မသေမျိုးဘုရင်ကို ခေါင်းဖြတ်ခြင်း
Vol. 49 Ch. 677
" ကျုပ် သဘောတူတယ် "
ဓားသမား မသေမျိုးဘုရင်က ဦးစွာ ပြောလာပြီးနောက် လောထျန်းတို့လူစုဘက် လက်ညိုးညွှန်ကာ ဆက်ပြောသည်။
" အခု တစ်ကနေ သုံးအထိ ရေနေတဲ့အချိန်တွင်းမှာ အဲ့ကောင်တွေကလွဲပြီးတော့ ကျန်တဲ့သူတွေ အကုန်ထွက်သွားကြ ။ မသွားလို့ကတော့ သေရမယ်မှတ် "
ဝုန်း. ,.
စကားဆုံးသည်နှင့် သူ့ထံမှ ဓားစွမ်းအင်တစ်ခု ထွက်လာကာ ခန်းမတ်ခုလုံး တုန်ခါလာ၏။
အားလုံးမှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး ဆက်မနေရဲတော့ချေ။
ယွိဝမ်ချန်းသည်ပင် အသည်းအသန် ပြေးထွက်သွား
သည်။
မပြေး၍လည်း မရပါ...
တဖက်လူမှာ မသေမျိုးဘုရင် တစ်ယောက် ဖြစ်ပြီး ...
သူ့ အတွေးတစ်ချက်ဖြင့်ပင် လူပေါင်း မရေမတွက်နိုင်အောင် သတ်ပစ်နိုင်ပါ၏။
ဤသို့ဖြင့် တခဏအကြာတွင်မူ .. ခန်းမထဲ၌ မသေမျိုးဘုရင် ငါးယောက်နှင့် လောထျန်းတို့လူစု အနည်းငယ်လေးသာ ကျန်ခဲ့တော့သည်။
ထိုစဥ်မှာပင် အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က ရုတ်တရက် လှုပ်ရှားသွားသည်။
ဝီ....
အချုပ်အနှောင်တစ်ခုက လောထျန်းတို့လူစုအား ရုတ်ချည်း လွှမ်းခြုံလာသည်။
" အင်... မင်း .. ဘာလုပ်နေတာလဲ "
ပထမ မသေမျိုးဘုရင် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က အပြုံးဖြင့် ပြန်ပြောသည်။
" စိတ်မပူပါနဲ့ကွာ ... အကာအကွယ် အစီအမံတစ်ခု လုပ်လိုက်တာပါ ။ ငါတို့တွေ တိုက်ခိုက်ကြရင် ဒီလူငယ်လေးတွေ ဘေးက ခံသွားကြရမှာစိုးလို့ လောလောဆယ် အကာအကွယ်အနေနဲ့ ထားမလို့ပါ။ အဲ့လိုဆို သူတို့တွေ ထွက်ပြေးလို့လဲ မရတော့ဘူး "
ဓားသမား မသေမျိုးဘုရင်က သဘောတူဟန်ဖြင့် ခေါင်းညိတ်၏။
" ကျုပ်လဲ သဘောတူတယ် ။ ကျုပ်တို့တွေက အစွမ်းထက်ကြတော့ ကျုပ်တို့ချင်း တိုက်ခိုက်ကြရင် ဖြစ်လာမယ့် နောက်ဆက်တွဲအစွမ်းနဲ့တင် အဲ့ကောင်တွေ သေသွားနိုင်တယ် ။ ခုလိုဆိုတော့ အားလုံး ကောင်းကောင်းတိုက်ခိုက်လို့ ရတာပေါ့ "
အားလုံးကလည်း သူ့စကားကို ထောက်ခံဟန်ဖြင့် ခေါင်းကိုယ်စီ ညိတ်လိုက်ကြသည်။
" ဒါဆို အားလုံး ကိုယ့်ရဲ့ အစွမ်းကုန်သုံးပြီး တိုက်ခိုက်လို့ရပြီ ။ ဒီပွဲမှာ နိုင်တဲ့ဘယ်သူမဆို ကောင်းကင်နဲ့မြေကြီး မီးဖိုကို ရမယ် "
" ကောင်းတယ် "
မသေမျိုးဘုရင်များ ပြောလိုက်ကြပြီးနောက် တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။ လောထျန်းတို့ လူစုကိုမူ ဖုတ်လေသည့်ငါးပိ ရှိသည်ပင် ထင်ပုံမရချေ ။
ထိုစဥ် လောထျန်းက ခေါင်းကုတ်၍ ပြောလာသည်။
" ခင်ဗျားတို့ရဲ့စကားက ဘာအဓိပ္ပါယ်လဲ ။ အနိုင်ရတဲ့သူက ကောင်းကင်နဲ့မြေကြီးမီးဖိုကို ရမယ်ဆိုတာလေ "
" ဟင်.... "
မသေမျိုးဘုရင်များ လောထျန်းဘက် ချက်ချင်းလှည့်ကြည့်လိုက်ကြ၏။ ယခုလို အခြေအနေမျိုးတွင် ထိုကောင်လေးက စကားပြောရဲလာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပါ ။
" ကောင်လေး ၊ ငါတို့စကားဝိုင်းမှာ မင်း ဝင်ပါခွင့်ရှိလို့လား ။ ကိုယ့်နေရာမှာကိုယ် ငြိမ်ငြိမ်သာနေစမ်းပါကွာ ။ အဲ့ကျ မင်းအသက်ကို ချမ်းသာပေးရင် ပေးမှာ ။ ဒါပေမယ့် မင်း ထပ်ပြီးမဟုတ်တဲ့စကားတွေ ပြောလို့ကတော့ သေချာပေါက် သေရလိမ့်မယ် "
ပထမ မသေမျိုးဘုရင် ပြောလိုက်သည်။
လောထျန်း မျက်ခုံးပင့်သွား၏။
" အဘိုးကြီး ၊ ခင်ဗျား အဲ့လို ပြောလာလို့ကို.. ကျုပ် ခင်ဗျားကို ဒီနေ့ သတ်ပစ်မှာ "
သူ့ကို သတ်မယ်တဲ့လား..
မသေမျိုးဘုရင်များ ခဏတာမျှ မှင်သက်မိသွားကြသည်။
သူတို့ လောထျန်းကိုကြည့်ကာ နားမလည်နိုင် ဖြစ်ကုန်ကြ၏။
" ဟား ဟား.. ရယ်ရလွန်းလို့ သေတော့မှာပဲကွာ ။ ခုလို အားရပါးရ မရယ်ရတာ နှစ်ပေါင်းထောင်ချီ
တောင် ရှိလောက်ရောပေါ့ ။ မင်းတို့ရော ကြားလိုက်ကြလား.. ။ ကွေ့ရှ အဆင့် ၉ ပဲ ရှိသေးတဲ့ ဒီတောက်တဲ့လေးက မသေမျိုးဘုရင်တစ်ယောက် ဖြစ်တဲ့ ငါ့ကို သတ်မယ်တဲ့ "
ပထမ မသေမျိုးဘုရင်က အသံကျယ်ဖြင့် အော်ရယ်ရင်း ပြန်ပြောလာသည်။
ကျန်လူများလည်း ဝါးလုံးကွဲ ရယ်လိုက်ကြ၏။
" ကောင်လေး... မင်းက ခုတောင် အစီအမံထဲ ရောက်နေတာကို ငါ့ကို ဘယ်လိုသတ်မှာလဲ ။ ငါ့ကို သတ်ချင်ရင် အနည်းဆုံးတော့ အစီအမံထဲက အရင်ထွက်နိုင်အောင် လုပ်ပါဦး "
ပထမ မသေမျိုးဘုရင်က မျက်မှောင်ကြုံ့ရင်း ဆက်ပြောသည်။
အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင် လုပ်ထားခဲ့သော အစီအမံမှာ အလွန်ကြောက်စရာ ကောင်းလှပါသည်။
ထိုအစီအမံထဲမှ အားသုံးပြီးထွက်ရန် ကြိုးစားလျှင်လည်း ခြေတစ်လှမ်း လှမ်းရုံဖြင့် အသက်ဆုံးသွားနိုင်ပါ၏။
ထို့ကြောင့်လည်း ပထမ မသေမျိုးဘုရင်က လောထျန်းတစ်ယောက် အစီအမံကြောင့် အဆက်ဆုံးသွားစေရန် ပြောလိုက်ခြင်း ဖြစ်သည်။
သို့ဆိုလျှင် သူက အားနည်းသူကို အနိုင်ကျင့်ရာလည်း မကျတော့ပေ ။
တဖက်မှ လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ "
သူ ပြောကာ ရှေ့တိုးလိုက်၏။
တဖက်မှ မသေမျိုးဘုရင်များကမူ လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်နေကြသည်။
ထိုစဥ်တွင် လောထျန်းမှာ အစီအမံရှေ့ ရောက်သွားပြီဖြစ်ကာ.. ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
" သေလိုက်တော့ "
ပထမ မသေမျိုးဘုရင်က အပြုံးဖြင့် ပြောလိုက်၏။
သို့သော်....
ဝုန်း...
အစီအမံ၏ အကာအရံမှာ... လောထျန်း ထိလိုက်သည်နှင့် ပူဖောင်းတစ်ခုပမာ ချက်ချင်းပြိုကွဲသွားပြီး.. ကောင်းကင်နှင့်မြေကြီးကြား ပျောက်ကွယ်သွားတော့၏။
အစအနလေးပင် မကျန်ခဲ့တော့ပါ..
" ဟင်... ဟေ့ကောင် ၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ "
ပထမ မသေမျိုးဘုရင်က အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်ဘက် ချက်ချင်းလှည့်ကြည့်ကာ မေးလိုက်သည်။
တဖက်လူက အဆင့်နိမ့် အစီအမံ ချထားခဲ့၍လားဟု သူ တွေးလိုက်ပါ၏။
အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က မှင်သက်စွာ ပြန်ပြောရှာသည်။
" ငါက ထိပ်တန်းအဆင့် အစီအမံ ချထားခဲ့တာ... "
ပထမ မသေမျိုးဘုရင်က ဒေါသတကြီး ပြန်အော်၏။
" ထိပ်တန်းအဆင့် အစီအမံဆိုရင် ကွေ့ရှအဆင့်ကိုး ကျင့်ကြံသူတစ်ယောက်က ထိလိုက်ရုံနဲ့ ပျက်စီးသွားပါ့မလား.. "
အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်မှာ ထိုတခဏ၌ မည်သို့ ပြန်ပြောရမည်ပင် မသိတော့ပါချေ။
ထိုစဥ်တွင်... လောထျန်းက ပထမ မသေမျိုးဘုရင်ဆီသို့ လျှောက်လာသည်။
ပထမ မသေမျိုးဘုရင် မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။
" ကောင်လေး... ခုလိုဖြစ်အောင် မင်းကိုယ်တိုင် တောင်းဆိုလာတာနော် "
ထိုသို့ ပြောပြီးသည်နှင့် သူ လောထျန်းအား လက်ဝါးဖြင့် ရိုက်လိုက်တော့သည်။
ထိုလက်ဝါးချက်တွင် သူ့ အစွမ်းပြည့် ထုတ်မသုံးထားသည့်တိုင်.. နတ်ဘုရားအစွမ်းများ ပါဝင်နေပြီး
လောထျန်းဆီသို့ တိုးဝင်သွား၏။
သို့သော်..
ဘုန်း..
လက်ဝါးချက်က လောထျန်းနှင့် သုံးပေအကွာသို့ အရောက်မှာပင် အကာအကွယ် အစွမ်းတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရတော့သည်။
" ဒါ... "
မသေမျိုးဘုရင် တုန်လှုပ်သွားရ၏။
ထိုစဥ် လောထျန်းက အေးဆေးပင် ပြောလာသည်။
" ခင်ဗျားကြီးက တိုက်ခိုက်ပြီးသွားပြီဆိုတော့ အခု ကျုပ်အလှည့်ပေါ့ "
သူ ပြောပြီး လက်တစ်ဖက် မြှောက်လိုက်သည်။
တဖက်မှ မသေမျိုးဘုရင်မှာ အန္တရာယ်အငွေ့အသက်ကို ရုတ်ချည်း ခံစားမိသွား၏။
သူ့ရှေ့တွင် ရပ်နေသူမှာလည်း ကွေ့ရှအဆင့်ကိုး လူငယ်လေးတစ်ယောက် မဟုတ်ပဲ..
ပေပေါင်းထောင်ချီ မြင့်ကာ နတ်ဘုရားအလင်းတန်းများ တလက်လက်တောက်နေသည့် နတ်ဘုရားကြီး တစ်ယောက်သဖွယ် ခံစားလိုက်ရသည်။
ထိုလက်ဝါးချက်အား သူ မတားဆီးနိုင်သလို.. ရှောင်လည်း မရှောင်နိုင်ပါချေ ။
" မအေ $##$ မင်းကို သတ်မယ် "
မသေမျိုးဘုရင် ဒေါသတကြီး အော်လိုက်သည်။
သို့သော်.. ထို့နောက်တွင် ....
ဖွတ်...
လောထျန်း၏ လက်ဝါးချက်ဖြင့် မသေမျိုးဘုရင်ကြီး အပိုင်းပိုင်း ဖြစ်သွားတော့၏။
" ဘယ်လိုဖြစ်ပြီး... "
ခန်းမထဲတွင် ရှိနေသူအားလုံး ထိုမြင်ကွင်းကိုကြည့်
ပြီး မှင်သက်ဆွံ့အသွားကြသည်။
မသေမျိုးဘုရင် တစ်ယောက်က လက်ဝါးချက် တစ်ချက်ဖြင့် အသတ်ခံလိုက်ရသတဲ့လား..
ဘာတွေ ဖြစ်နေပါသလဲ..
ထိုစဥ်.. လောထျန်းက အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်ဘက် ရုတ်တရက် လှည့်ကြည့်ကာ ပြော၏။
" ခုနက အစီအမံကို လုပ်ခဲ့တာ ခင်ဗျားကြီး မဟုတ်လား "
အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က မည်သည့်စကားမှ မဆိုဘဲ သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ မှော်လက်နက်တစ်ခုကို ထုတ်လိုက်သည်။
ဝုန်း...
ကြောက်မက်ဖွယ် နတ်ဘုရားအစွမ်းကို သယ်ဆောင်ထားသော ဧရာမ တူကြီးတစ်ခု လေထဲ မြင့်တက်လာသည်။
" မူလမသေမျိုးအဆင့်နီးပါး လက်နက်ပါလား.. "
ဓားသမား မသေမျိုးဘုရင်က ၎င်းကို ပါးစပ်အဟောင်းသားကြည့်ရင်း ရေရွတ်လိုက်၏။
" သေစမ်းကွာ.. "
ထိုစဥ်မှာပင် အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က အော်ပြီး လောထျန်းဆီသို့ တူကြီးကို လွှဲလိုက်သည်။
မသေမျိုးဘုရင်တစ်ယောက် ထိန်းချုပ်သော မူလမသေမျိုးအဆင့်နီးပါး လက်နက်၏ အစွမ်းမှာ ကြောက်စရာ ကောင်းလွန်းလှသောကြောင့် ..
ခန်းမ တစ်ဝက်ကျော်ပင် ရုတ်ချည်း ပြိုကွဲသွားတော့၏။
တူကြီးမှာလည်း လောထျန်းဆီသို့ ဥက္ကာခဲကြီး တစ်ခုသဖွယ် တိုးဝင်သွားသည်။
သို့သော်...
ဘုန်း...
ရွှေရောင်လက်ကြီးတစ်ခုက တူ၏ လက်ကိုင်အား ဖမ်းဆုပ်လိုက်ရာ... တူကြီးက လေထဲတွင် ရုတ်ချည်း ရပ်တန့်သွားသည်။
၎င်းမှာ လောထျန်း၏ ကောင်းကင်ဘုံ လက်ဝါးကြီးပင် ...
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ ။ တိုက်ခိုက်လေကွာ "
အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင်က လက်ဖြင့် အစီအမံများ အဆက်မပြတ်လုပ်ကာ တူကြီးအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သို့သော်.. သူ့ကြိုးစားမှုက ဘာမှ အရာမထင်ခဲ့ပါ ။
ထိုတခဏ၌ မသေမျိုးဘုရင် ထိတ်လန့်တုန်လှုပ်သွားရတော့၏။
သူနှင့် တူကြီး၏ ကြားမှ ဆက်နွယ်မှုက မကျိုးပျက်သေးရာ... တူကြီးက လောထျန်း၏ ကြောက်မက်ဖွယ်အစွမ်းကြောင့် ရှေ့ဆက်မတိုးနိုင် ဖြစ်နေသည်
ကို သူ ခံစားမိနေသည်။
လက်တစ်ဖက်၏ အစွမ်းက မသေမျိုးဘုရင် တစ်ယောက်နှင့် မူလမသေမျိုးအဆင့်နီးပါး လက်နက်တို့ ပေါင်းထားသည့်အစွမ်းကို ကျော်လွန်နေသတဲ့လား..
ထွက်ပြေးရမည်...
လက်ရှိ သူ့ခေါင်းထဲတွင် ထိုအတွေးတစ်ခုသာ ပေါ်လာတော့သည်။
ဝှစ်..
အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင် ချက်ချင်းနောက်လှည့်၍ ပြေးရန်ပြင်လိုက်တော့၏။
သို့သော်... တဖက်မှ လောထျန်း၏ မျက်နှာထား တင်းမာသွားကာ ရွှေရောင်လက်ကြီးဖြင့် တူကို ကိုင်မြှောက်၍ မသေမျိုးဘုရင် ရှိရာဆီသို့ ရိုက်ချလိုက်တော့သည်။
ဘုန်း...
အသံကျယ် တစ်သံနှင့်အတူ အမုန်းတရားဂိုဏ်း မှ မသေမျိုးဘုရင် အပိုင်းပိုင်း ဖြစ်သွားပါတော့၏။