ပြီး တခြားသူများကို အကူအညီတောင်းခံရမှန်း မသိသည့် ပါမောက္ခဟောင်၏ မြေးဖြစ်သူ ဟောင်ပင်းဖြစ်ကြောင်း သိခဲ့ရသည်။
ထိုနောက်တွင် သူက ဟောင်ပင်းကိုပါ အပြင်သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် အပြင်ဘက်မှ အစောင့်တပ်ဖွဲ့၏ခေါင်းဆောင်နှင့် အခြားသူများကို အသိပေးခဲ့ကာ ဆေးရုံသို့ အတူလာခဲ့ကြခြင်းဖြစ်သည်။
ဤကိစ္စများကို ကြားပြီးသည့်နောက်တွင် စုန့်ရှီးယန်က မျက်မှောင်ကြုတ်ကာ ဟောင်ပင်းဘက်သို့ လှမ်းကြည့်ပြီး မေးခဲ့သည်။
“သူက ရထားပေါ်မှာ ဘာလုပ်နေခဲ့တာတဲ့လဲ”
လင်းကွမ်းချင်းမှ ပြန်ဖြေလာသည်။
“သူက ရထားပေါ်က မဆင်းခင် ခဏအိပ်ပျော်သွားတယ်လို့ ပြောတယ်၊ သူနိုးလာတော့ ဘူတာရုံကို ရောက်နေပြီ၊ ပါမောက္ခဟောင်ကိုလည်း မတွေ့တော့ဘူးတဲ့၊ အဲဒါနဲ့ ပါမောက္ခဟောင်က အရင်ဆင်းသွားတယ်လို့ သူထင်ခဲ့တာ၊
ဒါကြောင့် သူ ရထားပေါ်ကဆင်းပြီး အပြင်မှာ ပါမောက္ခဟောင်ကို အကြာကြီးရှာပေမဲ့ ရှာမတွေ့တော့ တစ်ခုခုမှားနေပြီလို့ သူ တွေးမိလိုက်လို့....”
စုန့်ရှီးယန်တစ်ယောက် ဤအကြောင်းကို ကြားသည့်အခါ ဟောင်ပင်းအား ငတုံးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်ပြီး အလွန်စိတ်ပျက်နေခဲ့ပုံရသည်။
သို့သော်လည်း ဤအချိန်တွင် ဟောင်ပင်းမှာ အမှန်တကယ် စိုးရိမ်နေပုံပေါ်သည့်အတွက်ကြောင့် မည်သည့်စကားကိုမှမပြောတော့ဘဲ လင်းကွမ်းချင်းအား ပြောလိုက်သည်။
“ဒီမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ငါ အထက်အရာရှိတွေကို ဖုန်းဆက်ပြီးပြောပြလိုက်မယ်၊ အထူးသဖြင့် တာဝန် ပေါ့ဆတဲ့သူတွေကို ပြောရမယ်၊ သူတို့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း သိအောင် ပြောပြရမယ်”
အစောင့်တပ်ဖွဲ့မှ ခေါင်းဆောင်မှာ စုန့်ရှီးယန်မှ ပါမောက္ခဟောင်အား အရင်တွေ့ရှိခဲ့သည့်အတွက်ကြောင့် အပြစ်ရှိသကဲ့သို့ ခံစားနေခဲ့ရသည်။
သို့သော် ရုတ်တရက် စုန့်ရှီးယန်မှ ဤသို့ပြောသည်ကို ကြားသည့်အခါ၌ သူ တုန်လှုပ်သွားခဲ့လေသည်။
“ဟေး၊ ငါတို့တာဝန်တွေကို ပေါ့ဆတယ်ဆိုတာ မင်း ဘာကိုဆိုလိုတာလဲ၊ ငါတို့အားလုံး စည်းကမ်းတွေအတိုင်း အပြင်မှာ စောင့်နေကြတာ၊
တစ်ယောက်ယောက်မှာ ပြဿနာရှိတယ်လို့ ပြောမယ်ဆိုရင် တခြားလူတွေကို ဂရုမစိုက်တဲ့ ပါမောက္ခဟောင်နဲ့ သူ့မြေးပဲ ဖြစ်လိမ့်မယ်”
ဟောင်ပင်းတွင် အပြစ်ရှိသည်မှာ မှန်ပေသည်။ သို့သော်လည်း ဤအရေးကြီးပုဂ္ဂိုလ်အား ခေါ်ဆောင်ရမည့်အချိန်မှာ ၁၂ နာရီအတိဖြစ်သည်။
အချိန်များ ကုန်သွားသည့်တိုင် သူတို့စောင့်နေသည့်သူ ရောက်မလာပါက သူတို့အနေဖြင့် ပို၍သတိထားကာ ရှာသင့်သည် မဟုတ်ပါလား။
သို့သော်လည်း ထိုအချိန်တွင် ထိုခေါင်းဆောင်က ရထား နောက်ကျသည်မှာ ပုံမှန်ဖြစ်ကြောင်းပြောခဲ့ပြီး သူတို့ကိုလည်းအပြင်တွင်သာ စောင့်ခိုင်းခဲ့ကာ သူတို့၏အကြံပြုချက်ကိုပင် မထောက်ခံသောပုံစံဖြင့် ကြည့်ခဲ့သည်။
စုန့်ရှီးယန်သည်ကား ထိုကဲ့သို့သောလူများနှင့် စကားပြောလိုစိတ် မရှိတော့ပေ။ လင်းကွမ်းချင်းသည်လည်း ခေါင်းဆောင်ဖြစ်သူ၏အမူအရာကိုမြင်သည်နှင့် သဘောထားကို ချက်ချင်း နားလည်သွားကာ တစ်ဖက်မှ တပ်ဖွဲ့ခေါင်းဆောင်အား အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
“ရဲဘော်၊ ကျွန်တော်တို့က အထက်ကခေါင်းဆောင်ကို အမှန်အတိုင်းပဲ အစီရင်ခံမှာပါ၊ ခင်ဗျားသာ ဘာအမှားမှ မလုပ်ထားဘူးလို့ ထင်ရင် စိတ်ပူစရာ မလိုပါဘူး၊ အပြစ်ရှိတယ်ဆိုရင်တော့ ခင်ဗျားရဲ့လုပ်ရပ်ကိုတော့ ခင်ဗျား တာဝန်ယူရလိမ့်မယ်”
“မင်း၊ မင်း! မင်းတို့ရဲ့ခေါင်းဆောင်က ဘယ်သူလဲ၊ ငါ့ကိုပြောစမ်း၊ ငါကိုယ်တိုင် သူ့နှင့် စကားပြောချင်တယ်!”
စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့၏ အေးတိအေးစက် အမူအရာကို မြင်လျှင် ထိုတပ်ဖွဲ့ခေါင်းဆောင်လည်း ထိတ်လန့်သွားခဲ့ပြီး တစ်ချိန်တည်းတွင် ဒေါသထွက်လာသည့်အတွက်ကြောင့် စုန့်ရှီးယန်အား သူတို့၏ ခေါင်းဆောင်နှင့်သာ စကားပြောလိုကြောင်း ပြောလိုက်လေသည်။
လင်းကွမ်းချင်းက တစ်ဖက်လူ၏ စကားကိုကြားလျှင် ချက်ချင်းပင်ရယ်မောလိုက်ပြီး ထိုခေါင်းဆောင်၏ရှေ့တွင် စုန့်ရှီးယန်၏ အကြောင်းကို ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။
စုန့်ရှီးယန်မှာ သူတို့ နာမည်ကိုသာ ကြားဖူးပြီး တွေ့ခွင့်ပင် မရှိခဲ့သည့်နာမည်ကျော်ပုဂ္ဂိုလ်ဖြစ်ကြောင်း ကြားလိုက်ရသည့်အချိန်၌ ထိုတပ်ဖွဲ့ခေါင်းဆောင်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။
“ငါ.. ငါ မယုံဘူး၊ မင်းတို့နှစ်ယောက်က ပစ္စည်းသယ်ဖို့အတွက် အကူအညီတောင်းထားတဲ့ အလုပ်သမားတွေပဲမဟုတ်ဘူးလား”
ထိုခေါင်းဆောင်မှ မယုံကြည်နိုင်ဖြစ်နေသည်ကို မြင်လျှင် လင်းကွမ်းချင်းက သူ၏လက်ထဲမှ မှတ်ပုံတင်ကို ထုတ်ယူကာ ပြသလိုက်သည်။
လင်းကွမ်းချင်း၏ မှတ်ပုံတင်ကို မြင်ပြီးသည့်နောက်တွင်တော့ ထိုခေါင်းဆောင်မှာ လက်ခံယုံကြည်သွားခဲ့ရပြီး သူ၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားခဲ့သည်။
သူသည်ကား ဤတစ်ကြိမ်တွင် အမှန်တကယ် နံရံကြီးအား တိုက်မိလိုက်ပေပြီ။
သို့သော်လည်း ပြောရမည်ဆိုလျှင် ထိုအချိန်တုန်းက ဤကဲ့သို့ သတင်းကျော်ဇောသည့် လူနှစ်ဦးက ယခုနေရာသို့ အရေးပေါ်အဖြစ် အကူအညီပေးရန် လာခဲ့လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သူတို့၏ဆက်ဆံရေးမှာ ဤမျှလောက် ကောင်းမွန်နေသည်ကို မည်သူက သိပါမည်နည်း။
စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့သည်ကတော့ ထိုတပ်ဖွဲ့ခေါင်းဆောင် နောင်တရနေသည်ကို စိတ်မ၀င်စားတော့ပေ။
သူတို့၏မစ်ရှင်မှာ ယခုအချိန်တွင်ပြီးဆုံးသွားပြီ ဖြစ်သည်။
ပါမောက္ခဟောင်က အခြားမည်သို့သောအကြောင်းကိစ္စမှ မဖြစ်တော့ကြောင်း သေချာပြီဆိုပါက သူတို့နှစ်ယောက်က ချွမ်ဖန်းကွန်မြူနတီသို့ ပြန်နိုင်ပြီဖြစ်ပေသည်။
သူ ရုတ်တရက် ထွက်လာပြီး နေရာမှ ပျောက်သွားခဲ့သည့်အတွက် လင်းရန်မှ သူ့ကို လွမ်းနေမည်လားဆိုသည်ကိုမူ စုန့်ရှီးယန် မသိပေ။
သူ့အနေဖြင့် သူမအား အလေးအနက်ထားကာ ရှင်းပြလိုက်လျှင် သူမ စိတ်ဆိုးမည်မဟုတ်ဟု ထင်မြင်မိသည်။
ဤအကြောင်းကို တွေးမိသည့်နောက်တွင် စုန့်ရှီးယန်တစ်ယောက် ကွန်မြူနတီသို့ ပြန်ရန် မစောင့်နိုင်တော့ပေ။
လင်းရန်မှ သူ့အား တာဝန်မသိတတ်သူဟု မထင်မိစေရန်သာ ဆုတောင်းရပေတော့မည်!
ကံကောင်းစွာဖြင့် ပါမောက္ခဟောင်သည်လည်း မကြာမီ သတိရလာခဲ့သည်။
ပါမောက္ခဟောင် သတိရလာပြီးသည့်နောက်တွင် ကျိုးကျယ်ပင်းက သူ၏ ကိုယ်ခန္ဓာအခြေအနေကို ပထမဆုံး စစ်ဆေးခဲ့လေသည်။
ထို့နောက်တွင် တခြားသော ပြင်းထန်သည့်အနာတရဟူ၍ မည်သည့်အရာမှ မဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
စိတ်ပိုင်းဆိုင်ရာအခြေအနေ ပြန်လည်ကောင်းမွန်လာစေရန်အတွက်တော့ နှစ်ရက်ခန့် အနားယူရန်သာ လိုအပ်ပေသည်။
ကျိုးကျယ်ပင်းက စစ်ဆေးမှုပြီးစီးပြီးသည့်နောက်၌ ပါမောက္ခဟောင်၊ သူ၏မြေးဖြစ်သူတို့ စကားပြောနိုင်စေရန်အတွက် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ပါမောက္ခဟောင်က ရုတ်တရက် သူ့အား တားဆီးလာခဲ့သည်။
“ဒေါက်တာ၊ ကျွန်တော့်ကို ဒီနေရာကို ပို့ပေးတဲ့ ရဲဘော်က ဘယ်မှာများလဲ”
ပါမောက္ခဟောင်မှာ စုန့်ရှီးယန်မှ ကျောပိုး၍သယ်ဆောင်လာသည့်အချိန်တုန်းက သတိမေ့နေပုံရသော်လည်း အမှန်တကယ်တွင် သတိအနည်းငယ် ရှိနေခဲ့သည်။
လက်ရှိတွင်လည်း သူတို့၏ စကားပြောဟန်မားမှတဆင့် ကျိုးကျယ်ပင်းနှင့် စုန့်ရှီးယန်တို့က ရင်းနှီးပုံရသည်ကို သူ သိမြင်နိုင်သည့်အတွက်ကြောင့် ယခုကဲ့သို့ မေးမြန်းရန် တွေးမိလိုက်ခြင်း ဖြစ်သည်။
ကျိုးကျယ်ပင်းက ခဏတာမျှ အံ့သြသွားပြီးနောက် လူနာဆောင်အပြင်ဘက်သို့ အလိုအလျောက် ကြည့်လိုက်မိသည်။
“သူ တံခါးအပြင်ဘက်မှာပါ”
“ဒါဆို သူ့ကို ခေါ်ပေးလို့ရမလား၊ ကျွန်တော် သူ့ကို ကိုယ်တိုင်ကျေးဇူးတင်ချင်လို့ပါ”
ကျိုးကျယ်ပင်းလည်း ပြန်လည် တုံ့ပြန်လိုက်ပြီးသည့်နောက် လူနာဆောင်မှ ထွက်လာကာ အပြင်ဘက်မှ စုန့်ရှီးယန်ထံသို့ မည်သို့မျှ မတတ်နိုင်သည့်ပုံစံဖြင့် ပြုံးပြလိုက်သည်။
“ငါလည်း ဘာမှမတတ်နိုင်ဘူး၊ ပါမောက္ခဟောင်က မင်းအကြောင်းကို မေးပြီး အထဲကို ဝင်လာခဲ့ဖို့ ပြောနေတယ်”
စုန့်ရှီးယန်သည်ကား အနည်းငယ် စိတ်မကြည်သည့်အမူအရာရှိနေပြီး ကူကယ်ရာမဲ့စွာဖြင့် နားထောင်နေခဲ့သည်။
သူ့အနေဖြင့် အထဲတွင်ရှိနေသော လူအုပ်စုကဲ့သို့ လူနာဆောင်ထဲတွင် စောင့်မနေရသည့်အကြောင်းမှာ အချိန်ထပ်မံ နောက်ကျလိုခြင်းမရှိသည့်အတွက်ကြောင့်သာ ဖြစ်ပေ၏။
သူ့အနေဖြင့် အချိန်နှောင့်နှေးလိုစိတ်မရှိဘဲ ပါမောက္ခဟောင်၏ အခြေအနေကို အတည်ပြုပြီးသည့်နောက်၌ ချက်ချင်းထွက်သွားရန် တွေးထားခြင်းသာ ဖြစ်ပေသည်။
သို့သော်လည်း မမျှော်လင့်ဘဲ သူ့အား အထဲသို့ ဝင်သွားရန် အခေါ်ခံလိုက်ရပြန်သည်။
“ကောင်းပြီ၊ ငါဝင်သွားလိုက်မယ်၊ နောက်မှ မင်းကို လာရှာလိုက်မယ်”
စုန့်ရှီးယန်က ကျိုးကျယ်ပင်း၏ ပခုံးကို ပုတ်လိုက်ပြီး အထဲသို့ ဝင်သွားခဲ့သည်။
လူနာဆောင်ထဲတွင်တော့ ပါမောက္ခဟောင်က ဟောင်ပင်း၏ အကူအညီဖြင့် အိပ်ရာပေါ်တွင် မှီနေခဲ့သည်။
ပါမောက္ခဟောင်က မျက်လုံးထောင့်မှ စုန့်ရှီးယန် ဝင်လာသည်ကို မြင်လိုက်ရလျှင် သူ၏မျက်လုံးများက အနည်းငယ် တောက်ပသွားခဲ့သည်။
“လူကောင်းလေး၊ မင်း ငါ့ကိုကယ်ခဲ့တာ မလား”
စုန့်ရှီးယန်သည်ကား တည်ငြိမ်လေးနက်သည့်အမူအရာအတိုင်းရှိနေခဲ့ကာ တည်ငြိမ်သည့်အသံဖြင့်ပင် ပြောလိုက်သည်။
“ကျွန်တော်က ခင်ဗျားကို ကယ်တင်ခဲ့တာမဟုတ်ပါဘူး၊ ခင်ဗျားကို ရှာတွေ့ရုံသက်သက်ပါပဲ၊ နောက်ပြီး ခင်ဗျားလည်း ဘာမှမဖြစ်ခဲ့ဘူးလေ”
စုန့်ရှီးယန် ပြောလာသောစကားများကို ကြားလျှင် ပါမောက္ခဟောင်တစ်ယောက် ပို၍နှစ်သက်သွားခဲ့သည်။
သူက စုန့်ရှီးယန်၏ တည်ငြိမ်ပြီး မောက်မာခြင်းမရှိသကဲ့သို့ နာမည်ကောင်းလည်း မယူတတ်သော အကျင့်စရိုက်အား အထင်ကြီးသွားခဲ့သည်။
“ကောင်းပြီး၊ အဲဒီစကားတွေကလည်း တကယ်မှန်ပါတယ်၊ ဒါပေမဲ့ မင်းသာ ငါ့ကို ဒီလောက်မြန်မြန် ရှာမတွေ့ခဲ့ရင် နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို မပြောနိုင်ဘူးလေ၊ လူငယ်လေး .. မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ”
စုန့်ရှီးယန်သည်ကား ထိုကဲ့သို့သော အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းလေ့မရှိသည့်အတွက်ကြောင့် သူ၏နာမည်ကိုသာ ရိုးရှင်းစွာ ပြောပြလိုက်ပြီး တိတ်ဆိတ်စွာ ပြောလိုက်သည်။
“ခင်ဗျားကို ရထားဘူတာရုံကနေ ဘေးကင်းလုံခြုံမှုအပြည့်နှင့် ခေါ်သွားရမှာက ကျွန်တော့်ရဲ့တာဝန်ပဲလေ၊ ကျွန်တော်က ကျွန်တော့်ရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ရုံသက်သက်ပါပဲ၊
အခု ခင်ဗျားမှာ တခြားပြောစရာမရှိဘူးဆိုရင် ကျွန်တော် အရင်သွားလိုက်ပါဦးမယ်”
စုန့်ရှီးယန်မှ ထပ်မံ၍ စကားမပြောလိုသည်ကို မြင်လျှင် ပါမောက္ခဟောင်လည်း အတင်းအကျပ် မလုပ်တော့ဘဲ အပြုံးတစ်ခုဖြင့် လက်ရမ်းပြလိုက်သည်။
“ကောင်းပါပြီ၊ သွားလိုက်ပါဦး ရဲဘောစုန့်၊ အနာဂတ်မှာ အခွင့်အရေးရရင်တော့ မင်းကို ငါ ထပ်ပြီး ကျေးဇူးတင်ပါဦးမယ်”
စုန့်ရှီးယန်က လေသံတိုးတိုးဖြင့် အသံပြုလိုက်လေသည်။ သို့သော်လည်း ပါမောက္ခဟောင်၏ စကားများကိုမူ လုံးလုံးလျားလျားပင်စိတ်ထဲ၌ မထားခဲ့ပေ။
ဆိုရလျှင် လူတိုင်းက ပေါ့ပေါ့ပါးပါး ပြောဆိုရသည်ကို နှစ်သက်ကြသည်မဟုတ်ပါလား။ ပါမောက္ခဟောင်မှ သူ့အပေါ် ကျေးဇူးပြန်ဆပ်လာမည်ကို သူ မလိုအပ်ပါချေ။
ထို့ကြောင့် စုန့်ရှီးယန်လည်း နေရာမှထွက်လာခဲ့ပြီး ကျိုးကျယ်ပင်းနှင့် စကားအနည်းငယ်ပြောပြီးသည့်နောက် လင်းကွမ်းချင်းကိုခေါ်လိုက်ကာ ချွမ်ဖန်းကွမ်မြူနတီသို့ ပြန်လာခဲ့ကြသည်။
*