အစွမ်းအထက်ဆုံး အချုပ်အနှောင်က လွယ်လွယ်လေး ပျက်စီးသွားတာလား
Vol. 49 Ch. 673
" ဟုတ်ကဲ့ပါ သခင်ကြီး... "
ကောင်းကင်နှင့်မြေကြီး မီးဖိုအဖုံး၏ အသံမှာ တုန်ယင်နေရှာတော့၏။
ကောင်းကင်နှင့်မြေကြီးမီးဖို ကိုယ်ထည်၏ စိတ်စွမ်းအင်အသိဉာဏ်က ပျက်စီးနေခဲ့ပြီ ဆိုသည်ကို သူ နားလည်ပါသည် ။
သို့သော်.. သူနှင့် အတူမွေးဖွားလာခဲ့သည့် ကိုယ်ထည်က ဖျက်ဆီးခံရတော့မည် ဖြစ်သဖြင့် သူ အနည်းငယ် ဝမ်းနည်းရဆဲပါပင် ။
ထိုစဥ်.. ကောင်းကင်နှင့်မြေကြီးမီးဖိုက အေးစက်စက် နှာခေါင်းရှုံ့၍ ပြောလာ၏။
" ဟမ့်.. ငါ့ရဲ့ စိတ်စွမ်းအင်အသိဉာဏ်ကို ဖျက်ဆီးမယ်.. ဟုတ်လား ။ လေထွားမနေစမ်းပါနဲ့ကွာ ။ ငါက မင်းအနိုင်ယူတာကို ခံခဲ့ရတယ် ဆိုပေမယ့် မင်းကို ဒီနေရာကနေ လွယ်လွယ်ထွက်ခွင့် ပေးမယ်ထင်
လား "
" မင်း ဒီနေရာကနေ မထွက်နိုင်မချင်း မင်းရဲ့အစွမ်းက ကန့်သတ်ခံထားရမှာပဲ။ မင်းရဲ့ ကိုယ်ပိုင်အစွမ်းကို သုံးနိုင်မှာ မဟုတ်ဘူး ။ ဒါနဲ့များ ငါ့ကို ဘယ်လိုဖျက်ဆီးနိုင်မှာလဲ "
သူ့စကားကြောင့် လင်းရွှမ်ယီ နှင့် ကျန်လူများ အံ့အားသင့်သွားကြကာ လောထျန်းအား စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။
တဖက်လူ ပြောသည်မှာ အမှန်ဖြစ်ကြောင်း သူတို့ သိပါ၏။
သူတို့ ဤနေရာ၌ ပိတ်မိနေလေပြီ...
သို့သော်...
" ကန့်သတ်ချက်တွေလား... "
လောထျန်း တချက်ရယ်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ ထို့နောက်တွင်.. သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ လည်ပတ်လာကြ၏။
ဝုန်း...
ချက်ချင်းမှာပင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားသည်။
ဝီ...
ကောင်းကင်ဘုံကိုးဆင့်၏ အပေါ်၌လည်း ထွင်းစာတစ်ခု ပေါ်လာ၏။
၎င်းထွင်းစာမှာ ဤနေရာတွင် ကျင့်ကြံခြင်းကို ချုပ်နှောင်ထားသော အရာဖြစ်ပါသည်။
ထိုထွင်းစာ ရှိလာသည်မှာလည်း နှစ်ပေါင်းမရေမတွက်နိုင်အောင်ပင် ကြာသွားခဲ့လေပြီ ။
သို့သော်... ထိုစဥ်မှာပင်..
ခွပ်..
ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ ထွင်းစာက
ပြိုကွဲသွားတော့၏။
ဝုန်း ..
လောထျန်း၏ စိတ်စွမ်းအင်များ ကောင်းကင်ယံသို့ ထိုးတက်သွားကာ သူ့ကျင့်ကြံခြင်း မူလအတိုင်း ပြန်ဖြစ်သွားသည်။
" မင်း... မင်း... "
ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့၏။
လောထျန်းက အစောကတည်းက အချုပ်အနှောင်ကို အလွယ်တကူ ချိုးဖျက်နိုင်နေခဲ့သတဲ့လား..
သို့ဆိုလျှင် တဖက်လူက သူ့ မှော်လက်နက်များကို စမ်းသပ်ချင်သောကြောင့်သာ သူ့အား မှော်လက်နက်ဖြင့် တိုက်ခိုက်ခဲ့ပါသလား..
ထိုအတွေး ဝင်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ ကူကယ်ရာမဲ့ ဖြစ်သွားတော့သည်။
သူ့ရှေ့မှ လူက သူထင်ထားသည်ထက် အဆများစွာ ပိုအစွမ်းထက်နေပေသည်။
ထိုစဥ်မှာပင် လောထျန်းက ၎င်းအပေါ်သို့ လက်တစ်ဖက် တင်လာ၏။
ဝုန်း...
အဆုံးမဲ့သော စိတ်ဝိဥာဥ်အစွမ်းများ ကောင်းကင်နှင့်မြေကြီးမီးဖိုထဲ တိုးဝင်သွားကြတော့သည်။
တခဏအတွင်းမှာပင် မီးဖို၏ အသိဉာဏ်က ချုပ်နှောင်ခံလိုက်ရပါ၏။
" ဟင်... "
ထိုစဥ် မီးဖိုထဲတွင် ပုန်းအောင်းနေသော အခြား အစွမ်းတစ်ခုကို လောထျန်း အာရုံခံမိလိုက်သည်။
" ထွက်လာခဲ့စမ်း "
လောထျန်း အော်လိုက်၏။
ဝုန်း...
ထို့နောက်တွင် သူ့လက်ထဲ၌ မီးခိုးရောင် မြူမှုန်အျို့ ပါလာသည်။
ထိုမြူမှုန်မှာ အမုန်းတရားများ နှင့် ကျိန်စာများ ပြည့်နေဟန်ပါပင်..
ခပ်လှမ်းလှမ်းတွင် ရှိနေကြသည့် လင်းရွှမ်ယီတို့ လူစုမှာ ထိုမြူမှုန်အား တစ်စက္ကန့်မျှ ထပ်ကြည့်လိုက်ရုံဖြင့် သူတို့၏ ကိုယ်ရောစိတ်ပါ ပြိုလဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ကြရသည်။
တဖက်မှ လောထျန်းကမူ ထိုမြူမှုန်ကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။
ထိုမြူမှုန်က ဤနေရာတစ်ခုတည်း မကဘဲ ထူးဆန်းသော တံခါးတစ်ခုကို ဖြတ်၍ အခြားနေရာများနှင့်ပါ ဆက်နွယ်နေသည်ကိုလည်း သူ မြင်လိုက်ရသည်။
လောထျန်း ခဏတာမျှ စဥ်းစားနေပြီးနောက် မြူမှုန်ထဲသို့ လက်ထည့်လိုက်သည်။
ဝှစ်...
ထိုစဥ်တွင် မြူမှုန်များက ရန်သူတော်ကြီး တစ်ယောက်ကို တွေ့လိုက်ရသည့်အလား အသည်းအသန် နောက်ဆုတ်သွား၏။
ထိုအချိန်မှာပင် လောထျန်း တံခါးကို အာရုံခံမိသွားကာ လက်ဖြင့် တွန်းဖွင့်လိုက်သည်။
လင်းရွှမ်ယီ နှင့် အခြားသူများမှာလည်း ထိုစဥ်မှသာ ဟင်းလင်းပြင်သို့ ဆက်သွယ်ထားသည့် တံခါးကို တွေ့ပြီး တုန်လှုပ်သွားကြ၏။
တစ်ချိန်တည်းမှာပင်.... တံခါး၏ တဖက်ခြမ်း... ကြယ်တစ်ခုပေါ်၌...
ဟူး...
လောထျန်းအား ကျိန်စာတိုက်ရန် ကြိုးစားခဲ့ဖူးသည့် ထူးဆန်းသော အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်က သက်ပြင်း ရှိုက်ထုတ်လိုက်သည်။
လောထျန်း၏ သွေးစက်လေးတစ်စက်ကြောင့် ပျက်စီးသွားခဲ့သော သူ့ခန္ဓာကိုယ် တစ်ဝက်က ယခုမှ ပြန်ကောင်းသွားခြင်းပင် ။
" ဒီကောင်က ဘယ်လိုကောင်ကြီးလဲကွာ ။ သွေးစက်လေးတစ်စက်နဲ့ ငါ့အသက်ကိုတောင် ခြွေသွားတော့မလို့ ။ အဲ့လောက်လေးနဲ့ ပြီးသွားတာ ကံကောင်းတာပဲ ။ ခုချိန်က စပြီးတော့ အဲ့ကောင်နဲ့ ဘယ်လိုမှ ဆက်မပတ်သက်ချင်တော့ဘူး "
သူ သက်ပြင်းချရင်း ပြောလိုက်သည်။
သို့သော်.. ထိုစဥ်မှာပင်..
ဝီ ..
သူ့အနောက်ဘက်တွင် တံခါးတစ်ချပ် ရုတ်တရက် ပွင့်လာ၏။
" ဟင်... "
သူ ခဏတာမျှ အံ့သြမှင်သက်သွားတော့သည်။
ထို ကျိန်စာတံခါးမှာ သူ့ကိုယ်ပိုင် ထူးခြားသော
သိုင်းကွက်ဖြစ်ပါ၏။
အမြဲတမ်းလည်း ထိုတံခါးကို သူ့ဘက်မှသာ ဖွင့်ပြီး အခြားသူများအား ကျိန်စာတိုက်ခဲ့သည်ချည်း ဖြစ်သည်။
ယခု.. ၎င်းက အဘယ့်ကြောင့် သူမဖွင့်ခင် ပေါ်လာရပါသနည်း။
ယနေ့ ဘာတွေ ဖြစ်နေပါသလဲ...
တဖက်လူက သူ၏ လက်ရှိအားနည်းနေသော အခြေအနေကို သတိထားမိသွားကာ အခွင့်ကောင်းယူပြီး သူ့ကိုသတ်ရန် ကြိုးစားနေခြင်းပေလား...
ထိုသူက မည်သူဖြစ်နိုင်ပါသနည်း ။ ထျန်းမင်နန်းတော်မှ ဘိုးဘေးလား.... သွေးနီနတ်ဘုရားကျောင်းတော်၏ သခင်ကြီးလား ..
" မင်း ဘယ်သူပဲဖြစ်ဖြစ် ၊ လက်ရှိ ငါ့အခြေအနေကို အခွင့်ကောင်းယူလို့ရမယ် ထင်နေရင်တော့ မင်း မှားသွားပြီ "
သူ နားမလည်နိုင် ဖြစ်နေစဥ်မှာပင်...
ဝုန်း...
တံခါးပွင့်သွားပြီး... တဖက်ခြမ်း၌ လောထျန်း ပေါ်လာ၏။
သို့သော်.. သူ့မျက်လုံးထဲတွင်မူ လောထျန်းကိုယ်ထဲ၌ ကြယ်အစုအဝေးကြီးတစ်ခု လည်နေသလိုပါပင်...
၎င်းမှာ ကြောက်စရာကောင်းလွန်း၍ သူ စကားဖြင့်ပင် မဖော်ပြနိုင်ပါ..
" သူပဲ.. ဟိုသွေးစက်ရဲ့ ပိုင်ရှင် ... ရောက်နေပြီ "
လူကြီးမှာ လောထျန်းအား မြင်မြင်ချင်းမှာပင် ချက်ချင်း သဘောပေါက်သွားပြီး..
အနည်းငယ်လေးပင် တုန့်ဆိုင်းမနေဘဲ.. နောက်လှည့်ထွက်ပြေးလိုက်တော့သည် ။
မပြေး၍လည်း ရပါမည်လား..
တဖက်လူ၏ သွေးလေး တစ်စက်ကပင် သူ့ကို သတ်လုနီး ဖြစ်ခဲ့သည် မဟုတ်ပါလား...
ယခု ထိုသွေးစက်ပိုင်ရှင်က လူကိုယ်တိုင် ရောက်လာပြီဖြစ်ရာ... ထိုသူသာ တိုက်ခိုက်လာပါက သူ့အတွက် အသက်ရှင်ရန် အခွင့်ရေးလေးပင် ရှိမည်မထင်ပေ ။
" ဟင်... ဘာလို့ ထွက်ပြေးသွားတာလဲ "
တဖက်မှ လောထျန်းမှာ ထွက်ပြေးသွားသည့် လူကြီးကို ကြည့်ရင်း မျက်မှောင်ကြုံ့သွားသည်။
ထိုစဥ်မှာပင်.. သူ့ဘေးမှ မြူမှုန်များလည်း လွင့်ပါးလာပြီး တဖက်လူနှင့် ဆက်သွယ်မှုလည်း အားနည်းလာ၏။
တခဏအကြာတွင်မူ... မြူမှုန်ရော တံခါးပါ ပျောက်ကွယ်သွားတော့သည်။
" တော်တော်ကောင်းတဲ့ အကွက်ပဲ "
လောထျန်း ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းအသာ
ညိတ်လိုက်၏။
အမှန်တွင်ကား.. တဖက်လူမှာ ထွက်ပြေးနိုင်ရန်အတွက် သူ့စိတ်ဝိဥာဥ် တစ်စိတ်တစ်ပိုင်းကို လောင်ကျွမ်းပစ်ခဲ့ရကြောင်း... လောထျန်း မသိပါချေ ။
ထိုလူကြီးမှာ ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ပါ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပေသည်။
သို့သော်.. လောထျန်းကမူ ၎င်းကို သိလည်းမသိသလို ၊ ဂရုလည်း မစိုက်လှပါ ။
ထိုလူကြီး ပျောက်သွားပြီဖြစ်ရာ... လက်ရှိ ပြဿနာများ ပြေလည်သွားလေပြီ ။
ထိုအချိန်တွင် သူ့ရှေ့မှ ကောင်းကင်နှင့်မြေကြီးမီးဖိုမှာလည်း စိတ်စွမ်းအင်အသိဉာဏ် လုံးဝ မရှိတော့ဘဲ သန့်စင်သော မူလမသေမျိုးလက်နက် တစ်ခုအဖြစ် ရှိနေပြီဖြစ်သည်။
လောထျန်း ၎င်းကိုကြည့်ကာ ခေါင်းအသာညိတ်
လိုက်ပြီးနောက် ... မီးဖိုအဖုံးဘက် လှည့်ကြည့်၍ ပြော၏။
" ကျန်တာကိုတော့ မင်းကိုပဲ တာဝန်ပေးလိုက်မယ် "
" ဟုတ်ကဲ့ပါ သခင်ကြီး "
လုယဲ့ တုန့်ပြန်လိုက်ပြီးနောက်... ကောင်းကင်နှင့်မြေကြီးမီးဖိုပေါ် သွားလိုက်သည်။
ဝီ...
ချက်ချင်းမှာပင် မသေမျိုး အလင်းတန်းတစ်ခု လက်လာကာ သူ မီးဖိုကိုယ်ထည်အား ထိန်းချုပ်နိုင်သွား၏။
သူ့ စိတ်စွမ်းအင်အသိစိတ်က မီးဖိုကိုယ်ထည်ထဲ ဝင်ချိန်တွင်လည်း မည်သို့သော အခက်အခဲ အတားအဆီးမှ မရှိလိုက်ပါ ။
ဤသို့ဖြင့် တခဏအကြာမှာပင် သူ ကောင်းကင်နှင့်မြေကြီးမီးဖို တစ်ခုလုံးအား ထိန်းချုပ်နိုင်သွားတော့သည်။
" ကျုပ်ကို တစ်စုတစည်းတည်းဖြစ်အောင် ပြန်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး ။ သခင်ကြီး.. ကျေးဇူးပြုပြီး ကျုပ်ကို ထပ်သန့်စင်လိုက်ပါ "
လုယဲ့ ပြောလာသည်။
လောထျန်းက မီးဖိုအဖုံးကို သန့်စင်ပြီးသွားသည့်တိုင် မီးဖို၏ ကိုယ်ထည်ကိုမူ မသန့်စင်ရသေးပါချေ ။
လောထျန်း ခေါင်းညိတ်လိုက်၏။
သို့သော် ထိုစဥ်တွင် လင်းရွှမ်ယီက ရုတ်တရက် ပြောလာသည်။
" သခင်လေး လောထျန်း ၊ မူလမသေမျိုးလက်နက်တွေကို သန့်စင်တဲ့နေရာမှာ လောနေလို့ မဖြစ်ဘူး ။ အိမ်ပြန်ရောက်မှပဲ အေးဆေး ဖြည်းဖြည်းချင်း သန့်စင်လိုက်ပါလား "
လောထျန်း ခေါင်းယမ်း၍ ပြန်ပြောလိုက်၏။
" ရတယ်... အဲ့လို လုပ်စရာ မလိုဘူး "
သူ ထိုသို့ပြောပြီး စိတ်စွမ်းအင်များကို ကောင်းကင်နှင့်မြေကြီးမီးဖိုထဲ ပို့လွှတ်လိုက်တော့သည်။
ထို့နောက်တွင်..
ဝုန်း...
မသေမျိုးအလင်းတန်း တစ်ခု ကောင်းကင်ယံသို့ ရုတ်ချည်း ထိုးတက်သွား၏။
ကောင်းကင်နှင့်မြေကြီးမီးဖိုမှလည်း စိတ်စွမ်းအင် အလင်းတန်းတစ်ခု ထွက်လာကာ လောထျန်း၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။
" ဒါ.... "
လင်းရွှမ်ယီ မှင်သက်သွားတော့၏။
သူမသည် လက်နက်သန့်စင်သူ တစ်ယောက်ဖြစ်ရာ... အစောက ဖြစ်သွားသည့် အဖြစ်ပျက်မှာ ကောင်းကင်နှင့်မြေကြီးမီးဖိုက လုံးဝ သန့်စင်ပြီးသွားသည့် လက္ခဏာဖြစ်ကြောင်း သိပါသည်။
မူလမသေမျိုးလက်နက် တစ်ခုကို သန့်စင်ရန် ဤမျှ လွယ်ကူသတဲ့လား...
ထိုစဥ်တွင် မီးဖိုအား သန့်စင်ပြီးသွားသည့် လောထျန်းမှာလည်း မီးဖိုနှင့် သူ့ကြားမှ ဆက်နွယ်မှုကို ခံစားမိလိုက်သည်။
ထိုတခဏ၌ ကြယ်စင်သန့်စင်ကမ္ဘာ တစ်ခုလုံး သူ့ထိန်းချုပ်မှုအောက် ရောက်လာသည်ကိုလည်း ခံစားလိုက်ရ၏။
ဤနေရာတွင် ရှိနေသော အမြုတေလုံးများနှင့် အဖိုးတန်ပစ္စည်းများ အားလုံးကိုပါ သူ ခံစားမိလိုက်ပါသည်။
ဆခဏအကြာတွင်မူ..
ဝုန်း....
ခပ်ဝေးဝေး ကောင်းကင်ယံ၌ ဥက္ကာခဲကြီး ဆယ်ခုကျော်က ဥက္ကာခဲငယ်လေးများအဖြစ် ပြောင်းကာ
အောက်သို့ ကျလာကြ၏။
" ဟင်... ဒါ... မူလမသေမျိုးအဆင့် ကြယ်ကြွေတာလား.... "
လင်းရွှမ်ယီ တို့လူစု မျက်နှာများ ဖြူရော်သွားကြတော့သည်။