မသေမျိုးဘုရင်အဆင့် စိတ်ဝိဥာဥ် ပုလဲလုံး
Vol. 49 Ch. 679
အစောက မသေမျိုးဘုရင် မိမိကိုယ်ကို ဖောက်ခွဲစဥ်၌ လောထျန်း အချိန်စည်းမျဥ်းကို သုံးပြီး အချိန်ကို နောက်ပြန်ရွှေ့ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအစွမ်းကြောင့်လည်း မသေမျိုးဘုရင် မဖောက်ခွဲစဥ် အချိန်သို့ ပြန်ရောက်သွားကာ ဘာပြဿနာမှ မရှိတော့ခြင်းပင် ။
တဖက်မှ မသေမျိုးဘုရင်မှာကား ကူကယ်ရာမဲ့နေတော့၏။
ယနေ့ သူ ဘယ်လိုဘီလူးမျိုးကိုမှ ရန်စမိခဲ့ပါသနည်း ။
သူ့ကိုယ်သူ ဖောက်ခွဲ၍ပင် မရဘူးတဲ့လား..
ထိုစဥ် လောထျန်းက မသေမျိုးဘုရင်၏ ခေါင်းပေါ်သို့ လက်တင်ကာ ပြောလာသည်။
" မင်း အခု သေလို့ရပြီ "
ဝုန်း....
အသံကျယ် တစ်သံနှင့်အတူ မသေမျိုးဘုရင် သေသွားပါတော့၏။
တဖက်မှ ကျင့်ဖုန်းမှာ ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသား ကြည့်နေပြီး... မျက်တောင်ခတ်ရန်ပင် မေ့နေပါတော့သည်။
မသေမျိုးဘုရင် ငါးယောက် ဆိုသည့် အင်အားမှာ အပေါ်ကမ္ဘာတွင်ပင် ကြောက်စရာကောင်းသော အဖွဲ့အဖြစ် သတ်မှတ်ခံရပါသည်။
သို့သော်... ထိုသူများအားလုံးက လောထျန်းလက်ထဲတွင် အလွယ်တကူ သေသွားကြသတဲ့လား...
လောထျန်းက အောက်ကမ္ဘာကပင် ဟုတ်ပါသေးရဲ့လား..
အောက်ကမ္ဘာက ဤမျှ ကြောက်စရာကောင်းသွားပြီ
လား ...
သူ ထိုသို့ တုန်လှုပ်နေစဥ်မှာပင်... တဖက်မှ လောထျန်းက သူ့ရှေ့ရှိ အလောင်းကိုကြည့်ရင်း အကြံတစ်ခု ရသွားဟန်တူ၏။
" မသေမျိုးဘုရင် တစ်ယောက်ဆီကရော စိတ်ဝိဥာဥ်ပုလဲလုံး ထုတ်ယူလို့ရလား မသိဘူး "
လောထျန်း တီးတိုးရေရွတ်လိုက်သည်။
ထိုမတိုင်ခင်တွင် ကမ္ဘာပေါ်မှ မသေမျိုးများ၏ စိတ်ဝိဥာဥ်ပုလဲလုံးကို သူ ထုတ်ရန်ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပါ ။
သို့သော်.. ထိုစဥ်က သူ့ကျင့်ကြံခြင်းမှာလည်း ကောင်းကင်ထိန်းချုပ်အဆင့်၌သာ ရှိထားသေးရာ စိတ်ဝိဥာဥ်အစွမ်းက ဤမျှ မကောင်းသေးပါချေ ။.
ယခုတွင်ကား သူ ကွေ့ရှအဆင့်သို့ ရောက်နေပြီး .. စိတ်ဝိဥာဥ်အစွမ်းလည်း များစွာတိုးလာပြီ ဖြစ်သဖြင့်.. ထပ်ကြိုးစားကြည့်သင့်ပေသည်။
လောထျန်း ထိုသို့တွေးပြီး တဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ သူ့ စိတ်ဝိဥာဥ်အစွမ်း ထုတ်လွှတ်လိုက်သည်။
ထို့နောက်တွင်မူ မသေမျိုးဘုရင်၏ ကိုယ်ထဲမှ မှတ်ဉာဏ်များနှင့် စိတ်ဝိဥာဥ်တို့ တဖြည်းဖြည်း စုစည်းလာတော့၏။
" တကယ်ကြီး အလုပ်ဖြစ်တာပဲ "
လောထျန်း အံ့အားသင့်သွားသည်။
နောက်ဆုံး အလုပ်ဖြစ်သွားခဲ့လေပြီ..
တခဏအကြာမှာပင်...
ဝီ...
လောထျန်းလက်ထဲ၌ စိတ်ဝိဥာဥ် ပုလဲလုံးတစ်ခု ပေါ်လာတော့သည်။
၎င်း စိတ်ဝိဥာဥ်ပုလဲလုံးမှ အလင်းတန်းတစ်ခုလည်း လင်းနေကာ တာအိုထွင်းစာ အရိပ်ယောင်များလည်း စီးမျောနေ၏။
" အစွမ်းထက်တဲ့ မသေမျိုးဘုရင် တစ်ယောက် ဆိုတော့လဲ... မှတ်ဉာဏ်တွေထဲမှာတောင် တာအိုထွင်းစာတွေ ပါနေတာပဲ "
လောထျန်း ရေရွတ်လိုက်သည်။
ထို့နောက်တွင်မူ.. သူ့မျက်လုံးက ကျန် မသေမျိုးဘုရင်များ၏ အလောင်းဆီသို့ ရောက်သွား၏။
" ဟာ... ငါ ခုနက နည်းနည်းကြမ်းသွားတော့.. အလုပ်ရော ဖြစ်နိုင်သေးလား မသိဘူး "
လောထျန်းပြောကာ ပထမ အလောင်းဆီသို့ ပျံသန်းသွားလိုက်သည်။
ထိုသူ၏ ခန္ဓာကိုယ်မှာ အစိတ်အပိုင်းလေး နည်းနည်းသာ ကျန်ပါတော့၏။
ထို့ကြောင့် လောထျန်းက မှတ်ဉာဏ်များကို စုစည်းရန် ကြိုးစားလိုက်သည့်တိုင်.. အဆင်မပြေသွားခဲ့ပါ ။
သူ စိတ်ပျက်လက်ပျက်ဖြင့် အမုန်းတရားဂိုဏ်း မှ မသေမျိုး
ဘုရင်၏ အလောင်းဘက် လှည့်လိုက်သည်။
ထိုသူမှာလည်း တူကြီး၏ လက်ချက်ကြောင့် အပိုင်းပိုင်း ဖြစ်ထားခဲ့ရာ.. မှတ်ဉာဏ်များ ထုတ်ယူ၍ မရတော့ပေ ။
ထို့နောက်... အဘိုးအို...
ထိုသူမှာ အခြေအနေ ပိုဆိုးပြီး ကောင်းကင်ဘုံမီးတောက်ကြောင့် ပြာမှုန့်များသာ ကျန်တော့သဖြင့်... အသုံးမဝင်တော့ပါချေ ။
နောက်ဆုံး.. ဓားသမား မသေမျိုးဘုရင်၏ အလောင်းသာ ကျန်တော့၏။
လောထျန်း ထိုသူဆီသို့ သွားကာ စိတ်ဝိဥာဥ်ပုလဲလုံးကို ထုတ်ယူလိုက်သည်။
ဤတစ်ကြိမ်တွင်ကား.. သူ အောင်မြင်သွားခဲ့၏။
ဝီ...
လောထျန်းလက်ထဲတွင် ဒုတိယမြောက် စိတ်ဝိဥာဥ်
ပုလဲလုံး ပေါ်လာသည်။
ထို စိတ်ဝိဥာဥ်ပုလဲလုံးတွင်လည်း တာအိုထွင်းစာများ ပါနေပြီး တစ်ချက်တစ်ချက် ဓားစိတ်ဆန္ဒတစ်ခုလည်း လွင့်မျောနေသေး၏။
၎င်းကိုကြည့်ကာ လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
သို့သော်... ကျန်အလောင်းများကို ကြည့်မိချိန်တွင်မူ သက်ပြင်းချလိုက်ပါ၏။
အကယ်၍သာ သူ စောစောသိခဲ့ပါက ဤမျှ ရက်စက်ခဲ့မိမည် မဟုတ်ပေ ။
နှမျောစရာကြီးပင်...
သူသာ စောကြိုသိခဲ့လျှင် ယခုချိန် သူ့လက်ထဲ၌ မသေမျိုးဘုရင် စိတ်ဝိဥာဥ်ပုလဲလုံး နောက်သုံးလုံး ထပ်ရှိနေပေမည်။
သို့သော်.. ယခုမှ နောင်တရနေ၍လည်း မထူးတော့
ပါချေ။
သူ နောက်လှည့်ပြီး လင်းရွှမ်ယီတို့ လူစုဘက် လျှောက်သွားလိုက်သည်။
ထိုသူများမှာ လောထျန်း လျှောက်လာသည်ကို မြင်သည်နှင့် ရင်ထဲ ကြောက်စိတ်တို့ဖြင့် ပြည့်သွား၏။
သို့သော် ၎င်းက ခဏလေးသာ ဖြစ်ပါသည်။
ရှန့်ယွီက ပထမဆုံး အသိဝင်လာကာ မေးလာ၏။
" သခင်... သခင်လေး လောထျန်း ၊ သခင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်ရောက်ပြီလဲ ။ မဟုတ်မှလွဲရော.. သခင်လေးက ဟိုခြေလှမ်းကို လှမ်းထားပြီလား "
လောထျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
" ဘယ်ခြေလှမ်းလဲ... ၊ ကျုပ်က ခုမှ ကွေ့ရှအဆင့် ၉ ပဲ ရှိသေးတယ် "
" အင်... "
တဖက်လူများက သူ့အား နားမလည်နိုင်စွာ လှည့်ကြည့်လာကြ၏။
ကွေ့ရှ အဆင့် ၉ တဲ့လား...
ကွေ့ရှ အဆင့် ၉ က ထိုသို့သော အစွမ်းမျိုး ရှိသတဲ့လား...
လောထျန်း လက်ယမ်းကာ ဆက်ပြောလာသည်။
" လောလောဆယ် အဲ့ဒါကို ထားလိုက်ပါဦး ။ အခု ဟိုကောင်နဲ့ပဲ အရင်သွားရှင်းရအောင် "
သူ့အကြည့်ကလည်း ခန်းမအပြင်သို့ ရောက်သွား၏။
ခန်းမအပြင်ဘက်၌....
ယွိဝမ်ချန်းက ရှေ့သို့ မုန်းတီးမှုအပြည့်ဖြင့် ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
" ငါ့ကို ပြန်ကန်ချင်ဦးလေ... ခုတော့ မင်းတို့ ဘာ
တတ်နိုင်သေးလဲ ။ မသေမျိုးဘုရင် ငါးယောက်တောင် ဆိုတော့ မင်းတို့အကုန်လုံး ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး "
သူ ထိုသို့ပြောပြီး ရှေ့သို့ လှောင်ပြုံးဖြင့် ကြည့်နေစဥ်မှာပင်... ရုတ်တရက် သူ့မျက်နှာထက်မှ အပြုံး ပျောက်ကွယ်သွားသည်။
အဘယ့်ကြောင့်ဆိုသော်.. ထိုစဥ် လောထျန်းတို့လူစုက ခန်းမထဲမှ ထွက်လာသောကြောင့်ပင်...
" ဒါ... လုံးဝ မဖြစ်နိုင်ဘူး.. ၊ မင်းတို့တွေ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ "
ယွိဝမ်ချန်းမှာ မည်သို့ ဖြစ်ပျက်နေသည်ကို လုံးဝ နားမလည်နိုင်တော့ပေ ။
ထိုစဥ်တွင် လောထျန်းတို့လူစုက သူ့နားလေးသို့ ရောက်လာကြတော့သည်။
" ယွိဝမ်ချန်း .. "
ရှန့်ယွီက ဒေါသမထိန်းနိုင်ဘဲ အော်လာ၏။
" ဘာ... လဲ "
ယွိဝမ်ချန်း တစ်ကိုယ်လုံးတုန်သွားကာ ကိုယ်တိုင်ပင် သတိမထားမိဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
" ရွံစရာကောင်းလိုက်တဲ့လူ... ။ ရှင်က ကျွန်မတို့အားလုံးကိုတောင် သတ်ဖို့ ကြိုးစားခဲ့တာ.. ရှင် သေဖို့ပဲ တန်တယ် "
ရှန့်ယွီက အံကြိတ်၍ ပြော၏။
ယွိဝမ်ချန်း မျက်မှောင်ကြုံ့လိုက်သည်။
" ရှန့်ယွီ ... မင်း ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ ငါ့ကိုများ အဲ့လိုစကားမျိုး ပြောရဲနေတယ်ပေါ့ ။ ဟို မသေမျိုးဘုရင်တွေ ဘယ်မှာလဲ "
" သေကုန်ကြပြီ "
ရှန့်ယွီ ပြန်ပြော၏။
" သေကုန်ကြပြီ.... ဘယ်သူ သတ်လိုက်တာလဲ... "
ယွိဝမ်ချန်း တုန်လှုပ်သွားရသည်။
ရှန့်ယွီ : " သခင်လေးလောထျန်းနဲ့ ကျွန်မရဲ့ မမ သတ်လိုက်တာ "
" ဘာပြောတယ်... "
ယွိဝမ်ချန်း ခဏတာမျှ မှင်သက်သွား၏။ ထို့နောက်တွင်.. သူ့မျက်နှာထက်၌ အထင်သေးသည့် အမူအရာ ပေါ်လာသည်။
" မင်းတို့ရဲ့ အစွမ်းလောက်နဲ့ မသေမျိုးဘုရင်တွေကို သတ်နိုင်တယ်ပေါ့ "
ရှန့်ယွီက အေးစက်စက် ပြန်ပြောလိုက်၏။
" ကျွန်မပြောတာ မယုံဘူးဆိုရင် ကိုယ်တိုင် သွားကြည့်လိုက်လေ "
သူမ ပြောပြောဆိုဆိုပင် ယွိဝမ်ချန်းဆီသို့ ခြေတစ်လှမ်း တိုးလိုက်သည်။
" ဟင်... မင်းက သေချင်လို့ ငါနဲ့တိုက်ခိုက်မှာလား "
ယွိဝမ်ချန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျက်ခနဲ လက်သွား၏။
အကယ်၍ လောထျန်းက တိုက်ခိုက်လာသည် ဆိုလျှင်မူ သူ ထိုသို့ မပြုမူရဲပါ ။
လင်းရွှမ်ယီ ဆိုလျှင်ပင် သူ သတိကြီးကြီးထားရဦးမည် ဖြစ်ပါသည်။
သို့သော်.. ယခု ရှေ့တိုးလာသူမှာ ရှန့်ယွိပင် .
ထိုသို့သော ဘာမဟုတ်သည့် ကလေးမလေးတစ်ယောက်က သူ့အား တိုက်ခိုက်ရဲသတဲ့လား...
သူ ဒေါသထွက်နေစဥ်မှာပင်
တဖက်မှ ရှန့်ယွီက ရုတ်တရက် ရပ်သွား၏။
" ဟင်.. ဘာလဲ.. ကြောက်သွားတာလား "
ယွိဝမ်ချန်း တွေးလိုက်သည်။
ထိုစဥ် ရှန့်ယွီက ခေါင်းကုတ်ရင်း လင်းရွှမ်ယီဘက် လှည့်ပြော၏။
" မမ... ကျွန် သူ့ကို သတ်လို့ ရလားဟင် "
ကြားလိုက်ရသည့် စကားကြောင့် ယွိဝမ်ချန်း ဒေါသထွက်လွန်း၍ မျက်နှာကြီး ရှုံ့မဲ့သွားသည်။
ယခုလိုအချိန်မျိုးတွင် ရှန့်ယွီက လင်းရွှမ်ယီအား သူ့ကို သတ်လို့ရသလား လို့ မေးနေသတဲ့...
ထိုကလေးမက သူ့အား ဤမျှ အထင်သေးနေပါသလား ...
သို့သော် မျှော်လင့်မထားစွာပင် လင်းရွှမ်ယီက ခေါင်းညိတ်၍ ပြော၏။
" သတ်လိုက် "
သူမ၏ လေသံမှာလည်း အေးအေးဆေးဆေးပင် ...
ထို့ကြောင့်လည်း ယွိဝမ်ချန်းတစ်ယောက် ပိုဒေါသထွက်သွားရတော့သည်။
ရှန့်ယွီ တစ်ယောက်တည်းတင်မက ၊ လင်းရွှမ်ယီကပါ သူ့ကို ဤမျှ အထင်သေးနေသတဲ့လား..
" ဟုတ်ကဲ့ ၊ ကျေးဇူးတင်ပါတယ် မမ "
ရှန့်ယွီက အပြုံးဖြင့် ပြောလိုက်သည်။
ယွိဝမ်ချန်း မျက်မှောင်ကြုံ့လိုက်၏။
" သိပ်ကောင်းတယ်... ။ အဲ့လိုဆိုတော့လဲ ငါ့ဘက်က ဘာကိုမှ ညှာတာပေးမနေတော့ဘူး "
ချွှင်...
သူ ချက်ချင်းပင် လှုပ်ရှားသွားပြီး မသေမျိုးလက်နက် ဆယ်ခုကျော်ကို ထုတ်လိုက်သည်။ ၎င်းတို့မှ ထွက်လာသော အဆုံးမဲ့ ဖိအားကြီးက ရှန့်ယွီအား ရုတ်ချည်း ဖိနှိပ်လာကြ၏။
ယွိဝမ်ချန်း၏ မသေမျိုးလက်နက် တစ်ခုစီတိုင်းမှာ သူနှင့် ကျင့်ကြံခြင်းအဆင့်တူ ဘယ်သိုင်းကွက်ထက်မဆို ပိုအစွမ်းထက်ပါသည်။
သို့သော်... တဖက်မှ ရှန့်ယွီက အေးဆေးသာ လက်ညိုးညွှန်၍ ပြောလာ၏။
" ကောင်းကင်ဘုံမီးတောက်... အဲ့ကောင်ကို လောင်ကျွမ်းပလိုက် "
ဝုန်း...
ချက်ချင်းမှာပင် ရောင်စုံ ကောင်းကင်ဘုံမီးတောက်
ပေါ်လာကာ လေထဲရှိ မသေမျိုးလက်နက်များ အားလုံးကို လောင်ကျွမ်းပစ်လိုက်တော့သည်။
" ဘယ်လိုဖြစ်ပြီး... "
၎င်းကို မြင်လိုက်ရသော ယွိဝမ်ချန်းတစ်ယောက် အလွန်တုန်လှုပ်သွားပြီး နောက်ဆုတ်ရန် ပြင်လိုက်၏။ သို့သော်.. သူ နောက်ကျသွားခဲ့လေပြီ ။
ဝုန်း..
ကောင်းကင်ဘုံမီးတောက်က နေရာစုံသို့ တမဟုတ်ချင်း ပျံ့လာကာ ယွိဝမ်ချန်းအား လောင်မြိုက်လာသည်။
သူ အော်ချိန်ပင် မရလိုက်ပဲ နေရာ၌ သေဆုံးသွားတော့၏။