အခန်း (၁၈၃)
Vol. 19 Ch. 183
ထိုညက လင်းရန်တစ်ယောက် စုန့်ရှီးယန်ပေးခဲ့သည့် စာရွက်အား မဖတ်ခဲ့ပေ။
အိမ်ထဲ၌ သူမ၏ဒေါ်လေးလည်း ရှိနေသေးသည်။ သူမအနေဖြင့် စုန့်ရှီးယန်နှင့် ချစ်ကြိုက်လိုကြောင်း မသေချာသေးမီအထိ မည်သူ့ကိုမှ ကြိုတင်၍ပြောပြရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူမ၏ဒေါ်လေးကိုပင်လျှင် မပြောပြလိုပေါချေ။
ထို့ကြောင့် သူမက နောက်တစ်နေ့မနက်အထိ စောင့်ခဲ့ပြီး သူမ၏ဒေါ်လေး လင်းကျန်းဖူမှ အဘွားလင်းအား မနက်စာလုပ်ပေးရန်အတွက် ထသွားပြီးသည့်နောက်မှသာ သူမ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကာ ယမန်နေ့ညက ခေါင်းအုံးအောက်တွင် ထားခဲ့သည့်စာရွက်အား ထုတ်ယူပြီး သေချာစွာ ဖတ်ခဲ့သည်။
ခဏတာမျှ ဖတ်ကြည့်လိုက်ပြီးသည့်နောက် သူမ အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။
သူမ ပိုမို၍ ဖတ်ကြည့်လေလေ မယုံနိုင်စရာဖြစ်လာလေလေပင် ဖြစ်သည်။
စုန့်ရှီးယန်က သူတို့၏လင်းမိသားစုတွင် တစ်လနီးပါး နေထိုင်ခဲ့သော်လည်း လင်းမိသားစုရှိလူတိုင်းက စုန့်ရှီးယန်၏အကြောင်းကို လင်းကွမ်းချင်းပြောထားသလောက်သာ သိခဲ့သည်။
စုန့်ရှီးယန်က လင်းကွမ်းချင်း၏ ခေါင်းဆောင်ဗိုလ်ကြီးတစ်ယောက်ဖြစ်ကြောင်းနှင့် သူက ဖျားနာခွင့်ဖြင့် ဤနေရာသို့ ရောက်ရှိနေကြောင်းကိုသာ သူတို့ သိခဲ့ကြသည်။
စုန့်ရှီးယန်၏ မိသားစုအခြေအနေကလည်း အလွန်ကောင်းမွန်သည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော်လည်း ထိုအကြောင်းအရာအနည်းငယ်မှလွဲ၍ သူတို့က စုန့်ရှီးယန်၏အကြောင်း တခြားမည်သည်ကိုမှ မသိခဲ့ကြပေ။
သူ၏မိဘများက မည်သူဖြစ်သည်နှင့် မည်သည့်အသက်မွေးဝမ်းကြောင်းများ လုပ်ကိုင်သည်ကို ပို၍ပင် မသိခဲ့ကြ။
သို့သော် ဤစာရွက်တွင် စုန့်ရှီးယန်က သူ၏မိသားစုကိစ္စများကို ရှင်းရှင်းလင်းလင်း ရေးထားသည်။
စုန့်ရှီးယန်မှာ စစ်တပ်မိသားစုမှ ဆင်းသက်လာကြောင်း၊ သူ့မိဘနှစ်ပါးစလုံးတွင် ဤသို့နောက်ခံရှိကြောင်း၊ အထူးသဖြင့် သူ၏ဖခင်သည်က စစ်ဒေသတစ်ခု၏ခေါင်းဆောင်ဖြစ်ကြောင်း၊ သူ၏မိခင်သည်လည်း စစ်ရေးဘင်ခရာတပ်မှ အငြိမ်းစားယူခဲ့ကြောင်း၊ အဖိုးဖြစ်သူနှင့် ဆက်ဆံရေးက အလွန်နက်ရှိုင်းကြောင်း စသည်ဖြင့် ရှင်းပြထားသည်။
စုန့်ရှီးယန်မှာ ဖြောင့်မတ်တည်ကြည်မူများနှင့် တောက်ပသည့်အနာဂတ်ရှိသည့် စစ်ဘက်၏ တတိယမျိုးဆက်ဟု ဆိုနိုင်ပေသည်။
သူ၏မိသားစုအခြေအနေများသာမက စုန့်ရှီးယန်ကိုယ်တိုင်လည်း အမှန်တကယ်ပင် ထူးခြားလှသည်။
သူသည်က ငယ်ရွယ်သည့်အရွယ်တွင် တပ်ရင်းတစ်ခု၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်သာမက၊ သူ၏ထောက်ပံ့ကြေးများနှင့် လစာငွေများသည်က ဤခေတ်တွင် အလွန်မြင့်မားသည့် ၀င်ငွေပမာဏဖြစ်ပေသည်။
တစ်လအတွင်း သူရရှိသည့် ဝင်ငွေအမျိုးမျိုးကို ပေါင်းလိုက်လျှင် ယွမ် ၁၇၀ ကျော်ရှိပြီး ထို၀င်ငွေသည်က သာမန်အလုပ်သမားတစ်ဦး၏ တစ်နှစ်ပတ်လုံးရရှိသည့် ၀င်ငွေ၏ တစ်ဝက်ကျော်ပင်ရှိနေခဲ့သည်။
ထို့အပြင် စုန့်ရှီးယန်၏ အသက်အရွယ်အရ ယခုအချိန်ထိ ချစ်သူရည်းစားမရှိခဲ့ဖူးသေးပေ။ ဤသည်က သူ့အနေဖြင့် ဤကဲ့ငို့ ချစ်မှုရေးရာအား အမှန်တကယ် စိတ်မ၀င်စားခြင်း သို့မဟုတ် အလွန်အမင်း ဇီဇာကြောင်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ လင်းရန်အနေဖြင့် အတော်လေးပင် စိတ်ကျေနပ်မှု ရှိခဲ့သည်ဟု ပြောရပေမည်။
ထို့အပြင် သူမသည်လည်း အမှန်တကယ်ပင် တစ်ဖက်လူကို သဘောကျသည့်စိတ်ရှိနေခဲ့ပြီး သူမ၏ လက်တွဲဖော်က သူမအပြင် တခြားသော စိတ်ခံစားချက် အတွေ့အကြုံများ(ရည်းစားဟောင်း) ရှိနေသည်ကို မလိုလားခဲ့ပါချေ။
ထိုသို့ဆိုပါက သူမ၏အချစ်ရေးမှာ တခြားသူ၏ လွှမ်းမိုးမှုကို ခံထားရသည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး
ထိုလူအပေါ် သူမ၏ အကောင်းမြင်စိတ်ကိုလည်း များစွာလျှော့ချမိလိမ့်မည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် စုန့်ရှီးယန်က ထိုအချက်တွင်
သူမ၏လိုအပ်ချက်များကို ပြည့်မီခဲ့သည်။
စုန့်ရှီးယန်၏ မိတ်ဆက်ခြင်းသည်လည်း အလွန်ပင် ရိုးသားခဲ့သည်။
သူမ၏ဘက်မှ စုန့်ရှီးယန်ကို
အမှန်တကယ်ပင် ငြင်းပယ်လိုခြင်းမရှိသည့်အပြင် စုန့်ရှီးယန်ကို မြင်လျှင်
သူမ၏ စိတ်ခံစားချက်က အကြောင်းပြချက်မရှိဘဲ ကောင်းမွန်လာတတ်သည်။
ထို့ကြောင့် လင်းရန်တစ်ယောက် တုံ့ဆိုင်းခြင်းမရှိတော့ဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။
…….
မနက်အစောပိုင်းတွင်တော့ စုန့်ရှီးယန်တစ်ယောက် မျှော်လင့်ချက်များ၊ စိုးရိမ်ပူပန်မှုများဖြင့် နိုးလာခဲ့သည်။
လင်းကွမ်းချင်းပင်လျှင် စုန့်ရှီးယန်၏ စိုးရိမ်ပူပန်မှုကို သတိထားမိခဲ့ရသည်။
သို့သော်လည်း စုန့်ရှီးယန်၏ အမူအရာကင်းမဲ့နေသည့်
မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် သူ တစ်ဖက်လူကို မမေးရဲတော့ဘဲ စိတ်ထဲတွင်သာ ဆက်လက်၍ တွေးနေခဲ့မိသည်။
စုန့်ခေါင်းဆောင်တစ်ယောက် မြို့ထဲက ပြန်ရောက်လာတဲ့နေ့ကတည်းက သိပ်ပြီး ပုံမှန်မဟုတ်တော့ဘူးလို့ သူ ဘာကြောင့် ခံစားနေရပါလိမ့်?
သူတို့အနေဖြင့် ထိုနေ့က ထူးဆန်းသည့်အကြောင်းကိစ္စတစ်ခုခုနှင့်လည်း ကြုံတွေ့ခဲ့ကြခြင်းမရှိသည်မှာ ရှင်းလင်းနေသည်မဟုတ်ပါလား။
အချိန်ကြာမြင့်စွာ တွေးပြီးသည့်နောက်တွင် လင်းကွမ်းချင်းမှာ ဆက်လက်၍ တွေးတောနိုင်ခြင်းမရှိတော့ပေ။
နောက်ဆုံးတွင်တော့ ဤသည်မှာ ခေါင်းဆောင်များ၌သာ ရှိနေတတ်သည့် ပြဿနာများကြောင့်ဟု သူ ယူဆခဲ့သည်။
စုန့်ရှီးယန်အတွက်ဆိုရလျှင် သူ၏အတွင်းစိတ် စိတ်လှုပ်ရှားမှုများကို ဖော်ပြဖွင့်ထုတ်ရန်အတွက် စကားပြောဆိုဖို့ တစ်စုံတစ်ဦးကို ရှာဖွေလိုခဲ့သည်။
သို့သော် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါတွင် သူ့၏ပတ်ဝန်းကျင်ရှိ လူတိုင်းသည်က လင်းမိသားစု၀င်များသာ ဖြစ်နေခဲ့သည်။
ဤအကြောင်းကို သူ မည်သူနှင့်မှ ပြေပြနိုင်ခြင်းမရှိတော့သည်ဖြစ်၍ မျိုသိပ်ထားလိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။
သူက ခြံဝင်းထဲတွင် ရပ်ကာ
ပုံမှန်အတိုင်း လေ့ကျင့်ခန်းလုပ်နေစဉ် လင်းရန်၏ အိမ်ဘက်သို့ ငေးစိုက်၍ ကြည့်နေခဲ့သည်။
သူ့ဘက်မှ အလွန်စိတ်ပူပန်နေခြင်းကြောင့်လား သို့မဟုတ် လင်းရန်ကသာ ယနေ့တွင် အမှန်တကယ်ပင် အိပ်ယာထ နောက်ကျနေခြင်းကြောင့်လား မသိနိုင်ပါချေ။
လင်းမိသားစုမှ တခြားလူများ မနက်စာစားပြီး အလုပ်သို့ ထွက်သွားသည်အထိ လင်းရန် အပြင်ဘက်သို့ ထွက်လာသည်ကို သူ မမြင်ရတွေ့သေးပေ။
စုန့်ရှီးယန်တစ်ယောက် စတင်၍ စိုးရိမ်ပူပန်လာခဲ့သည်။
သူ ရေးခဲ့သည့် စာကို ဖတ်ပြီးသည့်နောက် လင်းရန်က စိတ်ကျေနပ်မှုမရှိခဲ့သည့်အတွက် သူ့အား မည်သို့ငြင်းပယ်ရမည်ကို မသိသောကြောင့်
အပြင်သို့ မထွက်လာခြင်းများလား။
ဤသို့တွေးမိလိုက်သည့်အခိုက်တွင် စုန့်ရှီးယန်၏ ရင်ထဲ၌ တင်းကျပ်လာသကဲ့သို့ ခံစားရသည်။
အဆုံးတွင်တော့ သူ မည်သို့မှ ဆက်လက်၍ မစဉ်းစားတော့ဘဲ လင်းရန်၏အခန်းတံခါးသို့ တိုက်ရိုက်လျှောက်သွားကာ အော်ခေါ်လိုက်သည်။
“လင်းရန်၊ နိုးပြီလား”
သူ၏လေသံမှာ အလောတကြီးနှင့် မြန်ဆန်နေခဲ့ပြီး တခြားမသိသည့်သူများသာဆိုပါက သူ့အနေဖြင့် ရန်ဖြစ်တိုက်ခိုက်ရန် တစ်စုံတစ်ဦးကို ရှာဖွေနေသည်ဟုပင် ထင်မိကြပေလိမ့်မည်။
သူ ဆက်၍ အော်ရန် ကြံရွယ်နေစဉ် သူ၏ ရှေ့တွင် ရှိနေသော တံခါးက အထဲဘက်မှ ဖွင့်ဟလာခဲ့သည်။
ထို့နောက် တံခါးဝတွင် ရပ်ကာ သူ့အား အမူအရာမဲ့စွာဖြင့် လှမ်းကြည့်နေသည့် လင်းရန်ကို မြင်လိုက်ရလေသည်။
လင်းရန်မှာ မတိုင်ခင်က သူ သူမကို အော်ခေါ်ခဲ့မိသည့်အတွက် သူ့ကို အပြစ်တင်သည့်ပုံ ပေါ်နေခဲ့သည်။
မကြာခင်ကာလက လေသံ အနည်းငယ် ပြင်းထန်ခဲ့သည့် စုန့်ရှီးယန်တစ်ယောက် နောက်တစ်စက္ကန့်တွင်ပင် စိတ်လှုပ်ရှားကြောက်ရွံ့လာခဲ့သည်။
သူ၏အသံက ပိုမို၍ နူးညံ့လာခဲ့ပြီး ခပ်ဖွဖွ ချောင်းဟန့်ကာ ပြောလိုက်သည်။
“မင်း မနိုးသေးတာကိုတွေ့လို့လေ၊ တစ်ခုခုဖြစ်နေတာလားလို့ ထင်မိလို့ပါ...”
လင်းရန်တစ်ယောက် မျက်လုံးများကို လှိမ့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
“ရှင် ကျွန်မကို ကောင်းကောင်းမွန်မွန် ပြောလို့မရဘူးလား”
သူမအနေဖြင့် စုန့်ရှီးယန်မှ အဖြေကို သိလိုသည့်အတွက် စိတ်ပူပန်နေမည်ကို သိသော်လည်း မနက်အစောကြီးကတည်းက ထိုကဲ့သို့ အော်ခေါ်ကာ ပြောလာခြင်းကတော့ မကောင်းလှပါချေ။
စုန့်ရှီးယန်သည်လည်း လင်းရန်မှ သူနှင့် နောက်ပြောင်နိုင်သေးသည်ကို မြင်ခဲ့ရပြီး သူမ၏အမူအရာမှာလည်း ရှက်ရွံ့နေသည့်ပုံ မပေါ်သည့်အတွက် လင်းရန်၏ နောက်ဆုံးဆုံးဖြတ်ချက်သည်က မည်သို့ဖြစ်မည်ကို အမှန်တကယ်ပင် မသေချာတော့ပေ။
နောက်ဆုံးတွင်တော့ သူ ပြတ်သားစွာဖြင့်မေးလိုက်မိသည်။
“ကိုယ်ပြောတဲ့ကိစ္စကို မင်း ဘယ်လိုစဉ်းစားထားလဲ”
လင်းရန် ခေါင်းကိုမော့ကာ စုန့်ရှီးယန်အား စိုက်ကြည့်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“ကြည့်ရသလောက်တော့ အတော်လေး ကောင်းပါတယ်”
စုန့်ရှီးယန်တစ်ယောင် ကြောင်အသွားခဲ့ပြီး သူ ကြားလိုက်သည့်စကားကို နားမလည်နိုင် ဖြစ်သွားသည်။
ခဏအကြာမှသာ လင်းရန် ပြောခဲ့သည့် အဓိပ္ပာယ်ကို သူ နားလည်သွားခဲ့သည်။
သူမက သူနှင့်ချစ်ကြိုက်ဖို့ကို သဘောတူလိုက်တာ မဟုတ်ဘူးလား။
သို့သော်လည်း သူ့အနေဖြင့် နားလည်မှုလွဲသွားသည်လားဟု သံသယရှိခဲ့သည့်အတွက် ထပ်မံ မေးလိုက်မိသည်။
“ မင်း ခုနက ဘာပြောလိုက်တာလဲ”
စုန့်ရှီးယန်၏ မသေချာသည့်လေသံနှင့် အမူအရာများ၊ လည်ချောင်းခြောက်ကပ်နေသည့် အသံတို့က သူ၏အတွင်းစိတ်ထဲမှ စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုကို ပြနေခဲ့သည်။
သူသည်က ပုံမှန်အားဖြင့် အလွန်သန်မာသည့်လူတစ်ဦးဖြစ်သော်လည်း ဤအချိန်တွင်တော့ ထိုသို့ရယ်စရာကောင်းသည့် အမူအရာဖြစ်နေခဲ့သည်။
လင်းရန်တစ်ယောက် သူ၏ အမူအရာကိုကြည့်ကာ ရယ်ချင်သွားခဲ့ရသည်။
“ရှင် မကြားလိုက်ဘူးလား၊
မကြားလိုက်ရင်လည်း ထားလိုက်ပါတော့”
လင်းရန် ပြုံးလိုက်ပြီး စုန့်ရှီးယန်အား ဖြတ်ကျော်၍ မီးဖိုချောင်သို့ သွားရန် ဟန်ပြင်လိုက်သည်။
သို့သော် သူမ ခြေတစ်လှမ်း မလှမ်းရေသေးမီတွင် သူမ၏ လက်ကောက်ဝတ်မှာ စုန့်ရှီးယန်ထံမှ ဆုပ်ကိုင်ခံလိုက်ရသည်။
“မသွားပါနဲ့ဦး!”
စုန့်ရှီးယန်၏ လက်များက လင်းရန်၏လက်ကောက်ဝတ်ကို
ညှပ်တူကဲ့သို့ ခိုင်မြဲစွာဆုပ်ကိုင်ထားခဲ့သောကြောင့် လင်းရန်တစ်ယောက် နာကျင်သွားရကာ အော်ဟစ်လိုက်မိလေသည်။
လင်းရန်၏ နာကျင်စွာအော်ဟစ်သံကို ကြားလိုက်ရလျှင်
စုန့်ရှီးယန်က သူ ဆုပ်ကိုင်ထားသည်ကို လျင်မြန်စွာဖြေလျှော့လိုက်လေ၏။ သို့သော်လည်း လင်းရန်၏လက်ကိုမူ လွှတ်မပေးခဲ့ပေ။
သူက လင်းရန်အား သူမ၏အိမ်ခန်းအနီးသို့ ပြန်လည် ဆွဲခေါ်ရန် လိမ္မာပါးနပ်သည့်လှုပ်ရှားမှုကို ပြုလုပ်ပြီးသည့်နောက်
သူမအား တံခါးနံရံတွင် မှီစေခဲ့ပြီး နက်ရှိုင်းစွာ ကြည့်နေခဲ့သည်။
သူတို့နှစ်ဦးကြားမှ အကွာအဝေးသည်က အလွန်နီးကပ်နေသည့်အတွက် လင်းရန်အနေဖြင့် စုန့်ရှီးယန်တွင် မျက်တောင်များက မည်မျှရှိသည်ကိုပင် ရေတွက်နိုင်သည်ဟု ထင်မိရသည်။
“ရှင် ဘာလုပ်နေတာလဲ”
လင်းရန်တစ်ယောက် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့ပြီး ဆက်တိုက်တုန်ယင်နေခဲ့သော်လည်း သူမ၏ ကြောက်ရွံ့မှုကို မပြသမိစေရန်
သူမကိုယ်သူမ အတင်းဖိအားပေးလိုက်သည်။
ဤသည်မှာ သူမအနေဖြင့် အမျိုးသားတစ်ဦးနှင့် ပထမဆုံးအကြိမ် ဤမျှလောက်အထိနီးကပ်နေခြင်းဖြစ်ပေသည်။
အထူးသဖြင့် စုန့်ရှီးယန်သည်လည်း ဤအချိန်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သေးသည်မဟုတ်ပါလား။
*