အချုပ်အနှောင် ပျက်စီးသွားပြီ
Vol. 49 Ch. 684
ချီရွှယ်နန်းတော်၌ .....
ချီရွှယ်နန်းတော်သည် မြောက်ပိုင်းဒေသရှိ မီတာတစ်ထောင်ခန့်မြင့်သော ရေခဲတောင်ထိပ်တစ်ခုပေါ်တွင် တည်ရှိသဖြင့် အမြဲတစေ နှင်းများဖြင့် ဖုံးလွှမ်းနေလေ့ရှိ၏။
ဂိုဏ်းထဲရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံရှေ့တွင်ကား အသက်ကြီးကြီး အမျိုးသမီးတစ်ဦးနှင့် ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက် ရှိနေကာ စိုးရိမ်မကင်း မျက်နှာများဖြင့် အစီအမံအား ကြည့်နေကြသည်။
" ဆရာ.. မမက ပျောင်ပိုင်မြို့က လူတွေကို ခေါ်လာနိုင်ပါ့မလား "
မိန်းမငယ်က စိုးရိမ်စွာ မေး၏။
အမျိုးသမီးကြီး သက်ပြင်းချလိုက်သည်။
" အဲ့ဒါတော့ ငါလဲ မပြောတတ်ဘူး ။ ရွှယ်လင်းလုံ နဲ့
ပျောင်ပိုင်မြို့ရဲ့ သခင်လေးနဲ့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်လို့ကြားထားပေမယ့်... ပျောင်ပိုင်မြို့ရဲ့ လက်ရှိအနေအထား အဆင့်အတန်းအရ အဲ့ဆက်ဆံရေးကို အသိအမှတ်ပြုပါဦးမလားဆိုတာ ပြောဖို့ခက်တယ် "
ထိုစကားကြောင့် မိန်းမပျို ခေါင်းလေးငုံ့သွား၏။
အမှန်တွင်လည်း လက်ရှိ ပျောင်ပိုင်မြို့မှာ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေပြီး သူတို့မြောက်ပိုင်းဒေသရှိ ဘယ်အဖွဲ့ကမှ လက်လှမ်းမမှီတော့ပါချေ ။
ထိုသို့သော အဖွဲ့ကြီးတစ်ခုက သူမတို့ ချီရွှယ်နန်းတော်လို အဖွဲ့ငယ်လေးတစ်ခုအတွက် ဝမ်ဟွန်းကွေ့ယီဂိုဏ်းနှင့် ရန်သူအဖြစ်ခံပါမည်လား ။
အမျိုးသမီးနှစ်ယောက် ထိုသို့တွေးကာ စိတ်မအေးနိုင် ဖြစ်နေကြစဉ်မှာပင် ...
ဝီ...
တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမှ စိတ်စွမ်းအင်
အလင်းတန်းတစ်ခု အရောင်လက်လာသည်။
အမျိုးသမီးနှစ်ယောက်လုံး အလင်းတန်းအား ချက်ချင်းကြည့်လိုက်ကြရာ ရာနှင့်ချီသော လူအုပ်အား တွေ့လိုက်ရ၏။
" ဒါ.... ဘာလို့ လူတွေအဲ့လောက်များနေတာလဲ ။ သူတို့အားလုံး ပျောင်ပိုင်မြို့ကလား ... "
အမျိုးသမီးကြီး စိတ်လှုပ်ရှားသွားသည်။
" ကြည့်ရတာ ပျောင်ပိုင်မြို့ရဲ့ သခင်လေးက မမရွှယ်နဲ့ ဆက်ဆံရေးကို အလေးထားတဲ့ပုံပဲ "
မိန်းမငယ်ကလည်း စိတ်လှုပ်ရှားစွာ ဆို၏။
ထိုစဉ်တွင်ပင် အလင်းတန်း ကျလာကာ လူများပေါ်လာသည်။
ထိုသူများကို မျှော်လင့်တကြီး ကြည့်နေသည့် အမျိုးသမီးနှစ်ယောက်မှာ နေရာတွင်ပင် အူကြောင်ကြောင် ရပ်လျက်သား....
" ဘာတွေဖြစ်နေတာလဲ... "
မိန်းမငယ်၏ နှုတ်ခမ်းများ ဦးစွာ လှုပ်ရှားသွား၏။
တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲတွင်ကား ရွှယ်လင်းလုံနှင့် လောထျန်းတို့နှစ်ယောက်ကို မတွေ့ရဘဲ... အသက်အရွယ်ပေါင်းစုံ ယောကျ်ား၊ မိန်းမများ စုံလင်စွာ ရှိနေကြသည်။
ထို့အပြင် ထိုသူများအားလုံးမှာ အချိန်အတန်ကြာ မအိပ်ရသေးပုံပေါ်ကာ ပင်ပန်းနွမ်းနယ်သည့် မျက်နှာထားများ ဖြစ်နေကြ၏။
ထိုလူစုမှာ ဒုက္ခဘေးမှ ထွက်ပြေးလာကြသည်နှင့်ပင် ပိုတူနေသေးတော့သည်။ ဒုက္ခသည်တွေလား
ပျောင်ပိုင်မြို့က ထိုသူများကို အမှန်တကယ် လွှတ်လိုက်သတဲ့လား...
နောက်နေပါသလား....
" ဒေါ်လေးဆရာ ၊ ကျွန်မ ပြန်ရောက်ပါပြီ "
ထိုစဥ် တဖက်မှ ရွှယ်လင်းလုံက အမျိုးသမီးကြီးကို မြင်သွားကာ ချက်ချင်းမျက်နှာလေး ဝင်းသွားသည်။
" အင်း ... ပြန်ရောက်လာတဲ့အတွက် ဝမ်းသာပါတယ်ကွယ် ။ အားလုံးလဲ ကျွန်မနဲ့ အထဲကိုလိုက်ခဲ့ကြပါ "
အမျိုးသမီးကြီးမှာ စိတ်ထဲတွင် မတင်မကျ ဖြစ်နေသည့်တိုင် ကြိုးစားပြုံး၍ ဆို၏။
ရွှယ်လင်းလုံ ခေတ္တမျှ အံ့အားသင့်သွားဟန် တူပြီးမှ လောထျန်းဘက်လှည့်၍ ပြောလိုက်သည်။
" သခင်လေးလောထျန်း ၊ ကျွန်မတို့နဲ့အတူ ဂိုဏ်းထဲကို ကြွပါရှင် "
" အင်း ၊ ကောင်းပြီလေ "
လောထျန်းကမူ သူတို့၏ မျက်နှာထားများကို သိပ်ဂရုမစိုက်လှပါချေ ။
သူသည် ချီရွှယ်နန်းတော်အတွက် လာခဲ့ခြင်းမဟုတ်ပဲ... ဝမ်ဟွန်းကွေ့ယီဂိုဏ်းနှင့် တွေ့ရန်လာခဲ့ခြင်း မဟုတ်ပါလား ။
ဤသို့ဖြင့် မကြာခင်မှာပင် ရွှယ်လင်းလုံတို့ ဦးဆောင်သော လူစုက ချီရွှယ်နန်းတော် အဓိကခန်းမဆောင်
ထဲသို့ ရောက်လာကြသည်။
ထိုစဥ်တွင် ချီရွှယ်နန်းတော်ထဲမှ လူများအားလုံးလည်း သတင်းကြားကာ ခန်းမဆောင်သို့ အပြေးအလွှားရောက်လာကြသည်။
သို့သော် လောထျန်းတို့လူစုကို တွေ့ပြီးနောက်တွင်ကား သူတို့၏မျက်နှာပေါ်၌ စိတ်ပျက်သွားဟန်ကို ဖုံးမရကြပေ ။
မည်သို့ပင်ကြည့်ကြည့် ထိုလူစု၏ ပုံမှာ ထိပ်တန်းစစ်သည်တော်များနှင့် မတူပေရာ...
အကယ်၍ ဝမ်ဟွန်းကွေ့ယီဂိုဏ်း အမှန်တကယ်ရောက်လာပြီး အားလုံးကို သတ်ပစ်မည်ဆိုပါက ထိုလူများ ဘာလုပ်နိုင်ကြပါမည်နည်း ။
ဝမ်ဟွန်းကွေ့ယီဂိုဏ်းအတွက် သတ်ရမည့်လူ ပိုများရုံသာ ဖြစ်မသွားဘူးလား..
ထိုစဥ် ရွှယ်လင်းလုံမှာလည်း အားလုံး၏ စူးစူးရဲရဲအကြည့်ကြောင့် စိုးရိမ်စိတ် ဖြစ်နေဟန်တူကာ လောထျန်းနားကပ်၍ တီးတိုးစကားစလိုက်သည်။
" သခင်လေးလောထျန်း ၊ တကယ်တော့ ...... "
ဂွီ.....
ထိုစဥ်မှာပင် လောထျန်းနောက်ရှိ ပျောင်ပိုင်မြို့သားတစ်ယောက်၏ ဗိုက်ထဲမှ ဆာလောင်နေကြောင်း အချက်ပေးသံ ထွက်လာသည်။
ထိုအသံမှာ ကျယ်လွန်းလှသဖြင့် ခန်းမထဲရှိ လူများအားလုံး ရှင်းရှင်းလင်းလင်း ကြားရသည်အထိပင်..
ထိုတခဏ၌ အားလုံး၏ အကြည့်က ထိုသူထံ ရောက်သွားတော့၏။
ထိုသူမှာ ခပ်ပိန်ပိန် အဘိုးအိုတစ်ယောက်ဖြစ်ပြီး အားလုံး၏ အကြည့်ကြောင့် အနည်းငယ်ရှက်နေဟန် တူသည်။
" ကျုပ် တောင်းပန်ပါတယ် ။ အကြီးအကဲ ၉ က ကျုပ်တို့ကို အတင်းကြီး ကျင့်ကြံခိုင်းထားတော့ ကျုပ်တို့ အစားမစားရတာ တော်တော်လေးကြာသွား
ပြီ ။ ဒါ့ကြောင့်မို့ ကျုပ် ခဏလောက်မထိန်းလိုက်နိုင်ဘဲ ဖြစ်သွားတယ် "
အဘိုးအိုက အိုးတို့အမ်းတမ်းနိုင်စွာ ဆိုသည်။
တဖက်မှ ချီရွှယ်နန်းတော်၏ အကြီးအကဲမှာ စကားစမည့်ဟန် ပြင်လိုက်ပြီးမှ အချိန်အတန်ငယ် ကြာသည်အထိ မပြောနိုင်ဘဲ.. နောက်ဆုံးမှ ပြော၏။
" စိတ်မရှိပါနဲ့ရှင်.. ကျွန်မတို့ ချီရွှယ်နန်းတော်ဘက်က လိုအပ်သွားတာပါ ။ ကျေးဇူးပြုပြီး ထိုင်ကြပါရှင်... ကျွန်မ စားသောက်ပွဲတစ်ခု ချက်ချင်းစီစဥ်လိုက်ပါ့မယ် "
လောထျန်းက အားနာစွာဖြင့် ငြင်းမည့်ဟန် ပြင်လိုက်စဥ်မှာပင်....
ဂွီ .... ဂွီ ....
သူ့နောက်ရှိ စိတ်ဝိဥာဥ်စခန်းသား လူများဆီမှ ဗိုက်သံစုံလင်စွာ ထွက်လာကြသည်။
လောထျန်း ရှက်သွားပြီး ပြောမည့်စကားကို ချက်ချင်းမြိုသိပ်လိုက်ရတော့၏။
" ကျေးဇူးအများကြီး တင်ပါတယ် သခင်မကြီး "
သူ ဦးညွှတ်၍ ထိုစကားကိုသာ ပြောလိုက်ရတော့သည်။
ထို့နောက် သူ့လူများဘက်သို့ ဆွံ့အစွာသာ လှည့်ကြည့်လိုက်မိသည်။
သူ ထိုသူများကို ခေါ်မလာမိလျှင် အကောင်းသား ...
ယခု မည်မျှ ရှက်စရာကောင်းလိုက်ပါသနည်း...
မကြာမီမှာပင်.. အားလုံးရှေ့သို့ စားသောက်ဖွယ်ရာများ ရောက်လာကာ ချီရွှယ်နန်းတော်မှ လူများက ခုံနေရာများ စီစဥ်ပေးလိုက်ကြသည်။
ထို့နောက် လောထျန်းဘာစကားမှ မဆိုနိုင်ခင်မှာပင် စိတ်ဝိဥာဥ်စခန်းမှ သူ့လူများက အငတ်များသဖွယ် စားသောက်လိုက်ကြတော့သည်။
လောထျန်းမှာကား ၎င်းကိုကြည့်ရင်း ပို၍သာ ဆွံ့အနေတော့၏။
" ငါ မေးပါဦးမယ် ၊ မင်းတို့ မစားရတာ ဘယ်လောက်ကြာပြီလဲ "
လောထျန်း မျက်နှာသုန်မှုန်စွာ မေးလိုက်သည်။
ပါးစပ်တစ်ခုလုံး အစားအသောက်များဖြင့် ပလုပ်ပလောင်း ဖြစ်နေသည့် လူငယ်လေးတစ်ယောက်က ပြန်ဖြေရှာသည်။
" အကြီးအကဲ ၉ က ကျုပ်တို့ ကျင့်ကြံနေစဥ်အတွင်းမှာ ဘာမှစားခွင့်မပေးထားဘူး သခင်လေးရဲ့ ။ ကျုပ်တို့ အချိန်နဲ့နေရာဗိမာန်ထဲမှာ ကျင့်ကြံနေတဲ့အချိန်ကိုပါ ထည့်ပေါင်းရင် ... ကျုပ်တို့ထဲက တချို့ဆို ဘာမှမစားမသောက်ရသေးတာ နှစ်တွေအများကြီးတောင် ကြာနေပြီ။ ကံကောင်းတဲ့လူဆိုရင် နှစ်ပေါင်းသုံးဆယ်လောက်၊ ကံဆိုးတဲ့လူကတော့ နှစ်သုံးရာလောက်ရှိပြီ၊ အစာမစားရတာ "
လူတစ်ယောက်သည် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်သွားပါက.. မစားမသောက်ပဲ ကျင့်ကြံနိုင်ကာ အသက်ရှင်ရန်အတွက် အစားအသောက်အပေါ် အားကိုးနေစရာ မလိုတော့ပေ။
သို့သော် မကြာသေးခင်ကမှ ကျင့်ကြံခြင်းအဆင့် တက်ထားသူများအဖို့မူ စားသောက်ခြင်းက
အစားထိုးမရနိုင်သည့် အပျော်ပင် ။
သူတို့သည် မစားမသောက်ပဲ နှစ်ပေါင်းများစွာကြာ နေလာခဲ့ရရာ .. သာမာန်လူများအဖို့ အကြိုက်ဆုံးသောက်စရာမရှိဘဲ နေရသည်နှင့် မခြားပါချေ။
သူတို့ မစားပဲ နေနိုင်သည့်တိုင် စိတ်ထဲကမူ တောင့်တဆဲဖြစ်ရာ ...
ယခု ရှေ့၌ စားကောင်းသောက်ဖွယ်များ ရှိနေသည်ကို မည်သို့ဟန်ဆောင်ပန်ဆောင် နေနိုင်ပါတော့မည်နည်း ။
တဖက်လူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်... လောထျန်း အရှက်ပြေ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ရွှယ်လင်းလုံဘက်လှည့်၍ ပြောသည်။
" စိတ်မပူပါနဲ့ ... သူတို့တွေ စားသောက်လို့ပြီးသွားရင် ကျုပ် လာရင်းကိစ္စကို ရှင်းပေးပါမယ် "
ရွှယ်လင်းလုံမှာလည်း ခေါင်းညိတ်ရုံမှတပါး အခြားမရှိပါ ။
ထိုစဥ်မှာပင် လောထျန်းနောက်ရှိ ၊ ဗိုက်သံဦးစွာထွက်
လာသော အဘိုးအိုက ရွှယ်လင်းလုံအား ပြော၏။
" စိတ်မပူပါနဲ့ မိန်းကလေးရွှယ် ၊ မင်းတို့ ချီရွှယ်နန်းတော်ကို အနိုင်လာကျင့်တဲ့သူတွေအကြောင်း ကျုပ်ကြားထားပါတယ် ။ အဲ့ကောင်တွေက ဝမ်ဟွန်းကွေ့ယီဂိုဏ်းကဆို .... ကျုပ်တို့တာဝန်သာ ထားလိုက်ပါဗျာ ၊ ပြီးရင် ကျုပ်တို့က အေ့....... သေရည်နောက်တစ်ခွက်လောက် ပေးပါဦး။ ဝက်သားဟင်းလေးပါ ကမ်းပါဦး "
ရွှယ်လင်းလုံ : " .......... "
ချီရွှယ်နန်းတော်မှ လူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြရှာသည်။
ထိုသူများမှာ ပြဿနာကို ဖြေရှင်းနိုင်မည့်ပုံ လုံးဝ မပေါ်ပါချေ ။
ထိုစဥ်မှာပင် ...
ဝုန်း ...
ချီရွှယ်နန်းတော်နောက်မှ အသံကျယ်တစ်သံ
ရုတ်တရက် ထွက်လာကာ တောင်တစ်ခုလုံးလည်း စတင်တုန်ခါလာသည်။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
အားလုံး တုန်လှုပ်ကုန်ကြ၏။
ထိုစဥ်မှာပင် ခပ်ဝေးဝေးမှ ရယ်သံကျယ်တစ်ခု ထွက်လာသည်။
" ဟားဟား ... ရယ်ရလွန်းလို့ သေတော့မှာပဲကွာ ။ ဒီလိုအခြေအနေမှာတောင် စားသောက်ပွဲ လုပ်နိုင်ကြသေးတာလား ။ ပြီးတော့ ကြည့်ရတာ သူတောင်းစားအဖွဲ့ကို ကျွေးမွေးဧည့်ခံနေတာနဲ့တူတယ်.. ။ မင်းတို့ ချီရွှယ်နန်းတော်တစ်ခုလုံး ဖျက်ဆီးခံရဖို့ပဲ တန်တယ် "
စကားသံနှင့်အတူ ခန်းမအပြင်ဘက်၌ အမည်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ပေါ်လာသည်။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြောက်မက်ဖွယ်အသွင်အပြင်နှင့် ဝိဥာဥ်များ
ရစ်ပတ်နေကာ .. သူမထံမှ ထုတ်လွှတ်နေသည့် အရောင်အဝါမှာလည်း ကြောက်စရာပင် ။
ချီရွှယ်နန်းတော်မှ လူများမှာ ထိုအမျိုးသမီးကို မြင်သည်နှင့် မျက်နှာထားများ ချက်ချင်းပြောင်းသွားကြ၏။
" နင်ကိုး .... "
အကြီးအကဲတစ်ယောက်က အသံတုန်တုန်ဖြင့် စကားစလိုက်သည်။
ရှေ့တွင်ရှိနေသည့် ထိုအမျိုးသမီးမှာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အချုပ်အနှောင်အား ချိုးဖျက်လုနီးပါး လုပ်ခဲ့သည့်သူမှန်း သူမ မမှတ်မိပဲ မနေပါချေ ။
" ခုနက... ဘာအသံလဲ ... "
အကြီးအကဲ တုန်လှုပ်စွာ မေး၏။
တဖက်အမျိုးသမီးက လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" ဘာဖြစ်ရမှာလဲ ... နင်တို့တွေ ခန်းမထဲမှာ
စားသောက်ပွဲကြီး ကျင်းပနေတဲ့အချိန်မှာ ငါတို့က အချုပ်အနှောင်ကို ဖျက်ဆီးပြီး အဲ့မှာ ချုပ်နှောင်ထားတဲ့ကောင်ကြီးကို လွှတ်လိုက်တာပဲပေါ့ "
သူမ ပြောနေရင်း ကောင်းကင်ယံဘက် ဦးညွှတ်လိုက်သည်။
ဝုန်း...
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျလာ၏။
အားလုံး ခေါင်းမော့ကြည့်လိုက်ရာ... ရှုပ်ထွေးသော ဆံပင်များ လေထဲလွင့်နေသည့် လူတစ်ယောက်က ကောင်းကင်ယံမှ ဖြည်းညင်းစွာ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
" နောက်ဆုံးတော့ နေ့အလင်းရောင်ကို ထပ်မြင်ရပြီပေါ့ကွာ "
ထိုသူက အေးစက်စက်အသံဖြင့် ဆို၏။