← Chapters

နတ်ဘုရား ထွင်းစာ

Vol. 49 Ch. 681

နတ်ဘုရား ထွင်းစာ

Vol. 49 Ch. 681

လောထျန်းက စုတ်ချက် တစ်ချက်ချင်းစီကို သေချာဂရုတစိုက် ရေးနေကာ.. ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများက သူ့ရှေ့သို့ ရုတ်ချည်း စီးမျောလာကြသည်။

လောထျန်း၏ လက်ချောင်းထိပ်၌လည်း ... ထွင်းစာတစ်လုံး တဖြည်းဖြည်း အသွင်ပေါ်လာ၏။

ဝီ...

သူ နောက်ဆုံးတစ်ချက် ရေးပြီးသွားချိန်တွင်မူ... လေထဲ၌ ပထမထွင်းစာနှင့် တစ်ပုံစံတည်းတူသော စာလုံးတစ်ခု ပေါ်လာတော့သည်။

လောထျန်းက ၎င်းကိုကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်၏။

" နောက်ဆုံးတော့ တတ်သွားခဲ့ပြီ ။ ဒါပေမယ့်.. ခက်လွန်းတယ်.. "

ကောင်းကင်နှင့်မြေကြီးမီးဖို မှာကား လောထျန်းကိုကြည့်ကာ ဆွံ့အနေတော့သည်။

" သခင်ကြီး... အဲ့လောက်မြန်မြန် တတ်သွားတာကိုတောင် ခက်တယ်လို့ ပြောနေသေးတာလား.. "

သူ အမှန်တကယ်ပင် ဘာပြန်ပြောရမည် မသိတော့ပါချေ ။

လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" အဲ့ထွင်းစာလေး တစ်လုံးတည်းကို လေ့လာဖို့ ငါ အချိန်တွေအကြာကြီး ယူခဲ့ရတာလေ ။ ဒါ ခက်တာပဲ မဟုတ်ဘူးလား "

ကောင်းကင်နှင့်မြေကြီးမီးဖို လဲကျတော့မလိုပင် ဖြစ်သွားသည်။

တစ်နာရီပင်မပြည့်သည်ကို အချိန်အကြာကြီး တဲ့လား...

ထိုစဥ်.. သူ့ဘေးပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများက အလွန်လျင်မြန်သောအရှိန်ဖြင့် ပြောင်းလဲလာကြသည်ကို လောထျန်း

ခံစားမိလိုက်၏။

သူ့ကိုယ်ပေါ်ရှိ အဝတ်စားများ တိုးတက်ပြောင်းလဲလာသည့် နှုန်းမှာလည်း သိသိသာသာပင် တိုးလာသည်။

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြ၏။

" ငါ ထင်ထားတာ မှန်နေတာပဲ ။ ဒီထွင်းစာရဲ့ သက်ရောက်မှုတွေကို စုထားလို့ရတယ် ။ အဲ့လိုသာ ဆိုလို့ကတော့.. ငါ့မှာသာ လုံလောက်တဲ့ ထွင်းစာတွေ ရှိထားရင် အချိန်တိုလေးနဲ့ ကြယ်စင်သန့်စင်ကမ္ဘာထက် အများကြီး ပိုအစွမ်းထက်တဲ့ သတ္ထုတွင်းကို လုပ်နိုင်မှာပဲ "

လောထျန်း ပိုပို၍ စိတ်လှုပ်ရှားသွားတော့သည်။

တဖက်မှ ကောင်းကင်နှင့်မြေကြီးမီးဖို မှာကား ပိုပို၍ ဆွံ့အသွားရတော့၏။

ထိုစဥ် တဖက်မှ လောထျန်းက ခေါင်းညိတ်၍

ဆိုသည်။

" ကဲ... အားလုံးလဲ ပြီးသွားပြီဆိုတော့ ပြန်ဖို့အချိန်ကျပြီ "

" ဟုတ်ကဲ့ပါ သခင်ကြီး "

ကောင်းကင်နှင့်မြေကြီးမီးဖို ချက်ချင်းခေါင်းညိတ်လိုက်၏။

ထိုစဥ်မှာပင် လောထျန်းက လက်ဖြင့် အစီအမံများ လုပ်လိုက်ပြီး..

ဝီ....

အလင်းတန်းတစ်ခုက သူနှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုပေါ်သို့ လွှမ်းခြုံလာသည်။

ထို့နောက်တွင်.. သူတို့နှစ်ဦး နေရာမှ ပျောက်ကွယ်သွားကြ၏။

သူတို့နှစ်ယောက် ထွက်သွားပြီး မကြာခင်မှာပင်... လေထု မငြိမ်မသက် ဖြစ်လာကာ...

မျက်လုံးတစ်စုံ ပေါ်လာသည်။

ထိုမျက်လုံးအကြည့်က ပထမထွင်းစာပေါ် ကျသွားကာ ချက်ချင်း အရောင်လက်သွားသည်။

" တကယ်ကြီးကို နတ်ဘုရားထွင်းစာ ပါလား.. ။ ငါ ထင်ထားတာ မှန်နေတာပဲ ။ နတ်ဘုရားထွင်းစာတွေ ခြောက်ခု မကဘူး... ဒါ ၇ လုံး​မြောက်ပဲ ။ တော်တော်ထူးခြားတဲ့ နတ်ဘုရားထွင်းစာပဲကွာ "

တဖက်လူက စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ဆိုသည်။

သို့သော်... ထိုမျက်လုံးက ရုတ်တရက် လောထျန်းချန်ထားခဲ့သော ထွင်းစာဆီ အကြည့်ရောက်သွားကာ အလွန်တုန်လှုပ်သွား၏။

၎င်းမှာလည်း နတ်ဘုရားထွင်းစာပင်...

သူ အဘယ့်ကြောင့် တစ်ပုံစံတည်းတူသော နတ်ဘုရားထွင်းစာ နှစ်ခုကို မြင်နေရပါသနည်း ။

မဟုတ်သေးပါ... ဒုတိယထွင်းစာမှာ ပထမထွင်းစာ

ထက် များစွာ ပိုသစ်ပြီး.. မကြာသေးခင်ကမှ ရေးထားခဲ့ပုံ ရှိပါသည်။

သို့သော်... ထိုသို့သော ထွင်းစာမျိုးကို မည်သူ ရေးနိုင်ပါသနည်း ။

ဒဏ္ဍာရီကျော် နတ်ဘုရားကြီး ပေလား...

ထိုတခဏ၌ မျက်လုံးကြီးမှာ တုန်လှုပ်ခြင်းကြီးသွာ ဖြစ်သွားတော့သည်။

သူ ရှေးဟောင်းနတ်ဘုရားကြီးတစ်ပါး နေထိုင်သည့်နေရာကို ချောင်းကြည့်မိခဲ့ပြီလား..

သို့ဆိုလျှင်...

" ကျုပ်မှာ သခင်ကြီးကို စော်ကားလိုစိတ် လုံးဝမရှိပါဘူးဗျာ ။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွတ်ပေးပါ "

၎င်းက အသံတုန်တုန်ဖြင့် ပြော၍ မြန်မြန်ပင် ပျောက်ကွယ်သွားတော့သည်။

ပတ်ဝန်းကျင် လေထုမှာလည်း ဘာမှ မဖြစ်ခဲ့ဖူးသည့်အလား ပြန်လည်ငြိမ်သက် တိတ်ဆိတ်သွား၏။

အခြားတဖက် ၊ ပျောင်ပိုင်မြို့.. လျှို့ဝှက်ဒေသအတွင်း၌...

ဝီ..

အလင်းတန်းတစ်ခု ကျလာကာ လောထျန်း ပေါ်လာသည်။

" သခင်လေး လောထျန်း ၊ ခုနက ဘယ်ရောက်နေခဲ့တာလဲ "

စိတ်ပူစွာ စောင့်နေသော ပန်းလင်မှာ လောထျန်းပြန်လာသည်ကို မြင်မှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချပြီး ဆူလိုက်၏။

သို့သော်.. ထိုသို့ ပြောပြီးပြီးချင်းမှာပင် လောထျန်းဘေးရှိ ကောင်းကင်နှင့်မြေကြီးမီးဖိုကို မြင်သွားကာ သူမ နှလုံးခုန်သံ မြန်သွားတော့သည်။

" ဒါ... မူလ မသေမျိုးလက်နက်လား ။ သခင်လေး ဘယ်ကနေ ရခဲ့တာလဲ "

သူမ အံ့သြတကြီး မေးလိုက်၏။

လောထျန်းက တခဏကြာ ပျောက်ကွယ်သွားခဲ့ပြီး.. ယခု ပြန်ပေါ်လာချိန်တွင် သူနှင့်အတူ မူလမသေမျိုးလက်နက်တစ်ခု ပါလာသတဲ့လား.. ။

ဘာတွေ ဖြစ်နေပါသနည်း ။

လောထျန်းက လက်ကာပြကာ ပြန်ပြောသည်။

" အခုက အများကြီးရှင်းပြဖို့ အချိန်သိပ်မရှိဘူးဗျ ။ ကျုပ်နဲ့သာ လိုက်ခဲ့ပါ "

လောထျန်း ပြောပြောဆိုဆိုပင် ပန်းလင်အား လက်တစ်ဖက်ဖြင့် ဆွဲခေါ်ပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုကို ကျန်လက်တစ်ဖက်ဖြင့် ကိုင်ကာ တည်နေရာရွှေ့ပြောင်းလိုက်သည်။

ဝှစ်...

လောထျန်း ပြန်ပေါ်လာချိန်တွင် သူတို့လူစုမှာ လျှို့ဝှက်ဒေသ အတွင်းပိုင်းရှိ ကန္တာရကြီးတစ်ခုဆီ ရောက်နေကြလေပြီ ။

" ဘာလုပ်မလို့လဲ သခင်လေး "

ပန်းလင်မှာ ၎င်းကိုကြည့်ရင်း နားမလည်နိုင် ဖြစ်နေရှာ၏။

လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" ကျုပ် သတ္ထုတွင်းတစ်ခု လုပ်ချင်လို့ "

" သတ္ထုတွင်း.. ဟုတ်လား "

ပန်းလင် မျက်လုံးပြူးလျက် ..

လောထျန်းက အေးဆေးပင် ဆက်ပြောသည်။

" စောင့်ကြည့်လိုက်ပါဗျာ..

သူ ထိုသို့ပြောပြီး လေထဲပျံတက်ကာ ထွင်းစာတစ်လုံး ရေးလိုက်သည်။

သူ ထွင်းစာအား အေးဆေးရေးပြီးသွားချိန်တွင်မူ..

ဝုန်း ..

ဘေးပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများ ရုတ်ချည်း တုန်ခါလာကြ၏။

" ဒါ... "

၎င်းကိုကြည့်ကာ ပန်းလင် တစ်ကိုယ်လုံး တုန်သွားသည်။

သူမ လောထျန်းအား တအံ့တသြကြည့်ကာ မေးလိုက်၏။

" အဲ့ဒါ ဘာကြီးလဲ သခင်လေး ၊ ကျွန်မရဲ့ စိတ်ဝိဥာဥ်ခန္ဓာကိုယ်က ပိုအစွမ်းထက်လာသလို ခံစားနေရတယ် "

လောထျန်းက သူမဘက် တအံ့တသြ ပြန်လှည့်ကြည့်သည်။

" ဒီဟာက သဘာဝ စိတ်ဝိဥာဥ်တွေကိုရော အစွမ်းပိုတိုးအောင် လုပ်နိုင်တာလား "

ပန်းလင် ခေါင်းညိတ်ပြပြီး ထွင်းစာအား အံ့သြတကြီး ထပ်ကြည့်လိုက်သည်။

" ဒါကို... သခင်လေး ဘယ်ကနေ သင်လာတာလဲ "

လောထျန်းက လက်ကာပြ၍ ပြန်ပြော၏။

" လောလောဆယ် အဲ့ဒါကို ထားလိုက်ပါဦးဗျာ ။

ကျုပ် ပြီးသွားမှ ပြောပြမယ် "

သူ ပြောပြီးသည်နှင့် ဒုတိယထွင်းစာကို ဆက်ရေးလိုက်သည်။

ဝီ...

ထိုထွင်းစာ ရေးပြီးသွားချိန်တွင်ကား.. သူမ၏ စိတ်ဝိဥာဥ်ခန္ဓာကိုယ် များစွာ ပိုအစွမ်းထက်လာသည်ကို ပန်းလင် သေချာပင် ခံစားလိုက်ရ၏။

ထိုစဥ်.. လောထျန်းကမူ ထွင်းစာများ ဆက်ရေးနေသည်။

တတိယမြောက်... စတုတ္ထမြောက်...

ဤသို့ဖြင့် အချိန်တခဏလေးအတွင်း၌ သူ ထွင်းစာပေါင်း တစ်ရာကျော်ကို ရေးပြီးသွား၏။

ဝီ....

ထိုထွင်းစာများမှာ အရောင်များ တလက်လက်တောက်နေကြကာ... ဘေးပတ်ဝန်းကျင်ရှိ

ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများမှာလည်း အစိုင်အခဲအဖြစ် အသွင်ပြောင်းတော့မလိုပါပင်...

ဘေးတွင် ရှိနေသော ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ ထိုမြင်ကွင်းကိုကြည့်ကာ လုံးဝ မှင်သက်ဆွံ့အနေတော့သည်။

ထိုစဥ်မှာပင်.. လောထျန်းက ထွင်းစာရေးခြင်းကို ရပ်လိုက်တော့၏။

သူ့မျက်နှာပေါ်တွင်လည်း ပင်ပန်းနေဟန် အထင်းသား...

" ကြောက်စရာကောင်းလိုက်တဲ့ ထွင်းစာတွေပဲ ။ အလုံးတစ်ရာကျော်လောက်ပဲ ရေးလိုက်တာတောင် ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်း ကုန်ခါနီး ဖြစ်သွားရတယ် "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးမီးဖိုက မြန်မြန်ဝင်ပြော၏။

" သခင်ကြီး ၊ စိတ်ဝိဥာဥ်အစွမ်း အားနည်းတာကို ပေါ့ပေါ့လေး သဘောထားလို့ မဖြစ်ဘူးနော် ။ သခင်ကြီးရဲ့ စိတ်ဝိဥာဥ်အစွမ်း မြန်မြန် အားပြန်ပြည့်လာ

အောင် လုပ်မှဖြစ်မှာ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" အင်း... "

ထို့နောက် သူ ချက်ချင်းပင် မြေကြီးပေါ် တင်ပျင်ခွေထိုင်ကာ ကောင်းကင်ဘုံ ပုံရိပ်ဖော်ကျင့်စဥ်ကို ကျင့်ကြံလိုက်၏။

၎င်းကို ဘေးမှ ကြည့်နေသော ကောင်းကင်နှင့်မြေကြီးမီးဖို အနည်းငယ် စိတ်ပူသွားသည်။

စိတ်ဝိဥာဥ်အစွမ်းကို ပြန်တိုးအောင် လုပ်ရန်မှာ အလွန်ခက်ခဲလှကြောင်း သူ သေချာသိပါသည်။

ယခု လောထျန်းက အချိန်တိုလေးအတွင်း စိတ်ဝိဥာဥ်အစွမ်း များစွာကို သုံးခဲ့ရာ.. ဘယ်အချိန်မှ ပြန်ကောင်းနိုင်မည် မသိပါချေ ။

သူ ထိုသို့ တွေးနေစဥ်မှာပင်.. လောထျန်းက မတ်တပ်ပြန်ရပ်လိုက်၏။

" အင်.. ဘာလို့ ပြန်ရပ်လိုက်တာလဲ သခင်ကြီး "

ကောင်းကင်နှင့်မြေကြီးမီးဖို စိုးရိမ်တကြီး မေးလိုက်သည်။

" အိုး.. ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်း ပြန်ပြည့်သွားပြီလေ ။ ဆက်လုပ်လို့ရပြီ "

လောထျန်းက မထူးခြားဟန်ဖြင့် ပြန်ပြော၏။

" ဘယ်လို ... "

ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ တုန်လှုပ်လွန်း၍ အပိုင်းပိုင်း ပြိုကွဲသွားတော့မလိုပါပင် ။

စိတ်ဝိဥာဥ်အစွမ်း ပြန်ပြည့်သွားပြီတဲ့လား ...

စိတ်ဝိဥာဥ်အစွမ်း ပြန်ဖြည့်ခြင်းကို ရေသောက်သလို လွယ်သည်ဟု ထင်နေပါသလား ။

သို့သော် သူ လောထျန်းအား သေချာကြည့်လိုက်ချိန်တွင် လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက အမှန်တကယ်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီကို တွေ့လိုက်ရသဖြင့်.. အံ့သြမှင်သက်သွားရပြန်တော့သည်။

" ဒီလူက.. လူသားရော ဟုတ်သေးရဲ့လား "

ကောင်းကင်နှင့်မြေကြီးမီးဖိုမှာ လုံးဝ ဆွံ့အနေတော့၏။

ထိုစဥ် တဖက်မှ လောထျန်းမှာကား သူ့စိတ်ဝိဥာဥ်အစွမ်း ကုန်သွားသည်အထိ ထွင်းစာများကို ဆက်ရေးနေပြီးနောက် ... ပြန်ကျင့်ကြံ၍ စိတ်ဝိဥာဥ်အစွမ်းကို ထပ်ဖြည့်လိုက်သည် ။

ပြီးနောက် .. ထွင်းစာများ ဆက်ရေးနေပြန်၏။

သူ ထိုသို့ ထပ်ခါထပ်ခါ လုပ်နေပြီး.. နောက်ဆုံး ထွင်းစာ အလုံးရေတစ်ထောင် ရေးပြီးသွားမှသာ ရပ်လိုက်သည်။

သို့သော်.. သူ ထိုသို့ ရပ်လိုက်ခြင်းမှာ ဆက်မရေးနိုင်တော့သောကြောင့် မဟုတ်ပဲ... ထွင်းစာတစ်ထောင်ဆိုသည့် အရေအတွက်က အကန့်အသတ် ပမာဏသို့ ရောက်နေပြီမှန်း သိလိုက်ရသောကြောင့်ပင် ။

သို့ဖြစ်ရာ.. သူ ထပ်ရေးနေ၍လည်း အစွမ်း ပိုတိုးမလာတော့ပါချေ ။

ထွင်းစာများကို ရေးနေစဥ်တွင်လည်း အနီးနားဝန်းကျင်မှ ကျောက်တုံးများက စိတ်စွမ်းအင်ကျောက်တုံးများအဖြစ် တစ်ခုပြီးတစ်ခု ပြောင်းသွားကြသည်ကို လောထျန်း သတိထားမိခဲ့ပါ၏။

" အင်း.. ဒီတိုင်းဆိုရင်တော့.. အချိန်နည်းနည်းလောက် ယူပြီးတာနဲ့ လက်နက်သန့်စင်ဖို့ ပစ္စည်းမလုံလောက်မှာကို စိတ်ပူစရာ မရှိလောက်တော့ဘူး "

လောထျန်း ကျေနပ်ပြုံးဖြင့် ပြောလိုက်သည်။

သို့သော်.. ထိုစဥ်တွင်. ..

ဝီ...

လောထျန်းဘေး၌ အလင်းတန်းတစ်ခု လက်လာ၏။

All Chapters