အခန်း (၁၇၇)
Vol. 18 Ch. 177
စုန့်ဝေ့အနေဖြင့် မတိုင်ခင်အချိန်က ရည်ရွယ်ချက်ရှိရှိဖြင့် မှားယွင်းလောက်သည့် ကျောင်းနာမည်ကို ပြောခဲ့ခြင်း ဖြစ်ပေ၏။
ဆိုရလျှင် ပုံမှန်အခြေအနေများတွင်ဆိုပါက သူ့ဘက်မှ တစ်ခုခုကို မှားယွင်းစွာ ပြောခဲ့ပါက တစ်ဖက်လူက ငြင်းဆိုရန်အတွက် သူ၏အမှန်တကယ်အခြေအနေကိုသေချာပေါက် ပြောပြလိမ့်မည်ကို သူ သိထားခဲ့သည့်အတွက်ကြောင့် ဖြစ်ပေသည်။
ဤအခြေအနေမျိုးတွင် သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြလောက်သည်အထိ ရိုးရှင်းနေမည်မဟုတ်ပေ။
သူ၏သမီးဖြစ်သူ ရည်ညွှန်းသည့် ‘ဟောင်ပင်း’သည်လည်း မူလက မြို့တော်တွင် ကျောင်းတက်ခဲ့ပြီး နောက်ပိုင်းနှစ်များအတွင်း မြို့သို့ရောက်လာခဲ့ကာ ချန်ကျားယန်တို့နှင့်အတူတကွ စာသင်ခဲ့ကြသည်။
လက်ရှိ သူ၏ရှေ့မှ ဟောင်ပင်း၏ စကားများအရ လုံးဝတစ်ထပ်တည်းတူညီနေခဲ့ကြောင်း သိရှိလိုက်ရပေပြီ။
ထို့ကြောင့် စုန့်ဝေ့အနေဖြင့် သူ၏ရှေ့မှ ပါမောက္ခဟောင်၏ မြေးဖြစ်သူ ဟောင်ပင်းမှာ သူရှာဖွေနေခဲ့သည့် ‘ဟောင်ပင်း’ဖြစ်ကြောင်း နောက်ဆုံးတွင် သေချာသွားခဲ့သည်။
သံဖိနပ်စီးပြီး ရှာဖွေစရာမလိုဘဲ၊ အရာအားလုံးကို အားစိုက်စရာမလိုဘဲ၊ တကယ်ရှာတွေ့ခဲ့ရပေသည်။
ဘုရားသခင်တွင် မျက်လုံးများရှိနေပြီး သူတို့ကို အပြည့်အဝ ကူညီနေခဲ့သည်။
စုန့်ဝေ့တစ်ယောက် သူ၏ရင်ထဲမှ ပျော်ရွှင်မှုကို ထိန်းချုပ်လိုက်ပြီး ဟောင်ပင်းအား တောင်းပန်လိုသောအပြုံးဖြင့် ပြုံးပြလိုက်သည်။
“ငါ တကယ် လူမှားသွားမယ်လို့ မမျှော်လင့်မိခဲ့ဘူး၊ တောင်းပန်ပါတယ် ရဲဘော်ဟောင်ပင်း၊ စိတ်မရှိပါနဲ့”
“အဆင်ပြေပါတယ်၊ နာမည်တူတဲ့လူနဲ့ တွေ့ကြုံရတာလည်း ကံကောင်းခြင်းပါပဲ”
ဟောင်ပင်း ပြောသည့်စကားကို ကြားလျှင် စုန့်ဝေ့တစ်ယောက် သူ့ထံတွင် ကောင်းမွန်သော စိတ်နေစိတ်ထားရှိပြီး အမှန်တကယ်ပင် ရိုးရှင်းသည်ဟု နောက်တစ်ဖန် ယုံကြည်သွားခဲ့သည်။
ရိုးရှင်းသည်ဆိုသည်မှာ တစ်နည်းအားဖြင့် ခြယ်လှယ်ရလွယ်ကူပြီး ချော့မော့ရလွယ်ကူသည်ဟု အဓိပ္ပာယ်ရသည်။
ဤအချိန်တွင် စုန့်ဝေ့က သူနှင့် သူ၏သမီး စုန့်စစ်ယွီတို့၏ အစီအစဉ်က သေချာပေါက်အောင်မြင်လိမ့်မည်ဟု ရုတ်တရက် ခံစားမိခဲ့သည်။
စုန့်ဝေ့ ထိုသို့ တွေးလိုက်မိပြီး ဟောင်ပင်းအား ရုတ်တရက် အဓိပ္ပာယ်ရှိစွာ ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒါက ကံကြမ္မာဖြစ်နိုင်တယ်”
စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့ဘက်တွင်တော့ သူတို့နှစ်ယောက်က ခရိုင်မြို့သို့ ပြန်လာသည့် ကားပေါ်သို့ တက်နှင့်ခဲ့ကြပြီဖြစ်သည်။
သို့သော်လည်း ပြန်လာသည့်လမ်းတွင် စုန့်ရှီးယန်က ယနေ့ဖြစ်ရပ်များကို စဉ်းစားနေခဲ့ပြီး စစ်တပ်သို့ ပြန်သွားကာ တာဝန်ထမ်းဆောင်ရန် အချိန်နီးကပ်လာပြီဟု ရုတ်တရက် တွေးမိသွားခဲ့ရသည်။
ထိုအချိန်က အဖွဲ့အစည်းမှ သူ့ကို ခွင့်ရက်သုံးလ ပေးခဲ့သော်လည်း သူ၏ဒဏ်ရာမှာ တစ်လခွဲအတွင်း အပြည့်အဝ ပျောက်ကင်းသွားမည်ကို သူ ကောင်းစွာသိရှိခဲ့သည်။
ထိုအချိန်တုန်းက ဒေါသထွက်စွာဖြင့် လင်းကွမ်းချင်းနှင့်အတူ လိုက်လာခဲ့ကာ တစ်ဖက်လူ၏ဇာတိမြို့တွင် အားလပ်ရက်ယူခဲ့ခြင်းမှာ တခြားကိစ္စကြောင့်မဟုတ်ပါချေ။
သူသည်က သူ၏ခေါင်းဆောင်နှင့် ဖခင်ဖြစ်သူတို့အား ဒေါသထွက်စေလိုရုံသာဖြစ်ပြီး အမှန်တကယ် သုံးလကြာသည်အထိ အနားယူရန် စီစဉ်ထားခြင်းမရှိပေ။
သူ၏ မူလစိတ်ကူးမှာ လင်းကွမ်းချင်းနှင့် ဆယ်ရက်ခန့်နေပြီးနောက် သူ ပိုကောင်းလာပြီး စိတ်အနှောင့်အယှက်ဖြစ်နေခြင်းတို့ လျော့နည်းလာပါက အလုပ်ပြန်ဝင်မည်ဟူ၍ ဖြစ်လေ၏။
မမျှော်လင့်ဘဲ သူ ဤနေရာတွင် လင်းရန်နှင့် ဆုံတွေ့ခဲ့သည်။
လင်းရန်၏အကြောင်းကို တွေးတောလိုက်မိလျှင် စုန့်ရှီးယန်၏ မျက်လုံးများက မသိစိတ်ဖြင့် အနည်းငယ်နူးညံ့လာခဲ့သည်။
သူ ဤတစ်ကြိမ် ပြန်သွားပြီးလျှင် ထပ်မံစောင့်ဆိုင်းရန် စီစဉ်ထားခြင်း မရှိတော့ပေ။
ပထမဆုံး တစ်ယောက်ကိုတစ်ယောက်သိကျွမ်းခြင်း၊ ဖြည်းဖြည်းချင်းရင်းနှီးလာခြင်း၊ ထို့နောက်တွင်မှ ထပ်မံဆက်သွယ်ခြင်းကဲ့သို့သော အရာများသည်က သူ့အတွက် လုံးဝမသင့်တော်ကြောင်းကို သူ ယခုနားလည်လိုက်ပြီ ဖြစ်သည်။
သူသည်ကား စစ်တပ်မှ ထိုအရူးများ၏ စကားများကို နားထောင်ခဲ့သည့်အတွက်ကြောင့် အချိန်များစွာ ဖြုန်းတီးခဲ့ရ၏။
ထို့အတွက်ကြောင့် သူနှင့် လင်းရန်တို့အကြားတွင် တိုးတက်မှုများမရှိခဲ့ဘဲ သူ၏ခံစားချက်များကို သူမထံတွင် မဖော်ပြခဲ့ရပေ။
သို့သော် သူနှင့် လင်းရန်တို့အကြားမှ တိုးတက်မှုမှာ ပြောင်းလဲမသွားသေးဟု ဆိုနိုင်ပေသည်။
တခြားလူများကသာ စုန့်ရှီးယန်၏ အခြေအနေကို သိရှိသွားခဲ့ပါက သေချာပေါက် အသံကျယ်ကျယ်ဖြင့်ပင် ရယ်မောကြလိမ့်မည်။
ထို့ကြောင့် သူ့အနေဖြင့် နောက်နေ့တွင် တပ်ရင်းသို့ ရောက်ရှိပြီးပါက လင်းရန်ထံသို့ သူ၏ခံစားချက်များကို ဖော်ပြရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်ပိုင်းတွင် သူမ၏ တုံ့ပြန်မှု သို့မဟုတ် အဖြေမှာ မည်သို့ပင်ဖြစ်စေ၊ သူမက သူ့အား တိုက်ရိုက်ပင် အေးစက်စွာ ငြင်းပယ်သည်ဖြစ်စေ သူ့အနေဖြင့် မည်သည့် ညည်းညူမှုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။
ဆိုရလျှင် သူ့အနေဖြင့် အနည်းဆုံး လင်းရန်အပေါ် သူ၏ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့သည့်အတွက်ကြောင့် သူ့ထံတွင် နောင်တရစရာမရှိတော့သည်မဟုတ်ပါလား။
သေချာသည့်အရာတစ်ခုကတော့ သူမဘက်မှ သူ့ကို တစ်ကြိမ်ငြင်းပယ်ခဲ့လျှင်ပင် စုန့်ရှီးယန်အနေဖြင့် လက်လျှော့ရန် ရည်ရွယ်ချက်မရှိဘဲ ထပ်မံကြိုးစားလိမ့်မည် ဖြစ်သည်။
ဒုတိယအကြိမ် နှင့် တတိယအကြိမ်တွင်လည်း လင်းရန်ဘက်မှ လျစ်လျူရှုနေဦးမည်ဆိုလျှင်တော့ သူ အမှန်တကယ် လက်လွှတ်လိုက်လိမ့်မည်။
အဆုံးတွင် ဤကဲ့သို့ အရေးကိစ္စဆိုသည်မှာ သုံးကြိမ်သာ လုပ်ဆောင်သင့်သည်။ သူမဘက်မှ သူ့ကို အမှမ်တကယ်မကြိုက်ဘဲ သူ့အပေါ် လက်ခံရန် ရည်ရွယ်ချက်မရှိပါက သူ၏ကြိုးစားအားထုတ်မှုများမှာ လင်းရန်၏ မျက်လုံးများထဲတွင် စိတ်ဒုက္ခရောက်စရာ တစ်မျိုးတည်းသာ ဖြစ်လာလိမ့်မည်။
အမျိုးသားတစ်ယောက်ဆိုတာက အရှေ့ကို ချီတက်နိုင်သလို အနောက်ကိုလည်း ရဲရဲဝံ့ဝံ့ဆုတ်နိုင်ရလိမ့်မယ်!
သူ့အနေနဲ့ သူမကို ကောင်းကောင်းနေထိိုင်နိုင်စေဖို့ ဆုတောင်းပေးမှာပါ။
ဟုတ်တယ်၊ အဲဒီလိုပဲ!
သို့သော်လည်း သူသည် သူ၏စိတ်ကို ပြန်မပြင်ဆင်မီတွင် လင်းရန်မှ သူ့ကိုငြင်းပယ်ပြီး တခြားယောက်ျားတစ်ယောက်နှင့် အတူရှိနေမည်ဟု တွေးမိသည့်အခါ စုန့်ရှီးယန်၏ ရင်ထဲတွင် နာကျင်နေပြီဖြစ်ပြီး သူ၏လက်များပင် ယားယံလာကာတစ်စုံတစ်ယောက်ကို လက်သီးဖြင့်ထိုးချင်သလို ခံစားနေခဲ့ရသည်။
မဟုတ်ဘူး။ ငါ ဒီလိုမျိုး ဆင်ခြင်တုံတရားမရှိတဲ့ ရိုင်းစိုင်းတဲ့သူ ဖြစ်လို့မရဘူး။
သို့သော်လည်း တခြားယောက်ျားတစ်ယောက် ပေါ်လာသည်ကို တွေးလိုက်သည့်အခါ သူသည်ကား အမှန်တကယ်ကို တောင်းမခံနိုင်ပါချေ။
ထို့ကြောင့် လမ်းတစ်လျှောက်တွင် သူ၏နံဘေးမှ လင်းကွမ်းချင်းမှာ တခဏတွင် စုန့်ရှီးယန်တစ်ယောက် မျက်မှောင်ကြုတ်ပြီး ခေါင်းခါနေသည်ကို တွေ့မြင်ခဲ့ရပြီး နောက်တ ခဏတွင်တော့ သူ၏မျက်နှာက ဒေါသတကြီး ဖြစ်နေသည်ကို တွေ့နေခဲ့ရသည်။
ထိုမျက်နှာအမူအရာ နှစ်ခုမှာ ခဏအတွင်း အပြန်အလှန်ပြောင်းလဲနေခဲ့လေသည်။
ထို့ကြောင့် လင်းကွမ်းချင်းလည်း ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရကာ နောက်သို့သာ ဆုတ်လိုက်မိသည်။
အဖွဲ့ခေါင်းဆောင် ဘာဖြစ်သွားတာလဲ။
တစ်ခုခုကြောင့် လှုံ့ဆော်ခံခဲ့ရပြီး သူ့ရဲ့ ဦးနှောက်က တစ်ခုခုမှားယွင်းနေတာများလား...
သူ ဘာလုပ်သင့်တယ်ဆိုတာကို ဘယ်သူက ပြောပြပေးနိုင်မလဲ။
ကံကောင်းစွာဖြင့် သူတို့ မြို့သို့ ပြန်ရောက်သည့်အချိန်တွင်တော့ စုန့်ရှီးယန်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
လင်းကွမ်းချင်းတစ်ယောက် သက်ပြင်းအသာချလိုက်မိသည်။
“ဘာဖြစ်တာလဲ”
စုန့်ရှီးယန်က ထိုအသံကို ကြားလိုက်ရသောကြောင့် သူ့ဘက်ကို လှည့် ကြည့်ကာ မေးလာလေသည်။
လင်းကွမ်းချင်းတစ်ယောက် အလွန်ကြောက်လန့်သွားခဲ့ရပြီး ခေါင်းကို အမြန်ခါလိုက်သည်။
“မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး! ညက အတော် နောက်ကျနေပြီ၊ ကျွန်တော်တို့ အမြန်ပြန်ကြရအောင်”
သူတို့ မတိုင်ခင်က စီးခဲ့သည့်ဘတ်စ်ကားမှာ မြို့သို့ နောက်ဆုံးကားဖြစ်နှင့်နေပေပြီ။ အချိန်ကလည်း သိပ်စောတော့မည်မဟုတ်တော့ပေ။
သူတို့ အိမ်ပြန်ရောက်သည့်အချိန်တွင် မှောင်နေပေလိမ့်မည်။
စုန့်ရှီးယန်လည်း သက်ပြင်းချလိုက်ပြီး ချွန်ဖန်းတပ်မဟာနှင့် ပို၍နီးကပ်လာသည်ကို မြင်လျှင် သူ့အနေဖြင့် သူ၏စိတ်ခံစားချက်ကို ပြင်ဆင်ပြီးဖြစ်သော်လည်း ရုတ်တရက် စိုးရိမ်လာခဲ့ပြန်သည်။
သို့သော်လည်း သူ မည်မျှပင် စိုးရိမ်နေပါစေကာမူ ဤကိစ္စကို ယနေ့ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
မကြာမီပင် နှစ်ယောက်သား ချွန်ဖန်းတပ်ရင်းသို့ ပြန်ရောက်ခဲ့ကြသည်။
သူတို့ အိမ်သို့ရောက်သည့်အချိန်တွင် လင်းမိသားစုမှာ ညစာစားရန် ပြင်ဆင်နေခဲ့ကြ၏။
စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့ ပြန်လာသည်ကို မြင်လျှင် သူတို့ ခဏတာ အံ့သြသင့်သွားခဲ့ပြီးနောက် အလျင်အမြန် ထရပ်ကာ သူတို့ကို နှုတ်ဆက်ကြိုဆိုခဲ့ကြသည်။
စုန့်ရှီးယန်ကတော့ လင်းမိသားစု၏ နှုတ်ဆက်မှုများကို တုံ့ပြန်နေစဉ်တွင် သူ၏မျက်လုံးထောင့်ဖြင့် လင်းရန်၏ဘက်သို့ မကြည့်ဘဲ မနေနိုင်ခဲ့ပါချေ။
လင်းရန်မှ သူ့ဘက်ကိုပင် လှည့်မကြည့်ဘဲ စားပွဲပေါ်တွင် အေးဆေးတည်ငြိမ်စွာ ထိုင်စားနေသည်ကို မြင်လိုက်ရလျှင် စုန့်ရှီးယန်၏ နှလုံးခုန်သံတိာ့က ရုတ်တရက် တုန်ခါသွားခဲ့၏။
လင်းရန် အနည်းငယ် စိတ်ဆိုးနေပြီဖြစ်ကြောင်းကို သူ သိလိုက်ပေသည်။
စုန့်ရှီးယန်တစ်ယောက် သူ၏နှာခေါင်းကို တို့ထိလိုက်ပြီး အဘွားလင််း၏ အကြံပြုချက်ကို ငြင်းဆန်ခဲ့ရသည်။
အဘွားလင်းက သူတို့နှစ်ဦးအတွက် အစားအသောက်ပြင်ဆင်ပေးမည်ဟု ပြောနေသောကြောင့် စုန့်ရှီးယန် အသာငြင်းဆန်လိုက်ရသည်။
“အဘွား၊ ကျွန်တော်နှင့် လင်းကွမ်းချင်းတို့ ကိုယ်တိုင်သွားယူနိုင်ပါတယ်၊ အဘွားတို့ အရင်စားနှင့်ကြပါ”
ထိုသို့ပြောပြီးနောက် နေရာတွင်ရပ်ကု တုံ့ပြန်မှုမရှိဖြစ်နေသေးသော လင်းကွမ်းချင်းကို တိုက်ရိုက်ပင် မီးဖိုချောင်သို့ ဆွဲခေါ်သွားခဲ့လေသည်။
အဘွားလင်းလည်း သူတို့နှစ်ဦးလုံး ထွက်သွားသည်ကို မြင်လိုက်ရလျှင် သူတို့၏နောက်သို့မလိုက်သွားတော့ပေ။
သူမက ပြုံးရုံသာ ပြုံးလိုက်ပြီး တခြားသူများဘက်သို့ လှည့်ကာပြောလိုက်လေသည်။
“ဒီရှောင်စုန့်ကို ကြည့်ပါဦး၊ သူက ဒီလိုမျိုး တွေးတောစဉ်းစားတတ်လွန်းတယ်၊ ဒီခေတ်ကာလမှာ ဒီလောက် စိတ်ထားကောင်းရှိတဲ့ လူငယ်တစ်ယောက်တွေဆိုတာ တကယ်ကို ရှားပါးသွားပြီ အမြဲလိုလို မတွေ့နိုင်တော့ဘူး!”
တွေးတောစဉ်းစားတတ်သည်တဲ့လား။
လင်းရန်သည် မနေနိုင်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူ၏အမူအရာကို ဖော်ပြရလျှင် အပြစ်ရှိသကဲ့သို့ ခံစားရသည့်အတွက် ထွက်ပြေးသွားသည့်အမူအရာဟု ဆိုခြင်းက ပို၍ပင်တိကျမည် မဟုတ်ပါလား။
အမှန်တကယ်တမ်းတွင် လင်းရန်အနေဖြင့် စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့အား တိုက်ရိုက်မော့မကြည့်ခဲ့သော်လည်း သူမ၏နားနှင့် မျက်လုံးထောင့်များကို အားလပ်ခွင့် ပေးထားခြင်းမရှိပေ။
သူမက စုန့်ရှီးယန်ဘက်မှ သူမကို အကြိမ်ရေ အနည်းငယ်ခိုးကြည့်သည်ကို ရှင်းလင်းစွာ မြင်ခဲ့ရသည်။ ထို့အပြင် သူ၏အမူအရာမှာ အစပိုင်းတွင် အံ့အားသင့်မှုမှ တဖြည်းဖြည်း စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုသို့ပြောင်းလဲမှုမျိုးဖြင့်ဆိုလျှင် လင်းရန်အနေဖြင့် သူ မည်သည့်အရာများကို တွေးတွေးနေသည်ကို မခန့်မှန်းနိုင်ဘဲ မနေပါချေ။
သူမ အတွေးများဖြင့် ရယ်မောလုနီးပါးပင် ဖြစ်နေခဲ့သည်။
ပုံမှန်အားဖြင့် မည်သည့်အရာကိုမှ ကြောက်ရွံ့မှုမရှိသကဲ့သို့ မည်သည်ကိုမှ ဂရုမစိုက်တတ်သည့် ခက်ထန်ကြမ်းတမ်းသောလူတစ်ဦးဖြစ်သော စုန့်ရှီးယန်မှ ထိုသို့သော အမူအရာမျိုးကို ပြသလာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပါချေ။
ထို့အပြင် ဤသည်က သူမအတွက်ကြောင့်လည်း ဖြစ်နေခဲ့သည်။
စုန့်ရှီးယန်ထံမှ ထိုသို့သော အမူအရာမျိုးကို ဖော်ပြလာစေဖို့ လုပ်ဆောင်နိုင်သည့်အတွက် သူမ ဂုဏ်ယူရမည်လားပင် မသိတော့ပေ။
သို့သော်လည်း စုန့်ရှီးယန်၏ အပြုအမူကို ကြည့်ခြင်းဖြင့် မမျှော်လင့်ဘဲ တစ်စုံတစ်ရာ မဖြစ်ခဲ့ပါက သူသည်က မကြာမီအချိန်အတွင်း သူမကို လာရှာပေလိမ့်မည်။
သူ့ထံတွင် မည်သို့သော စကားမျိုးကို ပြောစရာရှိနေအည်ကို သူမ မြင်တွေ့ချင်နေမိသည်။
ဤအကြောင်းကို တွေးမိလျှင် လင်းရန်သည် ရုတ်တရက် မျှော်လင့်မှုများဖြစ်လာခဲ့လေသည်။
*