← Chapters

အခန်း (၁၈၇)

Vol. 19 Ch. 187

အခန်း (၁၈၇)

Vol. 19 Ch. 187

စုန့်ရှီးယန်နှင့် လင်းကွမ်းချင်းတို့နှစ်ယောက်မှာ နောက်ဆုံးမစ်ရှင်တစ်ခုကို ထမ်းဆောင်ပြီးသည်မှာ တစ်ပတ်ခန့် ရှိနေပေပြီ။

သို့သော်လည်း စုန့်ရှီးယန်မှတခြားအလုပ်များကို လုပ်နေသည်ကို လင်းရန် မတွေ့ရသေးပါချေ။

လင်းကွမ်းချင်းကတော့ ထိုမစ်ရှင်ပြီးသည့်နောက်၌ အလုပ်မှတ်ရရန်အတွက် မိသားစုရှိ တခြားသူများနှင့်အတူ လယ်ကွင်းများတွင် နေ့တိုင်း အလုပ်ဝင်လုပ်နေခဲ့သည်။

စုန့်ရှီးယန်အတွက်ကတော့ ဧည့်သည်တစ်ယောက် ဖြစ်နေသည့်အတွက်ကြောင့် သူ့ဘက်မှကူညီလိုစိတ် ရှိနေသော်လည်း အဘွားလင်းနှင့် တခြားလူများက မလုပ်ရန် တားမြစ်ထားခဲ့ကြသည်။

ထို့ကြောင့် စုန့်ရှီးယန်တစ်ယောက် မတတ်သာစွာဖြင့် သူတို့မိသားစု၌ အလုပာမရှိဆုံးသော သို့မဟုတ် အပျင်းရိဆုံးသောလူ ဖြစ်လာတော့သည်။

လင်းကျန်းဖူကိုတော့ ထည့်တွက်၍ မရပါချေ။

သူမသည်ကား မနက်ဖြန်တွင်

မြို့သို့ သွားတော့မည်ဖြစ်လေ၏။

လင်းကျန်းဖူက မနက်ဖြန်တွင် အလုပ်သစ်အတွက် မြို့သို့ ထွက်ခွာရတော့မည်ဖြစ်ကြောင်းကို သိလိုက်ရသည့်အခိုက်တွင် စုန့်ရှီးယန်က လင်းကျန်းဖူပျော်သည်ထက်ပင် ပို၍ ပျော်ရွှင်နေခဲ့သည်။

ဒါက ဘာကို ဆိုလိုတာလဲ?!

ဆိုလိုသည်မှာ နောက်ရက်အနည်းငယ်တွင် လင်းရန်က တစ်ယောက်တည်းဖြစ်နေတော့မည်ဖြစ်ပြီး သူသည်လည်း လင်းရန်နှင့် နှစ်ယောက်တည်း ရှိနေနိုင်သည့် အခွင့်အရေးကို ရရှိတော့မည် ဖြစ်သည်။

ဤသတင်းကောင်းကြောင့် ထိုညတွင် စုန့်ရှီးယန်က ပုံမှန်ထက် ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့တွင် လင်းကျန်းဖူက သူမ၏ မှတ်ပုံတင်နှင့် ထောက်ခံမိတ်ဆက်လွှာကို ယူဆောင်ကာ မြို့သို့ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

လင်းရန်က သူမကို

မြို့သို့ လိုက်ပါပို့ဆောင်ပေးလိုသော်လည်း လင်းကျန်းဖူက ငြင်းဆိုလိုက်သည်။

သူမသည်က မြို့ကို လင်းရန်ထက်ပင် ပို၍ ရင်းနှီးပေသည်။ ထို့အတွက်ကြောင့် သူမအား လိုက်ပို့ပေးနေရန် မလိုအပ်ချေ။

ထို့အပြင် စွန်းယင်သည်လည်း အလွန်ကောင်းမွန်သည့် လူတစ်ဦး ဖြစ်သည်။

သူမက လင်းကျန်းဖူ မြို့သို့ ပထမဆုံးအကြိမ် သွားသည့်အချိန်တွင် လမ်းများကို မရင်းနှီးမည်ကို စိုးရိမ်ခဲ့သည်။

ထို့ကြောင့် သူမက လင်းကျန်းဖူအား မြို့ပေါ်တွင်ရှိနေသည့် သူမ၏ဖခင်အိမ်သို့ တိုက်ရိုက်သွားရန် ပြောခဲ့သည်။

ထိုနေရာတွင် သူမက စောင့်နေမည်ဖြစ်ကာ လင်းကျန်းဖူရောက်လာသည့်အချိန်မှသာ နှစ်ယောက်အတူ မြို့ထဲသိာ့ သွားလိမ့်မည်။

ထိုသို့ဆိုလျှင် လင်းမိသားစုအနေဖြင့်လည်း လင်းကျန်းဖူတစ်ယောက် လမ်းပျောက်မည်ကို စိတ်ပူနေရန် မလိုအပ်တော့ချေ။

သူမ၏ဒေါ်လေးဖြစ်သူမှ ထိုသို့ ဆုံးဖြတ်ထားသည်ကို တွေ့ရသည့်အတွက် လင်းရန်သည်လည်း ဆက်လက်၍ အတင်းအကျပ် မလုပ်တော့ချေ။

နောက်ဆုံးတွင်တော့ လင်းရန်၊ အဘွားလင်းနှင့် စုန့်ရှီးယန်တို့က တံခါးဝတွင် ရပ်ကာ လင်းကျန်းဖူ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ကြသည်။

လင်းကျန်းဖူ ထွက်သွားပြီးသည့်နောက်တွင် အဘွားလင်းသည် အနားယူခြင်း မရှိခဲ့ပေ။

သူမက ရေပုံးကို ကောက်ကိုင်ကာ ဟင်းသီးဟင်းရွက်ခင်းအား ရေလောင်းရန်အတွက် စိုက်ပျိုးမြေကွက်လေးသို့ ထွက်သွားခဲ့သည်။

ယခုတွင် လင်းမိသားစုတစ်ခုလုံး၌ လင်းရန်နှင့် စုန့်ရှီးယန်တို့ နှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

စုန့်ရှီးယန်၏ မျက်လုံးများက ချက်ချင်းပင် လင်းရန်ထံသို့ တည့်တည့်ကြည့်လာခဲ့ပြီး ပြောလိုက်လေသည်။

“လင်းရန်၊ ကိုယ်တို့လည်း ခဏလောက် လမ်းလျှောက်ဖို့သွားကြမလား”

လင်းရန် ခဏတာမျှ ကြောင်အသွားခဲ့လေသည်။သို့သော်လည်း စုန့်ရှီးယန်၏ မျှော်လင့်နေသည့် မျက်လုံးများကို ရင်ဆိုင်လိုက်ရပြီးနောက်တွင်တော့ သူတို့နှစ်ယောက်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နှစ်ဦးတည်း အပြင်သို့ မသွားနိုင်ခဲ့ကြသည်ကို တွေးတောလိုက်မိသည်။

အပြင်ထွက်ပြီး လည်ပတ်ဖို့ရန်ကို မဆိုထားနှင့်၊ နှစ်ဦးတည်း စကားပြောရန်ပင် အချိန်မရခဲ့သကဲ့သို့ ဖြစ်နေခဲ့သည်။

ဤချစ်သူရည်းစားဆက်ဆံရေးက သူတို့နှစ်ယောက် ချစ်သူအဖြစ် ဆက်ဆံရေးကို မတိုးမြှင့်ခင်က ကဲ့သို့ တူညီစွာ ရှိနေခဲ့လေသည်။

လင်းရန်သည် ရှက်ရွံ့သွားသောကြောင့် တစ်ဖက်လူ၏ တောင်းဆိုချက်ကို မငြင်းပယ်တော့ချေ။

သူမက ခဏရပ်လိုက်ပြီး စုန့်ရှီးယန်ကို မေးလိုက်သည်။

“ရှင် သွားချင်တဲ့နေရာ ရှိလား”

အချိန်က အနည်းငယ်စောနေသေးသော်လည်း သူမအနေဖြင့် ဆယ်နာရီအချိန်တွင် ကွန်မြူနတီ စားဖိုဆောင်သို့ သွားရောက်ကာ အလုပ်လုပ်ရမည် ဖြစ်သည့်အတွက်ကြောင့် ဝေးလံသည့်နေရာများသို့ သွား၍ မရနိုင်ပေ။ ထို့ကြောင့် သူ့အနေဖြင့် ဤကိစ္စကို ကြိုတင် ရှင်းပြထားခြင်းက ပို၍ ကောင်းပေသည်။

လင်းရန်မှ ထိုသို့မေးလိုက်သည်ကို ကြားလိုက်ရလျှင် စုန့်ရှီးယန်က ချက်ချင်းပင် ခေါင်းကို ခါရမ်းလိုက်သည်။

စုန့်ရှီးယန်က ခေါင်းခါလိုက်သည့်အတွက် လင်းရန်လည်း

သူမတို့ သွားနိုင်လောက်သည့် နေရာတစ်ခုကို တွေးတောစဉ်းစားလိုက်မိသည်။

ထိုအခိုက်တွင် စုန့်ရှီးယန်မှ ထပ်မံ၍ ပြောလာလေသည်။

“ရန်ရန် ၊ ကိုယ် မင်းအလုပ်လုပ်တဲ့နေရာကို လိုက်ပို့ချင်တယ်၊ ရမလား”

စုန့်ရှီးယန်က လင်းရန်မှ သူ့ကို

ငြင်းပယ်လာမည်ကို ကြောက်ရွံ့နေသကဲ့သို့ သတိအနေအထားဖြင့် မေးလိုက်သည်။

လင်းရန်ထံတွင် မည်မျှပင် ခက်ထန်သော နှလုံးသား ရှိ‌နေစေကာမူ

ထိုအခိုက်တွင်တော့ ငြင်းဆိုရန် မတတ်နိုင်တော့ပါချေ။

ထို့ကြောင့် သူမ ခေါင်းညိတ်လိုက်ကာ ညင်သာစွာပြောလိုက်သည်။

“ရတယ်လေ”

“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊

ခဏနေရင် ကျွန်မတို့တွေ သပ်သပ်စီ သွားမယ်၊ အပြင်ရောက်မှ အတူတူ သွားကြတာပေါ့”

အကြောင်းရင်းကိုတော့ စုန့်ရှီးယန် နားလည်လိမ့်မည်ဟု သူမ တွေးလိုက်သည်။

စုန့်ရှီးယန်လည်း လင်းရန်၏ စကားကို ကြားလျှင် သူ နားလည်ကြောင်းကို ဖော်ပြလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ လင်းမိသားစုမှ သူတို့၏ ဆက်ဆံရေးကို မသိသေးသည့်အတွက်ကြောင့် သူတို့အနေဖြင့်လျှို့ဝှက်ထားရပေလိမ့်မည်။

ထို့အပြင် သူ့အနေဖြင့် လင်းရန်မှ သူတို့နှစ်ယောက်အကြောင်းကို သူမ၏မိသားစုအား အဘယ်ကြောင့် မပြောပြသည်ကို ကောင်းစွာသိသည်။

အကြောင်းရင်းက သူ့ဘက်မှ

သူမကို လုံးလုံးလျားလျား စိတ်ချစေရန် မလုပ်နိုင်သေးသည့်အတွက်ကြောင့်သာဖြစ်ပြီး လင်းရန်က သူ့ကို

စမ်းသပ်ချင်နေသေး၍ ဖြစ်နိုင်ပေသည်။

သူ့အနေဖြင့် လုံးဝနားလည်နိုင်ပြီး လင်းရန်၏ စမ်းသပ်မှုကို ခံယူရန်အတွက်လည်း ယုံကြည်မှု အပြည့်ရှိသည်။

စုန့်ရှီးယန်သည်ကား သူကလွဲလျှင် လင်းရန်ကို စိတ်ကျေနပ်အောင် လုပ်နိုင်သူ လုံးဝမရှိနိုင်ဟု ယုံကြည်ထားပေသည်။

လင်းရန်လည်း စုန့်ရှီးယန်က မည်သည့်အကြောင်းကိုမျှ ပြန်လည်မေးလာခြင်းမရှိဘဲ သဘောတူလက်ခံလိုက်သည်ကို တွေ့လိုက်ရလျှင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

“ဒါဆို ကျွန်မ အဘွားကို သွားပြောလိုက်ဦးမယ်၊ ရှင် အရင်သွားနှင့်လိုက်လေ”

ပြီးနောက်တွင် လင်းရန်က အဘွားလင်းထံသို့ သွားကာ ယနေ့ သူမတွင် အလုပ်တစ်ခု ရှိနေသေးသည့်အတွက် ကွန်မြူနတီသို့ စောစောသွားရမည်ဖြစ်ကြောင်း ပြောလိုက်သည်။

အဘွားလင်းက သူမ၏စကားများကို အမြဲတစေ ယုံကြည်စိတ်ချသည့်အတွက်ကြောင့် မည်သည့်မေးခွန်းကိုမျှ မမေးခဲ့ပေ။ သူမက သူမ၏ မြေးမလေး လိမ်ညာနေသည်ဟု တွေးပင် မတွေးမိခဲ့ပါချေ။

မကြာမီတွင်ပင် လင်းရန်က တံခါးကို သော့ခတ်ကာ ရွာအဝင်ဝသို့ ထွက်လာခဲ့သည်။

စုန့်ရှီးယန်က ရွာအဝင်ဝမှ အတော်အတန် ဝေးသည့် အကွာအဝေးတွင် ရောက်နေပြီး ဖြစ်လေသည်။

သူက ထိုနေရာတွင် ရှည်လျှားသည့်အရပ်ရှည်ဖြင့် ဖြောင့်မတ်စွာ ရပ်နေခဲ့သည်။ ကြည့်ရသည်မှာ ပေါ့ပလာပင်ပျိုလေးနှင့်ပင်တူပြီး

အလွန်ပင် မျက်စိပသာဒ ဖြစ်စေသည်။

လင်းရန်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကော့ညွတ်သွားခဲ့သည်။

သူမ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး စုန့်ရှီးယန်ရှိရာသို့ လျင်မြန်စွာသွားကာ ပြောလိုက်လေသည်။

“ကျွန်မ ရောက်ပြီ”

စုန့်ရှီးယန်လည်း သတိပြန်ဝင်လာပြီး

သူ့ထံသို့ လျှောက်လာသည့် လင်းရန်အား တွေ့မြင်ရချိန်တွင် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

လင်းရန်နှင့် ချစ်ကြိုက်ပြီးနောက် သုံးရက်မြောက်နေ့တွင် သူ့အနေဖြင့် လင်းရန်နှင့် နှစ်ဦးတည်း အတူ ရှိနေနိုင်ပြီဖြစ်ကာ သူမကို အလုပ်သို့ လိုက်ပို့ရင်း ချိန်းတွေ့နိုင်တော့မည် ဖြစ်သည်။

မည်သည်ကြောင့်မှန်းမသိရဘဲ သူ အနည်းငယ် စိတ်လှုပ်ရှားနေသကဲ့သို့ ခံစားရသည်။

သို့သော်လည်း သူ၏ဘေးတွင်ရှိနေသော လင်းရန်ကို ကြည့်လိုက်မိချိမ်တွင်တော့ စုန့်ရှီးယန်တစ်ယောက် ထိုအသေးအဖွဲ ကိစ္စများကို ဆက်လက်၍ ဂရုစိုက်ရန် မလိုအပ်တော့ဟု ခံစားရသည်။

မည်သို့ပင်ဆိုစေ တစ်နေ့နေ့တွင် သူသည် လင်းရန်နှင့်အတူ ပွင့်လင်းစွာဖြင့် အတူယှဥ်တွဲကာ ရှိနေနိုင်တော့မည်မဟုတ်ပါလား။

သူတို့နှစ်ယောက် ရွာအဝင်နားမှ ကွန်မြူနတီသို့ လျှောက်လာခဲ့ကြသည်။

အချိန်စောနေသေးသည့်အတွက်ကြောင့် ဖြည်းညင်းစွာ လမ်းလျှောက်နိုင်ကာ စကားပြောရန်အတွကာ အခွင့်အရေးရှိနေသေးပေသည်။

လင်းရန်က ထိုသို့ တွေးခဲ့ပြီး

သူမ၏ စိတ်ကူးမှာ အလွန်ကောင်းမွန်သော်လည်း လက်တွေ့တွင်တော့ သူမနှင့် စုန့်ရှီးယန်တို့၏ကြားတွင် စကားပြောစရာ တစ်ခုမှ မရှိသကဲ့သို့ ဖြစ်နေခဲ့သည်။

သူတို့နှစ်ဦး ခဏတာမျှ အသံတိတ်ကာ လျှောက်လာခဲ့ကြသည်။

ဆိုရလျှင် ဤတစ်ကြိမ်မှာ သူတို့နှစ်ဦးလုံးအတွက် ပထမဆုံးအကြိမ် ရည်းစားထားဖူးကြခြင်း ဖြစ်ပေသည်။

လင်းရန်က ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများနှင့် ဝတ္ထုများစွာကို ကြည့်ဖူးပြီး သူမအနေဖြင့် ကြွယ်ဝသော အတွေ့အကြုံများ ရှိသည်ဟု ခံစားမိသော်လည်း နောက်ဆုံးတွင်မူ ၀တ္တုဖတ်ဖူးခြင်းဆိုသည်မှာ ၀တ္ထုဖတ်ဖူးရုံမျှ သာ ဖြစ်သည်ဟူသော အချက်ကို လက်ခံလိုက်ရသည်။

ဆိုရလျှင် ဤသို့သော လေထုမှာ အလွန်ပင် စိတ်ရှုပ်စရာကောင်းလှ‌သည်။

ဒီလိုတိတ်ဆိတ်‌နေတဲ့

အခြေအနေကနေ လွတ်မြောက်သွားစေဖို့ ဘယ်သူကမှ မကူညီနိုင်ကြတော့ဘူးလား။

လင်းရန်တစ်ယောက် သူမ၏နှလုံးသားထဲ၌ အကူအညီတောင်းခံရန် တွေးတောနေရသည့်အချိန်တွင် သူမ၏ဘေးရှိ စုန့်ရှီးယန်ကတော့ မည်သည့်အရာကိုမျှ မခံစားရပါချေ။

သူသည်ကား လင်းရန်နှင့် နှစ်ယောက်တည်းအတူ ရှိနေနိုင်ပြီဖြစ်သည့်အတွက် ပျော်ရွှင်မှုတွင် နှစ်မြှုပ်နေခဲ့သည်။

လမ်းဘေးမှာရှိနေတဲ့ ပန်းပင်တွေနှင့် မြက်ပင်တွေ လှလှပပ ဖူးပွင့်နေတာကို ကြည့်လိုက်ဦး။

ဒါက သူ့အတွက် ဂုဏ်ပြုပွဲကိုဆင်နွှဲနေတာပ် ဖြစ်လိမ့်မယ်။

ကောင်းကင်ယံမှာ တေးဆိုနေတဲ့ ငှက်ကလေးတွေလည်း ရှိနေသေးတယ်။

ဒီငှက်လေးတွေက သူတို့နှစ်ဦးရဲ့နောကနေ လိုက်လာပြီး တေးသီဆိုပေးနေတာ ဖြစ်လိမ့်မယ်။

ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။

စုန့်ရှီးယန်တစ်ယောက် လမ်းတစ်လျှောက်ရှိ ရှုခင်းများကို စိတ်သက်သောင့်သက်သာရှိစွာဖြင့် ကြည့်နေခဲ့သည်။

လင်းရန် မျက်စိထောင့်ဖြင့် သူ့ဘက်သို့ တိတ်တဆိတ် ကြည့်လိုက်လေသည်။

“……”

သူက ရှုခင်းကို ကြည့်ဖို့အတွက် စိတ်ဝင်စားနေနိုင်သေးတာလား။

လင်းရန်တစ်ယောက သူမ၏ နှုတ်ခမ်းများကို စုဝိုင်းလိုက်ကာ မည်သည့်အကြောင်းကိုမှ ထပ်မတွေးတော့ပါချေ။

လက်ခံလိုက်တော့!

ရွေးချယ်လိုက်တဲ့အချစ်ရေးက ဒီလိုဆိုမှတော့ လက်ခံလိုက်တော့!

*

All Chapters