သွေးဝိဉာဉ်သခင်
Vol. 49 Ch. 685
ချီရွှယ်နန်းတော်မှ လူများမှာ သူတို့ရှေ့မှ လူကြီး၏ အရောင်အဝါကြောင့် ရေခဲဂူကြီးတစ်ခုထဲ ကျနေသလို ခံစားလိုက်ကြရသည်။
သူတို့ ထိုအရောင်အဝါအား ရင်းရင်းနှီးနှီးပင် သိပါ၏။
၎င်းမှာ တားမြစ်နယ်မြေမှ ကြောက်မက်ဖွယ် အရောင်အဝါဖြစ်ပြီး ...
ချီရွှယ်နန်းတော်မှ အားလုံးအတွက် အိမ်မက်ဆိုးကြီးတစ်ခုဟု ဆို၍ရပေသည်။
ထိုစဥ် ခန်းမထဲမှ အကြီးအကဲတစ်ယောက်က ရုတ်တရက် တစ်ခုကိုသတိရသွားဟန်ဖြင့် တအံ့တသြပြော၏။
" မဖြစ်နိုင်ဘူး ၊ ညီမလေးတွေနဲ့ တခြားသူတွေက အချုပ်အနှောင်ကို တစ်ချိန်လုံး စောင့်ကြပ်နေကြတာလေ ။ ခုလို ဘယ်သူမှမသိအောင် ဘယ်လိုလုပ်ပြီး
ချိုးဖျက်လိုက်နိုင်တာလဲ "
တဖက်အမျိုးသမီးက နှုတ်ခမ်းတွန့်ရုံ ပြုံးသည်။
" အဲ့လို ဘာမဟုတ်တဲ့ အရှုံးသမားလေးနည်းနည်းလောက်နဲ့ ငါတို့ကို တားနိုင်မယ် ထင်တယ်လား "
အကြီးအကဲ မျက်မှောင်ကြုံ့သွား၏။
" အရင်တစ်ခေါက်က ငါ မင်းတို့ကို တားခဲ့လို့ရတယ်.... "
" ငါတို့ကို တားမယ်.. ဟုတ်လား.. "
အမျိုးသမီးက ရယ်စရာအလွန်ကောင်းသည့် အရာတစ်ခုကို ကြားလိုက်ရသည့်အလား အားပါးတရ အော်ရယ်သည်။
အချိန်အတန်ကြာ ရယ်နေပြီးမှ သူမ အပြုံးဖြင့် ဆို၏။
" ငါသာ လုပ်ချင်ရင် မင်းတို့အားလုံးကို တစ်ချက်တည်းနဲ့ အပျောက်ဖျောက်ပစ်လိုက်လို့ ရတယ်ဟဲ့ ။ နင်တို့ရဲ့ ဂိုဏ်းချုပ်ကြီးကိုယ်တိုင်က အသည်းအသန် ကြိုးစားရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး ။ ဒါပေမယ့် အဲ့နေ့တုန်းက... ဒီသခင်ကြီး
က အကြာကြီးချုပ်နှောင်ခံထားရတာမို့ အားပြန်ပြည့်အောင် သက်ရှိတချို့ရဲ့ စိတ်ဝိဥာဥ်လိုအပ်နေတာကြောင့် နင်တို့ကိုမသတ်ပဲ တမင်ချန်ထားခဲ့တာ "
" အခု သခင်ကြီး ပြန်လွတ်မြောက်လာပြီဆိုတော့ နင်တို့အားလုံး သူ့အတွက်အစာ ဖြစ်လာပြီလေ "
ထို့နောက် သူမက ခန်းမထဲတွင် ရှိနေသော စိတ်ဝိဥာဥ်စခန်းမှ လူများကိုကြည့်ကာ အပြုံးဖြင့် စကားဆက်သည်။
" ဒါပေမယ့် နင်တို့က အံ့သြစရာတစ်ခုတော့ကောင်းတယ် ။ ဒီလိုအခြေနေမှာတောင် နင်တို့တွေ မထွက်ပြေးပဲ တခြားသူတွေ အများကြီးကိုပါ ထပ်ခေါ်လာသေးတာ ။ အဲ့တော့လဲ သခင်ကြီး မြန်မြန်အားပြည့်သွားတာပေါ့လေ "
စကားဆုံးသည်နှင့် အမျိုးသမီး ထပ်ရယ်နေပြန်၏။
တဖက်ရှိ ချီရွှယ်နန်းတော်မှ အကြီးအကဲမှာကား ကြားလိုက်ရသည့်စကားကြောင့် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားသည်။
ယခုမှလည်း ရန်သူက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိလိုက်ရခြင်းပင် ။
လေထဲရပ်နေသော လူကြီးကိုကြည့်ကာ သူမ အသံတုန်တုန်ဖြင့် မေး၏။
" ရှင်... ရှင်က ဘယ်သူလဲ "
လူကြီးက သူမကို အေးစက်စက်တစ်ချက်ကြည့်ပြီး မထူးခြားဟန်ဖြင့် ပြောသည်။
" ကမ္ဘာကြီးက တကယ်ကို ပြောင်းလဲသွားပြီပဲ ။ ဒီနေ့ခေတ် လူတွေက ငါ့နာမည်ကိုတောင် မသိကြတာ ယုံတောင်မယုံနိုင်ဘူးကွာ "
ဘေးတွင်ရှိသော အမျိုးသမီးက ချက်ချင်းဦးညွှတ်၍ ဝင်ပြော၏။
" သခင်ကြီးရွှယ်က အချိန်တွေအကြာကြီး အိပ်နေခဲ့တာမို့ ဒီလူတွေ သခင်ကြီးအကြောင်း မကြားဖူးကြတာ နားလည်ပေးလိုက်ပါ သခင်ကြီးရယ် "
သခင်ကြီးရွှယ် ဆိုသူက ခေါင်းညိတ်၍ အားလုံးဘက် လှည့်ကြည့်ကာ ဆိုသည်။
" ကိစ္စမရှိပါဘူးလေ ... ငါ့အတွက် အစာဖြစ်ပေးလို့
ဆုချတဲ့အနေနဲ့ မင်းတို့မသေခင် ငါဘယ်သူလဲ ပြောပြလိုက်မယ် "
" ငါက ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ ပထမမျိုးဆက်က လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ပဲ "
" ဘယ်လို.... "
ချီရွှယ်နန်းတော်မှလူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
သူတို့ ချီရွှယ်နန်းတော်အောက်တွင် ချုပ်နှောင်ခံထားရသူက ထိုသို့သော အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက်တဲ့လား .. ။
ချီရွှယ်နန်းတော်မှ အခြားအကြီးအကဲတစ်ယောက်က အံကြိတ်ကာ ဝင်မေး၏။
" ရှင်က ကျွန်မတို့ ချီရွှယ်နန်းတော်ရဲ့ တားမြစ်နယ်မြေမှာ ဘာလို့ရောက်နေရတာလဲ "
သွေးနီစိတ်ဝိဥာဥ် သခင်ကြီးက လှောင်ပြုံးဖြင့်
ပြန်ပြောသည်။
" မင်းတို့ မှားနေပြီကွ ။ ငါက မင်းတို့ ချီရွှယ်နန်းတော်ရဲ့ တားမြစ်နယ်မြေကို ရောက်နေတာမဟုတ်ဘူး ။ မင်းတို့ကသာ ငါ့ရဲ့ ချုပ်နှောင်နယ်မြေမှာ ဂိုဏ်းလာဆောက်ထားကြတာ "
သူ ပြောနေရင်း ခပ်လှမ်းလှမ်းကောင်းကင်ယံသို့ အေးစက်စက်မော့ကြည့်ကာ စကားဆက်၏။
" နှစ်အတိအကျ မမှတ်မိတော့ပေမယ့်.. ဟိုးအရင်က ငါ့ရဲ့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းအတွက် ဖုန့်လင်းဒေသကလူတွေနဲ့ ယဇ်ပူဇော်ဖို့ ငါ မြောက်ပိုင်းဒေသကို လာခဲ့တယ် ။ ဒါပေမယ့် မမျှော်လင့်ပဲ မြောက်ပိုင်းနတ်ဘုရားမြို့တော်က ဟို မသေမျိုးဖြစ်လာတဲ့ ကောင်နဲ့ ဆုံခဲ့ရတာပဲ "
" အဲ့ကောင်က ငါ့ကိုသတ်ချင်ခဲ့ပေမယ့် ငါတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ ကျင့်ကြံခြင်းက ထူးခြားလွန်းတယ်လေ ။ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ဖြစ်တဲ့ သူတောင် ငါ့ကို မသေမသတ်နိုင်ခဲ့ဘူး ။ အဲ့တော့ သူက တခြားရွေးစရာမရှိပဲ ငါ့ကို ဒီမှာပဲ ချုပ်နှောင်ထားပြီး အချိန်ကြာလာတာနဲ့အမျှ အားနည်းသွားအောင် လုပ်ခဲ့တာပဲ "
" ဒါပေမယ့် ဒီကောင်က ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို လျှော့တွက်ထားခဲ့တယ်ကွ ။ ငါ အချုပ်အနှောင်ကနေ လုံးဝကြီး မလွတ်နိုင်ပေမယ့် တစ်ခါတလေ ငါ့ရဲ့စိတ်ဝိဥာဥ်အစွမ်း နည်းနည်းနဲ့ အသိစိတ်ကို ထုတ်လွှတ်နိုင်တယ် "
" အဲ့နောက်ပိုင်းတော့ .. မိန်းကလေးတစ်ယောက်က ငါ ချုပ်နှောင်ခံထားရတဲ့နေရာကို မတော်တဆ ရောက်လာခဲ့တယ် ။ အဲ့အချိန်မှာ ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက နည်းနည်းအားနည်းနေတာဆိုတော့ ငါ သူ့ကို လှည့်စားပြီး အချုပ်အနှောင်ကို ဖျက်ဆီးအောင် ကူညီခိုင်းခဲ့တာပေါ့ကွာ ။ အဲ့အတွက်လဲ ငါ့ရဲ့မှော်အစွမ်းတွေကို သူ့ကို သင်ပေးခဲ့တယ် "
" ဒါပေမယ့် အဲ့ကောင်မလေးက ဉာဏ်ထက်တော့ ငါ့လှည့်ကွက်ထဲကို ရောက်မသွားခဲ့ဘူး ။ အဲ့တော့ ငါ့အနေနဲ့လဲ ဘာမှရွေးချယ်စရာ မရှိတော့ပဲ သူ့ကို ငါ့ရဲ့ သိုင်းပညာနဲ့ ကျင့်စဥ်တချို့ သင်ပေးပြီး စိတ်ရှည်ရှည်ပဲ စောင့်နေခဲ့ရတာ ။ အဲ့ကလေးမက မင်းတို့ ချီရွှယ်နန်းတော်ရဲ့ ပထမမျိုးဆက် ဘိုးဘေးပေါ့ "
သူ့စကားကြောင့် ချီရွှယ်နန်းတော်မှ လူများအားလုံး
အံ့သြမှင်သက်သွားကြတော့၏။
ယခုမှသာလည်း သူတို့ ဘိုးဘေး၏ သိုင်းပညာကျင့်စဥ်များက ဘယ်နေရာမှ ရလာသည်ကို အားလုံးသိလိုက်ရခြင်းပင် ...
အကြီးအကဲက သွေးနီစိတ်ဝိဥာဥ်သခင်ကြီးအား လက်ညိုးထိုးကာ တုန်တုန်ယင်ယင် ဆိုသည်။
" ဒါဆို.... ရှင် ဆိုလိုတာက.... "
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက နှုတ်ခမ်းတွန့်ရုံ ပြုံး၏။
" အမှန်ပဲ .... တနည်းပြောရရင်တော့ ငါကမှ မင်းတို့ရဲ့ ဘိုးဘေးအစစ် ၊ မင်းတို့က ငါ့ရဲ့ တပည့်တွေပဲ "
ချီရွှယ်နန်းတော်မှ လူများအားလုံး မျက်နှာဆိုးရွားစွာ ပျက်ကုန်ကြတော့သည်။
ထိုစဥ်မှာပင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက စကားဆက်သည်။
" အဲ့ကလေးမက တကယ်လဲ ပါးနပ်တယ်ကွ ။ သူက ငါ့ဆီကနေ သိုင်းပညာပေါင်းစုံနဲ့ အစွမ်းပေါင်းစုံကို ရ
ဖို့ကြိုးစားခဲ့ပေမယ့် ငါ့ကို လွတ်မြောက်အောင် လုပ်ပေးဖို့ ငြင်းခဲ့တယ် ။ ငါ ချုပ်နှောင်ခံထားရတဲ့ သတင်းကိုတောင် အပြင်ကို မပြန့်စေချင်ခဲ့ဘူး "
" ဒါတင် ဘယ်ကဦးမလဲ ၊ ငါ ချုပ်နှောင်ခံထားရတဲ့ နေရာကိုပါ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး ဘယ်သူမှ အနားမကပ်ကြအောင် လုပ်ခဲ့သေးတယ် ။ ခေတ်အဆက်ဆက်မှာလဲ လူတွေအများကြီးနဲ့ စောင့်ကြပ်ထားခိုင်းသေးတယ်ကွာ "
ထိုသို့ပြောနေစဥ်တွင် သွေးနီစိတ်ဝိဥာဥ်သခင်ကြီး ၊ ရွှယ်လင်းကျို့၏ မျက်နှာက သိသိသာသာပင် ပျက်သွားသည်။
သူ့ရင်ထဲ၌ ချီရွှယ်နန်းတော်၏ ဘိုးဘေးအား အလွန်မုန်းတီးနေသည်မှာ အသိအသာပင် ...
ထို့နောက် သူ စကားဆက်၏။
" ဒါပေမယ့် .. အခု မင်းတို့မျိုးဆက် ဂိုဏ်းချုပ်ကြီးအလှည့်မှာတော့ .. သူ့ရဲ့ ကျင့်ကြံခြင်းက အင်မတန်အားနည်းသလို လုံလောက်တဲ့ အာရုံစိုက်နိုင်စွမ်းလဲ မရှိဘူး ။ အဲ့တော့ အစွမ်းလွှဲပြောင်းနေတဲ့အချိန်မှာ ငါ
သူ့ကို လှည့်စားပြီး စိတ်ဝိဥာဥ်အစွမ်းတွေ အများကြီးကို အချုပ်အနှောင်ကတဆင့် သူ့ဆီ ကပ်ပေးခဲ့တယ် "
" သူ ထွက်သွားတဲ့နောက်မှာတော့ ငါ့ရဲ့ တာအိုစိတ်ဝိဥာဥ်အစွမ်းလဲ တစ်ခါတည်း ပါသွားတာပေါ့ကွာ ။ အဲ့နောက်တော့ ဆယ်နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ ကုန်သွားပြီးတော့... ငါ့ရဲ့ တာအိုစိတ်ဝိဥာဥ်အစွမ်း ဆယ်ခုကျော်လောက် ကုန်သွားပြီးတဲ့အချိန်မှာ ငါ ချုပ်နှောင်ခံထားရတဲ့ လျှို့ဝှက်ချက်က ဝမ်ဟွန်းကွေ့ယီဂိုဏ်းကို ရောက်သွားခဲ့တယ် "
ထိုစဥ် ဘေးမှ အမျိုးသမီးက ဝင်ပြောသည်။
" ကျွန်မတို့လဲ သတင်းရရချင်းမှာပဲ ချီရွှယ်နန်းတော်ကို လာခဲ့ကြတာ ။ ကျန်တာတော့ ဘာဆက်ဖြစ်လဲ အားလုံးသိမှာပါ "
ချီရွှယ်နန်းတော်မှ လူများမှာကား ထိုတခဏ၌ ဘာစကားမှ မဆိုနိုင်ကြတော့ချေ။
ထိုစဥ်မှာပင် ....
ဝီ .....
ချီရွှယ်နန်းတော် အပေါ်ဘက် ပတ်ပတ်လည်၌ မရေမတွက်နိုင်သော ထွင်းစာများ ပေါ်လာ၏။
" ဟင်... ဒါ ဘာတွေလဲ "
တစ်ယောက်က တအံ့တသြ ရေရွတ်သည်။
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" အဲ့ဒါ ငါ့ရဲ့ ယဇ်ပူဇော်ခြင်းထွင်းစာတွေလေ ။ ငါ ဘာလို့ အချိန်အဲ့လောက်အကုန်ခံပြီး မင်းတို့တွေနဲ့ စကားပြောနေတယ် ထင်လို့လဲ ။ တကယ်တော့ ငါက အဲ့ထွင်းစာတွေ ပြီးသွားအောင် စောင့်နေတာကွ "
" ဘယ်လို "
ချီရွှယ်နန်းတော်မှ လူများအားလုံး တုန်လှုပ်ကုန်ကြသည်။
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက အသက်ပြင်းပြင်းရှိုက်ကာ ဆက်ပြော၏။
" ငါ အချိန်အကြာကြီး ချုပ်နှောင်ခံထားရပြီးတော့
မင်းတို့တွေ အားနည်းလွန်းနေတာတော့ စိတ်မကောင်းစရာပဲကွာ ။ တကယ်လို့ မင်းတို့အားလုံးကို သတ်လိုက်ရင်တောင် ငါ့ရဲ့အစွမ်းက အရင်လို ထိပ်ဆုံးအခြေအနေကို ပြန်မရောက်နိုင်ဘူး ။ ဒါပေမယ့် အရေးမကြီးပါဘူးလေ .... ငါ အရင်ကြုံခဲ့ရတဲ့ အရှက်ကွဲမှုအတွက် ပြန်ပြီး လက်တုန့်ပြန်နိုင်မှာပါ "
" ဒီတစ်ခေါက်တော့ မင်းတို့တင်မကဘူး ၊ မြောက်ပိုင်းဒေသ တစ်ခုလုံးကို ယဇ်ပူဇော်ပြီးတော့ မင်းတို့အားလုံးရဲ့ စိတ်ဝိဥာဥ်တွေကို ငါ့ရဲ့အစာ လုပ်ပစ်မယ် "
သူ ထိုသို့ပြောကာ လက်အသာမြှောက်လိုက်သည်။
ဝုန်း...
မရေမတွက်နိုင်သော သွေးနှင့်စွမ်းအင်များ ကောင်းကင်ယံသို့ တမဟုတ်ချင်း ထိုးတက်သွား၏။
အားလုံးရင်ထဲတွင်လည်း ကြောက်မက်ဖွယ် ဖိနှိပ်အားတစ်ခုကို ခံစားလိုက်ကြရသည်။
" မျိုးမစစ်ကောင် ၊ ငါတို့ ချီရွှယ်နန်းတော်က မင်းရဲ့ ဆက်ခံသူတွေ မဟုတ်ဘူး "
ချီရွှယ်နန်းတော်မှ အကြီးအကဲတစ်ယောက်က ဒေါသတကြီးဖြင့် ဓားဆွဲထုတ်၍ ထိုလူအား ခုတ်လိုက်၏။
သို့သော်...
ဓားရှည်က သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်သွားသည့်တိုင် သူ့အား မည်သို့မှ ထိခိုက်အောင် မလုပ်လိုက်နိုင်ပေ ။
သွေးနီစိတ်ဝိဥာဥ်သခင်ကြီးက ၎င်းကိုကြည့်ကာ လှောင်ပြုံးဖြင့် ဆိုသည်။
" အရူး ၊ ငါက ငါ့ရဲ့ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး သွေးစိတ်ဝိဥာဥ် ခန္ဓာကိုယ်ကိုပဲ ကျင့်ကြံနေတာ ကြာလှပြီကွ ။ မင်းရဲ့ အစွမ်းလောက်နဲ့ ငါ့ကို ထိလို့တောင်ရမှာမဟုတ်ဘူး "
ချီရွှယ်နန်းတော်မှ လူများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကူကယ်ရာမဲ့ ဖြစ်ကုန်ကြ၏။
သူတို့ရှေ့မှ ဘီလူးကြီးက သူတို့နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေလေပြီ ။
သို့သော် .. ထိုစဥ်မှာပင်..
" ဗိုက်ဝသွားပြီ "
ခန်းမအတွင်းပိုင်းဘက်မှ အသံတစ်သံ ထွက်လာသည်။
“အေ့ အေ့ အေ့”
လေတက်သံများစွာတို့ ထွက်ပေါ်လာကြ၏။