← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့ ဆေးရုံထဲမှ ထွက်သွားခဲ့သည်နှင့်တပြိုင်နက် စက်ရုံဒါရိုက်တာနှင့် အဓိကတာဝန်ရှိသူများအပါအဝင် မြို့ခေါင်းဆောင်တချို့ ပါဝင်သော လူအုပ်စုတစ်စုက ပါမောက္ခဟောင်ထံသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့အားလုံးက ပါမောက္ခဟောင်၏ မတော်တဆမှုအကြောင်းကို သိရှိပြီးသည့်နောက်၌ အတတ်နိုင်ဆုံး လျင်မြန်စွာ လာရောက်ခဲ့ကြခြင်းဖြစ်လေ၏။

စက်ရုံနှင့်ပတ်သက်၍ လာရောက်သူများထဲတွင် စုန့်ဝေ့သည်လည်း ပါဝင်ခဲ့သည်။

စက်ရုံတွင် အင်ဂျင်နီယာတစ်ဦးဖြစ်သည့် စုန့်ဝေ့အနေဖြင့် ပါမောက္ခဟောင်၏ အဓိကဆက်သွယ်မှုနှင့် ဆက်ဆံရေး လက်တွဲဖော်များထဲမှ တစ်ဦးဖြစ်လိုသည့်အတွက်ကြောင့် ပါမောက္ခဟောင်ထံသို့ လာရောက်ပြီး လူမှုရေးအရ စိုးရိမ်၀မ်းနည်းကြောင်း လာရောက်ဖော်ပြခြင်းဖြစ်ချေသည်။

သူတို့တစ်စုသည်က စိုးရိမ်ပူပန်သည့်အမူအရာများဖြင့် ဆေးရုံသို့ ဝင်လာခဲ့ကြသည်။ စုန့်ဝေ့တစ်ယောက် ဆေးရုံမှ ထွက်သွားခဲ့သည့် လူငယ်နှစ်ဦးထဲမှ တစ်ဦးကို သူ အတော်လေးရင်းနှီးပုံရသည်ဟု ရုတ်တရက် ခံစားမိခဲ့သည်။

သူ ပို၍သေသေချာချာ ကြည့်လိုက်ပြီးလျှင် ရုတ်တရက် တုန်လှုပ်သွားခဲ့လေ၏။

ဤသည်မှာ လင်းကျန်းအန်းနှင့်အတူ နိုင်ငံပိုင်ဟိုတယ်တွင် ထမင်းစားခဲ့သည့် လူငယ် မဟုတ်ပါလား။

ထိုလူငယ်သည်က လင်းကျန်းအန်းအား ဦးလေးဟုပင် ခေါ်ခဲ့သေးသည်။ ထိုသူက အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။

ကျိုးကျယ်ပင်းအား လာတွေ့သည်များလား။

သို့သော်လည်း ဤအချိန်တွင် အခြားလုပ်စရာများ ရှိသေးသည့်အတွက်ကြောင့် စုန့်ဝေ့တစ်ယောက် သူ၏စူးစမ်းလိုစိတ်ကို ခေတ္တမျှထိန်းထားရပေသည်။

ထိုနောက် စုန့်ဝေ့က လူအုပ်စုကြီး၏နောက်သို့ အလျင်အမြန် လိုက်သွားကာ ပါမောက္ခဟောင်၏ လူနာဆောင်သို့ ဝင်လာခဲ့လေသည်။

သူသည်ကား ရာထူးမကြီးသည့်အတွက်ကြောင့် တခြားသောခေါင်းဆောင်များမှ ပါမောက္ခဟောင်၏ရှေ့တွင် ဝမ်းနည်းစိုးရိမ်သည့်စကားများ ပြောနေသည်ကိုသာ နားထောင်နိုင်တော့သည်။

ထိုသို့ နားထောင်နေစဉ်တွင် စုန့်ဝေ့တစ်ယောက် ပါမောက္ခဟောင်ကို စုန့် မျိုးရိုး စစ်သားရဲဘော်တစ်ဦးမှ ကယ်တင်ခဲ့သည်ဟု ပြောလာသောစကားများကို ရုတ်တရက် ကြားလိုက်ရသည်။

ဘာလို့ နာမည်က ထပ်ပြီး “ စုန့် “ ဖြစ်နေရပြန်ပြီလဲ?

စုန့်ဝေ့တစ်ယောက် ရုတ်တရက် ထိန်းမထားနိုင်တော့ဘဲ လူနာဆောင်တွင် မတိုင်ခင်အချိန်ကတည်းက ရှိနေခဲ့သည့်လူကို မေးလိုက်သည်။

“ရဲဘော်စုန့်ဆိုတာက ခုနတုန်းက အပြင်ကိုထွက်သွားတဲ့တစ်ယောက်လား၊ သူက အရပ်အတော်လေးရှည်ပြီး ချောလား”

“ဟုတ်တယ်၊ ဘာလို့လဲ၊ ခင်ဗျား ရဲဘော်စုန့်ကို သိတာလား”

စုန့်ဝေ့သည်ကား ဤအကြောင်းကို ကြားသည့်အခိုက်တွင် သူ၏ရင်ထဲမှ တုန်လှုပ်မှုကို ထိန်းချုပ်ပြီး အေးဆေးစွာ ပြန်ပြောလိုက်သည်။

“ကိစ္စတချို့ကြောင့် ရဲဘော်စုန့်နဲ့ ကျွန်တော့်မှာ ဆက်ဆံရေးနည်းနည်း ရှိခဲ့ဖူးပါတယ်”

ဤဆက်ဆံ‌ရေးမှာ နိုင်ငံပိုင်ဟိုတယ်တစ်ခုတည်းတွင်သာ အတူထိုင်ကာ ထမင်းစားခဲ့သည့် ကိစ္စသာ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် အသေးစိတ် ရှင်းပြရန် မလိုအပ်ပေ။

သို့သော် တစ်ဖက်လူမှက ဤအကြောင်းကို ကြားလိုက်ရလျှင် စုန့်ဝေ့နှင့် စုန့်ရှီးယန်တို့က အချင်းချင်း သိနေကြသည်ဟု အမှန်တကယ်ပင် ထင်မှတ်သွားခဲ့သည်။

တွေးကြည့်လိုက်ပါက ပါမောက္ခဟောင်အနေဖြင့် ရဲဘော်စုန့်အား အလွန်ကျေးဇူးတင်နေသည်မှာ ရှင်းလင်းစွာ သိမြင်နိုင်ပြီး အနာဂတ်၌ ကူညီရန် နည်းလမ်းများကို ရှာဖွေမည်မှာ သေချာပေသည်။

ထို့ကြောင့် ဤလူက မျက်လုံးများကိုလှိမ့်လိုက်ပြီး စုန့်ဝေ့အပေါ် ချက်ချင်းပင် စိတ်အားထက်သန်လာခဲ့သည်။

စုန့်ဝေ့ကဲ့သို့သောသူသည်ကား သူ၏ရှေ့မှလူ၏ သဘောထားပြောင်းလဲသွားမှုကို မသိဘဲ မနေပါချေ။

သူ့ဘက်မှ စုန့်ရှီးယန်၏ အမည်ကို အသုံးချလိုက်သည့်အတွက်ကြောင့် လူအများမှ သူ့အပေါ် စိတ်အားထက်သန်လာကြသည်ကို ကောင်းစွာသိနေခဲ့သည်။

သို့သော်လည်း သူ့အနေဖြင့် ရှင်းပြရန် စိတ်ကူးမရှိပေ။ သူက တစ်ဖက်လူကို ပြန်လည်အသုံးချရန်ပင် တွေးတောလိုက်လေသည်။

သူက သူ၏အရှေ့မှလူ၏ အတွေးကို အသုံးချကာ သူသိလိုသည့်အရာများကို တိတ်တဆိတ် ထပ်မံ၍ စုံစမ်းခဲ့သည်။ ထိုစုံစမ်းမေးမြန်းမှုများအရ စုန့်ဝေ့တစ်ယောက် စုန့်ရှီးယန်အကြောင်းကို ပို၍သိရှိခဲ့ရသည်။

စုန့်ရှီးယန်မှာ အမှန်တကယ်တမ်းတွင် ပါမောက္ခဟောင်ကို ခေါ်ဆောင်ရန် စီစဉ်ခံခဲ့ရခြင်းက မြို့အစိုးရထံမှ စီစဉ်ပေးခဲ့ခြင်း မဟုတ်ပေ။

တခြားနည်းဖြင့်ဆိုရလျှင် သူသည်က စစ်တပ်၏ တိုက်ရိုက်ညွှန်ကြားမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

သူ့အနေဖြင့် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေခြင်းမရှိသော်လည်း မစ်ရှင်များ လက်ခံနိုင်သည့်အတွက်ကြောင့် သူ၏ကိုယ်ပိုင်လက္ခဏာက သာမန်စစ်သားတစ်ဦးမဟုတ်သည်ကို ပြသနေ၏။

ထို့အပြင် သူသည်က ဒေါက်တာကျိုးကျယ်ပင်းကိုလည်း သိကျွမ်းသည့်အပြင် ငယ်လည်း ငယ်ရွယ်သေးသည်...

ဤအကြောင်းကို တွေးမိသည့်အခါ စုန့်ဝေ့တစ်ယောက် ပြင်းထန်သော အန္တရာယ်ခံစားချက်ကို ရုတ်တရက် ခံစားခဲ့ရသည်။

စုန့်ရှီးယန်၏ ကိုယ်ပိုင်လက္ခဏာက သာမန်မဟုတ်သည်မှာ သေချာ၏။ ပို၍အရေးကြီးသည်မှာ သူသည်က လင်းကျန်းအန်းကို အလွန်လေးစားနေခဲ့သည်။

လင်းကျန်းအန်းအနေဖြင့် စုန့်ရှီးယန်ကြောင့် အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပြီး ကောင်းမွန်သောဘဝကို နေထိုင်နိုင်ခြင်းက မဖြစ်နိုင်သည့်အရာတစ်ခု မဟုတ်တော့ပေ။

လင်းမိသားစု၏ကိစ္စများက ယခုအချိန်တွင် စုန့်ဝေ့နှင့် များများစားစား မသက်ဆိုင်တော့သကဲ့သို့ သူနှင့်သမီးဖြစ်သူ စုန့်စစ်ယွီတို့က ယခုအချိန်တွင် လင်းရန်ကို ပြန်ခေါ်ပြီး ရှုကျစ်ဝမ်ကို လက်ထပ်ခိုင်းရန် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး ဖြစ်သည်။

အနာဂတ်တွင လင်းမိသားစုက မည်သည့်အရာများဖြစ်သွားမည်ဖြစ်စေ သူတို့နှင့် မသက်ဆိုင်တော့ပေ။

အမှန်တရားမှာ ဤကဲ့သို့ဖြစ်သော်လည်း အတိတ်က သူ့ထက်အများကြီး နိမ့်ကျခဲ့ပြီး သူ့ဘက်မှ စိတ်ကြိုက် နင်းချေနိုင်ခဲ့သော သူ၏ ခြေဖနောင့်ဖျားကိုပင် မမှီဟု ခေါ်ဆိုနိုင်သည့် လင်းကျန်းအန်းမှ အနာဂတ်တွင် စုန့်ရှီးယန်၏ ဆက်ဆံရေးကို အားကိုးပြီး သူ့ထက် ပိုကောင်းလာမည်ဟု တွေးလိုက်မိချိန်တွင် စုန့်ဝေ့တစ်ယောက် ရုတ်တရက် အလွန်မပျော်မရွှင် ဖြစ်လာခဲ့ရသည်။

ထိုလူနှင့် စကားပြောဆိုပြီးသည့်နောက်တွင်တော့ စုန့်ဝေ့၏ မျက်နှာပေါ်မှ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ပါမောက္ခဟောင်၏ အိပ်ရာရှေ့မှ လူအုပ်ကြီးကလည်း အလွန်ပိတ်ဆို့နေသောကြောင့် သူ့အနေဖြင့် တိုးဝင်၍မရနိုင်တော့ပေ။

ထို့ကြောင့် စိတ်အေးအေးထားရန်အတွက် လူနာဆောင်အပြင်ဘက်သို့ ထွက်တော့မည့်အချိန်တွင် ပါမောက္ခဟောင်က ရုတ်တရက် အော်ပြောလိုက်သည်ကို မမျှော်လင့်ဘဲ ကြားလိုက်ရသည်။

“ဟောင်ပင်း၊ ငါ့အတွက် ရေနွေးတစ်ခွက်သွားယူလာခဲ့ဦး”

ဟောင်ပင်း?

ဤနာမည်က သူ၏သမီးဖြစ်သူ စုန့်စစ်ယွီက မနေ့ညက ပြောပြခဲ့သည့် နာမည်နှင့် အဘယ်ကြောင့် တူညီနေရသည်လဲ။

စုန့်ဝေ့တစ်ယောက် ရုတ်တရက် ရပ်တန့်သွားပြီးနောက် အနောက်ဘက်သို့ ပြန်လှည့်ကာ ပါမောက္ခဟောင်၏ ဘေးနားပတ်ပတ်လည်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ထို့နောက်တွင်တော့ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရကာ အလွန်ပင် အံ့သြသင့်သွားခဲ့ရ၏။

ထို့နောက် ပါမောက္ခဟောင်၏ဘေးနားတွင်ရှိသော စားပွဲပေါ်မှ လက်ဖက်ရည်အိုးကို ကောက်ယူကာ အပြင်သို့ ထွက်သွားတော့သည်။

အခန်းထဲရှိ တခြားလူများက ပါမောက္ခဟောင်ကို ကူညီရန်အတွက် ဤအခွင့်အရေးကို ရယူလိုခဲ့ကြလေသည်။

သူတို့က ပါမောက္ခဟောင်ကို ကူညီပေးမည်ဖြစ်ကြောင်း တောင်းဆိုခဲ့ကြသော်လည်း ပါမောက္ခဟောင်က အပြုံးတစ်ခုနှင့်ပင် ငြင်းဆန်ခဲ့လေသည်။

“ အရမ်းအလုပ်ရှုပ်မနေကြပါနဲ့၊ ငါ့လိုလူအိုကြီးကို အခုလိိ လာတွေ့ပေးတဲ့အတွက် ငါ့ဘက်က အတော်လေးကျေးဇူးတင်နေပါပြီ၊ ဒါ့အပြင် ငါ့မြေးကလည်း အသက်နှစ်ဆယ်ကျော်နေပြီလေ၊ အခုချိန်ထိ ရေတစ်ခွက်တောင် မငှဲ့တတ်သေးဘူးဆိုတာ မဖြစ်သင့်ဘူး၊ ဒါကြောင့် သူ့ကို သွားခိုင်းလိုက်ပါ”

ဒါဆို ဒီဟောင်ပင်းက တကယ်ကြီး ပါမောက္ခဟောင်ရဲ့မြေးဖြစ်နေတာလား?

ဟောင်ပင်းတစ်ယောက် လက်ဖက်ရည်အိုးကို ကိုင်ပြီး သူ၏ဘေးနားမှ အပြင်သို့ လျှောက်သွားသည်ကို မြင်လျှင် စုန့်ဝေ့သည်လည်း မသိစိတ်ဖြင့် သူ၏အနောက်သို့ လိုက်ပါသွားခဲ့ခဲ့လေသည်။

လက်ရှိအချိန်တွင် စုန့်ဝေ့၏နှခုံးသားမှာ အံ့အားသင့်မှုနှင့် ရှုပ်ထွေးမှုများက အပြန်အလှန် ပြောင်းလဲနေခဲ့သည်။

သူ၏သမီးဖြစ်သူ ပြောပြခဲ့သည့် ချန်ကျားယန်၏ အတန်းဖော်နာမည်မှာလည်း ဟောင်ပင်းဖြစ်ပြီး သူ၏ရှေ့မှ ပါမောက္ခဟောင်၏ မြေးဖြစ်သူ၏ နာမည်မှာလည်း ဟောင်ပင်း ဖြစ်သည်။

ဤသည်မှာ တိုက်ဆိုင်မှုလား၊ သို့မဟုတ် သူတို့က တကယ်ပဲ လူတစ်ဦးတစ်ယောက်တည်းပင်လား။

စုန့်ဝေ့က တိကျသောအခြေအနေကို ခေတ္တမျှ စဉ်းစား၍မရနိုင်ခဲ့သော်လည်း မသိစိတ်ဖြင့် တစ်ဖက်လူ၏အနောက်မှ လိုက်ပါသွားခဲ့သည်။

ဆိုရလျှင် သူ၏ အရှေ့မှ ‘ဟောင်ပင်း’သည်က သူနှင့် သူ့သမီးတို့ ရှာဖွေနေသော ဟောင်ပင်းဖြစ်နေသည်ဆိုပါက ဤသည်မှာ ဘုရားသခင်က သူတို့ကို ကူညီနေသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။

ဟောင်ပင်း၏ဘက်တွင်တော့ သူ့အနေဖြင့် သူ၏အဖိုးဖြစ်သူကို ရှာမတွေ့ခဲ့သည့်အတွက် ပြဿနာတက်လုနီးပါးဖြစ်နေခဲ့ရကြောင်းကို စဉ်းစားနေဆဲဖြစ်၏။

သူက အတော်လေး နောင်တရနေခဲ့ပြီး ကြောက်လည်း ကြောက်လန့်နေသည့်အတွက်ကြောင့် အာရုံမစိုက်နိုင်ခဲ့ဘဲ သူ၏ အနောက်ဘက်မှ ခြေသံများကိုပင် သတိမပြုမိခဲ့ပေ။

သူ ဆေးရုံ၏ ရေနွေးယူရာနေရာသို့ ရောက်ရှိပြီး လက်ဖက်ရည်အိုးထဲသို့ ရေနွေး ဖြည့်တော့မည့်အချိန်တွင် သူ၏ အနောက်မှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

“ရဲဘော်ဟောင်ပင်းလား”

ဟောင်ပင်း ခဏတာ ထိတ်လန့်သွားပြီးနောက် စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်လျှင် စုန့်ဝေ့ကို တွေ့လိုက်ရသည်။

သူ ခဏစဉ်းစားပြီး စုန့်ဝေ့မှာ သူ၏အဖိုးကို လာတွေ့ခဲ့သည့် လူများထဲမှ တစ်ဦးဖြစ်ပုံရသည်ဟု ခံစားမိသည့်အတွက်ကြောင့် တစ်ဖက်လူကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

“မင်္ဂလာပါ”

စုန့်ဝေ့အတွက်တော့ ထိုလူငယ်၏စိတ်နေစိတ်ထားမှာ သူထင်ထားသည်ထက် ပိုကောင်းပုံရပြီး ဟိတ်ဟန်မရှိသည်ကို မြင်လိုက်ရလျှင် သူ၏ရင်ထဲမှ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်သွားခဲ့လေ၏။

ထို့ကြောင့် သူ ဟောင်ပင်းအား ပြုံးပြလိုက်ပြီး အံ့အားသင့်သောအသံဖြင့် မေးလိုက်သည်။

“ရဲဘော်ဟောင်ပင်း၊ တောင်းပန်ပါတယ်၊ ငါက မင်းနှင့် ဘယ်လိုကိစ္စမှ မရှိပါဘူး၊ တကယ်တော့ မင်းရဲ့နာမည်က ငါ အရင်တုန်းက ကြားခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ နာမည်နဲ့ နည်းနည်းလောက် တူနေတယ်လို့ ထင်မိလို့ပါ

မင်း ကလေးဘဝတုန်းက ဒီမြို့ပြစက်ရုံက မူလတန်းကျောင်းကို သွားခဲ့ဖူးလားဆိုတာကို သိလို့ရမလား”

ဟောင်ပင်းလည်း တစ်ဖက်လူ၏ စကားကို ကြားလိုက်ရလျှင် အခြေအနေကို သဘောပေါက်သွားခဲ့သည်။

သူ၏နာမည်မှာ သူ၏ရှေ့မှ ရဲဘော်သိရှိသည့် လူ၏နာမည်နှင့် တူနေခြင်း ဖြစ်လိမ့်မည်။

သို့သော်လည်း စုန့်ဝေ့၏ မေးခွန်းကို ကြားပြီးနောက် သူက အပြုံးတစ်ခုနှင့် ခေါင်းခါလိုက်သည်။

“မသွားဖူးပါဘူး၊ ကျွန်တော်က မြို့တော်မှာရှိတဲ့ မူလတန်းကျောင်းကို သွားခဲ့တာပါ၊ နောက်ပိုင်း ကျွန်တော် အလယ်တန်းကို ရောက်တော့ ဒီကို နှစ်နှစ်လောက် လာခဲ့ပြီး စာသင်ခဲ့တယ်လေ၊ ပြီးတော့ မြို့တော်ကို ပြန်သွားခဲ့တယ်...”

စုန့်ဝေ့လည်း တစ်ဖက်လူ၏စကားကိုကြားလျှင် သူ့အနေဖြင့် ထိုလူကို မှားယွင်းစွာ မှတ်မိခဲ့သကဲ့သို့ အမူအရာမျိုးကို ဟန်ဆောင်ပြခဲ့လေ၏။

သို့သော်လည်း အမှန်တကယ်တမ်းတွင်တော့ သူ့၏နှလုံးသားထဲ၌ ကျယ်လောင်စွာ ရယ်မောလုနီးပါး ဖြစ်နေခဲ့ရကာ အလွန်ပင်အံ့သြပျော်ရွှင်နေခဲ့၏။

*

All Chapters