Unable to die
Vol. 49 Ch. 678
" ဒါ... "
ကျန် မသေမျိုးဘုရင်များ အားလုံး မျက်နှာထား ချက်ချင်းပြောင်းသွားကြတော့သည်။
အခြေအနေက ယခုလို ဖြစ်လာမည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ ။
သူတို့ စိတ်ထဲပင် မထည့်ခဲ့သော လူငယ်လေးတစ်ယောက်က မသေမျိုးဘုရင် နှစ်ယောက်ကို စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်ခဲ့သတဲ့လား..
ထိုလူငယ်က ဘယ်လို ဘီလူးမျိုးပါလဲ..
အထူးသဖြင့်... လောထျန်းက တဖက်လူ၏ လက်နက်ကိုယူပြီး ပိုင်ရှင်အား ပြန်သတ်ခဲ့သည့် လုပ်ရပ်မှာ..
သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ ။
ထိုစဉ် မသေမျိုးဘုရင် အဘိုးအိုက ရုတ်တရက် အပြုံးဖြင့် ပြောလာ၏။
" ဒီလူငယ်လေးက အင်မတန် အရည်အချင်းရှိတာပဲ ။ ဟို နှစ်ယောက်က မင်းကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ကြတာဆိုတော့.. သူတို့ သေဖို့ပဲ တန်တယ် "
လောထျန်းက သူ့အား အေးစက်စက် လှမ်းကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် အဘိုးအို၏ မျက်နှာထက်မှအပြုံး ရုတ်ချည်း ပျောက်ကွယ်သွား၏။
ထိုစဥ် လောထျန်းက မေးသည်။
" ခင်ဗျားတို့ သုံးယောက်ထဲမှာ ခုနက လူသတ်အရိပ်အငွေ့ မထုတ်ခဲ့တဲ့သူ ဘယ်သူရှိလို့လဲ "
သူ့စကား တစ်ခွန်းဖြင့်ပင် မသေမျိုးဘုရင် သုံးယောက်လုံး မျက်နှာများ ဖြူရော်သွားကြတော့သည်။
အမှန်တွင်လည်း.. ကောင်းကင်နှင့်မြေကြီး မီးဖိုက
သူတို့အပိုင် ဖြစ်လာနိုင်သည်ကို သိခဲ့ရပြီးနောက် သူတို့စိတ်ထဲတွင် လောထျန်းတို့လူစုကို သေလူများဟုသာ သတ်မှတ်ခဲ့ပါ၏။
သူတို့အချင်းချင်းသာ တိုက်ခိုက်နေစရာ မလိုပါက.. သူတို့ လောထျန်းတို့လူစုကို သတ်ကာ ရတနာအား လုယူပြီးသည်မှာ ကြာနေလောက်လေပြီ ။
လောထျန်းက ဤမျှ အစွမ်းထက်နေမည်ဟု မည်သို့ထင်မိပါမည်နည်း ။
ထိုစဥ်မှာပင် .
ချွှင်...
ဓားသံတစ်သံ ထွက်လာပြီး.. ဓားသမား မသေမျိုးဘုရင် လှုပ်ရှားသွားသည်။
ကြီးမားကျယ်ပြန့်လှသော ဓားကမ္ဘာကြီးတစ်ခုက လောထျန်းအား ရုတ်ချည်း လွှမ်းခြုံလာသည်။
ဝှစ်...
တစ်ချိန်တည်းမှာပင် ဓားသမား မသေမျိုးဘုရင်က လေထဲပျံတက်ကာ ခန်းမအပြင်သို့ ထွက်ပြေးရန် ပြင်လိုက်၏။
" ငါ့ဆီမှာ အဲ့ကောင်ကို ချုပ်နှောင်နိုင်တဲ့ ဓားကမ္ဘာ ရှိထားတာ ကံကောင်းတာပဲ ။ ဒီလောက်အစွမ်းထက်တာ ဘယ်လို ဘီလူးမျိုးလဲကွာ ။ ဒီကောင့်ကို ငါ ထိပ်တိုက် တိုက်ခိုက်လို့မရဘူး ။ အခု ဒီကနေ မဖြစ်ဖြစ်အောင် ထွက်ပြေးပြီးတော့ အပေါ်ကမ္ဘာကိုပြန်ပြီး ပုန်းနေရမယ်။ အနည်းဆုံး နှစ်တစ်ထောင်လောက်အထိ ပြန်မထွက်တာပဲ ကောင်းလိမ့်မယ် "
ဓားသမား မသေမျိုးဘုရင်က ပျံသန်းနေရင်း တွေးလိုက်သည်။
သို့သော်... သူ အတန်ကြာ ပျံသန်းပြီးချိန်မှာပင် တစ်စုံတစ်ခု လွဲချော်နေမှန်း သိလိုက်ရပါသည်။
" ဟင်... ကြယ်စင်သန့်စင်ကမ္ဘာက အဲ့လောက်ကျယ်တာလား.. ။ ငါ့ရဲ့ အမြန်နှုန်းနဲ့ ဒီလောက်အဝေးကြီး ပျံလာတာတောင် ထွက်ပေါက်ကို မရောက်သေးပါ
လား ။ ဘာတွေ ဖြစ်နေတာလဲ "
သူ နားမလည်နိုင် ဖြစ်နေတော့၏။
ရုတ်တရက်.. သူ ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ယံ၌ ကြယ်များ ပေါ်လာသည်ကို မြင်လိုက်ရသည်။
" ဟင်.. အခုက ညဘက်ရောက်သွားပြီလား ။ ဒီကြယ်တွေက ဘာလို့ အဲ့လောက်အရောင်လက်နေတာလဲ "
သူ တအံ့တသြ ကြည့်နေရင်းမှာပင် .. ရုတ်တရက် မျက်မှောင်ကြုံ့သွားရ၏။
အဘယ့်ကြောင့်ဆိုသော်.. ကောင်းကင်ယံမှ ကြယ်များက သူ့ဆီသို့ ပိုပို၍ နီးကပ်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်...
တစ်စုံတစ်ခု အကြီးအကျယ် လွဲနေပြီဖြစ်ကြောင်း သူ သိလိုက်တော့၏။
၎င်းမှာ ကြယ်များ မဟုတ်ကြပါချေ...
ကြောက်မက်ဖွယ် ဓားအရိပ်များ ဖြစ်ပါသည်။
ဓားအရိပ်ဖြစ်ကြောင်းကို သိသည်နှင့် သူ ချက်ချင်း ဘေးဘီသို့ ကြည့်လိုက်ရာ.. သူ့ ဘေးပတ်ဝန်းကျင် တစ်ခုလုံး ဓားစွမ်းအင်များဖြင့် ပြည့်နေသည်ကို ထပ်သိလိုက်ရ၏။
သူ ခဏတာမျှ မှင်သက်သွားပြီးမှ အသိပြန်ဝင်လာသည်။
" ဓားကမ္ဘာ လား... ဒါ... တကယ်ကြီး ဓားကမ္ဘာ လား.. ။ ဒါပေမယ့်.. ဘယ်သူ့ရဲ့ ဓားကမ္ဘာ လဲ "
သူ ဘေးဘီသို့ တုန်လှုပ်စွာ လှည့်ကြည့်လိုက်၏။
ထိုစဥ်တွင် .
ချွှင်...
လေထဲရှိ ဓားအရိပ်များကြား၌ မျက်နှာတစ်ခု ပေါ်လာသည်။
ထိုသူမှာ.. လောထျန်းပင်..
" မင်းလား... "
ဓားသမား မသေမျိုးဘုရင် မျက်လုံးပြူးသွားတော့သည်။
ထိုစဥ်မှာသာလည်း.. သူ လောထျန်းအား ဓားကမ္ဘာဖြင့် ချုပ်နှောင်လိုက်နိုင်ပြီဟု ထင်နေချိန်တွင်..
လောထျန်းက သူ့အား ပိုကြီးသည့် ဓားကမ္ဘာဖြင့် ပိတ်လှောင်ထားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရပါ၏။
၎င်းမှာ အဓိပ္ပါယ် တစ်မျိုးတည်းသာ ရှိပါသည်။
လောထျန်း၏ ဓားအပေါ် နားလည်နိုင်စွမ်းက သူ့ထက် များစွာပိုသာသည်ဆိုသည့် သဘောပင် ။
" အား.... "
ဓားသမား မသေမျိုးဘုရင် အရူးတစ်ယောက်လို အော်ဟစ်လိုက်တော့၏။
ထိုအချိန်မှာပင် လေထဲမှ ဓားအရိပ်များက မိုးပေါက်ကြီးများသဖွယ် ကျလာတော့သည်။
ဝုန်း... ဝုန်း... ဝုန်း... ဝုန်း....
မြည်သံကျယ်များ ဆက်တိုက်ထွက်လာ၏။
ထိုစဥ်တွင် ခန်းမထဲ၌...
ဝုန်း...
လေထု ပြိုကွဲသွားကာ ဓားသမား မသေမျိုးဘုရင် ကျလာသည်။
သူ့တစ်ကိုယ်လုံးတွင်လည်း ဓားရာများ ပြည့်နေပြီး.. အသက်မရှိတော့ပါချေ ။
" ဘာတွေ ဖြစ်နေတာလဲ "
ခပ်လှမ်းလှမ်းတွင် ရှိနေကြသော လင်းရွှမ်ယီတို့အုပ်စု နားမလည်နိုင် ဖြစ်ကုန်ကြ၏။
သူတို့၏ အမြင်တွင်မူ... ဓားသမား မသေမျိုးဘုရင်က သိုင်းကွက်တစ်ကွက်လုပ်ပြီး ပျောက်သွားခဲ့ကာ..
ယခု ပြန်ပေါ်လာချိန်၌ အသက်ပျောက်နေလေပြီ ။
ထိုအဖြစ်ပျက်ကလည်း ခဏလေးသာ ကြာလိုက်ပါသည်။
အခြား မသေမျိုးဘုရင်တစ်ယောက် သေသွားခဲ့ပြန်လေပြီ ။
ဂလု...
တဖက်မှ ကျန် မသေမျိုးဘုရင် နှစ်ယောက်မှာ ကြောက်ရွံ့မှုတို့ ပြည့်နေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
သူတို့ဘဝ တလျှောက်လုံးတွင်ပင် ဤမျှ ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ယောက်ကို မတွေ့ဖူးခဲ့ပါချေ။
အဘိုးအို အံကြိတ်လိုက်ကာ.. သူ့အရောင်အဝါလည်း ရုတ်ချည်း တိုးလာသည်။
" ဟမ့်... ငါက မသေမျိုးဘုရင် တစ်ယောက်ပဲ ။ သေ
ရမယ်ဆိုရင်တောင်.. ဂုဏ်သိက္ခာ ရှိရှိနဲ့ သေမယ် "
သူ ဒေါသတကြီးအော်ကာ အရောင်အဝါအား အဆုံးစွန်ထိ ထုတ်လွှတ်လိုက်တော့သည်။
သူ့ပုံစံမှာ လောထျန်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်တော့မည့် ပုံပင် ..
သို့သော်.. ထိုအချိန်မှာပင်..
ဝှစ်...
ထိုလူက နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ..
လင်းရွှမ်ယီနောက်၌ ပြန်ပေါ်လာသည်။
ဝုန်း..
သူ လင်းရွှမ်ယီ၏ လည်မျိုကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ လောထျန်းအား အံကြိတ်၍ ပြောလိုက်၏။
" သခင်လေး ၊ ဒီ မိန်းကလေးကို အသက်ရှင်စေချင်
ရင် ကျုပ်ကို ဘယ်တော့မှ မထိပါဘူးလို့ ကတိပေးပါ ။ မဟုတ်လို့ကတော့ ခုချက်ချင်း သူ့ခေါင်းကို လိမ်ချိုးလိုက်မယ် "
သူ့စကားကြောင့် အားလုံး အံ့သြမှင်သက်သွားကြသည်။
ထိုသူက အစောလေးတွင်ပင် လောထျန်းအား ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်မည် ပြောခဲ့ပြီး..
နောက်တစ်စက္ကန့်အကြာမှာပင် လင်းရွှမ်ယီကို ပြန်ပေးဆွဲနေသတဲ့လား..
စက်ဆုပ်ရွံရှာစရာ ကောင်းလှပေသည်။
" ရှင်... ကျွန်မရဲ့ မမကို လွတ်လိုက် "
ရှန့်ယွီက မျက်နှာထားမာမာဖြင့် အော်လိုက်၏။
သို့သော် အဘိုးအိုက သူမကို လျစ်လျူရှုထားကာ လောထျန်းကိုသာ စိုက်ကြည့်၍ အေးစက်စက် ဆက်ပြောသည်။
" ငါ အခု တစ်ကနေ သုံးအထိ ရေမယ် ။ မင်းသာ ကတိမပေးလို့ကတော့ သူ့ကို သတ်လိုက်မှာနော် "
သူ ပြောပြောဆိုဆိုပင် လက်ထဲ အစွမ်းအနည်းငယ် ထည့်လိုက်ရာ လင်းရွှမ်ယီတစ်ယောက် နာကျင်နေသည့် မျက်နှာထား ဖြစ်သွားသည်။
" သခင်လေးလောထျန်း ၊ ကျေးဇူးပြုပြီးတော့ ကျွန်မရဲ့ မမကို ကယ်ပေးပါဦးရှင် "
ရှန့်ယွီက လောထျန်းအား အော်ပြောရှာ၏။
လောထျန်း မျက်ခုံးပင့်သွားသည်။
" ကယ်ရမယ်... ကယ်စရာ မလိုပါဘူး "
" အင်... "
သူ့စကားကြောင့် အားလုံး မှင်သက်သွားရပြန်၏။
လောထျန်းက နှလုံးသားမဲ့သူ တစ်ယောက်လား ..
သို့သော်.. ထိုစဥ်မှာပင်..
ဝုန်း...
လင်းရွှမ်ယီ၏ ကိုယ်မှ ကြောက်မက်ဖွယ် မီးတောက်လုံးကြီးတစ်ခု တောက်လောင်လာသည်။
၎င်းမှာ အစောက လောထျန်းပေးခဲ့သည့် ကောင်းကင်ဘုံမီးတောက်ပင်...
ကောင်းကင်ယံတစ်ခုလုံး မီးတောက်များဖြင့် တမဟုတ်ချင်း ပြည့်သွားကာ အဘိုးကြီးအား လွှမ်းခြုံလာ၏။
" အား... ဒါ ဘယ်လိုမီးတောက်လဲဟ "
အဘိုးအိုထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်လာပြီးနောက်... သူ စက္ကန့်အနည်းငယ်လေးမျှသာ တောင့်ခံလိုက်နိုင်ပြီး... ပြာမှုန့်အဖြစ် ပြောင်းသွားတော့သည်။
" ဒါ.... "
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြန်တော့၏။
အထူးသဖြင့် လင်းရွှမ်ယီ ပင်...
တဖက်မှ မသေမျိုးဘုရင်က သူမ၏ ကောင်းကင်ဘုံမီးတောက်ကြောင့် အသက်ဆုံးသွားခဲ့သတဲ့လား .
သူမ ရခဲ့သည့် ကောင်းကင်ဘုံမီးတောက်က ဘယ်အဆင့် ရှိပါသနည်း ။
လက်ရှိတွင်... ခန်းမထဲ၌ မသေမျိုးဘုရင် တစ်ယောက်တည်းသာ ကျန်ပါတော့သည်။
ထုသူမှာ ခပ်လှမ်းလှမ်းမှ လောထျန်းကို တစ်လှည့် ၊ လင်းရွှမ်ယီကို တစ်လှည့် ကြည့်နေရင်း ကူကယ်ရာမဲ့ ဖြစ်နေရှာတော့၏။
သူသာ အစောတည်းက သိခဲ့ပါက ဤအရှုပ်များကြားထဲ ဝင်ပါမိလိမ့်မည် မဟုတ်ပါချေ ။
" သခင်လေး ၊ ကျုပ် အသက်ကို တကယ်ကြီး ချမ်းသာမပေးနိုင်ဘူးလား "
သူ အေးစက်စက် မေးလိုက်သည်။
လောထျန်းက ခေါင်းအသာ ယမ်းပြ၏။
တဖက်လူက သူ့အား သတ်ချင်ခဲ့သည်ဖြစ်ရာ.. သူ့အနေဖြင့်လည်း ပြန်သတ်ရုံသာ ရှိပါသည်။
ထိုသို့သောသူကို ချမ်းသာပေးလိုက်ပါက.. နောင်တွင် ထပ်ရှုပ်လာနိုင်ပါ၏။
" ဟမ့်.. ခုလိုဖြစ်အောင် မင်းလုပ်တာနော် "
တဖက်လူ၏ မျက်လုံးထဲတွင် ရက်စက်ယုတ်မာသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဝုန်း...
သူ့ကိုယ်ထဲမှ စွမ်းအင်လည်း ရုတ်ချည်း ပေါက်ထွက်လာ၏။
မိမိကိုယ်ကို ဖျက်ဆီးခြင်း...
အစွမ်းထက်သော မသေမျိုးဘုရင်တစ်ယောက် မိမိကိုယ်ကို ဖောက်ခွဲတော့မည်လား..
လင်းရွှမ်ယီတို့ လူစုမှာ ၎င်းကိုမြင်သည်နှင့် မျက်နှာများ ချက်ချင်းသွေးဆုတ်ဖြူရော်သွားကြသည်။
ထိုအဆင့်မျိုးနှင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်သာ မိမိကိုယ်ကို ဖောက်ခွဲပါက ကြယ်စင်သန့်စင်ကမ္ဘာ အများစုမှာ ပျက်စီးသွားမည် မလွဲပေ ။
သူတို့အားလုံးလည်း သေရပေလိမ့်မည် ။
ထို့ကြောင့် သူတို့ လောထျန်းအား သတိပေးရန် လုပ်လိုက်ကြ၏။ သို့သော်... နောက်ကျသွားခဲ့လေပြီ ။
ထိုစဥ်မှာပင် မသေမျိုးဘုရင်၏ ကိုယ်ထဲမှ မသေမျိုးအစွမ်းများ ပေါက်ကွဲထွက်လာတော့သည်။
ထိုတခဏ၌ လင်းရွှမ်ယီ မျက်လုံးများမှိတ်ကာ သေရန်သာ စောင့်နေလိုက်တော့၏။
သို့သော်... အချိန် အတန်ကြာသွားပြီးသည်အထိ မည်သည့် ပေါက်ကွဲသံမှ ထွက်မလာခဲ့ပါ.. ။
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "
လင်းရွှမ်ယီ မျက်လုံးပြန်ဖွင့်ကာ ဘေးဘီသို့ လှည့်ကြည့်လိုက်သည်။
မိမိကိုယ်ကို ဖောက်ခွဲရန် လုပ်ခဲ့သည့် မသေမျိုးဘုရင်က နေရာတွင်သာ အကောင်းတိုင်း ရပ်နေပါ၏။
" မင်း... မင်း ဘာလုပ်လိုက်တာလဲ "
မသေမျိုးဘုရင်က လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။
" ငါ မင်းကို မသေခိုင်းသေးဘူးလေ ၊ အဲ့တော့ ဘာလို့ သေမှာလဲ "
လောထျန်းက အေးစက်စက် ပြန်ပြော၏။