ယုတ်မာလှသော အကြံ
Vol. 49 Ch. 675
ကောင်းကင်ဘုံမီးတောက်မှာ တခဏလေးအတွင်းမှာပင် သူ့ကိုယ်သူ အားလုံးနီးပါး သန့်စင်ပြီးသွားပြီး.. နောက်ဆုံးတစ်တင့်လေးသာ ကျန်တော့၏။
ဝီ...
ထို့နောက်တွင်မူ ၎င်းက ရှန့်ယွီကို သူ့အား သန့်စင်ပေးရန် တောင်းခံနေဟန်ဖြင့် လာထိရှာသည်။
ရှန့်ယွီမှာ ၎င်းကိုကြည့်ကာ နားမလည်နိုင် ဖြစ်နေတော့၏။
မွေးရာပါ အသိဉာဏ်ပါကြသည့် ကောင်းကင်ဘုံမီးတောက်များက မည်မျှ ဒေါသတကြီးကြသည်ကို သူမ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလား.. ။
ဥပမာ... သူမ ဆရာ၏ ကောင်းကင်ဘုံမီးတောက်ဆိုလျှင် အလွန်ပင် ဒေါသကြီးလှပါသည်။
သူမဆရာက လက်နက်တစ်ခု သန့်စင်ခါနီးတိုင်း ထို ကောင်းကင်ဘုံမီးတောက်ကို အရိုအသေပေး ၊ သန့်ရှင်းရေးလုပ်ပေးရပြီး အားလုံးပြီးသွားလျှင်ပင်.. ၎င်း၏ စိတ်အခြေအနေကို ကြည့်ရပါသေးသည်။
သို့သော် ယခု သူမရှေ့မှ ကောင်းကင်ဘုံမီးတောက်ကမူ.. တခြားစီပါပင်..
ထို့ကြောင့် သူမ ဘာလုပ်ရမည်မသိ ဖြစ်နေတော့၏။
သို့သော် လောထျန်းက ၎င်းကိုကြည့်ပြီး နားလည်မှု လွဲသွားပါသည်။
" ဟင်.. ဘာတွေဖြစ်နေတာလဲ ။ မင်းက စကားနားမထောင်ဘူးလား "
လောထျန်း ပြောလိုက်၏။ သူ့စိတ်ဝိဥာဥ်အစွမ်းလည်း ချက်ချင်း တိုးလာကာ ကောင်းကင်ဘုံမီးတောက်ဆီ တိုးဝင်သွားသည်။
ကောင်းကင်ဘုံမီးတောက်မှာ ထိုတခဏ၌ အသက်ဆုံးရတော့မလိုပင် ခံစားလိုက်ရသည်။
သူ အလွန်လည်း ဒေါသထွက်လာပါတော့၏။
သူ ယခုလောက် အရှုံးပေးနေသည့်ကြားမှပင် အလုပ်မဖြစ်သေးဘူးတဲ့လား...
သို့သော်... လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းမှာ ကြောက်စရာကောင်းလွန်းနေရာ.... သူ ဒေါသကို ထုတ်မပြရဲပါချေ ။
ထိုစဥ် ရှန့်ယွီ အသိဝင်လာပြီး အမြန်ပြောလိုက်ရသည်။
" ကျွန်မ.. ကျွန်မ ခုချက်ချင်း သန့်စင်လိုက်ပါ့မယ် "
သူမ ထိုသို့ပြောပြီး ချက်ချင်းပင် ကောင်းကင်ဘုံမီးတောက်ဆီသို့ စိတ်ဝိဥာဥ်အစွမ်း ပို့လွှတ်လိုက်သည်။
ထို့နောက်တွင် ..
ဝီ...
ကောင်းကင်ဘုံမီးတောက် နှလုံးသား အရောင်လက်သွားပြီး ရှန့်ယွီ၏ ကိုယ်ထဲသို့ ဝှစ်ခနဲ တိုးဝင်သွားတော့၏။
တခဏအကြာမှာပင် ရှန့်ယွီ၏ အသိစိတ်ပင်လယ်ထဲ၌ ကောင်းကင်ဘုံမီးတောက်နှင့် ပတ်သက်သည့် အချက်အလက်များ ပေါ်လာတော့သည်။
" ဒီ ကောင်းကင်ဘုံမီးတောက်ရဲ့ နာမည်က ဖီးနစ် ၇ သွယ် နေမီးတောက် တဲ့လား.. "
ရှန့်ယွီ တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူမ လက်ယမ်းလိုက်ရာ.. ဖီးနစ် ၇ သွယ် နေမီးတောက်က သူမလက်ထဲ ရောက်လာပြီး.. အသွင်ပေါင်းစုံ ထုတ်ပြလာ၏။
" ဒါ... ကျွန်မ ဒါကို လုံးဝ သန့်စင်ပြီးသွားခဲ့ပြီပေါ့ "
ရှန့်ယွီ တအံ့တသြ ရေရွတ်လိုက်သည်။
ယခု သူမလက်ထဲမှ မီးတောက်မှာ သူမဆရာ၏ ကောင်းကင်ဘုံမီးတောက်ထက်ပင် ပိုကြောက်စရာ ကောင်းပါသေးသည်။
ထိုတခဏ၌ သူမ အလွန်လည်း ဝမ်းသာပျော်ရွှင်သွားတော့၏။
" ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း "
လောထျန်းက သူမကိုကြည့်ကာ အပြုံးဖြင့် ပြန်ပြောသည်။
" ရပါတယ်ကွာ.. ဒီလောက်က သေးသေးလေးပါ "
လောထျန်းမှာ သူ့မိတ်ဆွေများနှင့် ပတ်သက်လာလျှင် ဘယ်သောအခါမှ ကပ်စေးမနဲခဲ့ဖူးပါချေ ။
ထိုစဥ် ဘေးတွင်ရပ်နေသော လင်းရွှမ်ယီ၏ မျက်နှာပေါ်၌ မနာလိုအားကျသည့် အရိပ်ယောင်အချို့ ရှိနေသည်ကို လောထျန်း ရုတ်တရက် သတိထားမိသွား၏။
သူ ချက်ချင်း သဘောပေါက်သွားပြီး.. အခြား ကောင်းကင်ဘုံမီးတောက် တစ်ခုကို လှည့်ကြည့်လိုက်သည်။
" ဒီကိုလာခဲ့... "
သူ အေးစက်စက် ပြောလိုက်၏။
တဖက်မှ ကောင်းကင်ဘုံမီးတောက်မှာ သိသိသာသာပင် တုန်သွားသော်လည်း... ရိုကျိုးစွာပင် ထွက်လာရှာသည်။
ထို့နောက်..
ဝီ...
၎င်းက ချက်ချင်းပင် ကောင်းကင်ဘုံမီးတောက် နှလုံးသားကို ထုတ်ပေးပြီး ကိုယ်တိုင် စသန့်စင်လိုက်၏။
လောထျန်း ဘာမှပြောရန်ပင် မလိုလိုက်ပါချေ ။
အစောက လောထျန်း စိတ်ဝိဥာဥ်အစွမ်းကို ထုတ်ပြခဲ့စဥ်တွင် ထိုကောင်းကင်ဘုံမီးတောက်များ အားလုံး ဘေးမှကြည့်နေခဲ့ကြသည် မဟုတ်ပါလား.. ။
ထို့ကြောင့်လည်း လောထျန်းသာ ဆန္ဒရှိပါက သူတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ကြောင်း သိကြ
ပါသည်။
လောထျန်းမှာကား ၎င်းကိုကြည့်ကာ စစချင်း အံအားသင့်နေပြီးနောက်... မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
" ဟိုမိန်းကလေးဆီ သွားလိုက် "
သူ လင်းရွှမ်ယီအား ညွှန်ပြလိုက်၏။
ဝှစ်...
ကောင်းကင်ဘုံမီးတောက်က လင်းရွှမ်ယီရှေ့ ချက်ချင်းရောက်သွားသည်။
" အင်... ကျွန်မ... "
ထိုတခဏ၌ လင်းရွှမ်ယီမှာ အံ့သြမှင်သက်လွန်း၍ စကားပင် မဆိုနိုင်ပါချေ ။
သူမ ရှေ့ရှိ ကောင်းကင်ဘုံမီးတောက်အား ခေတ္တမျှ တွန့်ဆုတ်စွာ ကြည့်နေပြီးမှ ... သန့်စင်ရန် ဆုံးဖြတ်လိုက်ပါ၏။
ဝုန်း...
တခဏအကြာမှာပင် ကောင်းကင်ဘုံမီးတောက်ကို လုံးဝ သန့်စင်ပြီးသွားတော့သည်။
လင်းရွှမ်ယီက လက်ဖြန့်လိုက်ရာ.. သူမလက်ထဲတွင် ကြောက်မက်ဖွယ် တောက်လောက်နေသော မီးတောက်လုံးတစ်ခု ပေါ်လာ၏။
ကောင်းကင်ဘုံမီးတောက်ကို ထိန်းချုပ်ရာ၌ သူမက ရှန့်ယွီ ထက် ပိုကောင်းကြောင်း အသိသာပင်..
ဘေးတွင် ရပ်နေသည့် ကျင့်ဖုန်းမှာကား ထိုမြင်ကွင်း အစအဆုံးကိုကြည့်ရင်း သူ့ရင်ထဲ မနာလိုဝန်တိုမှုများဖြင့် ပြည့်နေတော့သည်။
သို့သော်... လောထျန်းက သူ့အသက်ကို တစ်ကြိမ်ချမ်းသာပေးခဲ့ပြီးဖြစ်ရာ ..
ကောင်းကင်ဘုံမီးတောက်လို အရာမျိုးကို သူ့အနေဖြင့် တောင်းဆိုခွင့်မရှိကြောင်း နားလည်ပါ၏။
ထိုစဥ် တဖက်မှ လောထျန်းက လက်ယမ်း၍ ကောင်းကင်ဘုံမီးတောက်များအား လာရာသို့ ပြန်ပို့လိုက်သည်။
ထို့နောက် သူ အားလုံးကို ပြောလိုက်၏။
" ကဲ.. ကျုပ်တို့တွေ ဒီကထွက်ကြရအောင် "
အားလုံး ခေါင်းညိတ်ပြလိုက်ကြသည်။
လောထျန်းက လက်ဖြင့် အစီအမံတစ်ခု လုပ်လိုက်ရာ..
ဝုန်း...
အားလုံးရှေ့၌ လေထုလမ်းကြောင်းတစ်ခု ပေါ်လာသည်။
ထိုစဥ် အခြားတဖက်၌ ...
ယွိဝမ်ချန်းတစ်ယောက် ခန်းမထဲသို့ တိတ်တဆိတ် လမ်းလျှောက်ဝင်လာ၏။
" ဟူး... ကံကောင်းပြီး မြန်မြန်ထွက်ပြေးနိုင်ခဲ့တာ တော်သေးတာပေါ့ကွာ ။ ဟိုအရောင်အဝါက.. လုံးဝ မမှားနိုင်ဘူး ၊ ကောင်းကင်နဲ့မြေကြီး မီးဖိုရဲ့ အရောင်အဝါဆိုတာ လုံးဝသေချာတယ် ။ ဟို လင်းရွှမ်ယီ နဲ့ လောထျန်းဆိုတဲ့ကောင်က ဘယ်လိုကံကောင်းမှုတွေ လုပ်ထားလို့ အဲ့လို မသေမျိုးလက်နက်ကို ရသွားခဲ့တာလဲ ။ လောလောဆယ် ကျင့်ဖုန်း အသက်ရှင်နေသေးလား မသိပေမယ့်.. သူ သေပါစေလို့ပဲ ဆုတောင်းတယ် "
သူ လျှောက်လာရင်း စိတ်ထဲ တွေးလိုက်သည်။
သို့သော်.. ထိုစဥ်မှာပင်...
ဘုတ်...
ယွိဝမ်ချန်း လူတစ်ယောက်နှင့် ဝင်တိုက်မိသွား၏။
" ဟင်... လမ်းပိတ်နေတာ ဘယ်ကောင်လဲ "
သူ ဒေါသထွက်တော့မည့် ဆဲဆဲမှာပင်...
တဖက်လူက သူ့အား အေးစက်စက် လှည့်ကြည့်လာ
သည်။
အန္တရာယ် အငွေ့အသက်ကို ယွိဝမ်ချန်း ချက်ချင်း ခံစားမိလိုက်၏။
သူသည် လက်နက်သန့်စင်သူတစ်ယောက် ဖြစ်သည့်အတွက် အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်း ရှိထားရာ... တဖက်လူက သူ့အရောင်အဝါကို ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်မှန်း တမဟုတ်ချင်း သိလိုက်သည်။
တဖက်လူက တစ်စုံတစ်ခုအား ဖုံးကွယ်ထားသည်ကိုလည်း သူ အာရုံခံမိလိုက်သည်။
" မသေမျိုးဘုရင် တစ်ယောက်လား... အဲ့လိုအစွမ်းထက်တဲ့ သူတစ်ယောက်က ဒီကိုဘယ်လိုလုပ်ပြီး ခိုးဝင်လာနိုင်တာလဲ "
ယွိဝမ်ချန်း တုန်လှုပ်သွားရသည်။
" မင်း ဘာပြောလိုက်တာလဲ "
ထိုစဥ် တဖက်လူက အေးစက်စက် မေးလာ၏။
" ဘာ... ဘာမှ မဟုတ်ပါဘူးဗျာ "
ယွိဝမ်ချန်း ချက်ချင်းပြန်ပြောပြီး တဖက်လူထံမှ ဝေးဝေးသွားရန် ပြင်လိုက်သည်။
သူတို့ အပေါ်ကမ္ဘာတွင်ပင် မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူမှာ အလွန်အစွမ်းထက်သည်ဟု သတ်မှတ်ခံထားရသည်ဖြစ်ရာ.. သူ ထိုသို့သော လူတစ်ယောက်ကို ရန်မစမိခြင်းက ကောင်းပေလိမ့်မည် ။
သို့သော်..
" ခဏနေဦး ၊ မင်းက တခြားသူကို ဝင်တိုက်ပြီးမှ ဒီတိုင်း ထွက်သွားချင်တယ်ပေါ့ "
မသေမျိုးဘုရင်က အေးစက်စက် ပြောလာ၏။
" ကျုပ်ကို ဘာလုပ်စေချင်လဲဗျာ "
ယွိဝမ်ချန်းတစ်ယောက် ချက်ချင်း သတိအနေအထား ဖြစ်သွားသည်။
တဖက်လူက အပြုံးဖြင့် ပြန်ပြော၏။
" လူတစ်ယောက်ကို ဝင်တိုက်ပြီးရင် အဲ့အတွက် လျော်ကြေးပေးရတယ်လေ ။ ကြည့်ရတာ.. မင်းရဲ့ မှော်လက်နက်က တော်တော်ကောင်းတဲ့ပုံပဲ ။ အဲ့
တော့... ငါ့ကိုပေး "
" ခင်ဗျား... "
ယွိဝမ်ချန်း ဒေါသူပုန် ထသွားရသည်။
တစ်ခါလေး ဝင်တိုက်မိသည်ကို တဖက်လူက သူ့မှော်လက်နက်အား လိုချင်သတဲ့လား..
သို့သော်... တဖက်လူ၏ မျက်လုံးများကို ကြည့်ရသည်မှာ... အကယ်၍ သူသာ အသာတကြည် ထုတ်မပေးပါက သူ့အား သတ်မည့်ပုံရှိကြောင်း ယွိဝမ်ချန်း နားလည်လိုက်ပါသည်။
ထိုသူက သူ့အရောင်အဝါကိုပင် ဖုံးကွယ်ပြီး ကြယ်စင်သန့်စင်ကမ္ဘာထဲ ဝင်လာသူဖြစ်ရာ.. ဘာကိုမှ သိပ်ဂရုမစိုက်ပုံပါပင် ။
" ကျုပ် တောင်းပန်ပါတယ်ဗျာ ။ တောင်းပန်တဲ့အနေနဲ့ ကျုပ်ရဲ့ မှော်လက်နက်ကိုလဲ ပေးပါ့မယ် "
ယွိဝမ်ချန်းမှာ မည်သို့မှ မတတ်နိုင်ဘဲ အံကြိတ်၍သာ မှော်လက်နက်ကို ထုတ်ပေးလိုက်ရတော့၏။
" ဒါ... ကြယ်စင်သန့်စင်ကမ္ဘာကို စောစောဖွင့်အောင် လုပ်နိုင်ခဲ့တဲ့ဟာလား ။ မူလမသေမျိုးလက်နက်လောက်တော့ မကောင်းပေမယ့် သာမာန် မသေမျိုးလက်နက်တွေထဲမှာတော့ တကယ့် ထိပ်တန်းပဲကွ "
လူကြီးက ယွိဝမ်ချန်း၏ မှော်လက်နက်အား လက်ထဲတွင် ဆော့ကစားရင်း အပြုံးဖြင့် ပြောလိုက်သည်။
ယွိဝမ်ချန်း ရင်တစ်ခုလုံး ဗြောင်းဆန်သွားရ၏။
ထိုအချိန်မှလည်း တဖက်လူက သူ့အား အစောကတည်းက ပစ်မှတ်ထားနေခဲ့ကြောင်း သိလိုက်ရခြင်းပင်.. ။
သို့သော်.. သေချာ တွေးကြည့်လိုက်ပြန်လျှင်လည်း သူ့အပြစ်ဟုသာ ဆိုရပေမည် ။ သူက ဝင်ပေါက်မှာကတည်းက အားလုံးကို ကြွားဝါလိုစိတ်ဖြင့် ထုတ်ပြခဲ့သည် မဟုတ်ပါလား ။
ယခုတွင်မူ... သူ ပြန်ပေးဆပ်လိုက်ရလေပြီ ။
ထိုစဥ်မှာပင် .
ဝီ....
တဖက်၌ လေထုလမ်းကြောင်းတစ်ခု ပေါ်လာကာ လောထျန်းတို့လူစု ထွက်လာကြ၏။
ယွိဝမ်ချန်း ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" ကျင့်ဖုန်းက မသေသေးပါလား.. ၊ ဒီကောင် ငါ့ကို သစ္စာဖောက်သွားတာများလား.. ။ လင်းရွှမ်ယီရဲ့ ဆရာသာ သူ့တပည့်ကို ငါ သတ်ဖို့ကြိုးစားခဲ့တာ သိရင် ဘယ်တော့မှ အလွတ်ပေးတော့မှာ မဟုတ်ဘူး "
ထိုသို့ တွေးနေရင်း ယွိဝမ်ချန်း၏ ခေါင်းထဲတွင် ယုတ်မာသော အကြံတစ်ခု ပေါ်လာ၏။
" ဟား ဟား.. ညီမလေးလင်း ၊ ကောင်းကင်နဲ့မြေကြီးမီးဖိုကို ရခဲ့တာ ဂုဏ်ယူပါတယ်ကွာ ။ ဒီလောက်နှစ်တွေအတွင်းမှာ ဘယ်သူမှ မရခဲ့တဲ့ မူလမသေမျိုးလက်နက်တစ်ခုကို မင်း ရသွားမယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး ။ နောက်ကျရင်.. မင်း
မူလမသေမျိုး လက်နက်သန့်စင်သူတစ်ယောက် ဖြစ်လာမှာ သေချာတယ် "
ယွိဝမ်ချန်းက ဟန်ဆောင်ပြုံးဖြင့် ဦးညွှတ်၍ ဆိုလိုက်သည်။
သူ့စကား ဆုံးသည်နှင့် ခန်းမထဲမှ အခြေအနေက ရုတ်ချည်း ပြောင်းလဲသွားတော့သည်။